" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 12, 2023

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အခန်းကဏ္ဍ

VOA
ဗွီအိုအေမြန်မာပိုင်း
​ခင်မျိုးသက်
၁၂ ဇန္နဝါရီ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi. (Kemenlu RI) 

၂၀၂၃ မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ကို သူကိုယ်တိုင်ဦးဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဂျကာတာက Fathiyah Wardah သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ ဂျကာတာမှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ နှစ်ပတ်လည်မိန့် ခွန်းမှာ မြန်မာ့အရေးကို အထူးပြုပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူရမယ့်သူ့အနေနဲ့ မကြာခင် လုပ်ဆောင်မယ့်ကိစ္စရပ် တွေ ထဲမှာ တခုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့ဖို့ဖြစ်ကြောင်း ဝန်ကြီး Retno ကပြောပါ တယ်။ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်စေလွှတ်ရေးဟာ ၂၀၂၁ ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေချ မှတ် ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တခုဖြစ်ပါတယ်။

ကျန် ၄ ချက်ကတော့ အပြုသဘောဆောင်ဆွေးနွေးမှုတွေလုပ်ဖို့၊ အကြမ်းဖက်မှု ရပ်စဲဖို့၊ သက်ဆိုင်ရာအဖွဲ့တွေ ကြား ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့နဲ့ လူသားစာနာမှုအကူညီတွေပေးဖို့တွေ ဖြစ်ပါတယ်။ ဒီဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကမ္ဘောဒီးယားနိုင်ငံ Phnom Penh က အာဆီယံထိပ်သီးအစည်းဝေး ဆုံးဖြတ်ချက်တွေအတိုင်း အင်ဒိုနီး ရှားကလုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno ကပြောပါတယ်။

"အထူးကိုယ်စားလှယ်ရုံးကိုထူထောင်မှာဖြစ်ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပါတယ်။ အင်ဒိုနီး ရှားအစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ ဒီမိုကရေစီမူတွေနဲ့ အုပ်ချုပ်မှုကောင်းတွေအပါ အဝင် အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေနဲ့စံတန်ဖိုးတွေပေါ် အမြဲတမ်း အခြေခံ ဆောင်ရွက်မှာ ဖြစ်သ လို ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဆောင်ရွက်မှာဖြစ်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ် ကြောင်းလည်း ပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့လည်း အာဆီယံအတွင်းရေးမှူးချုပ်နဲ့ AHA Center သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲတဲ့ လူသားစာနာမှု အထောက်အကူပြု ဗဟိုဌာနတွေကို သူတို့လုပ် ဆောင်နေတဲ့ လူသားစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်လာရောက်ခွင့် ပေး ဖို့ အင်ဒိုနီးရှားက ပန်ကြားလိုက်ပါတယ်။

အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူူတဲ့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံအသိုက်အဝန်း တိုးတက်ဖွံ့ဖြိုးရေးကလည်း အဓိကဦးတည်ချက်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်းလည်း ဝန်ကြီး Retno ကပြောပါတယ်။

အင်ဒိုနီးရှားသုတေသနနဲ့ ဆန်းသစ်တီထွင်ရေးဌာန BRIN က အာဆီယံသုတေသနမှူး Pandu Prayoga က တော့  မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့ အစည်းအသီးသီးရဲ့တောင်းဆိုချက်ကို တုံ့ပြန် တဲ့ ဝန်ကြီး Ratno ရဲ့လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကို ဝန်ကြီးကိုယ်တိုင်ဦးဆောင်တာ က တော့ အန္တရာယ်ရှိတယ်လို့ သူက မြင်ပါတယ်။

"တကယ်လို့ မြန်မာ့အရေးကိုမဖြေရှင်းနိုင်ဘူးဆိုရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာထိခိုက်နိုင်ခြေရှိပါတယ်။"

ဝန်ကြီး Retno အနေနဲ့ ဒီအဖွဲ့ကို ဝါရင့်သံတမန်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်းသင့်တယ်လို့ လည်း Pandu က အကြံပေးပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ ဒီ အထူးကိုယ်စားလှယ်အဖွဲ့အတွက် အဖွဲ့ဝင် တဦးချင်းစီရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး တာဝန်ခွဲဝေရာမှာ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ် ကြောင်း လည်း ပြောပါတယ်။

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို အရည်အချင်းရှိပြီး ကျွမ်းကျင်သူတွေနဲ့ ဝန်ကြီး Retno က ဖွဲ့စည်းနိုင်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အနေနဲ့ လည်း မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီ ဖြေရှင်းရေးမှာ အခွင့်အလမ်းတရပ်အနေနဲ့ ပါဝင်ဖို့လိုအပ်ကြောင်း လည်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ Padjadjaran တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက Arfin Sudirman ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပဋိပက္ခ ဆန့်ကျင်ရေးကိုကျင့်သုံးတာ အတော်ကြာနေ ပြီ ဖြစ်ပေမယ့် အာဆီယံ အကြီးတန်းအဖွဲ့ဝင်တဦးဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာမှာ အကူညီပေးတဲ့အတွေ့အကြုံရှိပါတယ်လို့ပြောပါတယ်။

အင်ဒိုနီးရှားအတွက်တော့ ရိုဟင်ဂျာပြဿနာဟာလည်း စိတ်ပူရမယ့် ပြဿနာဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံကို နောက်ထပ် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၆၄၄ ယောက် ရှိနေတာ ပါ။ ဒါကြောင့် အခုဆို အင်ဒိုနီးရှားမှာ ရိုဟင်ဂျာဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူစုစုပေါင်းက ၁,၅၀၀ ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဒီရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးဟာ ပိုပြီး ခက်ခဲလာနေ တယ်လို့လည်း Arfin က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပြဿနာရဲ့အရင်းမြစ်ကို မဖြေရှင်းနိုင်သမျှ ဒီရိုဟင်ဂျာပြဿနာကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */