" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 21, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာရှစ်ဦးသေဆုံးခဲ့တဲ့ သဲချောင်း အုန်းတောရွာ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ သဲချောင်းအုန်းတော အကွက် (၁၀) မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာ ကလေးငါးဦး အပါအဝင် လူရှစ်ဦးသေဆုံးခဲ့ပါတယ်။

အသက် ၃၀ အရွယ် ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးရော်ဖိတ်ဟာ မေလ ၁၄ ရက် မိုခါမုန်တိုင်းကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်လေးဦးရဲ့ မြေစာပုံအနီးမှာ နေ့စဉ်လာရောက် အိပ်စက်လေ့ရှိပါတယ်။

"ဆေးတွေဘာတွေလည်း မရှိဘူးလေ။ ပြီးရင် ဆေးထိုးပေးဖို့လူလည်း မရှိဘူး"

သူဟာ မုန်တိုင်းမတိုက်ခင်က စစ်တွေမြို့နယ် သဲချောင်းအုန်းတော အကွက် ၁၀ မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တာပါ။ အခုတော့ မုန်တိုင်းကြောင့် အသက် ၂၅ နှစ်အရွယ် ဇနီး၊ အသက် လေးနှစ်နဲ့ ငါးနှစ်အရွယ် သမီး နှစ်ဦး၊ အသက် နှစ်နှစ်အရွယ် သားတစ်ဦး သေဆုံးခဲ့ရတာကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေတာ လည်းဖြစ်ပါတယ်။ သူ့မှာ သမီးလေးတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

မိသားစုကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အတွက် ရင်ထဲမှာဆို့နင့်ပြီး ဖွင့်ပြောလို့ မရတော့လောက်အောင် ခံစားနေရတယ်လို့ ဦးရော်ဖီးက စကားပြန်ကနေတစ်ဆင့် ပြောပါတယ်။

“မြေလည်း မရှိတော့ဘူး။ သားသမီးလည်း မရှိတော့ဘူး။ အိမ်ရှင်မလည်း မရှိတော့ဘူး။ စိတ်ထဲမှာခံစားနေရလို့ အိမ်မှာမအိပ်တော့ဘူး။ အိမ်ရှင်မနဲ့ ကလေးတွေနဲ့ ဒီမှာပဲ အိပ်နေတာ။ ဒီသင်္ချိုင်းမှာပဲ လာအိပ်တာ။ ဒီကမ္ဘာမှာ တွယ်တာစရာဆိုတဲ့ အိမ်လည်း မရှိတော့ဘူးလေ။ အိမ်ရှင်မနဲ့ ကလေးတွေကိုလည်း ခေါ်သွားပြီဆိုတော့ ကျွန် တော် လည်း ဒီနေရာမှာလာနေတာ။ အခုက မိသားစုက မရှိတော့ ထမင်းစားလည်း စားလို့မဝင်ဘူး။ ရင်ထဲမှာလည်း ဆို့နင့်ပြီး ဖွင့်ပြောလို့ မရအောင် ခံစားနေရတယ်။ အခုက ကျွန်တော်နဲ့ ကျွန်တော့် သမီးလေး တစ်ယောက်ပဲ ကျန်ခဲ့တာ။ ကျွန်တော် သမီးတွေနဲ့ သားနဲ့ အိမ်ရှင်မနဲ့မခွဲနိုင်လို့ သူတို့ရှိနေတဲ့ ဒီနေရာမှာ ကျွန်တော် အိပ်နေတာ။ ဒီနေရာမှာပဲ အိပ်နေတာ”

စစ်တွေမြို့နယ်၊ ဘုမေအုပ်စုမှာရှိတဲ့ သဲချောင်းအုန်းတောအကွက် (၁၀) ဟာ ပင်လယ်ပြင်နဲ့ ထိစပ်နေပြီး ငါးဖမ်းလုပ်ငန်းနဲ့ အဓိကရပ်တည်ကြပါတယ်။ ဒီရွာမှာ အိမ်ခြေ ၁၆၀ နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပြီး အဲဒီအထဲက မုန်တိုင်းကြောင့် နေအိမ် ၁၅၅ လုံး လုံးဝပျက်စီးသွားခဲ့တာပါ။

ဒီကျေးရွာမှာ ဦးရောဖိတ်ရဲ့ မိသားစုဝင် လေးဦးအပါအဝင် ရိုဟင်ဂျာ ရှစ်ဦးအထိ သေဆုံးခဲ့ပါတယ်။

အသက် ခြောက်နှစ်အရွယ် သားဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဦးဆာဒေခ်ဟူဆောန်ကတော့ မုန်တိုင်းဝင်ရောက်ချိန် မိသားစုလိုက် ထွက်ပြေးကြရင်း သရက်ပင်ကို ဖက်ထားလို့ အသက်ရှင်ခဲ့ပေမယ့်လည်း သားဖြစ်သူကိုတော့ လက်ကနေလွတ်ထွက်သွားတာကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ စကားပြန်ကနေတစ်ဆင့် ပြောပါတယ်။

“လေတွေတိုက်လာတဲ့အချိန်မှာ အိမ်တွေအကုန် လေနဲ့ပါကုန်တယ်။ ကျွန်တော်တို့ ကလည်း အိမ်ကလေနဲ့ ပါ သွားတော့ မိသားစုလိုက် ဟိုကသရက်ပင်မှာ လေထဲကနေ ရုန်းသွားကြပြီးတော့ သွားဖက်နေကြတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အသက်ရှင်ပြီး ကျန်ခဲ့တာပါ။ ဒီသရက်ပင်သာ မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ပါ အ သက်ရှင်တော့မှာ မဟုတ်ပါဘူး”

ဦးဆာဒေခ်ဟူဆောန်ဟာ ဆုံရှုံးခဲ့ရတဲ့သားအတွက် ဝမ်းနည်းပူဆွေးနေရသလို နေစရာ အိမ်မရှိ၊ စားစရာမရှိတဲ့ အခြေအနေမှာ ကျန်ခဲ့တဲ့ ကလေးတွေရဲ့ ရှေးရေးအတွက် ပူပင်သောက ရောက်နေရတယ်လို့ ပြောပါတယ်။

အခုတော့ အပျက်အစီးပုံတွေကြားက သုံးလို့ရနိုင်တဲ့ ပစ္စည်း၊ စားလို့ရနိုင်တဲ့ အုန်းသီးနဲ့ ပင်လယ်ရေကြောင့် ပျက်စီးကုန်တဲ့ ဆန်တွေကို ရှာဖွေစုဆောင်းနေပြီး အသက်ရှင် နေသေးတဲ့ သူ့ကလေးတွေ ဝမ်းဝရေးအတွက် တတ်နိုင်သလောက် လုပ်နေပါတယ်။

သဲချောင်းအုန်းတောအကွက် (၁၀) ကို လက်ရှိချိန်ထိ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့တာတွေ ရောက်မလာသေးတဲ့အတွက် ကျေးရွာသားတွေကပဲ ရှင်းလင်းနေကြရပါတယ်။

စစ်ကောင်စီကတော့ အဆင်သင့်စုဖွဲ့ထားတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ၊ ပရဟိတလူမှုကူညီရေး အသင်း အဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါပေမဲ့ အသက် ၁၅ နှစ်အရွယ် မြေးမိန်းကလေးကို ဆုံးရှုံးခဲ့ရတဲ့ ဦးအဒူဆာလောမ်ကတော့ သူတို့ဆီကို ဘာအကူအညီမှ ရောက်မလာသေးတဲ့အတွက် ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ နေထိုင်စားသောက်ရေးအတွက်ပါ ပူပန်နေကြရတယ်လို့ ပြောပါတယ်။

“မုန်တိုင်းကြောင့် သားသမီးလည်း ဆုံးသွားတယ်။ အခုလည်း စားဖို့၊ သောက်ဖို့အတွက် မရှိပါဘူး။ အုန်သီးကိုခွဲပြီးတော့ စားကြရတာပေါ့။ ဒီမှာ ဆန်တွေဘာတွေရှိတာကလည်း ပင်လယ်ရေတွေ စိုကုန်လို့ ဒါတွေ စားလိုက်ရင် ဝမ်းပျက်ကုန်တယ်။ ဆေးတွေဘာတွေ လည်း မရှိဘူးလေ။ ပြီးရင် ဆေးထိုးပေးဖို့လူလည်း မရှိဘူး။ ဒီလိုပဲ နေကြရပါတယ်”

ဒေသခံတွေဟာ မုန်တိုင်းသတိပေးချက်တွေကို ကြိုတင်သိခဲ့ကြရပေမယ့် ဘင်္ဂလား ပင်လယ်အော်ထဲမှာ နှစ်စဉ် မုန်တိုင်းဖြစ်ပေါ်လေ့ရှိတာကြောင့် ပုံမှန်တိုက်ခတ်နေကျ မုန်တိုင်းလို့ယူဆပြီး မပြောင်းရွှေ့ဘဲနေခဲ့ကြရာကနေ အသက်ဆုံးရှုံးခဲ့ကြရတာလို့ ကျေးရွာသားတွေက ပြောပါတယ်။
စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အသက် ၇၀ အရွယ် ဦးအဒူရာမာန်ကတော့ ပင်လယ်ကမ်းစပ်နားနေထိုင်ကြတဲ့ ညီဖြစ်သူဇနီးမောင်နှံကို ပြောင်း ရွှေ့ကြဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာခဲ့ကြတဲ့အတွက် နှစ်ဦးစလုံးအသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

“မုန်တိုင်းကျခါနီးကို အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ဘေးလွတ်တဲ့နေရာအမြင့်တွေကို ရွှေ့ပြောင်းကြဖို့ပြောတာ။ သူတို့လင်မယားက ပင်လယ်စပ်နားနေကြတာပေါ့။ ရွာထဲမှာ သမီးရှိတာကို မပြောင်းကြဘူး။ အဲလိုပဲ သူတို့ကလည်း ငယ်စဉ်ကတည်းက ကလေး ဘဝမှာ တစ်ခါမှ ဒီလိုမုန်တိုင်းကြီးမျိုး မမြင်၊ မကြုံခဲ့ဘူးလေ။ ဒီတော့ စိတ်မပူကြဘူး လေ။ ဒီတော့ ဘေးလွတ်တဲ့ ရွာထဲကုန်းဘက်ကို မတက်လာကြဘူးပေါ့။ အဲဒါကြောင့် မုန်တိုင်းထဲပါသွားတာပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာရေးရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ရိုဟင်ဂျာ ၄၀၀ ကျော်ရှိတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ အဲဒီ ၄၀၀ ကျော်အရေအတွက်ဟာ မှန်ကန်မှုမရှိဘဲ အမှန်တကယ် သေဆုံးသူဟာ မွတ်စ လင် ၁၁၇ ဦး အပါအဝင် နိုင်ငံတစ်ဝန်းမှာ စုစုပေါင်း ၁၄၅ ဦးရှိကြောင်း မေလ ၁၉ နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ကွဲလွဲနေတဲ့အရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားခဲ့ပြီး မုန်တိုင်းသင့်ဒေသခံတွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */