" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 19, 2022

အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ကြောက်လာအောင် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသေ အလောင်းတွေ အသုံးပြု

CDMM
Civil Disobedience Movement Myanmar
ချစ်သဲညှာ
ရန်ကုန်၊ မေ ၂၈ ၂၀၂၁

အနက်ရောင် Pickup ကားနှစ်စီးဟာ လူသူကင်းမဲ့တဲ့ မြို့ထဲလမ်းမပေါ်မှာ အရှိန်လျော့မောင်းနှင် လာရင်း ရုတ် တရက်ရပ်တန့်သွားပါတယ်။ ကားရဲ့နောက်ဘက်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူငယ်သုံးဦး စီးနင်းမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို စတင်ပစ်ခတ်ခဲ့ပါတော့တယ်။
 
ဆိုင်ကယ်ဟာ ရုတ်တရက်ဆိုသလိုပဲ ထိုးကွေ့ပြီး ဘေးနားရှိ ခြံတံခါးတစ်ခုကို ဝင်တိုက်မိပါတယ်။ စီးနင်း လိုက် ပါလာသူတွေအနက် နှစ်ဦးကတော့ အပစ်အခတ်တွေကြားက ထွက်ပြေးလွတ် မြောက်သွားခဲ့ပေမယ့် တတိယတစ်ဦးဖြစ်တဲ့ ကိုကျော်မင်းလတ် ဆိုသူကတော့ မြေပေါ်မှာ လဲကျကျန်ရစ်ခဲ့ပါတော့တယ်။
 
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပလက်ဖောင်းပေါ်မှာ ဒဏ်ရာနဲ့ညည်းညူနေတဲ့ အသက် ၁၇ နှစ်သားရဲ့ ပျော့ခွေနေတဲ့ ခန္ဓာကိုယ်ကို ဆွဲယူပြီး ကားနောက်ခန်းထဲကို ပစ်တင်ကာ မောင်းထွက်သွားခဲ့ပါတယ်။
 
တစ်မိနစ်စွန်းစွန်းကြာမြင့်တဲ့ ဒီအဖြစ်အပျက်ကို CCTV ကင်မရာနဲ့ ဖမ်းယူနိုင်ခဲ့ပြီး အဆိုပါ ဗီဒီယိုဟာ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားရက်စက်စွာနှိမ်နင်းမှုတွေကို ထုတ်ဖော်နိုင်ဖို့အတွက် လူမှုသတင်းမီဒီယာတွေမှာ မျှဝေထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုပေါင်းများစွာတွေထဲက တစိတ်တပိုင်း ဖြစ်ခဲ့ပါတယ်။
 
ရဲနဲ့စစ်တပ်တို့ရဲ့ ရက်ရက်စက်စက် ပစ်မှတ်ဖြစ်လာတဲ့ အလောင်းတွေကို အကြမ်းဖက်ဝါဒရဲ့ လက်ကိုင် တုတ်တွေအဖြစ်အသုံးပြုနေတဲ့ ဖြစ်ရပ်တွေကိုကြည့်ပြီး ဘာကလေ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်က The Associated Press နဲ့ လူ့အခွင့်အရေးစင်တာ Investigations Lab တို့က သုံးသပ်ချက် တစ်စောင် ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။
 
The AP နဲ့ HRC Lab က ဖြစ်ရပ်ပေါင်း ၁၃၀ ကျော်ကို စီစစ်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေ ဆန္ဒပြ ဖို့ကြောက်လာအောင်၊ ဇဝေဇဝါဖြစ်အောင်၊ စိုးရိမ်ပူပန်လာအောင် လုပ်ဖို့အတွက် ဒဏ်ရာ ရထားတဲ့ လူသေ အလောင်းတွေကို အသုံးပြုတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
 
စိစစ်တွေ့ရှိချက်အရ ဖြစ်ရပ်တွေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ ဖြစ်ရပ်မူလအရင်းအမြစ်ကိုပါ လိုက်နိုင်တဲ့အပြင် တွေ့ရှိသူတွေရဲ့ အင်တာဗျူးပါ ပါဝင်တဲ့အတွက် သေချာတိကျသလို သမာသမတ်ကျပြီး အများ ယုံကြည် လက်ခံနိုင်တဲ့အခြေအနေဖြစ်တယ်လို့ အတည်ပြုသုံးသပ်ပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လူပေါင်း ၈၀၀ ကျော် အသတ်ခံရပြီး၊ ဖမ်းဆီးမှုတွေနဲ့ သေ ဆုံးမှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ ဒါဟာ စစ်တပ်က ထုတ်ပြန်တဲ့သတင်းရဲ့ နှစ်ဆဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် AP သတင်းဌာန က မေးမြန်းထားတဲ့ မေးခွန်းတွေကိုတော့ အကြမ်းဖက်စစ်တပ် ကတုံ့ပြန်ခဲ့ခြင်းမရှိပါ။

The HRC Lab က နှစ်လတာကာလအတွင်း အွန်လိုင်းပေါ်မှာတင်ထားတဲ့ လူသေအလောင်းတွေ လမ်းမ ပေါ် ပစ်ချခဲ့ပုံတွေ၊ ဆန်အိတ်တွေလို ကားပေါ်ကို ပစ်တင်ပြီး ဘယ်နားမှန်းမသိ မောင်းနှင် သွားခဲ့တာတွေကို စစ်ဆေးခဲ့ပါတယ်။ အချို့ကပျောက်ဆုံးသွားခဲ့ပြီး တနည်းအားဖြင့် အဖမ်းခံခဲ့ရပြီး နောက်ရက် ၎င်းတို့ရဲ့ များစွာ သော နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက် ရုပ်အလောင်းကိုသာ ပြန်ပေးခဲ့တာတွေကို သက်သေခံတွေက AP ကို အတည်ပြုခဲ့ကြပါတယ်။
 
မိသားစုခွင့်ပြုချက်မပါပဲ အလောင်းခွဲစိတ်တာတွေလုပ်ခဲ့ကြသလို အချို့သေဆုံးကြောင်းထောက်ခံစာတွေမှာ ခေါင်မိုးပေါ်ကနေ ပြုတ်ကျတယ် ဒါမှမဟုတ် နှလုံးရောဂါကြောင့် စသဖြင့် ရေးသားထားတာတွေက သတင်း ထောက် ဒါမှမဟုတ် အိမ်ထဲနေပြည်သူက ပြူတင်းပေါက် ဒါမှမဟုတ် ခေါင်မိုးပေါ်တို့ကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေနဲ့ လုံးဝဆန့်ကျင့် သွေဖီနေတာတွေ့ရပါတယ်။
 
အကြမ်းဖက်စစ်တပ်တွေက ညဉ့်နက်သန်းခေါင်အချိန်မှာ သေဆုံးသူတို့ရဲ့ အလောင်းတွေပြန်ဖော်ခြင်း၊ ခိုး ကြောင် ခိုးဝှက် မီးရှို့ခြင်းတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ အခြားအချိန်တွေမှာတော့ ပူဆွေးနေတဲ့မိသားစုတွေက ၎င်းတို့ချစ်ရသူတွေရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းပြန်ရဖို့အတွက် စစ်ဆေးရုံတွေကို ငွေပေးရပါတယ်လို့ ကျန်ရစ်သူမိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ မျက်မြင်သက်သေတွေက AP ကို ပြောကြားခဲ့ပါတယ်။
 
ဒီဖြစ်စဉ်တွေဟာ အလျင်းသင့်သလို ကြုံရာဖြစ်နေတယ်ထင်ရပေမယ့် အိမ်အပြင်မှာ ထွက်ကစား နေတဲ့ကလေးတွေလည်းပါသလို ဆန္ဒပြသူတွေကိုဖြိုခွင်းဖို့အတွက် ဝတ်စုံတွေကအစ စနစ်တကျစီစဉ်ပြီး ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံရဲ့ ဥပေဒေရေးရာနဲ့ မူဝါဒရေးရာတွေကို အထူးပြုတဲ့ ဩစတေးလျအမျိုးသားတက္ကသိုလ်က သုတေသီတစ်ဦးဖြစ်သူ Nick Cheesman. က ဆိုပါတယ်။
 
“ဒါဟာ နိုင်ငံတော်အကြမ်းဖက်မူရဲ့ ဝိသေသတစ်ခုပဲ”လို့ သူကပြောပါတယ်။
 
စစ်တပ်ရဲ့ သမိုင်းဆိုင်ရာကျမ်းစာအုပ်ရဲ့ စာမျက်နှာတစ်ခုအရ အကြမ်းဖက်မှုတွေမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားတဲ့ လူသေနှုန်းနှိမ့်ကျနေတာနဲ့ အထောက်အထားတွေ ဖုံးဝှက်ထားတာတွေကိုပဲ ဖော်ပြနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
 
ဒါပေမယ့်လည်း အရင်က အကြမ်းဖက်မှုတွေနဲ့ မတူဘဲ တိုက်ခိုက်မှုတိုင်းကို အချိန်နဲ့တပြေးညီ စမတ်ဖုန်းတွေ၊ စောင့်ကြည့်ကင်မရာတွေနဲ့ ဖမ်းယူနိုင်ခဲ့ပြီး ကမ္ဘာရဲ့တစ်နေရာမှာ ဖြစ်ပျက်ခဲ့တာတွေအနေနဲ့ တစ်နေ့ နိုင်ငံတ ကာရာဇဝတ်မှုခုံရုံးမှာ အကြမ်းဖက် စစ်တပ်အရေးယူနိုင်မှာပါ။
 
“ဆန္ဒပြသူတွေကို လူအုပ်ကြီးနဲ့ဖြိုခွင်းတာ အစုလိုက်အပြုံလိုက်လူသတ်မှုတွေကို ဖုံးကွယ်တာဟာ စစ်တပ်ရဲ့ မဟာဗျူဟာပဲဖြစ်တယ်” “ပစ်သတ်ခံရတဲ့ လူတွေရဲ့အလောင်းတွေကို မီးရှို့ပစ်ဖို့ ဒါမှမဟုတ် ဘူဒိုဇာတွေနဲ့ ထိုးပြီး မြေမြှုပ်ပစ်ဖို့ စတာတွေက အကြီးစားစစ်စင်ရေးတွေမှာ အမြဲတမ်းပါပါတယ်။

ဒါကြောင့် များသောအားဖြင့် မိသားစုဝင်တွေက သူ့တို့သားသမီးဘယ်ရောက်သွားမှန်း မသိကြပါဘူး။” လို့ မြန် မာနိုင်ငံမှာ ၁၉၈၈ နဲ့ ၂၀၀၇ လူထုအုံကြွမှုနဲ့သွေးထွက်သံယိုမှုတွေကို လေ့လာခဲ့တဲ့ ကော်နဲလ်တက္ကသိုလ်က သုတေသီ Van Tran က ပြောပါတယ်။

HRC Lab လေ့လာခဲ့တဲ့နေရာတွေနဲ့ ပတ်သတ်ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေရဲ့ လေးပုံ တစ်ပုံလောက်ဟာ တိုင်းပြည်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတို့က ဒဏ်ရာရသူတွေဒါမှမဟုတ် သေဆုံးသူ အလောင်းတို့ ပါဝင်ပါတယ်။
 
မတ်လ ၂၇ ရက်နေ့ဟာ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ဖြစ်ပွားမှုတွေကို အများဆုံး မှတ်တမ်းတင်ခဲ့တဲ့ နေ့ပဲဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပခဲ့တဲ့ တပ်မတော်နေ့ဟာ ရာစုနှစ်တစ်နှစ်ကျော်ကြာ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုအပြီး ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တွေရဲ့သိမ်းပိုက်မှုအပေါ် စစ်တပ်ရဲ့ စတင်တွန်းလှန် နိုင်မှုအထိမ်းအမှတ်နေ့ဖြစ်ပါတယ်။
 
ဒါပေမယ့် အခုနှစ်မှာတော့ ဆန္ဒပြသူတွေက အဆိုပါနေ့ကို “ဖက်ဆစ်ဆန့်ကျင်ရေးနေ့” လို့ အမည်ပေးပြီး စစ် တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေများစွာထွက်ပေါ်လာခဲ့ပါတယ်။
 
အဲ့ဒီနေ့မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ ကိုကျော်မင်းလတ်အပစ်ခံခဲ့ရပါတယ်။ လက်သမားဆရာလူငယ်လေးက ဘယ်ဆန္ဒပြပွဲမှာမှ ပါခဲ့တာမဟုတ်ပဲ ၎င်းသူငယ်ချင်းနှစ်ယောက်ကိုတင်ပြီး လုပ်ငန်းခွင်ကနေ နေ့လည်စာ အတူစော စားဖို့ အိမ်ပြန်လာတာဖြစ်တယ်လို့ ၎င်းရဲ့မိသားစုက AP ကိုပြောခဲ့ပါတယ်။
 
ဂြိုလ်တုပုံတွေ၊ ပုံရိပ်ရှာဖွေနည်းပညာနဲ့ အခြားတွက်ချက်တာတွေကို အသုံးပြုပြီး ပစ်ခတ်မှုဟာ နံနက် ၁၀:၃၈ မှာ ထားဝယ်တောင်ပိုင်း၊ အာဇာနည်လမ်းပေါ်က အထက်တန်းကျောင်းရှေ့မှာ ဖြစ်ပွားခဲ့တာလို့ HRC Lab က စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပစ်ခတ်သံ ၂ ကြိမ်ကြားရပြီး အလယ်မှာထိုင်နေတဲ့ ကိုကျော်မင်းလတ်ဟာ သူ့ရဲ့ ခေါင်းကို ဆုပ် ကိုင်ရင်းဘေးတိုက်လဲကျသွားတာကို တွေ့မြင်ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားတဲ့ နှစ်ယောက်နောက် သေနတ်တွေပစ်ရင်း လိုက်သွားကြပြီး နောက်ထပ် ကျယ်လောင်တဲ့အသံတစ်ခု ထပ်ကြား ခဲ့ရပါတယ်။
 
၁၆ မိနစ်လောက်ကြာပြီးတဲ့နောက်မှာတော့ လမ်းသွားလမ်းလာတစ်ဦးက ကိုကျော်မင်းလတ်ကို လုံခြုံရေး တပ်ဖွဲ့က မသယ်ဆောင်မှီ၊ ပြန်ထောင်ခဲ့တဲ့ မော်တော်ဆိုင်ကယ်အဖြူနားက ညှပ်ဖိနပ်နဲ့ သွေးတွေရွှဲနေတဲ့ ကွန်ကရစ် ဓါတ်ပုံတစ်ပုံကို ဖေ့ဘုတ်စ်ပေါ်တင်ခဲ့ပါတယ်။ ပြီးတဲ့နောက် နှစ်နာရီအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ အဲ့ဒီ CCTV ဗီဒီယိုကို ကျယ်ပြန့်စွာ ဖြန့်ခဲ့ကြပါတယ်။
 
ဒီလိုနည်းနဲ့ လူငယ်လေးရဲ့ အဖေက သတင်းရရှိခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့သားကို စစ်ဆေးရုံ ကိုသယ် သွားတယ်ဆိုတာ နောက်မှသိရပါတယ်လို့ AP. ကိုပြောပါတယ်။ နေ့လည်ပိုင်းမှာ အလောတကြီး ၎င်းရဲ့သားကို သွားတွေ့ခဲ့ပြီး လူငယ်လေးက အသက်ရှင်နေသေးပေမယ့် သတိလစ်နေပါတယ်။
 
“သူပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာ” “ကျွန်တော်တို့ဆေးရုံရောက်တော့ သူ့မျက်လုံးလေးဖွင့်ကြည့်တယ်။ ဒါပေမယ့် စကားတစ်လုံးမှ မပြောနိုင်တော့ဘူးဗျာ” လို့ ဦးစိုးစိုးလတ်က ပြောပါတယ်။
 
လူငယ်လေးက သိပ်မကြာခင်မှာပဲ သေဆုံးသွားပြီး စစ်ဆေးဆရာဝန်က အလောင်းခွဲစိတ်မှုလုပ်ချင် ပါတယ်လို့ ၎င်းရဲ့အဖေကို ပြောခဲ့ပါတယ်။ မိသားစုက ကန့်ကွက်ခဲ့ကြပေမယ့်လည်း ဆေးရုံက ၎င်းတို့သား ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဦးခေါင်းမှာ ဒဏ်ရာရလို့ သေဆုံးပါတယ်လို့ရေးထားတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးမှ အလောင်းကိုထုတ်ပေးမယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှည်လျားလှတဲ့ မတည်မငြိမ်အာဏာသိမ်းမှုသမိုင်း၊ စစ်တပ်အာဏာသိမ်းမှုနဲ့ လူမျိုးရေး ပဋိပက္ခ တွေရှိပါတယ်။ ၁၉၆၂ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၁၄ နှစ်ကြာ အရပ်သားအုပ်ချုပ်မှု အဆုံး သတ်ခဲ့တယ်။
 
အဲ့ဒီနောက်မြန်မာနိုင်ငံဟာ နှစ် ၅၀ ကြာ ဆင်ဆာဖြတ်တောက်မှု၊ အစုအပြုံလိုက်ဖမ်းဆီးခြင်း၊ ပျောက်ဆုံးခြင်း၊ မှောင်မိုက်အထီးကျန်ခြင်း နဲ့ နိုင်ငံတကာရဲ့ တင်းကြပ်တဲ့ပိတ်ပင်ထားမှုတွေရဲ့ ရလဒ်ကတော့ မြောက်ကိုရီးယားနဲ့ အပြိုင်ဖြစ်လာပါတော့တယ်။
 
ဒီဖြစ်ရပ်တွေပြီးနောက် ၂၀၁၁ ခုနှစ်မှာ တိုင်းပြည်ဟာ အရပ်သားအမည်ခံအုပ်ချုပ်မှုကို ဦးတည်လာချိန် အမေရိကန်သမ္မတ အိုးဗားမားအစိုးရအပြင် အခြားအနောက်နိုင်ငံအစိုးရတို့နဲ့လည်း ပြန်လည်ပနံသင့်လာပြီး “ဒီမိုကရေစီလမ်းပြမြေပုံ” နဲ့အတူ တစ်စိတ်တစ်ပိုင်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို စတင် အကောင် အထည် ဖော်လုပ်ဆောင်လာပါတယ်။
 
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပထမဦးဆုံး ATMs စက်တွေနဲ့ KFC စားသောက်ဆိုင်တွေကစလို့ မြန်နှုန်းမြင့် အင်တာနက်နဲ့ စမတ်ဖုန်းတွေအထိ လွတ်လပ်ခွင့်အသစ်နဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေရှိခဲ့ပေမယ့်လည်း အကြမ်းဖက်စစ်တပ်ဟာ ဘယ်တော့မှ အကြမ်းဖက်ထိန်းချုပ်မှုကို စွန့်လွတ်ခြင်းမရှိခဲ့ပါဘူး။
 
လွှတ်တော်ထဲမှာ အစိတ်သားက စစ်တပ်ရဲ့ ယူနီဖောင်းဝတ်တွေဖြစ်ပြီး အဲ့ဒီလက်နက်ကိုင်တွေကပဲ အဓိက ဝန်ကြီးဌာနတွေမှာ နေရာယူထားပါတယ်။ အခု အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီဥက္ကဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိလာတယ်လို့ ခံစား လာရ တဲ့အခါမှာ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ အခွင့်အာဏာရှိခဲ့ပါတယ်။
 
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ပါတီက အပြတ်အသတ်အနိုင်ရရှိပြီးနောက် တပ်မတော်လို့ လူသိများတဲ့ စစ်တပ်ဟာ မဲလိမ်တယ်လို့ ဟစ်ကြွေးခဲ့ပါတယ်။ အဲ့ဒီအချက်နဲ့ပဲ ဖေဖော်ဝါရီလမှာ အရေးပေါ်ကြေညာချက်တစ်ခု ထုတ်ပြန်ပြီး နိုင်ငံ့အာဏာအားလုံးကို အတင်းအဓမ္မရယူခဲ့တာလည်း ဖြစ်ပါတယ်။
 
အစောပိုင်းက မွတ်စလင်ဘာဘာဝင် ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်နှိမ်နင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အားပေးထောက်ပံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည့်နဲ့ ၎င်းရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်တွေကို နေအိမ်အကျယ်ချုပ်ထားခဲ့ပါတယ်။ အဲဒီနောက် လူရာထောင် ပေါင်းများစွာရှိတဲ့ လူတန်းစားအသီးသီးတို့ လမ်းပေါ်အားလုံးရောက်လာပြီး ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပါတယ်။
 
သိပ်မကြာပါဘူး အခြား NLD အဖွဲ့ဝင်တွေလည်း မေးစရာရှိလို့ဆိုပြီး ခေါ်ဆောင်တာတွေခံခဲ့ရ ပါတယ်။ အချို့တွေကတော့ အသက်ပြန်မလာပါဘူး။ ပါတီကတာဝန်ရှိသူတွေပြောပြချက်အရ မိသားစုဝင်တွေက စစ်ကြောရေးမှာ သေဆုံးသွားသူအမျိုးသားတစ်ဦးရဲ့ အလောင်းကို ကောက်ယူခွင့်တားမြစ်ခံရတယ်လို့ဆိုပါတယ်။
 
နောက်ထပ် NLD အမတ် ၂ ဦးကိုတော့ နောက်ရက်မှာ ၎င်းရဲ့ ဆွေမျိုးတွေထံ အလောင်းပြန်ပို့ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်နဲ့ပတ်သတ်ပြီး U.S. State Department က ရှုတ်ချပြစ်တင်တဲ့ စာတစ်စောင်ပို့ခဲ့ပါသေးတယ်။
 
ဆိုရှယ်မီဒီယာမှာတင်နေတဲ့ နေရာအစုံက ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို HRC Lab က လေ့လာသုံးသပ်ချက်အရ သေဆုံးသွားသူတွေဟာ အနှိပ်စက်ခံခဲ့ရတယ်ဆိုတာ ပေါ်လွင်နေပြီး လူတစ်ယောက်ရဲ့မျက်နှာအချို့နေရာမှာ အရေခွံတောင်မရှိတော့ပါဘူး။ နောက်တစ်ယောက်ရဲ့ဦးခေါင်းမှာလည်း သွေးတွေခြောက်ကပ်နေပြီး ခန္တာကိုယ်တစ်ခုလုံး ပွန်းပဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေပါတယ်။
 
“သူ့ကို နှလုံးရောဂါနဲ့ သေတယ်လို့ပဲ ပြောတယ်” လို့ မိသားစုဝင်တွေကို ပြောခဲ့တဲ့ ဆရာဝန်တွေရဲ့ စကားကို အလောင်းသန့်ရှင်းရေးလုပ်ပေးတဲ့သူတစ်ဦးက AP ကို ပြန်ပြောပြခြင်းဖြစ်ပါတယ်။
 
NLD အဖွဲ့ဝင်တွေကို ဦးတည်ပြီးတိုက်ခိုက်ခဲ့ပေမယ့်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြ ပွဲတွေက ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ရဲနဲ့စစ်တပ်ရဲ့ ပစ်မှတ်တွေ ကို သာမန်ပြည်သူတွေက သိပ်မကြာခင်မှာပဲ သတိထားမိလာပါတယ်။
 
ဒီလထဲမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေနဲ့ ပဲခူးတိုင်း ပြည်မြို့နယ်မှာရှိတဲ့ သူတို့ရဲ့အိမ်ကို ရောက်လာတယ်လို့ အမျိုးသားတစ်ဦးရဲ့ ဆွေမျိုးတွေက ပြောခဲ့ပါတယ်။
 
အသက် ၃၃ နှစ်ရှိသူ ကိုအောင်ခိုင်မြင့်ကို ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး သံသယရှိတဲ့အတွက် မေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ညီမဖြစ်သူက AP ကို ပြောပါတယ်။ ၎င်းရဲ့ အစ်ကို ဘာမှမဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုအောင်ခိုင်မြင့်ဟာ ဘေးအခန်းတစ်ခန်းထဲမှာ တိတ်ဆိတ်မသွားခင် စူးစူးဝါးဝါး အော်သံတစ်ခုကြားနေခဲ့တဲ့အကြောင်း ၎င်းရဲ့ ညီမဖြစ်သူက AP ကို ပြောပါတယ်။
 
နောက်တစ်ရက်မှာတော့ မိသားစုကို စစ်ဆေးရုံကိုခေါ်ပါတယ်။ သူတို့ပြောပြချက်အရ ကိုအောင်ခိုင်မြင့်ဟာ ကားပေါ်ကခုန်ဆင်းဖို့ကြိုးစားရင်းသေဆုံးခဲ့တာဖြစ်ပါတယ်တဲ့။ ဒါပေမယ့် ကိုအောင်ခိုင်မြင့်ကတော့ အခေါင်းထဲကို ရောက်ရှိနေပါပြီ။
 
ဒဏ်ရာတွေပြည့်နေတဲ့ ၎င်းရဲ့မျက်နှာကိုတော့ ကြည့်ခွင့်ပေးခဲ့ပေမယ့် ခန္တာကိုယ်တစ်ခုလုံးတော့ ကြည့် ခွင့်မရခဲ့ပါဘူး။ မိသားစုတွေခွင့်ပြုချက်မပေးပဲ စစ်တပ်က ၎င်းကိုသယ်သွားပြီး မီးသဂြိုလ်ခဲ့ပါတယ်လို့ ညီမဖြစ်သူက AP ကို ပြောခဲ့ပါတယ်။
 
“သူ့ကိုသေအောင်ရိုက်ခဲ့တယ်ဆိုတာ ကျွန်မတို့သိတယ်” “ဒါပေမယ့် သူတို့ ကျွန်မတို့ကို လိမ်ဖို့ ကြိုးစားခဲ့တာ” လို့ ညီမဖြစ်သူက ဆိုပါတယ်။ အလောင်းတွေကို မိသားစုဆီပြန်အပ်ပေမယ့်လည်း ၎င်းတို့ကို မြေမြှုပ်သင်္ဂြိုလ်ခွင့်နဲ့ ငြိမ်းချမ်းစွာအနားယူခွင့်မပေးတဲ့အဓိပ္ပါယ်သက်ရောက်ပါတယ်။
 
မတ်လ ၃ ရက်နေ့ မန္တလေးမြို့က ဆန္ဒပြပွဲ တစ်ခုမှာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ် အရွယ် Angel လို့လူသိများတဲ့ မကြယ်စင်ရဲ့ ဖြစ်ရပ်ကလည်း ထင်ရှားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး ထောက်ခံ အားပေးသူတွေကို သူမပုံပါတဲ့ တီရှပ်တွေနဲ့ နှဖူးစည်းတွေ ဝတ်ဆင်ဖို့ လှုံဆော်ပေးခဲ့ပါတယ်။
 
ထောင်ပေါင်းများစွာသော လူတွေက သူမသေဆုံးမှုအပေါ်များစွာ နာကျည်းခဲ့ပြီး နောက်ရက်နာရေးမှာလည်း လူများစွာစုဝေးပါဝင်ခဲ့ကြပါတယ်။
 
အဲ့ဒီညမှာပဲ သူမအုတ်ဂူပေါ်က ပန်းတွေဖယ်ရှားခံခဲ့ရပြီး စစ်တပ်က တရားဝင် အလောင်းဖော်ထုတ် ခွဲစိတ် စစ်ဆေးခဲ့ရာမှာ ရဲတွေအပြစ်မရှိဘူးလို့ စစ်တပ်ဝါဒဖြန့် မီဒီယာဖြစ်တဲ့ MRTV က ကြေညာခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ကျန်ခဲ့တာတွေကတော့ သွေးစွန်းထားတဲ့လက်အိတ်တစ်စုံနဲ့ ပြန့်ကျဲနေတဲ့ အပျက်အစီးအစအနတွေပဲဖြစ်ပါတယ်။
 
အဲ့ဒီနောက် စစ်တပ်က သူမကို သတ်တဲ့ကျည်ဆံဟာ ရဲတပ်ဖွဲ့ကသုံးတဲ့ ကျည်အမျိုးအစားမဟုတ်တဲ့အပြင် လာတဲ့လမ်းကြောင်းဟာလည်း လုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ယူနေတဲ့ နေရာရဲ့ အခြားတဖက်ကဖြစ်တယ်လို့ ပြောပြီး သေဆုံးကြောင်းထောက်ခံစာတစ်စောင်ထုတ်ခဲ့ပါတယ်။
 
ရှမ်းပြည်မြောက်ပိုင်းက ကိုရဲရင့်နိုင်ဟာ ဆန္ဒပြပွဲသွားရင် ရဲနဲ့စစ်သားတို့က ပစ်မယ်လို့ အကြောင်းပြချက်နဲ့ အမေဖြစ်သူရဲ့ တားမြစ်ခြင်း ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၁၅ နှစ်သားလေးကို မတားဆီးနိုင်ခဲ့ပါဘူး။ ၎င်းဟာ မနက်စာမစားပဲ ၎င်းအမ အဝတ်လျှော်နေစဉ် အိမ်နောက် ပေါက် ကနေခိုးထွက်သွားခဲ့ပါတယ်။
၎င်းက သူငယ်ချင်းတွေနဲ့အမြန်တွေ့ပြီး ဦးဆောင်ချီတက်ခဲ့ပါတယ်။ ဒါပေမယ့် ၁ နာရီ အကြာမှာပဲ တင်းမာမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ကားတစ်စီးမီးရှို့ပြီးတဲ့နောက်မှာတော့ လုံခြုံရေး တပ်ဖွဲ့ တွေက လူစုလူဝေးထဲကို တုန့်ပြန် ပစ်ခတ်ခဲ့ကြပါတယ်။
 
ဒီအချိန်မှာပဲ ကိုရဲရင့်နိုင် ကိုထိမှန်ခဲ့ပြီး မြေပေါ်လဲကျခဲ့ပါတယ်။ သွေးထွက်သံယိုနဲ့ သူငယ်ချင်းတွေကို အကူ အညီတောင်းနေပေမယ့်လည်း စနိုက်ပါနဲ့လက်ဖြောင့်သေနတ်သမားတွေက စောင့်ကြည့်နေတာကြောင့် ထပ်ပစ်ခံရမှာစိုးရိမ်ပြီးအနားမသွားရဲခဲ့ဘဲ ၂ နာရီလောက် အကြောဆွဲနေတာကိုပဲ စောင့်ကြည့်ခဲ့ရတယ်လို့ ၎င်းရဲ့အကိုဖြစ်သူက AP ကိုပြောခဲ့ပါတယ်။
 
သေနတ်သံတွေရပ်သွားတဲ့အချိန်မျာတော့ ကိုရဲရင့်နိုင်ရဲ့ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်ကို လူနာ တင်ကားပေါ်တင်ပြီး မောင်းထွက်သွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေကပဲ ၎င်းမိသားစုကို သူဘာဖြစ်ခဲ့တယ်ဆိုတဲ့ သဲလွန်စ ပေးခဲ့ တာဖြစ်ပါတယ်။
 
ဒေသတွင်းသုဿာန်က ကိုယ်ချင်းစာတဲ့အလုပ်သမားတစ်ဦးကပဲ ၎င်းရဲ့နောက်ဆုံးအလောင်းပုံကို ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကိုရဲရင့်နိုင်ဟာ မွတ်ဆလင်ဓလေ့ ထုံးတမ်းစဉ်လာတွေကို သွေဖယ်ဆန့်ကျင်ပြီး ရဲအမိန့်တစ်ခုနဲ့ပဲ သင်္ဂြိုလ်ခြင်းခံခဲ့ရပါတယ်။

“သူတို့က လူသေအလောင်းကိုဖုံးကွယ်ချင်ကြတယ်” လို့ ၎င်းရဲ့အစ်ကိုကပြောပါတယ်။ “သူ့ရဲ့ အရိုးနဲ့ ပြာတွေ ထည့်ထားတဲ့ အိတ်တခုတော့ မြေမြှုပ်ဖို့ ရခဲ့တယ်” “သူ့ကို မသင်္ဂြိုလ်ခင် ဓါတ်ပုံလေးတစ်ပုံရိုက်ပေးခဲ့တဲ့သူကို ကျွန်တော်က ကျေးဇူးတင်ရမှာ။ အဲ့လို မလုပ်ပေးခဲ့ရင် ကျွန်တော်တို့မိသားစုက ကျွန်တော့ညီလေးကို ဘယ်ခေါ်သွားလို့ ဘာလုပ်လိုက်မှန်းသိမှာမဟုတ်ဘူး” လို့ ဆက်ပြီးပြောပါတယ်။

နောက်ထပ်တိတ်တဆိတ် မီးသင်္ဂြိုဟ်မှုတွေကလည်း တောင်ပေါ်ဒေသ ကုန်သွယ်ရေး မြို့တစ်မြို့ မှာဖြစ်ပွား ခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မနက်အစောပိုင်းမှာ ဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ ရဲနဲ့စစ်သားအပြည့်ပါတဲ့ စစ်ကား တွေအောင်ပန်းမြို့ထဲ ဆူညံစွာဝင်လာပြီး မျက်ရည်ယိုဗုံးနဲ့ ကျည်တွေပစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၈ ဦး သေခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက AP ကိုပြောပါတယ်။
 
ဆိုရှယ်မီဒီယာတွေမှာတင်ထားတဲ့ ပုံတွေထဲက မြင်ကွင်းမှာတော့ အကာအရံတစ်ခုဘေးမှာ လဲကျနေတဲ့ သွေး ထွက်သံယိုနဲ့လူတစ်ဦး၊ အပျက်အစီးတွေကို ကန်ကျောက်ပြီး သေနတ်တွေလည်း ကြုံရာလျှောက်ပစ်နေတဲ့ အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့လူတွေကို ဗီဒီယိုမှာ ရိုက်ကူးမိခဲ့ပါတယ်။

အလောင်းအများစုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပဲ ဒေသတွင်းသုဿာန်ထဲကို အဲ့ဒီညနဲ့ နောက်နေ့တွေမှာ သယ်ဆောင်သွားခဲ့ပါတယ်။
 
သူတို့က မီးသင်္ဂြိုလ်ရုံတွေက သော့တွေရိုက်ဖွင့်ပြီး မြောက်မြားစွာရှိတဲ့အလောင်းတွေကို ကားတာရာတွေသုံးပြီး မီးရှို့ခဲ့ပါတယ်။ “အားလုံးပြာကျသွားတဲ့အထိပဲ” လို့မျက်မြင်သက်သေက ပြောခဲ့ပါတယ်။
 
အဆိုးဝါးဆုံးက မိသားဝင်တွေဟာ သူတို့ရဲ့ ချစ်ရသူတွေကို ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ခဲ့နိုင်ခြင်းမရှိခဲ့ပါဘူး။ အချို့မိသားစုဝင်တွေဆို သူတို့ရဲ့အလောင်းတွေကို ဝှက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာ မတောင်းခင် အမြန်မီးသင်္ဂြိုလ်လိုက်ရတာတွေရှိခဲ့ပါတယ်။
 
ဒါကတော့ ၁၃နှစ်သား မောင်ထူးမြတ်ဝင်းရဲ့ ဖြစ်ရပ်ပါ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့လယ်ခေါင်က ၎င်းနေအိမ် ထဲနေစဉ်မှာပဲ ရင်ဝကို သေနတ်နဲ့အပစ်ခံခဲ့ရတာပါ။
 
အွန်လိုင်းကတင်ထားတဲ့ဗီဒီယိုမှာတော့ လမ်းလျှောက်နေတုန်း လုံခြုံရေးအဖွဲ့တွေက ပစ်ခဲ့တာလို့ ပြပေမယ့် ကောင်လေးသေဆုံးတာကို မြင်ခဲ့တဲ့ မျက်မြင်သက်သေအိမ်နီးချင်းတစ်ဦးကတော့ “အိမ်တွေထဲကို ကျည်တွေ အများကြီးပစ်ခဲ့တာ” လို့ AP ကို အတည်ပြုပြောခဲ့ပါတယ်။
 
စစ်တပ်ကတော့ မိသားစုကို ကောင်လေး အလောင်းအပ်ဖို့လာပြောပေမယ့်လည်း လက်မခံခဲ့ပဲ ဒေသတွင်းစေတီလေးတခုထဲမှာ ဝှက်ထားခဲ့ပြီး ငြင်းခဲ့တဲ့အတွက် အပြစ်ပေးဒဏ်ခတ်ခံရမှာလည်းစိုးလို့ “နောက်ရက်မှာ သူတို့သူ့ကို မီးသင်္ဂြိုလ်ခဲ့တယ်” လို့ အိမ်နီးချင်းက ပြောပါတယ်။
 
အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက လူသေရင်လုပ်ရမယ့် ရှင်းလင်းတဲ့ လုပ်ထုံး လုပ်နည်းရှိပြီးသားလို့ပြောပါတယ်။ မိသားစုတွေကို အကြောင်းကြားပြီးမှ အလောင်း ခွဲစိတ် စစ်ဆေး တယ်လို့လည်းပြောပါတယ်။

“ကျွန်တော်တို့ ဒါတွေကို မဖုံးကွယ်ထားပါဘူး” လို့ ဒီလအစောပိုင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ၎င်းက ပြောခဲ့ပါတယ်။ မည်သူပင်ဖြစ်စေကာမူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၃၀၀ခန့် သေဆုံးခဲ့ပြီး ဒီအကြမ်းဖက်မှု ထဲမှာ သေဆုံးခဲ့တဲ့ အယောက် ၅၀ နီးပါးက ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်တပ်က အလေးပေးပြောခဲ့ပါတယ်။
၁၉၈၈ ခုနှစ် နိုင်ငံရဲ့ အကြီးဆုံးဆန္ဒပြပွဲမှာ လူထောင်ချီသေခဲ့တာတောင် ရာချီသေတယ်လို့ပဲ စစ်အာဏာ ရှင်ကထုတ်ပြန်ခဲ့တာလို့ AAPP အဖွဲ့တွဲဖက်တည်ထောင်သူ ကိုဘိုကြည်က ပြောခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ အချိန်ကဖြစ်ခဲ့တာပဲရှိပါသေးတယ်။ အခုစစ်တပ်က ကြောက်ရွံ့မှုနဲ့ မသေချာမရေရာမှုတွေ အမြင့်ဆုံး ရောက်အောင်လုပ်ပြီး ပြည်သူတွေစည်းရုံးမှုပြိုကွဲအောင်နဲ့ ၎င်းတို့ဆန္ဒတွေကို ရိုက်ချိုးနိုင်အောင် ရည်ရွယ်နေတာပဲဖြစ်တယ်လို့ ထပ်ဖြည့်ပြောပါတယ်။
 
“ဆန္ဒပြသူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နိုင်ရင် ဆန္ဒပြပွဲတွေကို ရပ်တန့်နိုင်မယ်လို့ သူတို့က ယုံကြည်နေတယ်” လို့ ကိုဘိုကြည် ကဆိုပါတယ်။
 
ဒါပေမယ့်လည်း စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာဆိုရှယ်မီဒီယာနဲ့ နည်းပညာတွေသုံးပြီး အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အမှုတွေတည်ဆောက်နိုင်ခဲ့သလို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နိုင်ငံခြားအလှူရှင်တွေအနေနဲ့ တစ်ချိန်မှာ လူသားမျိုးနွယ်ကိုဆန့်ကျင့်တဲ့ ရာဇဝတ်မှုတွေဖြစ်လာနိုင်တာမို့ မျက်ကွယ်ပြုဖို့ ခက်ခဲခဲ့ပါတယ်။
 
“ဒါဟာ အရင်‌‌အခြေအနေနဲ့လုံးဝခြားနားတဲ့ဖြစ်စဉ်သစ်တခုပဲဖြစ်ပါတယ်။ အခြေအနေပေးလို့ နောက်နှစ် ပေါင်းများစွာကြာမှ တရားမျှတမှုအတွက် တရားစွဲဆိုအရေးယူမှုလမ်းကြောင်း ပေါ်ပေါက်လာပြီဆိုရင် ဒါတွေဟာ စုဆောင်းထားပြီးသား သက်သေအထောက်အထားတွေ ဖြစ်လာပါလိမ့်မယ်” ဒီလိုသက်သေအထောက်အထားတွေထဲမှာ စမတ်ဖုန်းတွေနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုများဟာ လည်း အကြုံးဝင်ပါတယ်။ ဆီးရီးယားမှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေ အပါအဝင် အခြားသော လူထုအုံကြွမှုနဲ့ ပဋိပက္ခတွေမျိုးတွေမှာလည်း ဒီလို(ဗီဒီယို) မှတ်တမ်းတွေကို အသုံးပြုခဲ့ပါတယ်။

“အရင်ခေတ်ကတော့ ဒီလိုသက်သက်တွေဟာ ပျက်ဆီးသွားမှာဖြစ်တဲ့အတွက် အသုံးဝင်မှာ မဟုတ်နိုင်ဘူး” လို့ အကျိုးအမြတ်မယူတဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ နိုင်ငံတကာ တရားမျှတမှုဒါရိုက်တာ Richard Dicker က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကတော့ ၎င်းတို့ရဲ့ လုပ်ရပ်တွေကို ရိုက်ကူးပြီး အွန်လိုင်းပေါ်တင်နေလို့ ကမ္ဘာအနှံ့ပြားက တွေ့မြင်နေတယ်ဆိုတာ သိပေမယ့်လည်း ပြည်သူတွေအပေါ် ဖိနှိပ်တိုက်ခိုက်မှုကတော့ လျော့မသွားခဲ့ပါဘူး။ အာဏာရှင်စစ်တပ်ဟာ ၎င်းပြိုင်ဘက်တွေကို နှုတ်ပိတ်ထားတာ ကြာခဲ့ပြီလို့ Dicker ကပြောပါတယ်။အရင်ကတည်းက ခုလို ရက်စက်ယုတ်မာတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ညအမှောင်အရိပ်တွေမှာ ကျုးလွန်နေကြတာဖြစ်ပါတယ်။ “အခုထူးခြားချက်က ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို အများ ပြည်သူရှေ့မှောက် လမ်းမတွေပေါ်မှာ ပြောင်ပြောင်တင်းတင်းကျုးလွန်နေတာပါ” လို့ Dicker ကထပ်ဖြည့်ပြောဆိုခဲ့ပါတယ်။

မူရင်း- AP News
AP သတင်းဌာနရဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရေးသားထားတဲ့ မူရင်းသတင်းဆောင်းပါးကို ယခု Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */