" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 16, 2024

ရက္ခိုင်တပ်တော်၏ သမိုင်းဝင် အောင်ပွဲများနှင့် ရခိုင်စစ်မျက်နှာ၏ ထူးခြားချက်များ

Myanmar Now
သုတဇော်
February 16, 2024


AA သည် ယခုအခါ ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့သော ရှေးဟောင်းမြောက်ဦးမြို့အပါ အဝင် ရခိုင်ပြည်နယ်ရှိ မြို့ ငါးမြို့နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ဖြတ်၍ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းသွားသည့် ကုလားတန်မြစ်ဝပေါ်ရှိ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီး ပင်လယ်ကမ်းရိုးတမ်းဒေသအချို့ကို ထိန်းချုပ်လိုက်နိုင်သော တစ်ခုတည်းသော တိုင်းရင်းသားအင်အားစု ဖြစ်လာခဲ့ပြီဖြစ်သည်။


မြန်မာ-အိန္ဒိယ ကုလားတန်ဘက်စုံစီမံကိန်းကြီး၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမည့် ကုလားတန်မြစ်အတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲက စစ်ကောင်စီ ရေတပ်သမိုင်းတွင် သမိုင်းဝင် စစ်ရှုံးနိမ့်မှုကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့လေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့ စစ်ရေးထုတ်ပြန်ကြေညာချက်တွင်ကျောက်တော်မြို့ အပေါက်ဝအနီး ကုလားတန်မြစ်အတွင်း ရေကြောင်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA) က စစ်တပ်၏ ရေတပ်စစ်ရေယာဉ် ၃ စီးကို တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့သည့် ထူးခြားသော စစ်ရေးအောင်မြင်မှု ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ရက္ခိုင်ပြည်ကို ရက္ခိုင်လူမျိုးများက ပြန်လည်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်လူမျိုးများကသာ ဖန်းတီးခွင့်ရရှိရေး စသည့် ရည်မှန်းချက်များဖြင့် စစ်ကောင်စီတပ်များကိုအ ပြင်း အထန်ထိုးစစ်ဆင်နွှဲနေသော အာရက္ခစစ်သည်တော်များ၏ စစ်ရေးစွမ်းရည်သတ္တိကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုနေ့ည သန်းခေါင်ချိန်ထုတ်ပြန်ချက်တွင် ချီးကျူးဂုဏ်ပြုထားသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် AA က ထိုရေကြောင်းတိုက်ပွဲ ဖြစ်စဉ်အသေးစိတ်နှင့် ကုလားတန်မြစ်ပြင်တွင် ပျက်စီးနစ်မြုပ်နေသော စစ်ကောင်စီ၏ စစ်ရေယာဉ်များပေါ်တွင် AA တပ်ဖွဲ့ဝင်များ အောင်လံလွှင့်ထူ မှတ်တမ်းတင်ထားကြသည့် ဓာတ်ပုံများကို အများပြည်သူသို့ ထုတ်ပြန်အသိပေးခဲ့သည်။ စစ်ကောင်စီက ထိုသတင်းကို လုံးဝအမှောင်ချ ဖုံးဖိထားခဲ့သည်။

 ယခုလ ၁၃ ရက်နေ့က စစ်ကောင်စီ စစ်ရေယဥ်တစ်စီးကို ရခိုင်ကမ်းရိုးတမ်းတစ်နေရာတွင် AA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပုံ။ (AA ပြန်ကြားရေး)

AA က ကြေညာချက်တွင် “ရက္ခိုင့်တပ်တော်၏သမိုင်းတွင် အာရက္ခရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ စင်စစ် အာရက္ခရေပြင်တွင် ရက္ခိုင့်တပ်တော်၏သမိုင်းဝင်အောင်ပွဲနှင့်အတူဟစ်ကြွေးပြောဆိုချက်က မြန်မာပြည်တွင်းစစ် သမိုင်းအရ မှားအံ့မထင်။

ပြည်တွင်းစစ်သမိုင်းကို ပြန်လည်ဆန်းစစ် လေ့လာကြည့်လျှင် အလားတူ မြစ်အတွင်း ရေကြောင်းတိုက်ပွဲမျိုး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဖြစ်ခဲ့ဖူးပြီး၊ ထိုစဉ်က ကြည်းတပ်နှင့် ရေတပ် ပူးပေါင်းအင်အားအသုံးပြုပြီး “ဖြတ်လေးဖြတ်” စစ်နည်းဗျူဟာဖြင့် မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ စစ်ဆင်ရေးပြုလုပ်ခဲ့သော အောင်မြင်သော စစ်သမိုင်းသာ စစ်တပ်တွင် ရှိခဲ့ဖူးသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်ရောက်မှ စစ်တပ်၏ ရေတပ်သမိုင်းတွင် အကြီးအကျယ် စစ်ရှုံးနိမ့်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် စစ်တပ်၏ နာမည်ကျော် “ဖြတ်လေးဖြတ်” စစ်နည်းဗျူဟာကို မင်းအောင်လှိုင်စစ်တပ်က ရခိုင်စစ်မျက်နှာတွင် ကျင့်သုံးခဲ့သော်လည်း ပြောင်းပြန်သက်ရောက်မှုများနှင့်သာ ကြုံတွေ့နေရသည်။

AA သည် ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့ငါးမြို့ဖြစ်သော ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် ရက္ခိုင့်နောက် ဆုံးမင်းဆက် နန်းစိုက်ခဲ့သော ရှေးဟောင်းမြောက်ဦးမြို့များအပြင်၊ အိန္ဒိယနိုင်ငံမှ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်ကို ဖြတ်၍ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဆင်းသွားသည့် ကုလားတန်မြစ်ဝပေါ်ရှိ ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီး မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတမ်းဒေသအချို့ကို ထိန်းချုပ်လိုက်နိုင်သော တစ်ခုတည်းသော တိုင်းရင်းသားအင်အားစု ဖြစ်လာခဲ့ပြီဖြစ်သည်။
စစ်တပ်၏ “ဖြတ်လေးဖြတ်” စစ်ဗျူဟာ ပြောင်းပြန်အကျိုးသက်ရောက်ခဲ့သော ရခိုင်စစ်မျက်နှာ 

စစ်တပ်သမိုင်းတွင် “ဖြတ်လေးဖြတ်” စစ်ဗျူဟာကို စတင်ခဲ့သူမှာ ဗိုလ်မှူးချုပ်သန်းတင် ဖြစ်သည်။ ဗိုလ်မှူးချုပ်သန်းတင်သည် အင်္ဂလန်တွင် သင်တန်းသွားတက်စဉ် ၁၉၅၀ ကျော်ကာလ မလေးယားကျွန်းဆွယ်ရှိ ကွန်မြူနစ်နှိမ်နင်းမှုတွင် အင်္ဂလိပ်စစ်တပ် ကျင့်သုံးခဲ့သော ထိုနည်းဗျူဟာကို ပထမဆုံး သတိပြုသင်ယူလေ့လာခဲ့သော မြန်မာစစ်ဗိုလ်ချုပ်ဖြစ်သည်။

အင်္ဂလန်မှ ပြန်ရောက်ပြီးနောက် ဗိုလ်မှူးချုပ်သန်းတင်သည် ၁၉၆၀ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၇၀ ခုနှစ်အစောပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်မှ လုံးဝကင်းစင်ရေး “ဖြတ်လေးဖြတ်” နည်းဗျူဟာကို စတင်ကျင့်သုံး၍ စစ်ဆင်ရေးကြီးများ ဆင်နွှဲအောင်ပွဲ ဆင်ခဲ့သူ စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့သည်။

ထိုအစဉ်အလာကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရိုက်ချိုးပစ်လိုက်ခြင်း ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ရခိုင်စစ်မျက်နှာသို့ စတင်ပြန့်နှံ့လာကတည်းက စစ်ကောင်စီသည် ကြည်းတပ်နှင့် ရေတပ်အင်အား အ လုံးအရင်းအသုံးပြုပြီး၊ “ဖြတ်လေးဖြတ်” စစ်ဗျူဟာဖြင့် ရှည်လျားသော ရခိုင်ကမ်းရိုးတန်းနှင့် ကုလားတန်မြစ်ဝှမ်းကို ပိတ်ဆို့ကာ AA ထိုးစစ်ကို ရင်ဆိုင်တုံ့ပြန်နေသော်လည်း မရှု့မလှ အရှုံးနှင့် ရင်ဆိုင်နေရသည်။
ဇန်နဝါရီ ၁၄ ရက်က ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk)
ဗိုလ်မှူးချုပ်သန်းတင်ခေတ်က “ဖြတ်လေးဖြတ်” ၏ ပင်မကြောရိုးသည် တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူများနှင့် တစ်ဖက်လက်နက်ကိုင်အဖွဲ့အကြား ဆက်သွယ်မှုအားလုံး ဖြတ်တောက်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် တစ်ဖက်လက်နက်ကိုင်အဖွဲ့နယ်မြေနှင့် နီးစပ်သောကျေးရွာများကို စစ်တပ်ထိန်းချုပ်ရာ နယ်မြေများသို့ ပြောင်းရွှေ့စေခြင်းဖြင့် ပြည်သူနှင့် ဝေးကွာစေရန် ခွဲထုတ်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်ခဲ့သည်။

သို့သော် မင်းအောင်လှိုင်ခေတ်တွင် ပြည်သူတစ်ရပ်လုံးက စစ်တပ်ကို တော်လှန်နေခြင်းကြောင့် ၎င်းတို့အုပ်ချုပ်နိုင်စွမ်းမရှိသော မြို့ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးကြဲဖျက်ဆီးခြင်း၊ ခွဲခြားမှုမရှိဘဲ လူမှန်သမျှ ဖမ်းဆီး သတ် ဖြတ်ခြင်း စသည့် အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များကြောင့်၊ စစ်တပ်က အကြမ်းဖက်လေလေ ပြည်သူများက တော်လှန်ရေးတပ်ဖွဲ့များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းလေလေ ဖြစ်လာသည်။ ယင်းသည် “ဖြတ်လေးဖြတ်” ဗျူဟာ၏ ပြောင်းပြန်အကျိုးသက်ရောက်မှုကို မင်းအောင်လှိုင်နှင့် စစ်တပ် ကြုံတွေ့နေရခြင်း ဖြစ်သည်။
မကြာသေးမီရက်ပိုင်းက AA က ရခိုင်ပြည်နယ် ကျောက်တော်မြို.ကို သိမ်းပြီးနောက်မြင်ကွင်း 

စစ်ပန်းနေချိန် မဟာဗျူဟာ အငိုက်မိခြင်း

စစ်အာဏာသိမ်းမှု ဆန့်ကျင်သော လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပေါ်ပေါက်လာခဲ့ချိန် လက်နက်ကိုင်တော်လှန်ရေး အစဉ်အလာကြီးမားပြီး စစ်ရေးအတွေ့အကြုံများသော ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) ထိုပြည်နယ်များရှိ တိုင်းရင်းသားလူငယ်များသာမက၊ ဗမာတိုင်းရင်းသားအမျာစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းမှ လူငယ်များသည် စစ်သင်တန်းတက်ရောက်ရန်နှင့် စစ်ရေးအကူအညီရယူရန် ထိုအဖွဲ့များထံ ဆက်သွယ် ဝင်ရောက်သွားခဲ့ကြသည်။

ဤနေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU)၊ ကရင်နီတပ်မတော် (KA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ စစ်တပ်ကို လက်နက်ကိုင်တော်လှန်လိုသော ပြည်သူ့ဆန္ဒကို အလျင်အမြန် လက်ခံတုံ့ပြန်ခဲ့ခြင်းက အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။

“၁၀၂၇ စစ်ဆင်ရေး” မစတင်မီအချိန်အထိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟု ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် တိုက်ရိုက်ပါဝင်ခြင်းကို ရှောင်ရှားခဲ့ကြပြီး၊ နွေဦးတော်လှန်ရေးအပေါ် သဘောထားကိုလည်း လူသိရှင်ကြား မထုတ်ပြန်ဘဲ သတိကြီးစွာ ရပ်တည်ခဲ့ကြသည်။
ကချင်ပြည်နယ် လိုင်ဇာမြို.တွင် စစ်ရေးလေ့ကျင့်နေသော ရက္ခိုင့်တပ်တော် (AA)၏ အမျိုးသမီးစစ်သည်များ။ (ခွန်းလတ်/Myanmar Now)

ဤသို့ဖြင့် သုံးနှစ်နီးပါး နိုင်ငံအနှံ့ ပြည်သူ့ခုခံတော်လှန်စစ် မရပ်မနား စစ်ဆင်နွှဲခဲ့ရာ အာဏာသိမ်းစစ်တပ်သည် အကြီးအကျယ် စစ်ပန်းလာပြီး၊ စစ်အင်အား သိသိသာသာ ပြုန်းတီးလာသည့်အဖြစ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ စောင့်ကြည့်အကဲခတ်ခွင့်ရခဲ့သည်။ စစ်တပ်ကို အလစ်အငိုက် အလဲထိုးနိုင်မည့်အချိန်ကို ခြေသံလုံလုံဖြင့် စောင့်စားလျက် သိုသိပ်စွာ စစ်ပြင်နေခဲ့သည် ဟု “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

တစ်ပြိုင်နက်ထဲတွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းစီစဉ်မှုများဖြင့် ၂၀၂၃ ခုနှစ်အတွင်း “၁၀၂၇ စစ်ဆင်ရေး” မစတင်မီအထိ မြန်မာ-တရုတ်နယ်စပ်တွင် စစ်တပ်နှင့် အနည်းဆုံး ၂ ကြိမ် ဟန်မပျက်တွေ့ဆုံခဲ့ပြီး၊ စစ်ခေါင်းဆောင်များကို အကောင်းဆုံးလှည့်စားနိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်က ရခိုင်တွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Getty Image)

၂၀၂၃ ခုနှစ်နှောင်းပိုင်း စစ်တပ်၏အခြေအနေက အကယ်၍သာ ရခိုင်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက စစ်တပ်အကြီးအကျယ် စစ်ရေးအကျပ်အတည်းကြုံနိုင်သည်ဟု နိုင်ငံတကာစစ်ရေးအကဲခတ်သူများက တွက်ဆထားခဲ့သည်။

သို့သော် တစ်ပြိုင်တည်းတွင် တရုတ်နယ်စပ်တည်ငြိမ်ရေးကို အလေးထားသော တရုတ်အစိုးရ၏ မူဝါဒ၊ အမျိုး သား ညီညွတ်ရေးအစိုးရ (NUG) ၊ PDF များနှင့် ကင်းကင်းနေရန် တရုတ်၏ဖိအားပေးမှုများကြောင့် စစ်တပ်နှင့် စစ်ဖြစ်ခြင်းထက် အပေးအယူညှိနှိုင်းမှုနည်းလမ်းကိုသာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျင့်သုံးလိမ့်မည်ဟု ယူဆခဲ့ကြသည်။

ထိုအခြေအနေတွင် သုံးနှစ်နီးပါး စစ်ပန်းနေသော စစ်တပ်ကို မဟာဗျူဟာ အငိုက်မိစေခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် စစ်မျက်နှာသစ်များဖွင့်ကာ စစ်တပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ၊ တပ်မများ၊ အခြေချတပ်ရင်းများနှင့် ဝေးလံပြီး ဆက်သွယ်ရေးခက်ခဲသော ရှေ့တန်းစခန်းများအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်ဆင့် ထိထိမိမိ ဖြတ်တောက်သော ဟန်ချက်ညီ ပေါင်းစပ်တိုက်ခိုက်မှုများ (Coordinated Attacks) ကြောင့် စစ်ကူလွှတ်ရန် အရန်တပ်များမရှိသော စစ်တပ်သည် ခံစစ်တာတမံကျိုးသည့်နှယ် ဆက်တိုက်ပြိုလဲမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည်။

လုံးဝမျှော်လင့်မထားသော မဟာဗျူဟာအငိုက်မိခြင်း၏ နောက်ဆက်တွဲ မြို့များ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခံလိုက်ရခြင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်၏ သမိုင်းဝင် စစ်ရှုံးမှုကြီးကို မြင်တွေ့ခဲ့ရသည်။
 
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ၎င်း၏ စစ်သည်များအားတွေ့ရစဥ် (AA ပြန်ကြားရေးဌာန)

ရခိုင်စစ်မျက်နှာက AA ၏ သိုသိပ်ကျစ်လျစ်သော စစ်ဗျူဟာအခင်းအကျင်း

ရှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်အထိ ရခိုင်ဒေသသည် ပကတိတည်ငြိမ်လျက်ရှိသည်။ အခြားဒေသများနှင့်မတူ ရခိုင်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ နည်းပါးခဲ့ပြီး၊ စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများ မဖြစ်ပွားခဲ့ပါ။ ထို့ကြောင့် အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသော လူမှုမငြိမ်သက်မှုများမှ ကင်းဝေးခဲ့ပြီး ရခိုင်ပြည်သူများ ပုံမှန်ဘဝများကို ဖြတ်သန်းခဲ့ကြသည်။

ထို့ကြောင့် စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် အကြောင်းတရား ရခိုင်လူငယ်များအကြား မပေါ်ပေါက်ခဲ့ဘဲ၊ PDF အဖွဲ့များ နိုင်ငံအနှံ့ ရာနှင့်ချီပေါ်ပေါက်လာခဲ့သော်လည်း ရခိုင်ဒေသတွင် တစ်ဖွဲ့မျှ ပေါ်ပေါက်ခြင်း မရှိခဲ့ပါ။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် နိုင်ငံအနှံ့ တော်လှန်သင်္ကြန် ဆင်နွဲနေကြချိန် စစ်ကောင်စီက ရခိုင်သင်္ကြန်ကို အကြီးအ ကျယ် စည်းစည်းကားကား ကျင်းပခဲ့ပြီး၊ တစ်ဖက်တွင် ကျောက်တော်နှင့် မြောက်ဦးအကြားရှိ ဇီးချောင်းရေလှောင်တမံအောက်ဘက် ကွင်းပြင်းတွင် AA ကလည်း ရခိုင်ရိုးရာသင်္ကြန်ကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ရာ ရခိုင်လူငယ်အများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။

တစ်ဖက်တွင် BBC မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခဲ့တွင် စစ်ဦးစီးချုပ်ထွန်းမြင့်နိုင်က AA ၏ စစ်အင်အားကို ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ရာ အာဏာမသိမ်းမီက အင်အား ၃ သောင်းရှိခဲ့ပြီး၊ အာဏာသိမ်းပြီးနောက် တပ် သားသစ် ၈,၀၀၀ တိုးပွားလာခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထိုအခြင်းအရာက AA ၏ သိုသိပ်ကျစ်လျစ်စွာ စစ်အင် အားတည်ဆောက်နေပုံကို တွေ့ရှိရသည်။

ထိုကာလ ရခိုင်လူငယ်အများအပြား ရက္ခိုင့်တပ်တော်ထဲ ရောက်ရှိသွားခြင်းကို မည်သူမျှ သတိပြုမိကြပုံ မရဘဲ၊ ရခိုင်ပြည်သူများ ပုံမှန်ဘဝကို အေးချမ်းစွာဖြတ်သန်းနေသည့် ပုံရိပ်များသာ လွှမ်းထားခဲ့သည်။ ထိုအခြေအနေကို AA ကိုယ်တိုင် ဖန်းတီထားသော ပုံရိပ်ယောင်တစ်ခုလေလား စဉ်းစားစရာ ဖြစ်ပါသည်။

 
တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အသက် ၅၁ နှစ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း ထွက်ပြေးစဉ် အရှင်ဖမ်းဆီးမိသည်ဟု AA က သတင်းထုတ်ပြန်သည်။

ရခိုင်စစ်မျက်နှာ၏ ထူးခြားချက်များ

၁။ သမိုင်းဝင် မြစ်နှစ်စင်းပေါ် က AA ၏ စစ်ဆင်ရေးအောင်ပွဲများ – ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့သည်ရခိုင် ပြည်နယ် မြောက်ပိုင်းဒေသ၏ ပထဝီမဟာဗျူဟာ (Geostrategy) နှင့် ရခိုင်ယဉ်ကျေးမှု ထွန်းကားရာ (Arakan Civilization) မြစ်နှစ်စင်းဖြစ်သည်။ ယခုအခါ လေးမြို့မြစ်ပေါ်ရှိ ရခိုင်မင်းဆက်များ နန်းစိုက်ရာမြောက် ဦးမြို့အပါအဝင် မင်းပြားနှင့် မြေပုံမြို့များကိုလည်းကောင်း၊ ကုလားတန်းမြစ်ဝှမ်းတစ်လျှောက် ပုဏ္ဏားကျွန်းမြို့မှလွဲလျှင် အိန္ဒိယနယ်စပ်မှသည် ပလက်ဝ၊ ကျောက်တော်နှင့် ပေါက်တောမြို့များကိုလည်းကောင်း၊ မြစ်နှစ်စင်းနှင့် မြို့ ၆ မြို့ကို သိမ်းပိုက်ထိန်းချုပ်စိုးမိုးနိုင်သည်အထိ “၁၀၂၇ စစ်ဆင်ရေး” ၏ ရခိုင်စစ်မျက်နှာက AA ၏ အောင် မြင်မှုက ကြီးမားလှသည်။

၂။ AA တစ်ဖွဲ့တည်း ဆင်နွှဲနေသော ရခိုင်စစ်မျက်နှာ – “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာနှင့်မတူ ရခိုင်စစ်မျက်နှာ၏ ထူးခြားချက်မှာ AA ၏ စစ်ရေးထုတ်ပြန်ချက်တိုင်းတွင် ၎င်းတို့နှင့်အတူ အခြားအဖွဲ့များ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်ဟု ဖော်ပြခြင်းမျိုး မတွေ့ရဘဲ AA တစ်ဖွဲ့တည်း စစ်တပ်ကို ရင်ဆိုင်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရှုံးရခြင်းအပေါ် တစ်ဖက်ရန်သူက “သာလွန်အင်အား” ဖြင့် တိုက်ခိုက်ခဲခြင်း၊ တစ်ဖက်နိုင်ငံမှ Drone ပညာရှင်များ၏အကူအညီဖြင့် တိုက်ခိုက်ခြင်းကြောင့်ဟု အကြောင်းပြခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရခိုင်စစ်မျက်နှာမှ ရှုံးနိမ့်မှုများအပေါ် ပြောစရာမရှိ ရေငုံနှုတ်ပိတ်နေခဲ့သည်။

၃။ ရေကြောင်းတိုက်ပွဲဆင်နွှဲရသော တစ်ခုတည်းသော စစ်မျက်နှာ – ရခိုင်စစ်မျက်နှာသည် အခြားစစ်မျက်နှာများကဲ့သို့ စစ်တပ်၏ ကြည်းတပ်နှင့် လေတပ် ပူးပေါင်းတိုက်ခိုက်ခြင်းမျိုးကို ရင်ဆိုင်ရခြင်းမဟုတ်ဘဲ၊ ကြည်း-ရေ-လေ ပူးပေါင်းအင်အားဖြင့် AA ကို ကုန်း-ရေ-လေ ဘက်ပေါင်းစုံမှ ပိတ်ဆို့တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေတွင် EROs များထဲ AA တစ်ဖွဲ့သာ ရေကြောင်းတိုက်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး၊ ကုလားတန်ရေကြောင်းတိုက်ပွဲတွင် ကျောက်တော်မြို့အနီး အပေါက်ဝတွင် စစ်ရေယာဉ် ၃ စီးကို နှစ်မြှုပ်နိုင်ခြင်း၊ လေးမြို့မြစ်ရကြောင်း တိုက်ပွဲတွင် မင်းပြားမြို့အနီး စစ်ရေယာဉ် ၁ စီးကို နှစ်မြှုပ်နိုင်ပြီး၊ ၁ စီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း စသည့် အောင်မြင်မှုများ ရရှိခဲ့သည်။
 
စစ်ကောင်စီတပ်၏ စစ်သင်္ဘောပေါ်တစ်စီးကို ရခိုင်ကမ်းရိုးတမ်းအနီးတွင် AA က ၂၀၂၄ ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်ပြီး တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။

၄။ ပင်လယ်ကမ်းရိုးတန်း ထိန်းချုပ်နယ်မြေများရရှိထားသည့် တစ်ခုတည်းသော ERO – AA သည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ထားသော ဘင်္ဂလားပင်လယ်နှင့် ဆက်နေသည့် နတ်မြစ်ကြောတစ်လျှောက် မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲစခန်းများနှင့် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေမှ မောင်တောမြို့တောင်ပိုင်းအထိ ပင်လယ်ကမ်းရိုတန်းတစ်လျှောက် ဒုန်းပိုက်၊ ချိန်ခါလီ၊ ကိုးတန်ကောက် စသည့် နယ်ခြားစောင့်ရဲစခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသကို ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော ERO အဖွဲ့ဖြစ်လာပါသည်။

၅။ အိမ်နီးချင်း ၃ နိုင်ငံ၏ အကျိုးစီးပွား ဆုံမှတ် – ရခိုင်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ် ၃ နိုင်ငံတို့၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများ ဆုံမှတ်ဖြစ်နေသည်။ ထို့ကြောင့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ စစ်ရေးအခြေအနေ အလှည့်အပြောင်းသည် ထိုနိုင်ငံများ၏ အကျိုးစီး ပွားများအပေါ် တိုက်ရိုက်ဩဇာသက်ရောက်မှုများ ရှိနေခြင်းက ရခိုင်စစ်မျက်နှာ၏ ထူးခြားချက် ဖြစ်သည်။
၂၀၂၂ က ကချင်ပြည်နယ်လိုင်ဇာမြို.တွင် စစ်ရေးလေ့ကျင့်နေသော ရက္ခိုင့်တပ်တော် (AA) စစ်သည်များ။ (ခွန်းလတ်/Myanmar Now)

အိန္ဒိယနိုင်ငံ – မြန်မာနယ်စပ်နှင့် ထိစပ်နေသော ၎င်းတို့၏ကုန်းတွင်းပိတ်ပြည်နယ်များ ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ရရှိရေး ကုလာတန်းမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နှစ်ကာလအတန်ကြာကတည်းက မြန်မာအစိုးရအဆက်ဆက်နှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိ ရာ စီမံကိန်းပြီးစီးလုအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအခြေအနေတွင် AA ၏ ကုလားတန်မြစ်နှင့် မြစ်ကြောင်းတစ်လျှောက် မြို့များကို သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းက အိန္ဒိယအစိုးရအတွက် မထင်မှတ်ထားသော ပထဝီနိုင်ငံရေးစိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ – မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးရေးပြဿနာကြောင့် ကမ္ဘာက စောင့်ကြည့်နေသော နယ်စပ်ဒေသဖြစ်သည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်းမြေနယ်စပ်ထိစပ်နေသော မောင်တောမြို့မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ နယ်စပ်တစ်ကြောရှိ နယ်ခြားစောင့်ရဲစခန်းများနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ရေကြောင်းကူးသန်းသွားလာမှုရှိသော ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောမြို့အထိ ထိစပ်နေသော ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နယ်ခြားစောင့်ရဲစခန်းများကို AA က သိမ်းပိုက်ထိန်းချုပ်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုအားလုံး မရေရာသောအခြေအနေသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။

တရုတ်နိုင်ငံ – ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များနှင့် အရှေ့အလယ်ပိုင်းမှ သယ်ယူလာသော ရေနံစိမ်းများကို ကျောက်ဖြူမြို့မှတစ်ဆင့် ပိုက်လိုင်းတည်ဆောက် သွယ်တန်းတင်ပို့နေသော စီမံကိန်းသည် တ ရုတ်အစိုးရ၏ မဟာဗျူဟာအကျိုးစီးပွားဖြစ်သည်။ ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မဟာဗျူဟာစီမံကိန်းဖြစ်ပြီး မကြာသေးမီကမှ စစ်ကောင်စီနှင့် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးထားသည်။ ယခုအခါ ကျောက်ဖြူမြို့တည်ရှိသော ရမ်းဗြဲကျွန်းမကြီးနှင့် တရုတ်စီမံကိန်းများတည်ရှိရာ မဒေးကျွန်းတစ်ဝိုက်အထိ AA သည် စစ် တပ်ကို ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် ရခိုင်စစ်မျက်နှာက စစ်ရေးအခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်မည်ဆိုလျှင် စစ်တပ်၏ သမိုင်းတွင် ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်သော်လည်း ရက္ခိုင့်တပ်တော်ကို မရှု့မလှရှုံးနိမ့်ခဲ့ရသည်။ ရခိုင်စစ်မျက်နှာသည် နိုင်ငံ၏အခြားဒေသများနှင့်မတူသော ထူးခြားသော ပထဝီအနေအထားရှိပြီး၊ အိမ်နီးချင်း ၃ နိုင်ငံ၏ အကျိုးစီးပွားများ ဆုံမှတ်ကျနေသော ဒေသလည်းဖြစ်သည်။ ထိုအခြေအနေတွင် AA သည် စစ်တပ်ကို တစ်ဖွဲ့တည်း ရင်ဆိုင်ပြီး ခက်ခဲသော ထိုးစစ်များဆင်နွှဲ၊ စစ်အောင်နိုင်ခြင်းဖြင့် အာရက္ခစစ်သည်တော်များ၏ စစ်ရေးစွမ်းရည်ထက်မြက်မှုနှင့် စစ်ဗျူဟာအခင်းအကျင်း စနစ်ကျမှုကို သက်သေထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါသည်။

စစ်မီးဝိုင်းနေသည့် ရခိုင်မြို့တော်စစ်တွေအတွက် အခက်ခဲဆုံးနေ့ရက်များ
February 15, 2024

၂၀၂၄ နိုင်ငံရေးလမ်းပြမြေပုံ၊ မဟာမိတ်ညီညွတ်ရေးနှင့် တော်လှန်ရေးရှေ့ခရီး
February 9, 2024
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */