" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 21, 2022

ရိုဟင်ဂျာ ၁၃ ဦး အလောင်းကို ပစ်ထားခဲ့တဲ့ လူကုန်ကူးဂိုဏ်း

B B C 

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဒီလူကုန်ကူးဂိုဏ်းဟာ ရခိုင်ပြည်နယ်ကတစ်ဆင့် လူပေါင်း ၂၅၅ ဦးကို ၅ ကြိမ် သယ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်


ရန်ကုန်မြို့ အဝင် လှည်းကူးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က သေဆုံးနေတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို စွန့်ပစ်ခဲ့တဲ့ ရိုဟင်ဂျာ လူကုန်ကူးဂိုဏ်းက လူအချို့ကို ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူကုန်ကူးဂိုဏ်းဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံတွင်းကနေ တစ်ဆင့် မလေးရှားနိုင်ငံကို ပို့ဖို့ ရန်ကုန်မြို့ဘက်ကို ဆီဘောက်ဆာကားအတွင်း အဖုံးပိတ်ထည့်ပြီး သယ်လာစဥ် ရန်ကုန်မြို့အဝင်လှိုင်သာယာ နည်းပညာတက္ကသိုလ် အနီးမှာ အဲဒီ ဒုက္ခသည်အမျိုးသား ၁၃ ဦးဟာ ပါးစပ်က အမြုပ်တွေထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြရှိပါတယ်။

ဒီသေဆုံးသူတွေကို လှည်းကူးမြို့အနီးမှာ စွန့်ပစ်ခဲ့တာလို့လည်း ဆိုပါတယ်။

လူကုန်ကူးဂိုဏ်းက သယ်လာတဲ့သူအချို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ရက်နေ့က လှည်းကူးမြို့အနီးမှာ ဖမ်းမိခဲ့ပြီး အဲဒီ ထဲက ဖမ်းမိခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက လူအချို့ပါဝင်တယ်လို့ စစ်ကောင်စီထုတ် ပြန်ချက် မှာ ပါရှိပါတယ်။

ဒီဂိုဏ်းဟာ အခုလူသေဆုံးမှု အပါအဝင် ရိုဟင်ဂျာ ၂၅၅ ဦးကို ၅ ကြိမ်အထိ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ရန်ကုန် တိုင်း ဒေသကြီးအတွင်း ခေတ္တလက်ခံထိန်းသိမ်းထားဖို့ လူတစ်ဦးကို ၇ သိန်းကျပ်နှုန်းနဲ့ လက်ခံပေးခဲ့တာဖြစ် တယ် လို့ သိရပါတယ်။

ဒီဂိုဏ်းက အမျိုးသား ၁၂ ဦး လူတွေကို သယ်ယူရာမှာ အသုံးပြုတဲ့ ဆီဘောက်ဆာ ကားတစ်စီးအပါဝင် ကားမျိုးစုံ ၆ စီးနဲ့ ဖမ်းဆီးရမိပြီး ကျန်ဆက်စပ်တရားခံတွေကို ဖမ်းဆီးဖို့ရှိတယ်လို့လည်းပြောပါတယ်။

ဆီဘောက်ဆာအတွင်း ရိုဟင်ဂျာတွေကို သယ်ဆောင်လာပြီး စစ်ဆေးရေးဂိတ်အနီး ဆီဘောက်ဆာအဖုံးကို ပိတ် ပြီးမောင်းခဲ့ပြီး ပြန်ဖွင့်စဥ်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ပြော

အခု စစ်ကောင်စီကဖော်ထုတ်ခဲ့တဲ့ ရိုဟင်ဂျာလူကုန်ကူးဂိုဏ်းရဲ့ လမ်းကြောင်းဟာ ဘင်္ဂလား‌ဒေရှ် ဒုက္ခသည်စခန်း ကနေ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်လာပြီး ရသေ့တောင်မြို့နယ်က တစ်ဆင့် ဧရာဝတီတိုင်းကို ရေကြောင်း၊ အဲဒီကနေမှရန်ကုန်မြို့ကို ဝင်ရောက်ကြတာဖြစ်တယ်လို့သိရပါတယ်။

တချို့လမ်းကြောင်းတွေကလည်း စစ်တွေကနေ မကွေးတိုင်း ငဖဲမြို့နယ် ၊ အဲဒီကနေ ပုသိမ် မုံရွာလမ်း အတိုင်း ပုသိမ်ဘက်ကို ဆင်းလာပြီး ရန်ကုန်ကို ဝင်ရောက်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာ ၂၅၀ ကျော်ဟာ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားက လူတွေ စစ်တပ်က လူတွေပါဝင်ပတ်သက်မှုမရှိဘဲ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်လာဖို့ မလွယ်ကြောင်းလည်း ရခိုင်ဒေသခံ အချို့ကပြောပါတယ်။

ပြည်ပနိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတဲ့ ဒုက္ခသည်တွေထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသူတွေ အပြင် ရခိုင်ပြည်နယ်အတွင်း IDP စခန်းတွေမှာ နေထိုင်နေကြသူတွေလည်းပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ကနေ ထွက် ပြေးသွားခဲ့ကြသူ တွေဖြစ်ပြီး အခုဆိုရင် အဲ့ဒီမှာ ဒုက္ခသည်တွေအဖြစ်နေထိုင်နေကြတာ ၅ နှစ်ခန့်ရှိလာနေပြီဖြစ် ပါတယ်။
ပြည်ပနိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတဲ့ ရိုဟင်ဂျာတွေရေလမ်းကြောင်းကနေလည်း ထွက်ခွာတာရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအထဲ ပင်လယ်ရေလမ်းကြောင်းကတစ်ဆင့် အစုလိုက်အပြုံလိုက် ထွက်ခွာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးရမိတာတွေ ခပ်စိပ်စိပ်ရှိလာပါတယ်။

ဒီလို ထွက်ခွာနေကြတာဟာ ဒုက္ခသည်တွေအဖြစ်ကနေ ရုန်းထွက်ချင်တဲ့အတွက် အသက်စွန့်ပြီး သွားနေကြ တာ ဖြစ်တယ် လို့ ရိုဟင်ဂျာဒုက္ခသည်အရေး ဦးဆောင်သူတွေကပြောကြပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ မြန်မာနိုင်ငံနယ်စပ်ပြင်ပကို လူတွေ ရွှေ့ပြောင်းသွားလာခြင်းဟာ ရှုပ်ထွေးများပြားလှပြီး ကာလကြာရှည်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကြောင့် လူတွေဟာရွှေ့ပြောင်းလုပ်သား တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ အဖြစ် နိုင်ငံ ပြင်ပသွားရောက် ကြသလို လူကုန်ကူးခံရသူတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနိုင်ငံအတွင်း အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ကျေးလက်ဒေသမှာ အသက်မွေးဝမ်း ကျောင်း နဲ့ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှုတွေကရွှေ့ပြောင်းသွားလာ ဖို့ အတွက် တွန်းအားများဖြစ်ပြီးတော့ အများအားဖြင့် ဒီအကြောင်းရင်းတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေ့ ရှိပါ တယ်။

မြန်မာ ထိုင်း ကမ္ဘောဒီးယား လာအို တရုတ် ဗီယက်နမ်တို့ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲမှာ မြန်မာနိုင်ငံက ပြည်ပကို ရွှေ့ပြောင်းသွားလာသူတွေဟာ အခြားနိုင်ငံများထက် ပိုများတယ်လို့သိရပါတယ်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ပြည်ပကို ရွှေ့ပြောင်းသွားလာနေကြတယ်လို့ ဆိုပါ တယ် ။

အဲဒီထဲမှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ မြန်မာရွှေ့ပြောင်းသွားလာသူများအတွက် အများဆုံးသွားရောက်ကြ တဲ့ နိုင်ငံ တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ သုံးသန်းခန့်၊ မလေးရှားမှာ ၅ သိန်း ကျော်ခန့် ရှိမယ်လို့ မှန်းကြပါတယ်။ မလေး ရှားမှာ တရားမဝင်လာတဲ့သူတွေက ပိုများမယ်လို့ သုံးသပ်ကြပါတယ်။

ရိုဟင်ဂျာတွေက တော့ မလေးရှားနိုင်ငံကို အဓိက သွားရောက်ကြတာဖြစ်ပြီး ဟိုရောက်ရင် ဒုက္ခသည်အဖြစ်နဲ့ ဆက်လက်နေထိုင်ကြတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည် စခန်းကနေ ထွက်ပြေးနေကြ

စစ်ကောင်စီက ဖမ်းမိခဲ့၁၂ ဦးထဲ လူကုန်ကူးမှုကို စီစဥ်ကြီးကြပ်သူတစ်ဦး ပါဝင်ခဲ့ပေမယ့် အများစုက သယ်ယူပို့ ဆောင်သူတွေနဲ့ လက်ခံထားသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ အဓိကပို့ဆောင်နေသူ ၅ ဦးကို ဖမ်းဆီးဖို့ ကျန်နေ သေးတာ လို့သိရပါတယ်။

ရန်ကုန်ကမှ တစ်ဆင့် ကရင်၊ မွန်နဲ့ တနင်္သာရီလမ်းကြောင်းတွေကနေ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကြတဲ့ အ ကြောင်း လူပွဲစားတွေအသုံးပြုတဲ့လမ်းကြောင်းကို ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပြပါတယ်။ ကုန်းလမ်းကရော ရေလမ်းကပါ နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဟာ စစ်ဆေးရေးဂိတ် အဆင့်ဆင့် ကို ဖြတ်ကျော်တဲ့အခါ နည်းမျိုးစုံနဲ့ ပုန်းအောင်းလိုက်ပါခဲ့ရလို့ အသက်သေဆုံးတဲ့အထိ ဖြစ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ပွင့်လင်းရာသီရောက်လာတဲ့နိုဝင်ဘာလကစလို့ ရိုဟင်ဂျာတွေ ရေလမ်းကတစ်ဆင့်လည်း နေရပ်စွန့်ခွာခဲ့ကြပြီး လူ ရာချီပါလာတဲ့ လှေတွေ ပင်လယ်ထဲမှာ ရက်ရှည်မျောပါလို့ အသက်သေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */