" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 17, 2023

မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ဦး ထိ အတည်ပြုထားနိုင်

BBC
ဘီဘီစီမြန်မာပိုင်း
၁၆ မေ ၂၀၂၃

မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူအရေ အတွက်ဟာ အနည်းဆုံး ၄၀ ဦးထိရှိလာပြီလို့ ဘီဘီစီ က သီးခြားအတည်ပြုထားနိုင်ပါတယ်။

ဘီဘီစီက စုံစမ်းပြီး အတည်ပြုထားနိုင်တဲ့ စာရင်းအရ မေလ ၁၄ ရက် မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက် ဒီကနေ့မှာ ဆက်သွယ်အတည် ပြုချက်တွေ အရ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းနောက်ဆုံးစိစစ်အတည်ပြုထားနိုင်တဲ့ သေဆုံးသူအရေအတွက်မှာ စစ်တွေအနီးရိုဟင်ဂျာ ဒုက္ခသည်စခန်းက ၅ ဦးကို ထပ်မံ အတည်ပြုထားနိုင်တာ ဖြစ်ပါတယ်။

မနေ့ကတော့ စစ်တွေမြို့မှာ သေဆုံးသူ ၅ ဦးရှိတယ်လို့ ဘီဘီစီက အတည်ပြုနိုင်ခဲ့ပြီး ဒီကနေ့မှာ နောက်ထပ် ၆ ဦး ထပ်တိုးကာ စစ်တွေ တစ်မြို့တည်းမှာတင် သေဆုံးသူ အရေအတွက် ၁၁ ဦးအထိရှိလာတာဖြစ်ပါတယ်။

ဘီဘီစီက အတည်ပြုထားနိုင်တဲ့ သေဆုံးသူတွေစာရင်းထဲမှာ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာက သေဆုံးသူ ၁၁ ဦးလည်း ပါဝင်ပါတယ်။

ဒုံးပိုက်ရွာက သေဆုံးသူတွေကတော့ ဓမ္မာရုံပြိုကျလို့ မုန်တိုင်းရှောင်နေသူအချို့ သေဆုံးကြတာလို့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကောက်ယူနေတဲ့ စစ်ကောင်စီရဲ့ ရသေ့တောင်မြို့နယ်ရုံးအဖွဲ့က ဘီဘီစီကိုအတည်ပြုပါတယ်။

သေဆုံးသူ ၁၁ ဦးက ကနဦး သတင်းအရသာ ဖြစ်ပြီး ရသေ့တောင်မြို့နယ်ထဲ ကျေးရွာပေါင်း ၁၉၆ ရွာရှိလိုနောက် ထပ်‌ကျေးရွာတွေက သတင်းကိုရဖို့မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေပြတ်တောက်နေလို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

‘’ ဒုံးပိုက်က ပင်လယ်ကမ်းစပ်ကရွာပါ။ ရသေ့တောင် နဲ့ မိုင် ၂၀ လောက်ဝေးပါတယ်။မုန်တိုင်းကြောင့် အုတ်တံတိုင်းပြိုကျပြီး သေဆုံးကြတာလည်းပါတယ်လို့ စာရင်းတက်လာပါတယ်။ အမျိုးသမီး နဲ့ ကလေးပါတာတော့ သေချာမသိရ‌သေးပါဘူး။သေဆုံးသူစာရင်းကိုပဲ ရထားသေးတာပါ။ ဖုန်းလိုင်းတွေဘာတခုမှ မရလို့ပါ’’ လို့ မြို့ နယ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ရသေ့တောင်မြို့နယ်ဟာ စစ်တွေမြို့လိုပဲ အဆိုးဆုံးပျက်စီးမှုရှိနေတဲ့ အပြင် ဆက်သွယ်ရေးလိုင်းရော ကြိုးဖုန်းလိုင်းပါ ဆက်သွယ်မရတဲ့အထိ အားလုံးပြတ်တောက်နေတဲ့ မြို့နယ် ဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့ အထိ ပေါက်တောမြို့နယ်က ၂ ဦး၊ ကျောက်တော်မြို့နယ်က ၄ ဦး၊ မာန်အောင်က ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၄ ဦး နဲ့ မကွေးတိုင်းက ဆင်ဖြူကျွန်းမြို့နယ် စလင်းချောင်းက သေဆုံးသူ ၃ ဦး၊ စစ်ကိုင် းတိုင်း ယင်းမာပင် ယမားချောင်းက သေဆုံးသူ အရေအတွက် ၃ ဦး ဖြစ်ပါတယ်။

ဒါကြောင့် သေဆုံးသူ စုစုပေါင်း ၄၀ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မေလ ၁၆ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၂၁ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအပြီးတွေ့ရတဲ့ ရသေ့တောင်မြို့နယ်

မုန်တိုင်းပြီး ၂ ရက်ကြာတဲ့အထိ ရခိုင်ပြည်နယ် စစ်တွေအပါအဝင် မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့ မြို့နယ်တွေက လမ်းတွေကိုရှင်းလင်းတာ၊ အပျက်အစီးတွေကို ရှင်းလင်းနေတာတွေကို ပရဟိတအဖွဲ့တွေ၊ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကိုယ်ထူကိုယ်ထ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာကို အကူအညီလိုအပ်နေသူတွေထံ အကူအညီပေးရေးအဖွဲ့ တွေ မရောက်ရှိသေးတာတွေလည်း ရှိနေပါတယ်။

စစ်တွေမြို့ထဲက ကမန်ဒေသခံတွေအများစုရှိတဲ့ သင်္ဂနက်၊ သာယာကုန်း၊ သက္ကယ်ပြင် စတဲ့ ကျေးရွာတွေမှာ အ ပျက်စီးတွေနဲ့လမ်းတွေ ပိတ်နေတာကြောင့် မေလ ၁၆ရက် ဒီနေ့အထိ အကူညီတွေ မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပါပဲ မိုခါမုန်တိုင်းဟာ စစ်တွေက ရိုဟင်ဂျာစုစုပေါင်း တစ်သိန်းကျော်နေထိုင်ကြတဲ့ မြို့ပေါ်ရပ်ကွက် ကျေးရွာနဲ့ ဒုက္ခသည်စခန်း နေရာတွေလည်း မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။

သက္ကယ်ပြင်စခန်းကိုရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက်ရဲ့ ပြောပြချက် အရတော့ သက္ကယ်ပြင်စခန်းမှာ သေ ဆုံးသူ ရိုဟင်ဂျာ ၅ ဦးရှိခဲ့တယ်လို့ စခန်းခေါင်း‌ဆောင်က သေဆုံးသူတွေရဲ့ အမည်စာရင်းတွေနဲ့ တကွ ကိုးကား ထုတ်ပြောပြပါတယ်။

အဲဒါအပြင် ဗေဒါရွာက ဒုက္ခသည်စခန်းတွေကရိုဟင်ဂျာတွေကို ကူညီနိုင်ရေး ပရဟိတအဖွဲ့အချို့က ရောက်ရှိ ကူညီပေးနေတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီစခန်းမှာတော့ သေဆုံးသူက ၂၃ ဦးအထိရှိခဲ့ တယ်လို့ အဲဒီအဖွဲ့ရဲ့ပြောပြချက်အရသိရပါတယ်။ ဘီဘီစီကတော့ အဲဒီအပေါ် ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
မကွေးတိုင်းက ဆင်ဖြူကျွန်းမြို့နယ် စလင်းချောင်းက သေဆုံးသူ ၃ ဦးရှိ

စစ်တွေမြို့အနီး ရိုဟင်ဂျာ စခန်းတွေမှာ လူရာနဲ့ချီပြီး သေဆုံးနိုင်တယ်လို့ ဒေသခံတွေ စခန်းမှာနေထိုင်သူတွေက ပြောပေမယ့် စစ်ကောင်စီဘက်နဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဘက် ကထုတ်ပြောတာ မရှိသေး ပါဘူး။

စစ်တွေမြို့ က ရိုဟင်ဂျာစခန်း အနည်းဆုံး ၈ ခုကို သွားရောက်ပြီး ကိုယ်တိုင်စာရင်းကောက်ယူမှု တွေ အရ မုန် တိုင်းကြောင့် လူဦးရေ ၄၀၀ ကျော် သေဆုံးတယ်လို့ သက္ကယ်ပြင် ဒုက္ခသည်စခန်းက ‌‌ကျောင်းဆရာတစ်ဦးဖြစ်သလို သေဆုံးသူစာရင်းလိုက်လံကောက်ယူနေတဲ့ ကယ်ဆယ်ရေးအဖွဲ့က ဦးသိန်းရွှေက ပြောပါတယ်။

ဦးသိန်းရွှေ အပြောအရမနေ့က တရက်တည်းတင် သူကိုယ်တိုယ် သင်္ဂြိုလ်ပေးခဲ့သူ ၁၇ ဦးရှိပြီး ကျန်တဲ့ သေဆုံးသူ အ‌ရေအတွက် က သူတို့ကွင်းဆင်းနိုင်တဲ့ စခန်းတွေက ကောက်ယူထားတဲ့စာရင်းတွေလို့ပြောပါတယ်။

စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူ ၄၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ နဲ့ ပတ် သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းက ဘီဘီစီရဲ့မေးမြန်းမှုအပေါ် ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူစာရင်းကို ဆက်လက်မေးမြန်းရာမှာ ကူညီကယ်ဆယ်ရေးကိစ္စတွေနဲ့ မြေပုံမြို့ကို ရောက်ရှိနေလို့ နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။

မိုချာ မုန်တိုင်း အပျက်အစီး အသေအပျောက်စာရင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက မေလ ၁၆ ရက်နေ့ ညပိုင်းမှာ တိုင်းဒေသကြီး ပြည်နယ် ကျေးရွာ ၇၆၉ ရွာက လူနေအိမ် ၁၁၅၂၃ လုံး ၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊အပါအဝင် ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးပျက်စီးခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */