" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 15, 2022

ရိုဟင်ဂျာ တစ်ထောင်နီးပါး အဖမ်းခံထားရပြီး ၂၀၀ ကျော် ထောင်မိန့်ချခံထားရ

RFA
Radio Free Asia
2022.10.14
စစ်တွေမြို့ အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်။ Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ အဲဒီ ၉၉၂ ဦးဟာ တချို့က မလေးရှားနိုင်ငံ၊ တချို့က ပြည်တွင်း နေရာတချို့မှာ ပြောင်း ရွှေ့နေထိုင်ဖို့ ကြိုးစားစဉ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ပြည်တွင်း နေရာတချို့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တုန်းကတော့ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန် ပို့ တာမျိုး လုပ်ဆောင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ မြို့နယ်တရားရုံးတွေကနေ လဝကဥပဒေနဲ့ ထောင်ချတာမျိုးလုပ်လာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးတင်လှိုင်က ပြော ပါတယ်။

"ယခင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ ဒါတွေကို ဖမ်းပြီးတော့ ပြန် လွှတ်ပေးလိုက်တယ်။ အခုကျတော့ သူတို့က ဥပဒေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတယ်။ လဝကဥပဒေ ပုဒ် မနဲ့ ခိုးထွက်တဲ့သူတွေ အဖမ်းခံရရင် ဥပဒေအရ အရေးယူတာပေါ့။ လဝကဥပဒေပုဒ်မဆို အနည်းဆုံး နှစ်နှစ် ထောင်ကျတာပေါ့။ သူတို့ကို နေရပ်ပြန်ပို့သင့်တယ်လို့ ထင်တာပေါ့။ အခုက တချို့ သေတဲ့လူကလည်း သေကြ တာရှိတယ်။ သူတို့ကိုပြန်လွှတ်ပေးရင် ပိုကောင်းတာပေါ့။ သူတို့ကိုပြန်လွှတ်ပြီးတော့ အစိုးရအနေနဲ့လည်း ဒီလို မျိုး ခိုးမထွက်ရဘူး၊ နောက်တစ်ခါ ထွက်မယ်ဆိုရင် အရေးယူမယ်ဆိုတာမျိုးပေါ့။ ပထမဆုံးအကြိမ်တော့ သူတို့ ကို ပြန်လွှတ် ပေးသင့်တယ်လို့ ထင်ပါတယ်"

ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ လူကုန်ကူးမှုတွေလည်းရှိနေပြီး ရိုဟင်ဂျာတစ်ဦး ရခိုင် ပြည်နယ်ကနေ ရန်ကုန် အထိ သွားချင်တယ်ဆိုရင် ကျပ် ၄၅ သိန်းနီးပါး ပေးရတယ်လို့ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး လုပ် ဆောင်နေသူ ဦးတင်လှိုင်က ဆက်ပြောပါတယ်။

လူကုန်ကူးတဲ့ ပွဲစားတွေနဲ့ ခရီးသွားဖို့ကြိုးစားရင်း အဖမ်းခံရတဲ့အခါ စစ်ကောင်စီ တရားရုံးတွေမှာ ရှေ့နေလိုက် ခွင့်မရသလို၊ အကူအညီပေးသူတွေကိုလည်း ထိန်းချုပ် ကန့်သတ်ထားတယ်လို့ ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို ကူ ညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၉၉ ဦး ဖမ်းဆီးခံရပြီး အဲဒီအ ထဲက ၁၀၉ ဦးကို မောင်တောမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ-၁၃ (၁) နဲ့ နေ့ချင်းစစ်ပြီး ထောင်ငါးနှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီအမှုမှာဆိုရင် ချက်ချင်းစွဲချက်တင်၊ ချက်ချင်းအမိန့်ချလိုက်တာကြောင့် ရှေ့ နေလိုက်ခွင့်မရခဲ့ဘူးလို့ ဥပဒေအရ အကာအကွယ်ရဖို့ ကြိုးစားခဲ့သူ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီ ၁၀၉ ယောက်ကို ရုံးတင်တဲ့နေ့ကဆို ကျနော်တို့ရှေ့နေ သွားတယ်ဗျာ။ သွားတော့ တရားရုံးကိုတောင် ဝင် ခွင့်မရခဲ့ဘဲနဲ့ လုံခြုံရေး အပြည့်ချထားတယ်။ ဘာအကြောင်း ပြချက်မှတော့ မပေးဘူး။ သူတို့ကို လူစစ်တယ်၊ လူစစ်ပြီးတော့ လဝက ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပဲ တရားစွဲတယ်။ ပြီးတော့ အဲနေ့မှာပဲ ထောင်ချတယ်။ နေ့ချင်းပြီး လုပ်တာ၊ ရှေ့နေခေါ်ခွင့်တွေဘာတွေ မရခဲ့ဘူး"



အဲဒီ ရိုဟင်ဂျာ ၁၉၉ ဦးဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကနေ မလေး ရှားနိုင်ငံကို စက်လှေနဲ့သွားရောက်ဖို့ ကြိုးစားစဉ် မြန်မာရေပိုင်နက် ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သာမန်အမှုတွေမှာ နှစ်ဖက်ရှေ့နေရဲ့ လျှောက်လဲချက်တွေ၊ အပြန်အလှန်ထုချေလွှာတွေနဲ့ တရားရုံး လုပ်ထုံးလုပ် နည်းအတိုင်း လုပ်ရမှာဖြစ်ပေမယ့်လည်း ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို ချက်ချင်းအမိန့်ချလိုက်တာဟာ တရားမျှ တမှုမရှိဘူးလို့ သူကဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ဧရာဝတီတိုင်း၊ ဝါးခယ်မနဲ့ ဘိုကလေးမြို့နယ် စစ်ကောင်စီ တရားရုံးတွေကရခိုင် ပြည်နယ်မြောက်ပိုင်းကနေ စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၁၄ ဦးကို ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ- ၆ (၃) နဲ့ အရေးယူပြီး ထောင်နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ သူတို့အမှု မှာလည်း မြို့နယ်အာဏာပိုင်တွေနဲ့ တရားရုံးရဲ့ လုံခြုံရေးအကြောင်းပြပြီး ကန့်သတ် ထိန်းချုပ်မှု တွေကြောင့် ရှေ့နေလိုက်ခွင့်မရခဲ့ဘူးလို့လည်း အကူအညီပေးခဲ့သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေ အများဆုံး ပါဝင်ပြီး သူတို့ဟာ ဒုက္ခ သည်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုကြာ ခရီးသွားလာခွင့်နဲ့ ပညာသင်ကြားခွင့် ပိတ်ပင်ခံရမှုတွေကြောင့် ပညာမဲ့၊ အလုပ်မဲ့ဖြစ်လာပြီး စားဝတ်နေရေး ကျပ်တည်းလွန်းတာကြောင့် အခုလို ရခိုင်ပြည်နယ်ကို စွန့်ခွာဖို့ ကြိုးစား ရင်း အဖမ်းခံရတာ လို့ စစ်တွေမြို့၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာနေထိုင်သူ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ လွတ်လပ်စွာသွားလာခွင့်လည်းမရှိဘူး။ ရိုးထဲမှာ သစ်ခုတ်ဖို့သွားရင်လည်း အခက်အခဲတွေ့နေ တယ်။ ဘာရှိလား၊ ဟိုဟာရှိလားဆိုပြီး ရဲတွေက အဲလိုမျိုး စစ်ဆေးတယ်။ လွယ်လွယ်နဲ့ သွားလာခွင့်မရှိဘူး။ ကျနော် လူငယ်အနေနဲ့ပြောရင် ပညာရေးကိုလည်း ဘယ်လိုတက်ထားရမလဲ၊ ဘယ်လိုဆောင်ရွက်ရမလဲ၊ အဲဒါ မတွေး တတ်ဘူး။ အလုပ်လည်းမရှိဘူး၊ သွားလာခွင့်လည်းမရှိဘူး၊ လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့်လည်း မရှိဘူး။ အဲလိုမျိုး အခက်အခဲတွေရှိတယ်၊ ကျနော်တို့ လူငယ်တွေမှာ"

အခုအဖမ်းခံရသူ ၉၉၂ ဦးအနက် အများစုဟာ ရခိုင်ပြည်နယ်ကိုစွန့်ခွာပြီး ဧရာဝတီတိုင်း ကတစ်ဆင့် ရန်ကုန် ကိုသွားတဲ့ ရေလမ်းခရီးမှာ အဖမ်းခံခဲ့ရတာပါ။ သူတို့ရဲ့ နောက်ဆုံး ရည်မှန်းချက်က မလေးရှာနိုင်ငံကို ထွက် ခွာဖို့ဖြစ်တယ်လို့လည်း အဲဒီလူငယ်က ဆက်ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာ ကမ်းစပ်အနီးတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေရောင် အလင်းတန်း ဖေ့စ်ဘွတ်ခ်)

အများစုက ရခိုင်ပြည်နယ်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီ ပေးနေသူတွေက ပြောပါတယ်။

စစ်တွေမြို့၊ သဲချောင်းဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးကျော်လှကတော့ စစ်တွေထောင် ထဲက ရိုဟင်ဂျာတွေကို တိုက်ရိုက်ထောင်ဝင်စာတွေ့ခွင့်မရဘဲ ပစ္စည်းသာပေးခွင့်ရပြီး တခြားထောင်မှာ အဖမ်းခံရသူတွေရဲ့ အခြေအနေ က ပိုဆိုးနိုင်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ စစ်တွေမှာ နေပြီးတော့ စစ်တွေထောင်ကိုတောင်မှ လူလူချင်း မတွေ့ရဘူး လေ။ အပြင်ဂိတ်ထဲက အခန်းမှာ စာရင်းနဲ့ပိုက်ဆံ၊ ပစ္စည်းတွေပေးလိုက်ရင် သူတို့ဆီကို ရောက်တယ်။ အဲလိုအဆင့်ပဲ ရှိတယ်။ ဒီပြင် တခြားထောင်တွေ၊ ဘာတွေမှာကျနေရင် ဒါကတော့ သူတို့ကံကြမ္မာပဲ"

စစ်တွေမြို့တစ်ခုတည်းမှာပဲ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) က ထောက်ပံ့တဲ့ လစဉ် စားသောက်စရိတ်နဲ့ပဲ ဝမ်းရေးကို ဖြေရှင်းနေကြ ရတာပါ။ လက်ရှိမှာ စားနပ်ရိက္ခာ မလုံ လောက်တဲ့အတွက် ရတဲ့ရိက္ခာကို ကလေးတွေအတွက်သာ ဦးစားပေးပြီး လူကြီးတွေကတော့ တစ်နေ့ကို ထမင်း တစ်နပ်ပဲ စားရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့လည်း စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင် သူတွေက ပြောပါတယ်။

"အသက်မပြည့်သေးတဲ့ကလေးတွေကို လာပို့ရင် အဆင်ပြေတာပေါ့။ သူတို့ဆွေမျိုးသားချင်းတွေက ပြန်လာလို့ ရှိရင်လည်း ဝမ်းသာကြမှာပေါ့"

မောင်တောမြို့နယ် သက္ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း တာဝန်ခံ အာမက်ဟူစိန်ကတော့ အခုနှစ်ထဲ သူတို့ ဒုက္ခသည်စခန်းကနေ အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်း ဘက်မှာ ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်အင်းစိန်ထောင်ထဲမှာ ရှိနေတာကြောင့် ဆွေမျိုးတွေက သူတို့ပြန်အလာကို မျှော်လင့်နေတယ်လို့ ပြောပါတယ်။

"ဆက်သွယ်ဖို့ သူတို့ဆွေမျိုးသားချင်းတွေက ကြိုးစားတယ်။ ကြိုးစာပေမယ့်လည်း ရန်ကုန်ထဲမှာ အမျိုးမရှိ တော့ ဘယ်လိုမှဆက်သွယ်လို့မရဘူးလေ။ သူတို့လာပို့ရင်တော့ လက်ခံလိုက်မှာပေါ့။ သူတို့ကလာမပို့ဘူး ဆို လည်း ကျ နော်တို့က ဘယ်လိုလုပ် အဆက် အသွယ်ရမလဲ။ အသက်မပြည့်သေးတဲ့ ကလေးတွေကို လာပို့ရင် အဆင်ပြေ တာပေါ့။ သူတို့ဆွေမျိုးသားချင်းတွေက ပြန်လာလို့ရှိရင်လည်း ဝမ်းသာကြမှာပေါ့"

ဖမ်းဆီးခံရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူတွေဆီ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

၁၀ လအတွင်း ရိုဟင်ဂျာ တစ်ထောင်နီးပါး အဖမ်းခံထားရချိန်မှာပဲ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ စစ် ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် အခုနှစ် စက်တင်ဘာ လထဲမှာ ဒေသခံ ရိုဟင်ဂျာမိသားစုတချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက အသက် ၄၅ နှစ် အရွယ် ဦးရှစ်ကူးအစ္စလာမ်ဟာ ဘယ်တပ်ဖွဲ့က ပစ်လိုက်မှန်းမသိရဘဲ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်တွေမြို့နယ်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ရိုဟင်ဂျာ တစ်သိန်းကျော် ခိုလှုံနေရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခုနစ် သိန်းကျော် ထွက်ပြေး တိမ်းရှောင်သွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */