" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 22, 2022

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို တပ်အမည်ပေါက် သိမ်းယူ

MYANMAR NOW
စထွန်းအောင်
Published on Oct 22, 2022
၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရိုဟင်ဂျာမိသားစုများကို ၎င်းတို့၏မီးလောင်နေသောရွာ နောက်ခံပြုလျက် တွေ့ရစဉ်။ (ဓာတ်ပုံ​ - K.M. Asad/AFP via Getty Image) 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော မြေလှန်မီးရှို့ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သိန်း နှင့် ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ အသက်လု ထွက်ပြေးခဲ့ရသည်မှာ ပြီးခဲ့သည့်လပိုင်း တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံး ရှုံး ကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။


ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို အပြီးအပိုင်သိမ်းယူရန် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့်စက်တင်ဘာ လ နှင့် ယခုလ အောက်တိုဘာလဆန်းတွင် လျှို့ဝှက်ညွှန်ကြားထားသည့် စာများကို Myanmar Now က လက်ခံ ရရှိထားသည်။

၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာရွာများ မီးတင်ရှို့ခံရပြီး မြေထိုးစက်များဖြင့်ပါ အစဖျောက်ခံရသည်။​ ထိုနေရာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အခိုင်အမာ တည်ဆောက်ခဲ့သည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီက ထိုမြေများကို တပ်ပိုင်အမည်ပေါက်ပြောင်းပြီး အပြီးသတ် သိမ်းယူရန် တက်သုတ်ရိုက် စီစဉ်နေသည်။​

ရိုဟင်ဂျာမွတ်စလင်များ နေထိုင်ခဲ့ရာ မောင်တောမြို့နယ်အတွင်း အင်းဒင်၊ မြင်းလွတ်၊ မြို့သူကြီး၊ ဇင်ပိုင်ညာ၊ အောင်စစ်ပြင် ကျေးရွာအုပ်စုနှင့် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုရှိ မြေဧရိယာ ၇၁၈ ဒဿမ ၈၇ ဧကကို တပ်ပိုင်မြေအဖြစ် သိမ်းယူရန် နေပြည်တော်ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စု အစိုးရအဖွဲ့ရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတို့ ပူးပေါင်း အကောင်အထည်ဖော်နေကြောင်း ၎င်းတို့အချင်း ချင်း ပေးပို့သည့်စာများအရ သိရှိရသည်။

နေရပ်စွန့်ခွာသူ ရိုဟင်ဂျာများပိုင် နေအိမ်ခြံဝင်း၊ လယ်ယာမြေနှင့် မွေးမြူရေးလုပ်ကိုင်ရာ နေရာများကို ဝင် ရောက် ခြင်း မပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ သော ဒေသန္တရတားမြစ်မိန့်ကို စစ်ကောင်စီက ပယ်ဖျက်ရန် ညွှန်ကြားထားခဲ့သည်။

ရိုဟင်ဂျာတို့နေထိုင်ခဲ့သော “နေအိမ်၊ ခြံဝင်း၊ စိုက်ပျိုးမြေ (လယ်ယာဥယာဉ်ခြံမြေ) များနှင့် မွေးမြူရေး လုပ်ကိုင် နေသော ပုဇွန်ကန် ငါးကန်များအား မသက်ဆိုင်သူများမှ ဝင်ရောက် နေထိုင်၊ စိုက်ပျိုး၊ မွေးမြူခြင်း မပြုစေရန်” နှင့် လိုက်နာရန်ပျက်ကွက်ပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း ၂၀၁၉ သြဂုတ်လတွင် ရခိုင်ပြည် နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီး၊ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ထိုအမိန့်ကို ၂၀၂၀ ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ထပ်ဆင့်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

သို့သော် ရိုဟင်ဂျာများ၏ မြေများကို ပြည်ထဲရေးဝန်ကြီးဌာန နယ်ခြားစောင့်တပ်ဖွဲ့ခွဲများအတွက် အဆောက်အ အုံ များ တည်ဆောက်ထားခဲ့သည်။ ထိုကဲ့သို့ နယ်ခြားစောင့်တပ်များဖြင့် နေရာယူထားသော ရိုဟင်ဂျာပိုင် စိုက် ပျိုးမြေနှင့် ရွာမြေများကို တရားဝင်တပ်ဖွဲ့အမည်ပေါက် ရယူလိုသောကြောင့် NLD အရပ်သားအစိုးရလက်ထက် ကထုတ်ပြန်ခဲ့သည့် တားမြစ်မိန့်ကို ပယ်ဖျက်ရန် စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က စစ် ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ၂၀၂၂ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ခွင့်ပြုချက်တောင်းခဲ့သည်။

၎င်း၏ စာတွင် မောင်တောခရိုင်ရှိ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးရုံးအောက်ရှိ အမှတ် (၅၊ ၆၊၇၊၈၊ ၉၊ ၁၀) တပ်ဖွဲ့ခွဲရုံးများကို မြေဧက အကျယ်အဝန်း ၁၁၉၅.၇၄ ပေါ်တွင် တည်ဆောက်ထားကြောင်း၊ ထိုမြေ များ အနက် ဧက ၇၁၈ ဒသမ ၈၇ သည် ရိုဟင်ဂျာပိုင်မြေများဖြစ်ပြီး၊ အရပ်သားအစိုးရလက်ထက်က တားမြစ် မိန့်နှင့် တားမြစ်နယ်မြေများဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုရိုဟင်ဂျာပိုင်မြေအားလုံးကို “တပ်ဖွဲ့ပိုင် အမည်ပေါက်ရရှိရေး” အတွက် မူလထုတ်ပြန်ခဲ့သည့် ဒေသန္တရတား မြစ် မိန့်အား ပယ်ဖျက်မိန့်ထုတ်ပြန်ပေးပါရန် ဗိုလ်ချုပ်စိုးတင်နိုင်က စာတွင် ရေးသားထားသည်၊

ဗိုလ်ချုပ်စိုးတင့်နိုင်၏ တင်ပြချက်အတိုင်း ရခိုင်ပြည်နယ်အစိုးရက လုပ်ဆောင်ပေးပါရန် ၂၀၂၂ အောက်တိုဘာ ၈ ရက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဇော်သန်းသင်းက ပြည်နည်အစိုးရကို ညွှန်ကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က “ခွင့်ပြုသည်” ဟု လမ်းညွှန်မှုပြုပါသဖြင့် ၂၀၁၉ ဒေသန္တရ တားမြစ်မိန့်တွင် ပါဝင်နေ သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနေရာများအတွက် ဒေသန္တရတားမြစ်မိန့်များ ထုတ်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကို ဇော်သန်းသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုယ်စား စာအမှတ် ၇၄၁/၂၅၆-မြေ ၂-၅/ပထဖ (၂၀၂၂) ဖြင့် ညွှန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်၍ ရိုဟင်ဂျာဒေသခံများပိုင် လယ်မြေ၊ ရွာမြေများကို မဝင်ရောက်ရဟူ သော ကန့်သတ်မိန့်ထုတ်ထားခြင်းကို ပယ်ဖျက်ကြောင်း ထုတ်ပြန်သည်ဟု သိရှိရသော်လည်း ထိုအခြေအနေနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ၎င်းက ပြန်လည်ဖြေကြားခြင်း မရှိပေ။

 
အမှတ် (၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ၏ တည်နေရာမြေပုံ


“ကျွန်တော်တို့ ဘယ်တော့ပြန်နိုင်မလဲ”

မြန်မာစစ်တပ်က ၎င်းတို့ပိုင် မြေယာများကို အပြီးအပိုင်သိမ်းယူရန် စီစဉ်နေခြင်းအပေါ် ရိုဟင်ဂျာများ စိတ်မ ကောင်းဖြစ်နေကြသည်။​

“ဒီသတင်းစကားတွေ ကြားရတာ တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်ဗျာ” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ပြည်နယ်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် မိုဟာမက်ရီဇူဝါန်ခါန်က ပြောလာသည်။

“ကျွန်တော်တို့ပိုင်တဲ့ မြေတွေ၊ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေပိုင်တဲ့မြေတွေကို စစ်တပ်က အခုလို မတရား သိမ်း ယူတယ်ဆိုတာ တကယ့်ကို မတရားဘူး”

အသက် ၂၅ နှစ်အရွယ် ရီဇူဝါန်ခါန်မှာ မောင်တောမြို့နယ်၊ အင်းဒင်ရွာသားဖြစ်ပြီး ၂၀၁၇ စက်တင်ဘာလဆန်း ပိုင်းက အမေ၊ အစ်မ၊ ညီမတို့ အပါအဝင် အခြားသော ရိုဟင်ဂျာများနှင့်အတူ တစ်ဖက်နိုင်ငံသို့ ရေလမ်းခရီးဖြင့် ထွက်ပြေးခဲ့ရသူဖြစ်သည်။

ရီဇူဝါန်ခါန်ကိုယ်တိုင် အင်္ဂလိပ်စာသင်ပေးခဲ့သည့် ၁၀ တန်းကျောင်းသားနှစ်ဦးမှာ မြန်မာစစ်တပ်၏ သတ်ဖြတ် ခြင်း ခံခဲ့ရသည်။ ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သော နာမည်ကျော် အင်းဒင်ရွာမှ အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခံရသူများတွင် ပါဝင်ခဲ့သူများဖြစ်သည်။​

စစ်တပ်က သတ်ဖြတ်ခဲ့သည့် အင်းဒင်ကျေးရွာသား ၁၀ ဦးအနက် အသက် ၁၈ နှစ်အရွယ် Rashid Ahmed နှင့် ၁၇ နှစ်အရွယ် Abulu တို့ကို ရီဇူဝါန်ခါန်က အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည်။

ထိုစဉ်က စစ်တပ်ရန်ကြောင့် အင်းဒင်ရွာရှိ မိသားစုပိုင် နေအိမ်၊ လယ် ၁၅ ဧကနှင့် ဧကဝက် ကျယ်သည့်ပုစွန်ကန် တို့ကို မိုဟာမက်ရီဇူဝါန်ခါန် လက်လွှတ်ကာ ထွက်ပြေးခဲ့ရသည်။

ယခုအခါ ၎င်းတို့မိသားစုပိုင် မြေများအပါအဝင် အင်းဒင်ကျေးရွာအုပ်စုအတွင်းရှိ မြေ ၁၂၉ ဧက ပေါ်တွင် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံးအဖြစ် ခြံစည်းရုံးခတ်ကာ အခိုင်အမာတည်ဆောက်ထားပြီး စစ်တပ်ပိုင်မြေအ ဖြစ်ပါ သိမ်းယူခံလိုက်ရပြီဖြစ်သည်။

အင်းဒင်ကျေးရွာတွင် နေထိုင်ခဲ့သည့် ရိုဟင်ဂျာများ၏ မြေပိုင်ဆိုင်မှု အထောက်အထားအချို့

မြေသိမ်းခံရသည့် ရိုဟင်ဂျာဒုက္ခသည်များတွင် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦးလည်း အပါအဝင်ဖြစ်သည်။

“ကိုယ့်အပိုင်၊ ကိုယ့်မိဘအစဉ်အဆက်က ပိုင်ဆိုင်လာတဲ့မြေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘိုးဘွားတွေက ရွာ တွေတည်၊ အိမ်တွေဆောက်၊ စပါးတွေစိုက် အဲ့လိုလုပ်ခဲ့တဲ့ နေရာတွေပါ။ မြေခွန်ပြေစာလည်း ရှိတယ်။ ပုံစံ ၇ တော့ မရသေးဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေရသည့် အမည်မဖော်လိုသူ ထိုအုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

အမှတ် ၉ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံး ဖွင့်လှစ်ထားသည့် မြင်းလွတ်ကျေးရွာအုပ်စုအတွင်းရှိ မြေ ၁၅၁ ဒဿမ ၂ ဧကသည်လည်း စစ်တပ်သိမ်းယူမည့် ဧရိယာထဲတွင် ပါဝင်နေသည်။

အာဏာသိမ်းစစ်တပ်က ယခုအခါ နိုင်ငံတစ်ဝန်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေသည့်အပြင် လွန်ခဲ့သောငါးနှစ်က အပြောင်ရှင်းစစ်ဆင်ရေးဆင်နွှဲခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာပိုင်မြေများကို ပေါ်ပေါ်တင်တင် သိမ်းယူနေပြီဖြစ်သည်။​

“အရင်ကတည်းကကို ဖိနှိပ်ခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ်။ သူတို့သိမ်းချင်ရင်လည်း ကျွန်တော်တို့ ဘာမှမ လုပ် နိုင်ဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှော်ဖီအူလာကတာ ဒုက္ခသည်စခန်း အမှတ် (၁၆) တွင် ရောက်ရှိနေသည့် အသက် ၃၁ နှစ်အရွယ် နုရ်ကာလာလ်က ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သော နုရ်ကာလာလ်သည် ထိုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကျောင်းဆက်တက်ခွင့် မရခဲ့ပေ။​ ၂၀၁၇ ခုနှစ်တွင် မိဘပိုင် နေအိမ်၊ လယ် ၃ ဧကနှင့် မွေးမြူထားသော ကျွဲ၊ နွား၊ ဆိတ်အချို့ကို ထပ်မံ ဆုံးရှုံးရပြန်သည်။​

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရပြီးနောက် ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ၎င်းအတွက် ပညာဆက်သင်ရေး အိမ်မက်သည်လည်း အချည်းနှီးသာဖြစ်နေသည်။​

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေရသည့် ရိုဟင်ဂျာကလေးငယ်အချို့ကို ယခုနှစ် ဩဂုတ်လကုန်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE)

“ကျွန်တော်တို့စိတ်က မြန်မာနိုင်ငံထဲမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ ဘယ်တော့ပြန်နိုင်မလဲ။ ဒီမှာ ကျွန်တော်တို့ က အကျဉ်းသားလို နေရတာပါ။ ကိုယ့်အိမ်တွေဘာတွေ အကုန်မီးရှို့ခံရတာနဲ့ တော်တော် စိတ်ထိခိုက်နာ ကျင် ရတယ်”

“ဒီရိုဟင်ဂျာ မရှိရင် ပြီးပြီ”

ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရပြီးနောက် ၎င်းတို့နေထိုင်ခဲ့ရာ ရခိုင်မြောက်ပိုင်းမှ ကျေးရွာအုပ် စု ၆ ခုတွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (GE) ဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရုံးများ အလျင်အမြန် တည် ဆောက်စေခဲ့သည်။

၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံးများ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။​

“သူတို့ (ရိုဟင်ဂျာ) တွေ ထွက်သွားပြီး သိပ်မကြာဘူး။ စစ်တပ်က GE အဖွဲ့တွေ နယ်ခြားစောင့်ခြံစည်းရိုး ကာ တဲ့နေရာမှာ သုံးတဲ့ ဘူဒိုဇာတွေ၊ ဘက်ဟိုးတွေနဲ့ ထိုးပြီးတော့မှ ဒါတွေကို အပြောင်ရှင်းတာ” ဟု အာဏာသိမ်းပြီး နောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။

စစ်မှုထမ်းသက် ၁၃ ရှိ ထိုစစ်တပ်အရာရှိမှာ ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ထောက်ပို့အရာရှိအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။​ ၎င်းမှာ လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် ခိုလှုံလျက်ရှိသည်။​

“မီးလောင်တဲ့အိမ်တွေကော၊ Dead body (သေဆုံးနေတဲ့ ရုပ်အလောင်း) တွေကော အပြောင်ရှင်းတယ်။ အရင် တုန်းက စည်စည်ကားကားနဲ့ရှိခဲ့တဲ့ နေရာတွေအကုန်လုံးက ကွင်းပြင်ကြီးတွေ ဖြစ်သွားတယ်။ ဟိုတုန်းက (ရွာ တွေရှိခဲ့တဲ့) နေရာတွေက အခုဆို ရဲတပ်ရင်းတွေ ဖြစ်နေပြီ” ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။

ရိုဟင်ဂျာအရေးအခင်းတွင် စစ်တပ်က အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။​

၁၉၆၂ စစ်အာဏာရှင်ခေတ်မှစ၍ ရိုဟင်ဂျာတို့ကို ခေတ်အဆက်ဆက် စစ်အာဏာရှင်များက အထောက်အထား မဲ့ဟု သတ်မှတ်ကာ အပြင်းအထန်ဖိနှိပ်ခဲ့သည်။

လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာများ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်းခြင်းအတွက် မြန်မာနိုင်ငံမှာ အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ) အမှု ရင်ဆိုင်နေရသည်။

“သူတို့ (စစ်တပ်) ဖြစ်ချင်တဲ့ဟာက ဘယ်လိုမျိုးလည်းဆိုတော့ ဒါတွေ မရှိရင် ပြီးပြီဗျာ။ အဆုံးစွန်က ဘာလဲဆို တော့ ဒီရိုဟင်ဂျာတွေ မရှိရင် ပြီးပြီဆိုတဲ့သဘောဗျာ” ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။

မြန်မာစစ်တပ်က ၎င်းတို့ကို ဘဝဆုံးသည်အထိ ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း ဇနီးသည်၊ သားသမီး ၅ ဦးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည့် အသက် ၄၀ အရွယ် မြင်းလွတ်ရွာသား ရိုဟင်ဂျာတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘဝကို အမြစ်ဖြတ်ချေမှုန်းတဲ့သဘောပေါ့။ လူတွေကော၊ ပိုင်ဆိုင်မှုတွေကော၊ အမျိုးတွေပါ အ ကုန်ဖျက်ပစ်လိုက်တာပေါ့။ ချေမှုန်းပစ်လိုက်တာ”

ရိုဟင်ဂျာများအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းကို အမြန်ပြန်လိုနေကြသည်။ သို့သော် အာဏာသိမ်းစစ်တပ်က ၎င်းတို့ပိုင် မြေယာများကို အပြီးအပိုင်သိမ်းယူရန် စီမံကိန်းချ ဆောင်ရွက်နေပြီဖြစ်သည်။​

“ကိုယ်မွေးဖွားခဲ့တဲ့ နေရာဆိုတော့ တကယ့်ကို လွမ်းတာပေါ့ဗျာ။ ငယ်စဉ်အခါမှာ အင်းဒင်မှာ မွေးဖွားခဲ့တယ်။ အင်းဒင်မှာ ကြီးပြင်းခဲ့တယ်။ အနှစ် ၂၀လောက် အင်းဒင်မှာပဲ အချိန်ကုန်ခဲ့တာပေါ့ဗျာ။ တကယ့်ကို ရွာကို ချစ် တယ်။ လွမ်းလည်းလွမ်းတယ်” ဟု အင်းဒင်ရွာသား မိုဟာမက်ရီဇူဝါန်ခါန်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */