" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 7, 2022

ထိုင်းပင်လယ်ပြင် စက်လှေပျက်ပေါ်မှ ကူရာမဲ့ ရိုဟင်ဂျာများ

Myanmar Now
Published on Dec 7, 2022
စထွန်းအောင်

ရိုဟင်ဂျာ ၁၆၀ ပါ စက်လှေသည် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမျော ပါနေပြီး ရေနှင့် အစာ ပြတ်လပ်သဖြင့် သေဆုံးသွားသူ ၅ ဦးထက်မနည်းရှိနေသည်။ 

၂၀၁၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - EPA)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းနှင့် ဘာလုခါလီဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ရိုဟင်ဂျာ များအနက် ၁၆၀ ခန့်သည် နိုဝင်ဘာ ၂၅၊ နံနက် ၁ နာရီခန့်က စက်လှေတစ်စီးဖြင့် ဘင်္ဂလားပင်လယ်အော်ကိုဖြတ် ကာ မိုင်ထောင်ချီခရီး စတင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းများမှ မိုင်ပေါင်း နှစ်ထောင်ကျော် ကွာဝေးသည့် မလေးရှားနိုင်ငံသို့ ရေလမ်း ခရီး ဖြင့် ထွက်ခွာလာပြီးနောက် ၆ ရက်မြောက်နေ့ ဒီဇင်ဘာ ၁ တွင် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စတင်၍ စက်ချွတ်ယွင်းသွားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်အထိ ကယ်သူမဲ့ဖြစ်နေပြီး ကမ်းမမြင်၊ လမ်းမမြင်သည့် ပင်လယ်ပြင်အတွင်း ကူကယ်ရာမဲ့ဘဝ ရောက်နေကြသည်။

 စက်လှေထဲတွင် အမျိုးသား ၄၀၊ အမျိုးသမီးများ၊ ကလေးငယ်များ ပါဝင်သည်။ ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၅၂ နှစ်အရွယ် အာတာအူလ္လာ၏သား အငယ်ဆုံး ၁၇ နှစ်အရွယ် မော်ရှော်ရောဖ်လည်း ပါဝင်သည်။

“အခုဖြစ်နေတာ ကျွန်တော့သား တစ်ယောက်တည်းလည်း မဟုတ်ဘူးနော်။ လူသားအချင်းချင်းတွေပဲ၊ ဘယ်လို ပဲဖြစ်ဖြစ် သူတို့ကို ကယ်တင်ပေးစေချင်တယ်” ဟု အာတာအူလ္လာ က Myanmar Now ကို ပြောသည်။

အသက် ၁၇ နှစ်ရှိပြီဖြစ်သော်လည်း အဆင့်မြင့်ပညာ သင်ကြားခွင့်မရသည့် ၈ တန်းကျောင်းသား မော်ရှော်ရောဖ် ၏ ပြင်းပြသည့်ဆန္ဒမှာ ကျောင်းတက်ရန် ဖြစ်သည်ဟု ဖခင်ဖြစ်သူ အာတာအူလ္လာက ပြောသည်။ ထို့ကြောင့် ၅ နှစ် ကျော်ကြာ သူနေထိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းကို စွန့်ခွာပြီး ကမ်းမမြင်၊ လမ်း မမြင်ခရီးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅၊ နံနက် ၁နာရီအချိန်တွင် မော်ရှော်ရောဖ် အပါအဝင် အခြားသော ရိုဟင်ဂျာဦးရေ ၁၀၀ ကျော် ပါဝင် သည့် စက်လှေတစ်စင်းသည် ညအမှောင်ထုထဲတွင် ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံသို့ ဦး တည် မောင်းနှင်သွားသည်။ 

“သူက ကျောင်းတက်ချင်တော့ မလေးရှားရောက်နေတဲ့ သူတို့သူငယ်ချင်းတွေ အချင်းချင်း လိုင်း(အင်တာနက်) ပေါ်က စကားပြောပြီး ကျွန်တော်မသိအောင် သူက ပါသွားတယ်။ သူ (စက်လှေ) ဘုတ်မှာတက်တော့မှ ကျွန်တော် သတင်းရတာ” ဟု မော်ရှော်ရောဖ်၏ ဖခင်က ပြောပြသည်။

အသက် ၁၇ နှစ်အရွယ် မော်ရှော်ရောဖ်( ဓာတ်ပုံ- ပေးပို့)

ပင်လယ်ပြင်မှာ ကူရာမဲ့နေ

အာတာအူလ္လာတို့ မိသားစုသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဝင်ချောင်း(ခွဆုံ) ကျေးရွာသားများ ဖြစ်ကြ သည်။ ၂၀၁၇ တွင် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက် ပြေး ကြရသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များထဲတွင် ပါဝင်သူများ ဖြစ်ကြသည်။

ဒုက္ခသည်စခန်းများတွင် နိုင်ငံမဲ့ဘဝဖြင့် ၅ နှစ်ကျော် နေထိုင်ရင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားအခွင့်အ လမ်း များစွာ ပိတ်ပင်ခံထားရပြီးနောက် ထို့ထက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ရနိုင်မည်ဟူသော မျှော်လင့်ချက် ဖြင့် သက်စွန့်ဆံဖျား ထွက်ခွာစဉ် ယခုလို ကြုံတွေ့ကြရခြင်းလည်း ဖြစ်သည်။

ပင်လယ်အတွင်း မျောပါနေသော စက်လှေပျက်တစ်စီးပေါ်တွင် ဆက်သွယ်ရန်အတွက် ဂြိုဟ်တုဖုန်းတစ်လုံးသာ ရှိသည်။

Myanmar Now က ထိုဖုန်းကို ဒီဇင်ဘာ ၅ မှ စတင်ပြီး ၃ ရက်တိုင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

၎င်းတို့က ထိုဖုန်းမှတစ်ဆင့် မြေပြင်ရှိ ဆွေမျိုးသားချင်းများနှင့် နောက်ဆုံးအဆက်သွယ်ရသည်မှာ ဒီဇင်ဘာ ၆ ရက်၊ ညနေ ၃ နာရီအချိန်ဖြစ်ပြီး အက်ဒမန်ပင်လယ်ပြင်အတွင်း ဆက်လက်မျောပါနေကြောင်း၊ ရေနှင့်အစာ ပြတ်လပ်သဖြင့် သေဆုံးသွားသူ ၅ ဦးထက်မနည်း ရှိကြောင်း၊ ကူညီမည့်သူ မရှိသေးကြောင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများထံမှ သိရှိရသည်။

“ရေနဲ့အစာ ပြတ်နေတယ်။ သူတို့ပြောရင်းနဲ့ ငိုတယ်။ ကျွန်တော်တို့ကို ကယ်ကြပါ၊ ကယ်ကြပါဆိုပြီး” ဟု ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူ မိုဟာမက်ရီဇူဝါန်ခါန်က မိသားစုဝင်များထံမှ နောက်ဆုံးသိရသည့် အခြေအနေကို ထပ်ဆင့်ပြောပြသည်။

ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် မြင်ရသည့် ထိုင်းရေပိုင်နက်၊ အက်ဒမန်ပင်လယ်ပြင် 

လူ့ဂုဏ်သိက္ခာအတွက် အသက်စွန့်ရသူများ 

ရိုဟင်ဂျာများသည် မလေးရှားသို့ ကုန်းလမ်းဖြင့် သွားလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၅ သိန်း (ကျပ်သိန်းတစ်ရာကျော်)၊ ရေလမ်းဖြင့် သွားလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၃ သိန်းခွဲ (သိန်း ၇၀ကျော်) ကို ခရီးစဉ် စီစဉ်ပေးသည့် ရိုဟင်ဂျာလူမျိုး ပွဲစားကို ပေးရလေ့ရှိသည်။

“ကလေး (သား) ကို ဘုတ်မှာတင်ပြီးတော့ ကလေးကို ကျွန်တော့်ဖုန်းကို သူတို့ဆက်ခိုင်းတယ်။ ဖုန်းဆက်ခိုင်းပြီး တော့ မင်းအဖေကို ဒီနံပါတ်ကို ဒီလိုဒီလို ငွေသွင်းခိုင်းဆိုလို့ ကျွန်တော့မှာ သွင်းပေးရတယ်။ အွန်လိုင်းစနစ်နဲ့ ငွေ လွှဲပေးရတယ်။ ကျွန်တော် တစ်သိန်းခွဲ လွှဲပေးပြီးသွားပြီ။ ကျန်တဲ့ နှစ်သိန်း ဟိုရောက်ရင် ပေးရမယ်။ အွန်လိုင်း က နေ လွှဲပေးရတာပါ။ ပွဲစားက အဓိက မလေးရှားမှာ နေတဲ့သူပါ။ သူတို့နာမည်လည်း ပေါ်ပေါ်တင်တင် မပြောဘူး” ဟု အာတာအူလ္လာက ပြောသည်။

၎င်း၏သားဖြစ်သူ မော်ရှော်ရောဖ် လိုက်ပါသွားသည့် စက်လှေကို ဦးဆောင်သူမှာလည်း ရိုဟင်ဂျာလူမျိုးပင်ဖြစ် သည်ဟု အာတာအူလ္လာက ဆက်ပြောသည်။ ထိုစက်လှေထွက်ခွာပြီးနောက် သုံးလေးရက်ခန့် အကြာတွင်လည်း နောက်ထပ် စက်လှေတစ်စီးဖြင့် ရိုဟင်ဂျာများ မလေးရှားသို့ ထပ်မံထွက်ခွာသွားကြောင်း၊ ထိုစက်လှေတွင် လိုက် ပါသွားသူများနှင့်လည်း လတ်တလော အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

“ကျွန်တော်ပြောချင်တာက ဒီတစ်စီးတင် မဟုတ်ဘူး။ ဒီကိစ္စက ခဏခဏဖြစ်တယ်။ ဒီကိစ္စကို တားလို့ရရင် ကောင်း မယ်လို့ ထင်တယ်။ တအားဒုက္ခရောက်တယ်။ ဒီစက်လှေတစ်စီး မဟုတ်ဘူး။ အရင်လည်း ရှိတယ်။ နောက်လည်း ရှိဦးမှာပဲ။ ဒီကိစ္စကို တားလို့ရရင် ကောင်းမယ်” ဟု အာတာအူလ္လာက ဆိုသည်။

လက်ရှိ ပင်လယ်ပြင်အတွင်း မျောပါနေသည့် ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ထိုင်းနှင့် မလေးရှားအစိုးရတို့၏ သဘောထားကို မသိရသေးပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မလေးရှားသို့ ကူးမည့် ရိုဟင်ဂျာများကို စက်လှေမပျက်မီ တွေ့ရစဉ်

rohingya_boat.mp4

ဒုက္ခသည်စခန်းများတွင် အနာဂတ်မရေမရာဖြင့် နေထိုင်နေကြရသူ ရိုဟင်ဂျာများ၏ နောက်ဆုံးထွက်ပေါက်မှာ အခြားနိုင်ငံများသို့ ကုန်းလမ်း၊ ရေလမ်းဖြင့် လျှို့ဝှက်ထွက်ခွာခြင်းဖြစ်ပြီး လမ်းခရီးတွင် ဖမ်းဆီးခံရခြင်း သို့တည်း မဟုတ် အသက်သေဆုံးရခြင်းများမှာ သတင်းများတွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။

“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ နေရတဲ့သူတွေလည်း ရခိုင်ပြည်နယ်မှာ နေရတဲ့ ဘဝနဲ့ ယှဉ်ရင် နင်လားငါလား ပဲ။ လွတ်လပ်မှု အခြေခံလူ့အခွင့်အရေးက မရှိတဲ့အခါကျတော့ ဒီလိုပဲ ရတဲ့နည်းနဲ့ သွားကြတာ။ ရေနုရာမြက်နုရာ သွားကြတာ မဟုတ်ဘူး။ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ဖို့အတွက် ကြိုးစားအားထုတ်တာကနေ ခုလိုတွေ ဖြစ်ရတာ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတစ်ဦးလည်းဖြစ်၊ ရိုဟင် ဂျာအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ဦးအောင်ကျော်မိုးက ပြောသည်။ 

ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ပြင်တွင် တွေ့ရသော ရိုဟင်ဂျာများ၏ ရုပ်အလောင်းများ(ဓာတ်ပုံ- ရန်ကုန်ခေတ်သစ်မီဒီယာ) 

၂၀၁၂ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပြီး အာဏာပိုင်တို့ ဖန်တီပေးထားသော ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ ပိတ်ဆို့ခံထားရကာ မည်သည့်နေရာကိုမှ ခရီးသွားခွင့်မရသည့် ရိုဟင်ဂျာတို့သည် ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရန် ကြိုးပမ်းစဉ် မကြာခဏ ဖမ်းဆီးခံနေရသလို အသက်သေဆုံးမှုများလည်း ရှိနေသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်ကြား လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာအမျိုးသား လူငယ် ၁၃ဦး၏ ရုပ်အလောင်းများ စွန့်ပစ်ခံထားရသည်ကို ဒီဇင်ဘာ ၅ ရက်တွင် တွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၁ နာရီကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ပင်လယ်ရေပြင်တွင် ရိုဟင်ဂျာ ၇၈ ဦး လိုက်ပါလာသည့် လှေတစ်စီးကို စစ်ကောင်စီရေတပ်က စစ်ဆေးပြီး မော်လမြိုင်ဘက်သို့ ဖမ်း ခေါ်သွားကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ဖိနှိပ်မှုအဖုံဖုံ ကြုံရသည့် ရိုဟင်ဂျာများ

၁၉၆၂ စစ်အာဏာရှင်ခေတ်မှစ၍ ရိုဟင်ဂျာတို့ကို မြန်မာအာဏာပိုင်များက အထောက်အထားမဲ့ဟု သတ်မှတ်ခဲ့ ကြပြီး၊ ရခိုင်ပြည်နယ်မှတစ်ဆင့် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ကာ ခရီးသွားလာသည်ကို တွေ့ရှိပါက လူဝင် မှုကြီးကြပ်ရေး (လဝက) ဥပဒေဖြင့် ဖမ်းဆီးပြီး ၂ နှစ်မှ ၅ နှစ်အထိ ထောင်ချလေ့ရှိသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ကျား၊ မ ၁၅၀ ခန့် အကျဉ်းကျခံနေရပြီး အကျဉ်းထောင်အတွင်း အစာအာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း ကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့်အကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း Myanmar Now က သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည့် ရိုဟင်ဂျာများမှာလည်း နေထိုင်စားသောက်ရေး အပါအဝင် အဘက်ဘက်က အဆင်မပြေသဖြင့် ယခုကဲ့သို့ အခြားနိုင်ငံတစ်ခုခုသို့ ရောက်ရှိရန် ကြိုးပမ်းနေကြ ခြင်း ဖြစ်သည်ဟု လက်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်နေသည့် အသက် ၂၅ နှစ်အရွယ် မိုဟာ မက် ရီဇူဝါန်ခါန်က ပြောဆိုသည်။

“ကျွန်တော်တို့လည်း လူသားလေဗျာ။ နည်းနည်း အဆင်ပြေတဲ့ဘဝကို လိုချင်တာပေါ့ဗျာ။ မြန်မာနိုင်ငံကို ပြန်ဖို့က စစ်တပ်အာဏာသိမ်းတော့ မျှော်လင့်ချက်တွေလည်း ပပျောက်သွားပြီ။ နိုင်ငံတကာကလည်း ကျွန်တော်တို့တွေကို တတိယနိုင်ငံကို ပို့လည်း မပို့ဘူး။ ဒီမှာပဲ ထားတယ်ဆိုတော့ ဒီမှာလည်း လူထုအုံကြွမှုတွေများတယ်။ ဆိုတော့ သူတို့လည်း ကိုယ်မြင်တဲ့လမ်းကိုပဲ လျှောက်ချင်တာပေါ့ဗျာ” ဟု မိုဟာမက်ရီဇူဝါန်ခါန်က ပြောသည်။

မိုဟာမက်ရီဇူဝါန်ခါန်၏ မိဘဘိုးဘွားပိုင် မြေများ အပါအဝင် ရိုဟင်ဂျာများပိုင်သည့် ရခိုင်ပြည်နယ်မှ မြေဧက ၇၀၀ ကျော်ကိုလည်း စစ်ကောင်စီက 'တပ်ပိုင်မြေ' အဖြစ် အမည်ဖောက်ပြီး သိမ်းယူလိုက်ပြီဖြစ်သည်။

ရီဇူဝါန်ခါန်သည် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသားဖြစ်ပြီး ၂၀၁၇ စက်တင်ဘာလဆန်းပိုင်းက ၎င်း၏ အမေ၊ အစ်မ၊ ညီမတို့ အပါအဝင် အခြားသော ရိုဟင်ဂျာများနှင့်အတူ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရသူ ဖြစ်သည်။

ရီဇူဝါန်ခါန်ကိုယ်တိုင် အင်္ဂလိပ်စာသင်ပေးခဲ့သည့် ၁၀ တန်းကျောင်းသားနှစ်ဦးမှာ မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သော နာမည်ကျော် အင်းဒင်ရွာမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများတွင် ပါဝင်ခဲ့သူများဖြစ်သည်။​

ယခုအခါ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသူ ရိုဟင်ဂျာများ အထူးသဖြင့် လူငယ်များသည် ကောင်းမွန်စွာ ပညာသင်ကြားခွင့်ကို အထူးလိုလားနေကြသည်ဟု မလေးရှားတွင် ကျောင်းတက်ရန် သွားရောက်စဉ် စက်လှေ ပျက် ပြီး အတိဒုက္ခရောက်နေသည့် မော်ရှော်ရောဖ်၏ ဖခင် အာတာအူလ္လာက ပြောလိုက်သည်။

“ဒီမှာ လောလောဆယ် ဒုက္ခသည်စခန်းမှာ ပညာသင်လို့မရတာနဲ့ ကလေးတွေက စိတ်ပျက်ပြီးတော့ ဟိုသွားချင် တယ်၊ ဒီသွားချင်တယ် ဖြစ်နေတယ်။ အဓိက အဲဒီကိစ္စပဲ” ဟု သူက ဝမ်းနည်းစွာ ပြောလိုက်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */