" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 12, 2023

မြန်မာစစ်အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုတ်မှု များ ပိုမိုများပြားလာ

HUMAN RIGHTS WATCH
January 12, 2023

အာဆီယံနိုင်ငံများအနေဖြင့် စစ်အစိုးရအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်သင့်

၂၀၂၂၊ မတ်လ ၃ ရက်၊ ရန်ကုန်မြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွင် အာဏာဖီဆန်ရေး အမှတ်အသား လက်သုံးချောင်းထောင်ပြီး မီးရှူးမီးပန်းများ ကိုင်ဆောင်ထားသော ဆန္ဒပြသူမျာ © ဓာတ်ပုံ မြတ်သူကျော်/NurPhoto via AP

(ဂျကာတာ) – ၂၀၂၁၊​ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု HRW က ယနေ့ ထုတ်ပြန်သည့် ‘ကမ္ဘာ့အစီရင်ခံစာ ၂၀၂၃’ တွင် ဖော်ပြထားသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးထိန်း သိမ်း မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး အကျပ်အတည်းကြားတွင် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ပြည်သူ များသို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို စစ်အစိုးရမှ ပြင်းထန်စွာ ဟန့်တားခဲ့သည်။

၂၀၂၃ တွင် အင်ဒိုနီးရှားမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်၏ အဓိကဝင်ငွေလမ်းကြောင်းများကို ပစ်မှတ်ထားမည့် ပိတ်ဆို့အရေးယူ မှုများ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သင့်သည်။

“စစ်တပ်ရဲ့ နေရာအနှံ့ ကြမ်းကြုတ်ရက်စက်မှုတွေကို အဆုံးသတ်ချင်ရင် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ အပြင် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် စစ်တပ်ကို တာဝန်ခံခိုင်းဖို့ ကမ္ဘာလုံးက ထိထိရောက်ရောက် ဝိုင်းဝန်းဖို့ လိုအပ်တယ်” ဟု HRW မှ အာရှဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ “အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေးကို စစ်အစိုးရက စိတ်ရှိတိုင်း မချိုးဖောက်နိုင် အောင် ခိုင်မာတဲ့ အစီအမံတွေ ချမှတ်ရာမှာ ဦးဆောင်သင့်တယ်။”

စာမျက်နှာ ၇၁၂ မျက်နှာပါ ၃၃ ကြိမ်မြောက် ကမ္ဘာ့အစီရင်ခံစာ ၂၀၂၃ တွင် နိုင်ငံပေါင်း ၁၀၀ နီးပါးရှိ လူ့အခွင့်အ ရေး ကျင့်ထုံးများကို HRW က သုံးသပ်တင်ပြထားသည်။ အဆိုပါအစီရင်ခံစာ နိဒါန်းတွင် အင်အား ချိန်ခွင်လျှာ ပြောင်းလဲလာသော ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေး ကာကွယ်ရန်အတွက် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံ အစိုးရအ နည်း ငယ်ကိုသာ ဆက်လက်အားကိုးနေလို့ မရတော့ကြောင်း HRW ယာယီ အမှုဆောင်ဒါရိုက်တာ Tirana Hassan က ရေးသားထားသည်။ တကမ္ဘာလုံးတွင် လူ့အခွင့်အရေးတာဝန်ရှိကြောင်း အစိုးရများ နားလည်လာ သောအခါ ထူးကဲသည့်အလားအလာများရှိကြောင်း ယူကရိန်းအရေးတွင် တကမ္ဘာလုံး၏ ဝိုင်းဝန်းလုပ်ဆောင်မှု ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ပေါ်လစီများချမှတ်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ မူဘောင်များ ချမှတ်ကျင့် သုံးပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံကြီးငယ်မဟူနိုင်ငံတစ် နိုင်ငံချင်းတွင် တာဝန်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာပိုင်များသည် ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ ပံ့ပိုးသူ ၁၆ ၀၀၀ ကျော်ကို မတရားဖမ်းဆီးအကျဉ်းချခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၃၀၀ ကို သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး သေ ဒဏ် စီရင်ခြင်းအဖြစ် စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဂတိလိုက်စားမှု၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနှင့် နိုင်ငံရေးရည်ရွယ် ချက် ပါသော အခြားပုဒ်မများဖြင့် စွပ်စွဲကာ အပြင်လူတက်ရောက်ခွင့်မရှိသော စစ်ခုံရုံးများမှ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။

အရပ်ဘက်စစ်ဘက်မခွဲခြားသော စစ်တပ်၏ကုန်းကြောင်းလေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား မြောက် များစွာ သေဆုံးခဲ့ရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် ပြည်တွင်း တွင် လူပေါင်း ၁ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နောက်ထပ် ၇၀ ၀၀၀ ခန့်သည် အိမ်နီးချင်း နိုင်ငံ များသို့ ထွက်ပြေးခဲ့ကြရသည်။

သန်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးရသူများနှင့် အန္တရာယ်ကျရောက်နေသည့် အခြားသူများမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများ သေရေးရှင်ရေးတမျှ လိုအပ်နေသော်လည်း စစ်အစိုးရသည် ထိုအကူအညီ များကို ပိတ်ဆို့ထားခဲ့ခြင်းမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝှမ်းတွင် ခရီးသွားလာမှု ကန့်သတ်ချက်အသစ်များကို ချမှတ်ခဲ့ပြီး အကူအညီပေးရေးလုပ်သားများကို တိုက်ခိုက်ခြင်း၊ လမ်းများနှင့် ထောက်ပံ့ရေး ယာဉ်တန်းများကို ပိတ်ဆို့ခြင်း၊ စစ်ဘက်မဟုတ်သော ထောက်ပံ့ရေး ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိတ်ပစ်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့များမှ လုပ် ဆောင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာစခန်းများနှင့် ကျေးရွာများအပေါ် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်နှင့် အကူအညီ ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ရာ အစာရေစာ ပြတ်လပ်မှု၊ ကာကွယ်နိုင်သော ရောဂါများ ထူပြောလာမှုနှင့် အာဟာရချို့တဲ့မှုများကို ရိုဟင်ဂျာများ ပိုမိုရင်ဆိုင်လာရသည်။ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် ရိုဟင်ဂျာနှင့် ရခိုင်အရပ်သား သေဆုံးမှု၊ မတရားဖမ်းဆီးခံရမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရမှုများ ပိုမိုများပြားလာသည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ယူကေနှင့် ကနေဒါ အစရှိသော အဓိကကျသော နိုင်ငံတကာအသိုင်းအဝိုင်းက မြန် မာ ထိပ်တန်း စစ်ဘက်အရာရှိများ၊ စစ်အစိုးရအရာရှိများနှင့် စစ်အာဏာရှင်နှင့်ဆက်စပ်သော အချို့အဖွဲ့ အစည်း များအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံ များ၊ အထူးအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျနှင့် ဂျပန်တို့မှာ စစ်အစိုးရအပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို မလုပ်ဆောင်သောကြောင့် ကျန်အစိုးရများ၏ လူ့အခွင့်အရေးကြိုးပမ်းမှုများ အရှိန်ပျက်ရသည်ဟု HRW က ပြောကြားသည်။

Link: Here 

No comments:

Post a Comment