" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 25, 2022

မြန်မာစစ်တပ်ကို အရေးယူဖို့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန် မှု ငါးနှစ်ပြည့်မှာ နိုင်ငံတကာအဖွဲ့တွေတောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
ခက်မာ (ဝါရှင်တန်ဒီစီ)
2022.08.24

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များအား ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာ မြန်မာစစ်တပ်က အကြမ်းဖက်နယ်မြေရှင်းလင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာ ခုနစ်သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာ အခုဆိုရင် ငါးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၉၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကင်က ၂၀၂၂ ခုနှစ် မတ်လထဲမှာ ပြောခဲ့ပါတယ်။

" ဒီနေ့ဆိုရင် မြန်မာစစ်တပ်က တစ်နိုင်ငံလုံးကို ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒီစစ်တပ်ဟာ ကင်းလွတ်ခွင့် ခံစားနေရတယ်"

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရက်ရက် စက်စက် ကျူးလွန်ခဲ့မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတာဖြစ်ပါတယ်။

အဲဒီလို လူပေါင်းထောင်နဲ့ချီသေဆုံးပြီး သိန်းနဲ့ချီနေရပ်စွန့်ခွာခဲ့ရပေမယ့် ကျူးလွန်သူ စစ်တပ်အဆင့်မြင့်တာဝန် ရှိသူ တစ်ဦးတစ်ယောက်မှ တရားစွဲဆိုခံရတာမရှိဘူးလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မနေ့က ပြောကြားလိုက်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကလည်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တစ်ဦးတစ်ယောက်ကမှ တာဝန်ခံမှုမရှိသေးဘူးလို့ ထုတ်ပြန်ပါတယ်။
၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်တချို့။ (Photo: Reuters)

ဒါပေမဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ဘယ်လိုသတ်ဖြတ်ချေမှုန်းခဲ့တယ်ဆိုတာ ကမ္ဘာက သိပြီးသားဖြစ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ပြောပါတယ်။

"မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးအပေါ် ဘယ်လိုပုံစံနဲ့ သတ်တာ၊ ဘယ်လိုလုပ်တာ ဒါကိုကမ္ဘာကသိပြီးသားပါ။ အဲဒါကြောင့် ဒီနေ့ကို ကျနော်တို့ ဘယ်လိုမှ မေ့လို့မရဘူး။ အခု ကျနော်တို့ ကမ့်ထဲမှာနေရတာ စားရေးသောက်ရေး နေထိုင်ရေး၊ ဘာတစ်ခုမှ အဆင်မပြေဘူး။ ဒီမှာနေရတာလည်း ကြာနေပြီ။ အဲဒါကြောင့်မို့ ကိုယ့်ရွာ ကိုယ့်နိုင်ငံကို အမြန်ဆုံးပြန်လာချင်ပါတယ်။ ပြန်လာဖို့စိတ်ကူးလည်း ရှိပါတယ်။ ကျနော်တို့ပြန်လာနိုင်အောင် ဝိုင်းဝန်းပြီး အားပေးကြပါ။ ကျနော်တို့တောင်းဆိုနေတဲ့ကိစ္စတွေကို မြန်မာစစ်ကောင်စီက လိုက်လျောပေးနိုင်အောင် နိုင်ငံတကာက ကျနော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင် ကျနော်တို့ဘဝ တိုးတက်အောင်ဆောင်ရွက်နိုင်မှာပါ"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာလည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးတင်းကျပ်ဖိနှိပ်ခံလာရတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဇာနည်စိုးက ပြောပါတယ်။

"၂၀၁၇ ခုနှစ်နောက်ပိုင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းပေါ့နော်။ လက်ရှိသူတို့ရဲ့ ဘဝနေထိုင်ရေးအခက်အခဲ ပြောမယ်ဆိုလို့ရှိရင် တစ်ရွာနဲ့တစ်ရွာ သွားလာခွင့် ပိတ်ပင်ထားတယ်။ အမြဲတမ်း အချိန်မရွေး ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံခံနေရတယ်။ အခုရခိုင်ပြည်မြောက်ပိုင်းမှာ AA နဲ့ မြန်မာစစ်တပ် တစ်ကျော့ပြန်ပြန် တိုက်လာတော့ ပိုပြီးတော့ ဆိုးဝါးလာမယ့်ပုံစံတော့ တွေ့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ရိုဟင်ဂျာတွေ ဘူးသီးတောင်ကနေ မောင်တောသွားမယ်ဆိုလို့ရှိရင် လဝက ကနေ ပိုက်ဆံပေးပြီးတော့ ပုံစံလေးယူပြီး တော့သွားရတယ်။ အခု တစ်ကျော့ပြန် စစ်ဖြစ်တော့ အရင်ပုံစံမျိုးနဲ့တောင်မှ သွားလာရတာ တော်တော်လေး ခက်ခဲနေတာ တွေ့ရတယ်"



စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက တိုင်းရင်းသားတွေအပေါ် နှိမ်နင်းခဲ့တဲ့နည်းအတိုင်း ရိုဟင်ဂျာတွေ အပေါ် ကျင့်သုံးခဲ့သလို အခုလည်း တစ်နိုင်ငံလုံးက ပြည်သူတွေကို အဲဒီအတိုင်း ရက်ရက်စက်စက်နှိမ်နင်းနေတာဖြစ်တယ်လို့ နော်ဝေနိုင်ငံမှာ နေထိုင်တဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးမင်းလွင်ဦးကပြောပါတယ်။

"တပ်မတော်က တိုင်းရင်းသားနယ်မြေတွေမှာ အရင်ကတည်းက ကျေးရွာတွေ မီးရှို့ဖျက်ဆီးတယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့်တယ်၊ ဖမ်းပြီးတော့ ပေါ်တာအဖြစ်ခိုင်းတာတွေ ရှိခဲ့တယ်။ နောက်တစ်ခါ ရိုဟင်ဂျာကိစ္စတွေကလည်း ဒီလိုပဲလေ။ အိမ်တွေမီးရှို့ခံရတယ်။ လူတွေကိုမုဒိမ်းကျင့်တယ်။ ရပ်ရွာဖျက်ဆီးခံရတယ်။ နောက်ပြီးတော့ လူတွေ မတရားမောင်းထုတ်ခံရတယ်။ အခုအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေအပေါ်ပြုမူဆက်ဆံတဲ့ ပုံတွေကလည်း အရင်ကလုပ်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ တစ်ထပ်တည်းပဲ။ ရိုဟင်ဂျာတွေကို လုပ်သလိုပဲ တိုင်းရင်းသားဒေသတွေမှာရော၊ PDF တွေ ကြီးစိုးတဲ့ဒေသတွေမှာရော၊ ရွာတွေ ဖျက်တယ်၊ မီးရှို့တယ်၊ ပစ္စည်းတွေ လုယူတယ်။ လူတွေကိုမုဒိမ်းကျင့်တယ်၊ ရွာသားတွေကို ဖမ်းဆီးတယ်၊ လူသားဒိုင်းအဖြစ် အသုံးပြုတယ်၊ ဒါတွေဟာ တပ်မတော်က အစဉ်တစိုက် ကျင့်သုံးလာတဲ့နည်းတွေ ဖြစ်တယ်"

မြန်မာရိုဟင်ဂျာအသင်း UK ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ အခုအချိန်မှာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အားလုံးသိမြင်နေပြီဖြစ်တဲ့အတွက် ပြစ်မှုက ကင်းလွတ်ခွင့်ရနေတဲ့ စစ်ခေါင်းဆောင်တွေကို တရားခွင်ကို ရောက်အောင်ပို့ကြဖို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

"ကျနော်တို့ ရိုဟင်ဂျာညီအစ်ကိုမောင်နှမတွေကို စစ်တပ်ကဘယ်လောက်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်၊ ညီမငယ်တွေကို မုဒိမ်းကျင့်ခဲ့တယ်၊ ကလေးငယ်တွေကို အရှင်လတ်လတ်မီးရှို့ခဲ့တယ်။ ဒီဖြစ်ရပ်တွေကို ကျနော် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ်။ သေနတ်ဒဏ်ရာတွေနဲ့၊ ဓားဒဏ်ရာတွေနဲ့ ကလေးတွေကို အရှင်လတ် လတ်မီးရှို့တာတွေကို သူတို့အဖေအမေ ပြောပြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျနော်တို့ ရိုဟင်ဂျာတွေက ရက်ရက်စက်စက်ခံခဲ့ရတယ်။ ဒီနေ့ဆိုရင် မြန်မာစစ်တပ်က တစ်နိုင်ငံလုံးကို ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒီစစ်တပ်ဟာ ကင်းလွတ်ခွင့် ခံစားနေရတယ်။ ကင်းလွတ်ခွင့်မရအောင် အမှုတွေ ရှိတယ်။ ICC မှာရှိတယ်။ ကျနော်ကိုယ်တိုင်ပါဝင်ပြီး တရားစွဲထားတဲ့ အာဂျင်တီးနားမှာ အမှုရှိတယ်။ ICJ မှာ ရှိတယ်။ ဒီစစ်တပ်လူသတ်သ မားတွေကို တရားခွင်ပေါ်ကို ခေါ်ပြီးတော့ တရားမျှတမှုရဖို့ အရေးကြီးတယ်။ ဒီတရားမျှတမှုရမှပဲ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းတစ်ခုကို ဦးတည်လို့ရမှာပါ"

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက မီးလောင်ကျွမ်းထားသည့် ရွာတစ်ရွာအား စက်တင်ဘာလ ၁ ရက်နေ့ ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံ။ (Photo: Reuters)

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်ပြီး နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာဟာ အခုဆို ၅ နှစ်ရှိခဲ့ပြီမို့ ကျူးလွန်သူတွေ ဥပဒေအရအရေးယူခံရနိုင်ဖို့ အပြည်ပြည်ဆိုင်ရာမိသားစုအနေနဲ့ ဆထက်ထမ်းပိုးကြိုးပမ်းပေးကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ကျူးလွန်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတာ အပြည်ပြည်ဆိုင်ရာ မိသားစုကြီးတစ်ခုလုံးကပြောဆိုခဲ့ပြီးဖြစ်ပေမယ့် မြန်မာစစ်တပ်ကတော့ ကျူးလွန်ခဲ့တဲ့ ဒီပြစ်မှုကြီးကနေ တာဝန်ခံမှုမရှိဘဲ ကင်းလွတ်နေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးအပေါ် ဘယ်လိုပုံစံနဲ့ သတ်တာ၊ ဘယ် လို လုပ်တာ ဒါကိုကမ္ဘာကသိပြီးသားပါ"

စစ်တပ်ကျူးလွန်ခဲ့တာဟာ လွန်ခဲ့တဲ့ ငါးနှစ်က ပြစ်မှုတွေတင်မက အဲ့ဒီမတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ်ရရှိသင့် ရရှိထိုက်တဲ့ အခွင့်အရေးတွေ မပေးခဲ့တာတွေလည်း ပါဝင်ကြောင်း၊ အခုအချိန်မှာ စစ်တွေမြို့က ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်းကျော်ဟာလည်း ချွေးတပ်စခန်းမှာလို နေရတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်လို့ Tom Andrews က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုအား ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တဲ့ ဒုက္ခသည်တစ်သန်းဟာလည်း လုံခြုံရေးအခြေအနေအရ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ကျဉ်းကျဉ်းကျပ်ကျပ် မပြည့်မစုံနေထိုင်နေကြရပြီး ဒီအခြေအနေတွေကြောင့်အပြည် ပြည်ဆိုင်ရာ မိသားစုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကိုလည်း အကူအညီတွေ ဆက်ပေးဖို့ ပန်ကြားထားပါတယ်။

ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာတရားရုံးကို အရောက်ပို့ဖို့၊ စီးပွားရေးသံတမန်ရေးတွေနဲ့ အပြင်းထန်ဆုံးဖိအားတွေ ပေးဖို့ကိုလည်း ​ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ၅ နှစ်မြောက်နေ့မှာ Tom Andrew က တိုက်တွန်းသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */