2023.03.20
Photo: RFA
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၂၀ အရွယ် မဆာရာခါ တူ ဟာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေကနေ ရုန်းထွက်နိုင်ဖို့မလေးရှားနိုင်ငံ ကိုသွားဖို့ ကြိုးစားရင်း လမ်းမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသူပါ။
သူဟာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ တစ်နှစ်နဲ့ ခုနစ်လနေခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းက မူလနေရပ်ကို ပြန်ပို့ခံခဲ့ရပါတယ်။
"ကျမတို့သွားခဲ့ရတဲ့ ပင်လယ်ကြီးက အရမ်းကြီးတယ်။ သုံးရက် သုံးညတိုင်တိုင် စက်လှေနဲ့ သွားရတယ်။ ပြီး တော့ ကျမတို့ကို တောထဲကို ခေါ်သွားတယ်။ အဲဒီ တောတောင်ကလည်း အရမ်းကြီးတယ်။ အဲဒီတောင် တွေကို ကျမတို့ ခြေလျင် ခေါ်သွားတာပါ။ ကျမတို့သွားနေတဲ့အထဲမှာ ငါးယောက်ပါတယ်။ မင်းပြားက နှစ်ယောက်ပါ တယ်။ ကျမ ရယ် အုန်းတောကြီးစခန်းက သားအမိနှစ်ယောက်လည်း ပါတယ်။ ပွဲစားတွေမှာလည်း ရိက္ခာရှိတဲ့ အခါ ကျွေးတယ်၊ မရှိတဲ့အခါ အငတ်နေရတယ်။ ကျမတို့ တောထဲက အသီးအရွက်တွေကို ခူးပြီးတော့ စားခဲ့ရ တယ်"
လူငါးယောက်ပါတဲ့ သူတို့အုပ်စုဟာ ဘယ်နေရာမှာ အဖမ်းခံရတယ်ဆိုတာကိုတောင် သူမသိရှာပါဘူး။ စစ်တွေမြို့ ကနေ ပေါက်တောမြို့နယ်၊ အဲဒီကတစ်ဆင့် စက်လှေငယ် တစ်စီးနဲ့ ကမ်းမမြင်တဲ့ ဘင်္ဂလားပင်လယ်အော်ကို သုံး ရက်တိုင်တိုင် သွားခဲ့ရတယ်၊ ပြီးရင် တောနက်ကြီးတွေကိုဖြတ်ကျော်ရင်း တောထဲမှာ တစ်လခွဲကျော်ကြာ နေထိုင် ခဲ့ရတယ် ဆိုတာလောက်ပဲ မဆာရာခါတူ သိထားပါတယ်။
အဲဒီနောက် မြေပြန့်တစ်နေရာကို ရောက်တဲ့အချိန်မှာ လူကုန်ကူးပွဲစားတွေက ကားတစ်စီးနဲ့ လာခေါ်နေရင်း စစ် ကောင်စီ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
မဆာရာခါတူဟာ နိုင်ငံရပ်ခြားမှာ ပိုကောင်းတဲ့ဘဝကိုရရှိဖို့ ကြိုးစားထွက်ခွာတဲ့ အဲဒီ ခရီးကြမ်းကို မိုးသည်းထန်တဲ့ ရာသီဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ စတင်ခဲ့တာပါ။
ဒီလို ကြမ်းတမ်းလှတဲ့ ရာသီဥတုနဲ့ အစားအစာ ငတ်ပြတ်မှုတွေကြားမှာ မဆာရာခါတူဟာ အသက်မသေအောင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။
"ကျမတို့ တောထဲမှာ သေရင်တောင် သေသွားနိုင်တယ်။ အဲဒီလောက်ထိ အခက်အခဲ ကြုံခဲ့ရတာ။ ကျမတို့က တောင်အမြင့်ကြီးကို နွယ်ကြိုးနဲ့ချိတ်ပြီးတော့ တက်ခဲ့ရတယ်။ ကျမတို့က မိန်းကလေးဆိုတော့ ဒီလိုတောင် တက် ရတာ အရမ်းခက်ခဲခဲ့တယ်။ မတော်တဆ ကြိုးလွတ်ကျသွားခဲ့ရင် အလောင်းတောင်ပျောက်သွားမယ့် အခြေအနေ မျိုးနဲ့ ကြုံခဲ့ရတယ်။ တောထဲမှာ ကျမတို့ သုံးရက်တိုင်တိုင် ခန္ဓာတစ်ကိုယ်လုံး တုန်နေတယ်။ အ ပေါ် ကလည်း မိုးရွာ တယ်။ အေးတာလည်း အရမ်းအေးတယ်။ အပင်အရွက်တွေကို မိုးကာပြီးတော့ ခန္ဓာကိုယ် မှာ ခြုံထားတာ တောင် မခံနိုင်ဘူး။ အနွေးစောင်ခြုံရင်လည်း မခံနိုင်ဘူး။ ခြေထောက်ဒဏ်ရာက သွေးလည်း ထွက်နေတယ်။ အဲဒီ အခက် အခဲ တွေကြားကနေ ဘုရားသခင်ရဲ့ ကရုဏာတွေ၊ မိဘရဲ့ ဆုတောင်းမှုတွေ ကြောင့် ကျမတို့အခုလို အသက်ရှင် လျက် ပြန်လာနိုင်ခဲ့တာပါ"
မဆာရာခါတူမှာ အသက် ၇၀ နီးပါးအရွယ် မိခင်ရှိပါတယ်။ သူတို့ သားအမိနှစ်ဦးဟာ စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ခိုလှုံနေတာပါ။
"ကျမတို့က တောင်အမြင့်ကြီးကို နွယ်ကြိုးနဲ့ချိတ်ပြီးတော့ တက်ခဲ့ရတယ်။ ကျမတို့က မိန်းကလေးဆိုတော့ ဒီလိုတောင်တက်ရတာ အရမ်းခက်ခဲခဲ့တယ်"
ဒုက္ခသည်စခန်းမှာ ရပ်တည်ရေး ခက်ခဲလာနေသလို လူကုန်ကူးတဲ့ ပွဲစားတွေက ငွေကျပ် သိန်းခြောက်ဆယ်ပေးရင် မလေးရှာနိုင်ငံကို အရောက်ပို့ပေးမယ်လို့ပြောဆိုလာတာကြောင့် သူတို့ရဲ့ ဒုက္ခသည်အဆောင်၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က လစဉ်ရိက္ခာထောက်ပံ့ပေးတဲ့ လက်မှတ်စာအုပ်နဲ့ ရှိသမျှကို ပေါင်နှံရောင်းချပြီး စွန့်စားခဲ့တာလို့ ဆိုပါ တယ်။
ပထမဆုံး ခရီးစတင်ချိန်မှာ ပွဲစားတွေကို ငွေကျပ် သိန်းသုံးဆယ်ပေးခဲ့ရပြီး ကျန်တဲ့ သိန်းသုံးဆယ်ကိုတော့ မလေး ရှား နိုင်ငံကို ရောက်တဲ့အချိန်မှ လုပ်ခလစာကနေ အရစ်ကျ ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ ဖမ်းဆီး ထောင်ချခံရတာကြောင့် သူတို့ မိသားစု ပိုင်ဆိုင်မှုအားလုံးဟာလည်း ဆုံးရှုံးသွားခဲ့ပါပြီ။
အခုတော့ မဆာရာခါတူတို့ သားမိနှစ်ယောက်ဟာ ပျက်စီးနေတဲ့ ဒုက္ခသည်အဆောင်တစ်ခု မှာ ခိုကပ်နေရပါတယ်။ သူတို့ပိုင်ဆိုင်တာဆိုလို့ အိုး၊ ပန်းကန်နဲ့ ဇွန်းတစ်ချောင်းတောင် မရှိတော့တာကြောင့် သူများအိမ်မှာ အိုးခွက်ပန်း ကန် ဆေး၊ အဝတ်လျှော် စတဲ့ အလုပ်တွေကိုလုပ်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

တစ်ရက်လုံးအလုပ်လုပ်မှ ငွေကျပ် တစ်ထောင်၊ တစ်ထောင့်ငါးရာလောက်သာရပြီး သူများအိမ်မှာ ကျန်တဲ့ ထမင်း ကျန်၊ ဟင်းကျန်တွေကိုပဲ စားသောက်နေရတယ်လို့ ဆိုပါတယ်။
မဆာရာခါတူကတော့ နယ်မြေသစ်ကိုရှာဖို့ နောက်ထပ်စိတ်မကူးတော့သလို သူ့ရဲ့မိခင် ကလည်း နောက်ထပ် သွား ခိုင်းမှာမဟုတ်တော့ဘူးလို့ ပြောပါတယ်။
"သမီးလေးကို မလေးရှားကို လုံးဝမလွှတ်တော့ဘူး။ ငါသေမှပဲ သူသွားချင်ရင်သွားတော့။ ငါမသေသရွေ့တော့ မ လွှတ်တော့ဘူး။ သူမလေးရှားကို ရောက်သွားရင်ရော ဘာအကျိုး ရှိတော့လဲ။ ကျမလည်း အိုနေပြီ။ ကျမ သမီး လေးကို ကျမကိုယ်တိုင် အလှူခံပြီးတော့ပဲ လုပ်ကျွေးတော့မယ်"
မဆာရာခါတူတို့လိုပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ နယ်မြေသစ်ကိုရှာဖို့ကြိုးစားရင်း ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဖမ်းဆီးခံရ၊ ထောင်ချ ခံနေရပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေး ရင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီး ပါး အထိ ရှိပါတယ်။ အဲဒီအထဲက ရိုဟင်ဂျာ ၄၇၈ ဦးဟာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင် နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ခံခဲ့ ရပါတယ်။
မဆာရာခါတူဟာ နယ်မြေသစ်ရှာဖို့ကြိုးစားရင်း ထောင်ချခံခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက တစ်ဦးဖြစ်ပါတယ်။
No comments:
Post a Comment