" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 10, 2023

ရန်ကုန်တိုင်းတွင် နှစ်သစ်ကူး ရက်သတ္တပတ်အတွင်း ရိုဟင်ဂျာ ၁၃၆ ဦး ဖမ်းခံရ

BNI
Tuesday, January 10, 2023

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်တာ ကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၃၆ ဦးအထိ ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာများအရေး လုပ်ဆောင်နေသူများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၆၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ပြောသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နှင်းပန်း ၁ လမ်း၊ အိမ်အမှတ် ၄၅ တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။

မျက်မြင်တွေ့ရှိသည့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက “သတင်းပေးကြောင့်လို့ ထင်တာပဲ။ သတင်း ပေး မရှိ ဘဲ ဒီလိုချောင်ကျတဲ့ နေရာအထိ ဖမ်းမိဖို့က မလွယ်ဘူး။ ပွဲစားတွေတော့ ပိုက်ဆံရရင်ပြီးရောပေါ့။ သူ တို့လုံခြုံ အောင် ဆောင်ရွက်ပေးဖို့ မလုပ်ပေးကြဘူး။ စိတ်တော့မကောင်းဘူးဗျာ။ အချုပ်ကားနဲ့ လာခေါ် သွား တာ” ဟု ပြောသည်။ ဖမ်းဆီးခံရသည့်ထဲတွင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် (အမျိုးသား) တစ်ဦးလည်း ပါဝင်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဖမ်းဆီးရာတွင် ၎င်းတို့အား လက်ကို ခေါင်းပေါ်မြှောက်တင်ကာ ထိုင်ခိုင်းထားပြီးနောက် လက်ထိပ်ခတ်၍ အချုပ် ကားပေါ် တင်ခေါ်သွား သည်ဟု ပြောသည်။

ရိုဟင်ဂျာများမှာ ၎င်းတို့နေထိုင်သည့် နှင်းဆီတိုက်လမ်းမှ ၂ ထပ်တိုက်တွင် နေထိုင်စဉ် ဘာသာစကားကွဲပြား သည် ကို နီးစပ်ရာ အိမ်နီးနားချင်းများက သတိပြုမိပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို တိုင်ကြား ရာမှတ ဆင့် ဖမ်းဆီးခံရသည်ဟုလည်း ဆိုသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာတွင် “ရွှေပြည် သာမြို့နယ်၊ နှင်းပန်း ၁ လမ်း အိမ်အမှတ် ၄၅ ၌ တရားမဝင် ဘင်္ဂါလီ ကျား/မ ၂၇ ဦးကို ဖမ်းဆီးရမိ” ဟု ရေးသား ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇန္နဝါရီလ ၃ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်တွင်လည်း မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၌ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၂ ဦး ရိုဟင်ဂျာ စုစုပေါင်း ၂၃ ဦး ဖမ်းဆီးခံရသည်။

ထို့အတူ ပြီးခဲ့သည့် ဇန္နဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၌ ရိုဟင်ဂျာ အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၄၇ ဦးစုစုပေါင်း ၇၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ရိုဟင်ဂျာများရေး လုပ်ဆောင်နေသူများက ပြော သည်။

ထို့အပြင် ဇန္နဝါရီလ ၁ ရက်နေ့တွင်လည်း အရှေ့ဒဂုံမြို့နယ်၊ တိုးကြောင်ကလေး ဘူတာအနီးတွင် ပွဲစား ၂ ဦးနှင့် ရိုဟင်ဂျာ အမျိုးသား ၉ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း ရိုဟင်ဂျာ ၂၀၉၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်း အတွင်း၌ပင် ၃၃၂ ဦး ပါဝင်သည်ဟု ရိုဟင် ဂျာများအရေး ဆောင်ရွက်နေသူများက ကောက်ယူပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

ယခင် NLD အစိုးရ လက်ထက်တွင် ဖမ်းဆီးခံရသော ရိုဟင်ဂျာများကို ၎င်းတို့မူလနေထိုင်ရာ မြို့ရွာများသို့ ပြန် လည်ပို့ဆာင်ပေးခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်ထက်တွင် လဝက ဥပဒေများဖြင့် ထောင်ဒဏ်ချမှတ်လျက် ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၃၀၀ နီးပါးခန့်ကို ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အတွင်း ချမှတ်ခဲ့ပြီး ဖြစ်သည်။

၎င်းတို့အနက် ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်း အတွင်းသို့ နယ်မြေဖြတ်ကျော်လာသည့် ရိုဟင်ဂျာ ၁၅၀ ကျော် ကို လဝက ဥပဒေ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချထားပြီး ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြော သည်။

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */