" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 25, 2022

ရိုဟင်ဂျာတွေအခွင့်အရေး ကာကွယ်ပေးမယ့် ကုလဆုံးဖြတ် ချက်အပေါ် ကြိုဆို

RFA
2022.11.24
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။Photo: RFA

နိုဝင်ဘာလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် မှာ ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၊ တတိယကော်မတီ အစည်းအဝေး ကနေ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင် ငံမှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ သဘောတူလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန် ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို တာဝန်ခံမှု ရှိလာအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်တာ မြန်မာနိုင်ငံမှာ စစ်တပ်က ချိုးဖောက်တယ်"
အဲဒီအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခွင့်ရခဲ့ပြီး၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အမြန်ဆုံး အရေးယူပေးဖို့ ပြောခဲ့ပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းပါတယ်။

“ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်တာ မြန်မာနိုင်ငံမှာ စစ်တပ်က ချိုးဖောက် တယ်။ သူတို့ အကြမ်း ဖက်သတ်ဖြတ်တယ်၊ နှိပ်စက်တယ်။ အိုးအိမ်တွေ ဖျက်ဆီးတယ် အမျိုးမျိုးဒုက္ခပေးခဲ့တာ၊ အဲဒီအတွက် အဲဒီဆုံ းဖြတ်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့က ဒီဆုံးဖြတ်ချက်အပြင် အကြမ်းဖက်စစ်ကောင်စီကို အရေးယူတဲ့ ဆုံးဖြတ်ချက်တစ်ခု အမြန်ဆုံးချမှတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင် ရွက်သင့်တယ်ဆိုတာ တိုက်တွန်းပြောကြားချင်ပါတယ်”

ရိုဟင်ဂျာအရေး ဆုံးဖြတ်ချက်မူကြမ်းချမှတ်ဖို့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံတွေက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဥရောပ သမဂ္ဂက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ အချိန်တန်ပြီဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ICJ၊ ICC တို့လို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေမှာ မြန်မာစစ်တပ်ကို အရေးယူရေး တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂရဲ့ အခုဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး တစ်ခုခုမှာ အရေးယူဖို့အတွက် စတင်လုပ်ဆောင်တဲ့ အရွေ့တစ်ခုဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံအခြစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (Burma Human Rights Network) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်ထင်တာကတော့ ဒီဟာက သူတို့တစ်ခုခုဘက်ကို ရွေ့ဖို့အတွက် ခြေလှမ်းတစ်ခု ပြင်တယ်လို့ ကျနော်မြင်တယ်။ ကျနော်မျှော်လင့်တာကတော့ စစ်တပ်ကို UN ကနေပြီးတော့ ICC ကိစ္စ လှုပ်ရှားလာနိုင်တယ်။ ဒါပေ မဲ့ တစ်ခုရှိတာက တရုတ်နဲ့ ရုရှားရဲ့ ဗီတိုကလည်းရှိသေးတယ် ဒီထဲမှာ။ ဒီအပေါ်မှာ အဓိက ကျနော်မြင်တာက တော့ UN ရဲ့ ရွေ့မယ့် ဦးတည်ရာနေရာကတော့ နိုင်ငံတကာခုံရုံးတစ်ခုခုဘက်ကို သူတင်ဖို့အတွက် စစ်ခေါင် းဆောင်တွေကို သူလုပ်ဖို့အနေအထားလို့ ကျနော်မြင်တယ်။ ဒီရာဇဝတ်မှု ကျူးလွန်နေတဲ့ လူအုပ်စုကို အဓိက ပစ်မှတ်ထားလိမ့်မယ်”

စစ်ကောင်စီဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ချက်ချင်းကြေညာ ချက်ထုတ်ပြီး တုံ့ပြန်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ပိုရှုပ်ထွေးစေတယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းကို အဲဒီအစည်းအဝေး တက်ရောက်ခွင့်ပေးတာကိုလည်း ကန့်ကွက်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ စိတ်ကူးယဉ် တီထွင်ဖန်တီးထားတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက် အဆိုကိုအတည်ပြု လိုက်တာဟာ မြန်မာ့အရေးကိစ္စအတွက် လက်တွေ့ကျတဲ့ အဖြေရှာဖွေရာမှာ ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးလို့လည်း ပြောထားပါတယ်။ ဆုံးဖြတ်ချက်မှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း အသိအမှတ် မပြုနိုင်ဘူးလို့ စစ်ကောင်စီက ဆိုပါတယ်။

 

မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့အထိ ထိထိရောက်ရောက် အရေးယူတာ မရှိသေးတဲ့အ တွက် စစ်တပ်က သူတို့ကို ဘယ်သူမှ အရေးမယူနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ နိုင်ငံတကာရဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို ပယ်ချနေတာလို့ Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။

“ICJ တရားရုံးပဲဖြစ်ဖြစ် ICC တရားရုံးပဲဖြစ်ဖြစ် ကုလသမဂ္ဂပဲဖြစ်ဖြစ် သူတို့ဘယ်သူရဲ့ ဆုံးဖြတ်ချက်ကိုမှ လိုက် နာ နေတဲ့ဟာ ဒီနေ့အထိ မမြင်ခဲ့ဘူးပေါ့နော်။ အဲဒါကြောင့်မိုလို့ သူတို့က လက်နက်ရှိတယ်။ ငါတို့က ဘာမဆိုလုပ်နိုင်တယ်။ အဲဒီလို သူတို့စိတ်နဲ့ပေါ့နော်။ ဒဏ်ခတ်အရေးယူတဲ့၊ စစ်တပ်ကို လက်တွေ့ကျကျ ဒဏ်ခတ်အ ရေးယူတဲ့ဟာ သူတို့ မခံစားရဘူးဆိုတော့ ဒီနေ့ထက်ထိ လက်နက်အားကိုးနဲ့ ဘယ်ဟာမဆိုသူတို့ ကျူးလွန်နိုင်တယ်။ လုပ်ရင်လည်း သူတို့ကို ဘယ်သူမှ အရေးမယူနိုင်ဘူးပေါ့နော်။ အဲဒီစိတ်ဓာတ်နဲ့ပဲ သူတို့က အခုထက်ထိ ဘယ်လိုပဲဆုံးဖြတ်ချက်ချချပေါ့ သူတို့က ပယ်ချနေတာဖြစ်တယ်”

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကနဦးချမှတ်ထားတဲ့ provisional measures လို့ခေါ်တဲ့ ကြားဖြတ်အစီ အမံ လေးချက်ကိုလည်း စစ်ကောင်စီက လိုက်နာအကောင် အထည်ဖော်တာမျိုး မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်များ အစည်းအရုံးရဲ့ ညွန်ကြားရေးမှူး ဦးခင်မောင်ကတော့ ကုလသမဂ္ဂရဲ့ အခုဆုံးဖြတ်ချက်ဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မဟုတ်သေးတဲ့တွက် ထိရောက်မှု အားနည်းနေဦးမယ်လို့ ပြောပါတယ်။

“အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ Binding မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ ရိုဟင်ဂျာအပေါ်ကတော့ သိပ်ပြီးတော့ လတ်တလော အခြေအနေက သက်ရောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ Record အနေနဲ့ တက်မှာပါ။ မြန်မာစစ်တပ်က ကျနော်တို့ ရိုဟင်ဂျာကို ဘယ်လို နှိပ်စက်တယ်။ သူတို့ ဘယ်လိုလုပ်တယ်။ ကမ္ကာက ဘယ်လိုလုပ်တယ်။ ဒါမှတ်တမ်း အနေနဲ့ ကျန်ခဲ့မှာပါ။ လတ် တလော ကျနော်တို့ ကြုံတွေ့နေရတဲ့ ခံစားချက်အပေါ် ဒုက္ခသုက္ခအပေါ်မှာ သိပ်ပြီးတော့ သက်ရောက်မှာ မ ဟုတ် ဘူး။ ဘာလို့လဲဆိုတော့ ဒါက Binding Resolution တစ်ခုမဟုတ်တဲ့ အတွက်ကြောင့်ပါ”

မြန်မာနိုင်ငံက ကိုယ့်ဒေသကို ပြန်နိုင်ရေးအတွက်လည်း ကူညီပေးဖို့ နိုင်ငံတကာကို တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။
နေရပ်ပြန်ခွင့်ရရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြခဲ့ကြစဉ်။ (Photo: AFP)

ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ နေရပ်ပြန်ပို့ရေးနဲ့ အကူအညီပေးရေးကိစ္စတွေမှာ နိုင်ငံတကာက ပိုပြီးပါဝင်လာဖို့ မျှော်လင့်ကြောင်း ကုလရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကတော့ သူတို့ အားလုံး လွတ်လပ်စွာ သွားလာခွင့်မရသလို နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာနေပြီလို့ RFA ကို ပြောပါတယ်။

“တိတိကျကျ ဖြစ်လာမယ်ဆိုတာက၊ ဖြစ်လာမယ့် ကဏ္ဍက ကျနော်တို့ လွတ်မြောက်မှု ဖြစ်လာမှာကိုတော့ သိပ်တော့မမျှော်လင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဆယ်နှစ်ကျော် သွားပြီ ကျနော်တို့ကိစ္စက လုပ်နေဆဲ၊ လုပ်နေဆဲ အဲလိုပဲ လုပ်ရင်းလုပ်ရင်းနဲ့ အဲလိုပဲ၊ အဲလိုပဲ။ ကျနော်တို့ကတော့ သိပ်မျှော်လင့်ချက်တော့ ပြည့်ပြည့် စုံစုံရမယ်လို့ မထင်ပါဘူး။ အသက်တစ်ခုရှိတယ်ဆိုရင် ဒီအတိုင်းပဲ ခံစားသွားရမှာ ဖြစ်သလိုပေါ့။ ဒီလိုပဲ ယူဆတယ်။ ဖြစ်တဲ့အ ချိန်မှာဖြစ် ဘယ်လိုခံစားရ၊ ခံစားရ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ ဘဝဆုံးရှုံးရမှာ အဲဒီလိုပဲ မျှော်လင့်ပါတယ်”

မြန်မာနိုင်ငံမှာပဲ မိဘ၊ ဘိုးဘွားစဉ်ဆက် နေထိုင်ကြီးပြင်းခဲ့တာကြောင့် မူလနိုင်ငံသား အခွင့်အရေးတွေ ရရှိဖို့တော့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်တွေမြို့နယ်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ရိုဟင်ဂျာ တစ်သိန်းကျော် ခိုလှုံနေရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ရှစ်သိန်းကျော်လည်း အခုချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */