" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 19, 2022

တရုတ် ကွန်မြူနစ်ပါတီ ကွန်ဂရက် အကြောင်း တစေ့တ စောင်း

BBC
၁၄ အောက်တိုဘာ ၂၀၂၂
ဒေးဗစ် ဘရောင်း
BBC News Visual Journalism Team

တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီဟာ ၁၉၇၀ နှစ်တွေတဝိုက်က မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံးခေါင်းဆောင်လို့ သတ်မှတ်ရမယ့် ရှီ ကျင့်ဖျင်ကို တတိယအကြိမ်အဖြစ် အာဏာ ၅ နှစ် သက်တမ်းကို လွှဲအပ်လိမ့်မယ် လို့ မှန်းဆ နေကြပါတယ်။

အာဏာသက်တမ်းက နှစ်ကြိမ်သာဆိုတဲ့ ကန့်သတ်ချက်ကို ၂၀၁၈ မှာ ဖျက်သိမ်း ထားပြီးတဲ့နောက် အခုလာတော့မယ့် ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံအပေါ် သူ့ရဲ့ အာဏာ ထိန်းချုပ်နိုင်တဲ့ စွမ်းအား ထပ်တိုးမြှင့် ပေးလိုက်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ မစ္စတာ ရှီဟာ အာဏာကို သူ့တသက်လုံး ယူသွားနိုင်ခြေလည်းရှိပါတယ်။

အဲဒီ သမိုင်းဝင် ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် ကွန်မြူနစ်ပါတီ ကွန်ဂရက်မှာ ချမှတ်ဖို့ရှိနေပြီး ကွန်မြူနစ်ပါတီရဲ့ သမိုင်း တလျောက် အရေးအပါဆုံး အစည်းအဝေးတွေထဲ ဒီကွန်ဂရက်အစည်းအဝေးလည်း တခုအနေနဲ့ ပါဝင်သွားမှာပါ။

ရှီကျင့်ဖျင်က အခုလောလောဆယ်မှာ ထိပ်တန်းရာထူး ၃ နေရာကို ယူထားပါတယ်။
  • တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ပါတီ အထွေထွေအတွင်းရေးမှူး ရာထူး၊
  • တရုတ်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတ ရာထူး၊
  • တရုတ်နိုင်ငံရဲ့ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ တရုတ် ဗဟို စစ်ကော်မရှင် ဥက္ကဌ ရာထူး စတာတွေပါ။
သူ့ကို ခေါင်းဆောင်ကြီးလို့လည်း ခေါ်ကြပါတယ်။

မစ္စတာ ရှီက ၅ နှစ်တကြိမ်လုပ်တဲ့ ဒီ ပါတီ ကွန်ဂရက်မှာ ရာထူး ၂ နေရာကို ဆက်ကိုင် ထားမယ့်ပုံရှိပါတယ်၊ ပါတီ အထွေထွေအတွင်း‌ရေးမှူး ရာထူးနဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ နေရာပါ။ ၂၀၂၃ ခုနှစ် နွေဦးရာသီမှာကျင်းပမယ့် နှစ်စဥ် အမျိုးသားပြည်သူ့ ကွန်ဂရက် ကျရင်တော့ သမ္မတရာထူးကို ဆက်ယူထားနိုင်မှာပါ။

အခု ကွန်ဂရက်မှာ ဘာတွေဖြစ်လာမလဲ

တီယန်နန်မင် ရင်ပြင်က ပြည်သူ့မဟာခန်းမဆောင်မှာ တပတ်ကြာကျင်းပမယ့် ဒီပါတီ ကွန်ဂရက်ကို ကိုယ်စား လှယ် ၂,၃၀၀ တက်ရောက်ကြမှာပါ။

သူတို့ထဲက ၂၀၀ က ပါတီဗဟိုကော်မတီဝင်တွေ အဖြစ်အရွေးခံရမှာဖြစ်ပြီး အရန် ဗဟိုကော်မတီအဖြစ် ကိုယ်စားလှယ် နောက်ထပ် ၁၇၀ ကျော်ကို ရွေးကြမှာပါ။

ဗဟိုကော်မတီက ပါတီပေါ်လစ်ဗျူရိုအတွက် ၂၅ ယောက်ကို ရွေးချယ်မှာပါ။

အဲဒီနောက် ပေါ်လစ်ဗျူရိုက အမြဲတမ်းပေါ်လစ်ဗျူရို အဖွဲ့ဝင် တွေကို ရွေးချယ်မှာ ဖြစ်ပါတယ်။

လက်ရွေးစင် လူစုထဲက ထိပ်ဆုံး လက်ရွေးစင်တွေကို ရွေးချယ်တာလည်း ဖြစ်ပါ တယ်။

လက်ရှိမှာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အပါအဝင် အမြဲတမ်းပေါ်လစ်ဗျူရို ၇ ယောက် ရှိပါတယ်။

သူတို့အားလုံး အမျိုးသားတွေ ချည်းပါ။
လုပ်စရာကိစ္စတွေ အားလုံး ပါတီ ကွန်ဂရက်မှာပဲ ပြီးသွားမှာ မဟုတ်ပါဘူး။

ပါတီကွန်ဂရက်ပြီးဆုံးပြီး နောက်တရက်မှာ ဗဟိုကော်မီတီ အစည်းအဝေးထိုင် ပါလိမ့်မယ်။

ဘာကြောင့် ဒီပါတီကွန်ဂရက်က အရေးကြီးတာလဲ

မစ္စတာ ရှီဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံးစီးပွားရေးရှိတဲ့ နိုင်ငံကို ဦးဆောင်နေတာ ဖြစ်သလို၊ ကမ္ဘာမှာ အားအကြီးဆုံး စစ်တပ်တွေထဲက တတပ်ကို အမိန့်ပေး နေတာ ပါ။

သူ့ရဲ့ တတိယအာဏာသက်တမ်းမှာ သူဟာ တဦးတည်းသြဇာကို ကျင့်သုံးတဲ့ နိုင်ငံရေး ပုံစံနဲ့ တရုတ်ကို အုပ်ချုပ်သွားနိုင်တယ်လို့ တချို့ သုံးသပ်သူတွေက မြင်ထား ကြပါတယ်။

လန်ဒန်တက္ကသိုလ်ရဲ့ အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးကျောင်း ( School of Oriental and African Studies - SOAS) က ပါမောက္ခ စတိဗ် ဆန်က “ရှီလက်အောက်က တရုတ်ဟာ အာဏာရှင် အုပ်ချုပ်ရေး လမ် းကြောင်းဆီကို သွားလိမ့်မယ်” လို့ ဆိုပါ တယ်။

“မော် အောက်က တရုတ်က အာဏာရှင် စနစ်အောက်မှာပါ။ တရုတ်က အခုအဲဒီလောက်ထိ မရှိသေးဘူး။ ဒါပေမယ့် အဲဒီကို သွားလိမ့်မယ်။”

ပါမောက္ခ ဆန်က ပါတီကွန်ဂရက်က ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းမှာဖြစ်သလို၊ “ရှီ ကျင့်ဖျင်အ တွေး အမြင်” ကိုလည်း ပါတီရဲ့ လမ်းညွှန် အတွေးအခေါ် အဖြစ် ကိုင်စွဲသွားပါလိမ့်မယ် လို့ ဆိုပါတယ်။

“ရှီ ကျင့်ဖျင် အတွေးအမြင်” ဆိုတာကတော့ မစ္စတာ ရှီ ခံယူထားတဲ့ တရုတ် ဆိုရှယ်လစ် အတွေးအမြင်ပါ၊ ပုဂ္ဂ လိကပိုင် စီးပွားရေးတွေကို အထူးသံသယနဲ့ မြင်ထားတဲ့ အမျိုးသားရေးစိတ်ဓာတ် အလေးပေး အတွေးအခေါ် တရပ်ဖြစ်ပါတယ်။

သူ့ ဦးဆောင်မှုအောက်မှာ စီးပွားရေး ကဏ္ဍ အများအပြားက သြဇာကြီးတဲ့ ကုမ္ပဏီ တွေကို တရုတ် အာဏာပိုင်တွေက ဖိနှိပ်ချေမှုန်းခဲ့ပါတယ်။

“အခု လုပ်မယ့်ဟာတွေ ဖြစ်လာမယ်ဆိုရင် သူတို့က သူ့ကို အာဏာရှင် တယောက် ဖန်တီးပေးလိုက် တာနဲ့ အ တူတူပါပဲ”

တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မူဝါဒ အများအပြားကို ဒီ ပါတီ ကွန်ဂရက်မှာ ဖွင့်ချပြပါလိမ့်မယ်။

ကမ္ဘာတလွှားကလည်း တရုတ်ရဲ့ ရှေ့လမ်းကြောင်းက ဘာလဲ ဆိုတာကို အသေအချာ အာရုံစိုက်နေကြမှာပါ၊ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရေးတွေကို စောင့်ကြည့်ကြမှာပါ။

တရုတ်အတွက် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု

တရုတ်စီးပွားရေးက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကောင်းမွန် တိုးတက်နေတာပါ။

ဒါပေမယ့် ကိုဗစ် လော့ခ်ဒေါင်း၊ ကုန်စျေးနှုန်း တက်လာတဲ့ ပြဿနာ၊ အိမ်ခြံမြေ အကျပ်အတည်း စတဲ့ အရေးတွေနဲ့ အတူ စီးပွားရေးမှာ ကသောင်းကနင်းတွေ ကြုံနေရပါတယ်။

ယူကရိန်းစစ်ပွဲကြောင့်ဖြစ်လာတဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုအပေါ် စိုးရိမ်နေကြ တာတွေ တိုးလာတာနဲ့ အတူ တရုတ်စီးပွားရေးမှာလည်း ယုံကြည်မှု ကျဆင်းနေ ပါတယ်။

မစ္စတာ ရှီရဲ့ ခေါင်းဆောင်မှုအောက်မှာ စီးပွားရေး တိုးတက်မှုက ပြီးခဲ့တဲ့ သမ္မတ ကျန်ဇီမင်း တို့၊ သမ္မတ ဟူ ဂျင်တောင်းတို့ လက်ထက်တွေမှာထက် နိမ့်ကျနေ ပါတယ်။

ကွန်မြူနစ်အစိုးရဟာ တရားနည်းလမ်းကျတဲ့ အစိုးရတရပ်အဖြစ် အများက လက်ခံနိုင်ဖို့ အရေးက တရုတ်အ လုပ်သမားတွေ ဝင်ငွေကောင်းရေး၊ အလုပ်ကောင်း ရရေး စတာတွေ အပေါ်မှာ အထူး မူတည်နေတယ်လို့ တချို့ သုံးသပ်သူတွေက ပြောပါတယ်။

နောက် ၅ နှစ်ထဲမှာ စီးပွားရေးက ဆိုးမယ်ဆိုရင် မစ္စတာ ရှီအနေနဲ့ နိုင်ငံရေး အရ ဒုက္ခကြီးကြီး ဆိုက်လာနိုင်ပါတယ်။

ဒီ ပါတီကွန်ဂရက်မှာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ကြီးချုပ်အပါအဝင် စီးပွားရေး ကဏ္ဍပိုင်း အပြောင်းအလဲတွေ လုပ်ဖို့ ရှိပါလိမ့်မယ်။

ကိုဗစ် ဇီးရိုး


ကမ္ဘာ့ကပ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ကိုဗစ် ဇီးရိုး ပေါ်လစီက မစ္စတာ ရှီရဲ့ အထင် အရှား ပေါ်လစီတွေထဲက တခုဖြစ်ပါတယ်။

ကမ္ဘာ့နေရာ အနှံ့အပြားမှာ လူတွေက ပုံမှန်ဘဝကို ပြန်သွားနေတဲ့ ကာလမှာ တရုတ် အာဏာပိုင်တွေက တင်း ကျပ်တဲ့ လော့ခ်‌ဒေါင်းတွေ၊ လူအများ အပြားကို တပြိုင်နက် ဆေးစစ်တာတွေ၊ ရက်ရှည် ကွာရန်တင်း လုပ်ခိုင်းတာတွေနဲ့ အတူ ကိုဗစ်ပျံ့နှံ့တာကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် အားထုတ်နေပါတယ်။

ရှန်ကျန်းနဲ့ ချန်ဒူး အပါအဝင် မြို့ပေါင်း ၇၀ ကျော်မှာ အခု သီတင်းပတ်တွေ အတွင်း လော့ခ်ဒေါင်း အပြည့် ဒါမှမဟုတ် တစိတ်တပိုင်း ချမှတ်ထားတဲ့ အတွက် လူ သန်း‌ ပေါင်း ဆယ်နဲ့ချီပြီး ထိခိုက်နေကာ၊ စီးပွားရေးပိုင်းလည်း ထိလာနေပြီး လူတွေက မကျေနပ်ကြဘူးဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ်။
  

မစ္စတာရှီက သူ့ရဲ့ ကိုဗစ် ပေါ်လစီနဲ့ ပတ်သက်လို့ “ပုံဖျက်တာမျိုး၊ သံသယဝင်တာမျိုး၊ ငြင်းဆန်တာမျိုး ဘာမဆို စကားနဲ့ပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုနဲ့ပဲဖြစ်ဖြစ် ဆန့်ကျင် လုပ်တာ မှန်သမျှ အပြတ်ကို တိုက်ခိုက်ဖို့” ဆုံးဖြတ်ထားပါတယ်။

ကွန်ဂရက်အကြိုကာလမှာ ဖြစ်စေ၊ ကွန်ဂရက်အတွင်းမှာဖြစ်စေ ကိုဗစ် အကြီးအမား ပြန့်ပွားတာမျိုးက မစ္စတာ ရှီရဲ့ စွမ်းဆောင်နိုင်မှု ပုံရိပ်ကို ဖျက်ဆီးနိုင်တဲ့ အန္တရာယ်ပါ။

ကွန်မြူနစ်ပါတီဟာ ကွန်ဂရက်ကို အသုံးချပြီး ကမ္ဘာ့ကပ်ကို ကျော်လွှားနိုင်ပြီ၊ ဇီးရိုး ကိုဗစ် ပေါ်လစီ အဆုံးသတ်ပြီဆိုတာမျိုး ကြေညာနိုင်တယ်လို့ တချို့ လေ့လာသူတွေ က သုံးသပ်ပါတယ်။

နောက်တနည်းကတော့ တခြားကမ္ဘာ့နိုင်ငံတွေလို မဟုတ်ဘဲ တရုတ်ဟာ စီးပွားရေး ထက် လူ့အသက်တွေကို ပိုတန်ဖိုးထားတယ်လို့ ပါတီအနေနဲ့ ငြင်းချက် ထုတ်ကာ ဇီးရိုး ကိုဗစ် ပေါ်လစီကို ဆက်ကိုင်စွဲသွားနိုင်ပါတယ်။

ထိုင်ဝမ်နဲ့ အနောက်နိုင်ငံတွေ

မစ္စတာရှီက အနောက်အုပ်စုဝင် နိုင်ငံတွေနဲ့ ဆက်ဆံရင်၊ အထူးသဖြင့် ထိုင်ဝမ် အရေးနဲ့ ပတ်သက်ရင် အမာလိုင်းကို ဦးစားပေးပါတယ်။

သြဂုတ်လတုန်းက အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ထိုင်ဝမ်ကို သွားလည်တဲ့ ကိစ္စကို တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက် မစ်ဇိုင်းပစ်တာ အပါအဝင် စစ်ရေး လေ့ကျင့် တာတွေကို ချက်ချင်း ပြန်လုပ်ပြပြီး တုံ့ပြန်ပါတယ်။

ထိုင်ဝမ်ကို သူတို့ဆီက ခွဲထွက်နေတဲ့ ပြည်နယ်တခုလို့ တရုတ်က သဘောထားပြီး တချိန်ချိန်မှာ သူတို့ အုပ်ချုပ်မှုအောက် ပြန်ရောက်ဖို့ ရည်ရွယ်ထားတာပါ။ ထိုင်ဝမ် ကတော့ သူတို့ဟာ ပြည်မကြီးနဲ့မတူဘဲ သီးသန့် ဖြစ်ပေါ်နေတာလို့ ခံယူထားပါတယ်။

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်တဲ့ အနှစ် ၁၀၀ ပြည့်ချိန် ၂၀၄၉ ခုနှစ်မှာ “ပြီးပြည့်စုံရမယ်”လို့ မစ္စတာရှီက ပြောထားပြီး၊ အဲဒီလို ဖြစ်မြောက်ဖို့ အင်အားသုံးမယ့်နည်းကို ပစ်ပယ်မထားဘူး လို့ ဆိုထား ပါတယ်။

ထိုင်ဝမ်ကို တရုတ်က ရသွားရင် ပစိဖိတ်ပင်လယ်အနောက်ပိုင်းနဲ့ ဒေသတွင်းမှာ အမေရိကန်ရဲ့ သြဇာအင်အား ပြိုကွဲသွားနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တွေက ပြောပါတယ်။

အမေရိကန်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်နေသူတို့ ရှိရာကျွန်းတွေ ပါဝင်ပြီး ပထမ ကျွန်းဆက်လို့ ခေါ်ကြတဲ့ ကျွန်းစဉ်တန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ထိုင်ဝမ်ဟာ အနောက်အုပ်စု အဖို့ သေနင်္ဂဗျူဟာအရ သိပ်ကို ကြီးမားတဲ့နေရာမှာ ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */