" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 24, 2023

အသက်စွန့်ပြီး နယ်မြေသစ်ရှာတဲ့ ရခိုင်ပြည်နယ်ကရိုဟင်ဂျာ များ

RFA
RFA Burmese
2023.03.24

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာ တွေဟာ မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့စွာနဲ့ အဲဒီဒုက္ခသည်စခန်းမှာပဲ နေထိုင်လာခဲ့တာ ဆယ်စုနှစ်တစ်စုကျော် ကြာပါပြီ။

သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလို မြို့တွင်းကို လွတ်လပ်စွာ သွားလာခွင့် လည်း မရကြပါဘူး။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP) ကနေ ထောက်ပံ့နေတဲ့ လူတစ်ဦး တစ်နေ့ ငွေ ၅၀၀ ကျပ်ကိုပဲ အဓိက အမှီပြုပြီး စားဝတ်နေရေး ဖြေရှင်းနေရတာပါ။

ဒါကြောင့် စားဝတ်နေရေးခက်ခဲပြီး ဘဝရပ်တည်ရေးပါ ခက်ခဲနေလို့ ပိုကောင်းတဲ့ဘဝသစ်၊ နယ်မြေသစ်ရှာဖွေဖို့ ရတဲ့နည်းနဲ့ အခြားနေရာတွေကို သွားလာနေကြပေမယ့် အဆင်ပြေပြေ ရောက်သွားကြသလို သေဆုံးသူတွေ၊ ပျောက်ဆုံးနေသူတွေနဲ့ ဖမ်းဆီး ထောင်ချခံရသူတွေပါ ရှိပါတယ်။

ရိုဟင်ဂျာတွေဟာ လက်ရှိဒုက္ခသည်စခန်းမှာ အလုပ်အကိုင်ရှားပါးတာကြောင့် ရပ်တည်ရေးခက်ခဲလာလို့ နေမြေ သစ်ကို ထွက်ပေါက်ရှာ သွားလာနေကြတာလို့ ရိုဟင်ဂျာဒုက္ခသည် ဦးခေါ်ရီမူလားက RFA ကို ပြောပါတယ်။

"ဘာကြောင့်သွားလဲဆိုရင် ဒီမှာက အလုပ်အကိုင်မရှိဘူးလေ။ ဒါကြောင့် မလေးရှားကို လူတွေသွားကြပြီ၊ ငါ လည်း သွားတော့မယ်ဆိုပြီး သွားကြတာ။ သွားပြီးတော့ သတင်း အစအန ပျောက်နေတဲ့သူတွေလည်းရှိတယ်။ လူ ၃၀ သွားရင် ၁၀ ယောက်လောက်ပဲ ရောက်တယ်။ ကျန်တဲ့သူတွေက အဖမ်းခံရတယ်။ ထောင်ကျပြီး ပြန် လာတယ်။ အချုပ်ထဲမှာရှိတဲ့ သူတွေရှိတယ်။ ထောင်ကျနေတဲ့သူ ကျနေတယ်။ တစ်နှစ်၊ နှစ်နှစ် ထောင် ကျ တယ်"

ရိုဟင်ဂျာအများစုဟာ လူကုန်ကူးပွဲစားတွေကတစ်ဆင့် အဓိက မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ သွားလာနေကြတာဖြစ်ပြီး ငွေကျပ် သိန်း ၈၀ လောက်အထိ ပေးနေရတာလို့လည်း ဆိုပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၇၀၀ ကျော်၊ လူဦးရေ ၁၄,၀၀၀ ကျော်ရှိပြီး သူတို့ဟာ ၂၀၁၂ ခုနှစ်က ပဋိ ပက္ခကြောင့် စစ်တွေ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စက်ရုံစု၊ မကျည်းမြိုင်၊ မင်းဂံ၊ ဘုမေ စတဲ့ ရပ်ကွက်တွေကနေ ထွက်ပြေးလာခဲ့ရတာပါ။

သဲချောင်းဒုက္ခသည်စခန်း ကော်မတီဝင် ဦးကျော်လှကလည်း ဒီဒုက္ခသည်စခန်းမှာ အနာဂတ်မဲ့နေတဲ့အတွက် ရှိသ မျှကိုရောင်းချပြီး အခြားနေရာတွေကို သွားနေကြတာလို့ RFA ကိုပြောပါတယ်။

"သွားတဲ့အခါမှာ ရိက္ခာစာအုပ်ကို ရောင်းတယ်။ တဲအိမ်ကို ရောင်းတယ်။ အခန်းကို ရောင်းတယ်။ သူတို့ အဲဒီလို သွားကြတာပေါ့။ သွားတဲ့အခါမှာ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း ပြီးတော့ ပွဲစားလမ်းကြောင်းတွေ အများ ကြီးရှိတယ်။ ဘဝကို စွန့်ပြီးတော့ မလေးရှားနိုင်ငံကိုရောက်မလား အဲဒီလိုရည်ရွယ်ချက်နဲ့ သွားကြတာပေါ့။ အဲဒီမှာ အဖမ်းခံကြရတယ်။ ထောင်ကျလိုက်၊ ပြန်ပို့လိုက် အဲဒီလိုကြုံတွေ့နေရတာပဲ"

နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ဘဝစွန့်သွားကြပေမယ့် အဆင်ပြေပြေနဲ့ ရောက်သွားသူ နည်းပြီး အသက်သေဆုံး သွားသူတွေ၊ သတင်းမရဘဲ ပျောက်ဆုံးနေသူတွေနဲ့ ဖမ်းဆီး ထောင်ချခံရသူတွေက များလာတယ်လို့ ဆိုပါတယ်။

"အစားအသောက်လည်း အခက်အခဲ၊ နေဖို့ထိုင်ဖို့ကလည်း အခက်အခဲ၊ ပြီးလည်း အလုပ်အကိုင် က လည်း အခက်အခဲ၊ ရိက္ခာလည်းပုံမှန်မဝင်ဘူး"
သဲချောင်းဒုက္ခသည်စခန်းမှာပဲ လက်ရှိနေထိုင်တဲ့ ရိုဟင်ဂျာအမျိုးသမီး ဒေါ်မညွန့်စိန် ကတော့ ရိက္ခာလည်း ပုံမှန် မရ တော့တာကြောင့် ဖြစ်သလို စားသောက်နေရတယ်လို့ RFA ကို ပြောပါတယ်။

"အစားအသောက်လည်း အခက်အခဲ၊ နေဖို့ထိုင်ဖို့ကလည်း အခက်အခဲ၊ ပြီးလည်း အလုပ်အကိုင်ကလည်း အခက် အခဲ၊ ရိက္ခာလည်းပုံမှန်မဝင်ဘူး။ တစ်ခါတလေကျရင် ဟင်းတောင်ဝယ်ဖို့ ပိုက်ဆံမရှိဘူးဖြစ်သွားတယ်။ ဘူးရွက် ဟင်းရည်နဲ့ စားတယ်။ တစ်ခါတလေကျရင် ငရုတ်သီးကြိတ်နဲ့ ခရမ်းချဉ်သီးဖုတ်ပြီး စားနေရတယ်"

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်က ရိုဟင်ဂျာတွေဟာ လူကုန်ကူးပွဲ စားတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာခံရသလို ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် လမ်းမှာသေဆုံးသွားတဲ့ ရိုဟင်ဂျာ လေးရာကျော်ရှိတယ်လို့ RFA ကို ပြောပါတယ်။

"လမ်းမှာသေဆုံးတာတွေ၊ လူကုန်ကူးသူတွေရဲ့ ရိုက်နှက်ခံရတာတွေက မရေမတွက်နိုင်အောင် ရှိတယ်။ လွန်ခဲ့ တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပဲ စက်လှေနဲ့သွားပြီးတော့ လမ်းမှာသေဆုံးသွားတာ လေးရာကျော်လောက် ရှိတယ်။ နောက်ပြီးတော့ ဒီဇင်ဘာလ တုန်းက ရန်ကုန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေ ရှိတယ်။ ကျနော်တို့ ကတော့ နိုင်ငံတကာမှာ တရားမျှတမှုရရှိရေး နောက်ပြီးတော့ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ကျနော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်နေတာရှိတယ်"

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
 

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အခုလိုနယ်မြေသစ်ကို ရှာဖို့ကြိုးစားရင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်းနဲ့ မွန်ပြည်နယ်တို့မှာပါ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထောင်ချ ခံရတာတွေ အများအပြား ရှိနေတာပါ။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုသွားရင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး ရှိပါတယ်။

အဲဒီထဲက ရိုဟင်ဂျာ ငါးရာနီးပါးကတော့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။

ဆက်နွယ်သောသတင်းများ
 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */