" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 19, 2022

“အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်”

“အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်”
ဦးရဲထွန်း (သီပေါ)




၁၇၈၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အတည်ပြုလက်ခံ ကျင့်သုံးပြီးက တည်း က ဖက် ဒရယ်စနစ်မှာ နိုင်ငံအုပ်ချုပ်ရေးလောကတွင် လူကြိုက်များလာသောပုံစံတခုဖြစ်လာလေသည်။

မျက်မှောက်ကာလတွင် ဖက်ဒ ရယ်စနစ်မှာ
 
နိုင်ငံရေးသိပ္ပံပညာရပ်တခုအဖြစ်လေ့လာစရာဘာသာရပ်တခုဖြစ်သလို လက်တွေ့အသုံးချမှုတွင်လည်း သိသာ ထင် ရှားသည့်အောင်မြင်မှုများရှိလာပါသည်။ ထင်ရှားသော ဖက်ဒရယ်ပညာရှင် ဒင်နီယယ် အီလေဇာ ( Daniel Elazar) က “ ဖက်ဒ ရယ် အခြေခံမူနဲ့ အစီအစဉ်များဟာ ခေတ်သစ်နိုင်ငံရေးလေထုနဲ့ ကိုက်ညီမှုရှိတဲ့အပြင်၊ ဖက် ဒရယ်စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ် ခြင်းနဲ့ မျှဝေအုပ်ချုပ်ခြင်းကို ပေါင်းစပ်ထားတဲ့ အခြေခံပေါ်မှာ အတိုင်း အတာ တစုံတရာအထိ နိုင်ငံရေးပေါင်းစည်းမှုရရှိဘို့အတွက် ပုံစံထုတ်ထားတာဖြစ်လို့ ပိုပိုပြီးကျယ် ကျယ်ပြန့်ပြန့်လက်ခံ လာနေပါတယ်” ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ် စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၂၇ နိုင်ငံရှိလေပြီ။



အိန္ဒိယ ဖက်ဒရယ်စနစ်နှင့်ပတ်သက်လျင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကာလကို ပြန်လည်ခြေရာကောက် ကြည့်ရ ပေလိမ့်မည်။ အင်္ဂလိပ်တို့၏တပြည်ထောင်အုပ်ချုပ်ရေးစနစ်က အိန္ဒိယတွင်အောင်မြင်မှုမရခဲ့သည့်အတွက် သူတို့ အုပ်စိုးခဲ့သည့် နောက်ပိုင်းကာ လ နှစ်ပေါင်း ၈၀ အတွင်း ဖက်ဒရယ်စနစ်ဖြင့်အုပ်ချုပ်ရန် စတင်ကြိုးစားခဲ့ကြ သည်။ အမှန်တကယ်အားဖြင့် အိန္ဒိယအစိုးရ အက် ဥပဒေ ၁၉၃၅ ( Government of India Act, 1935) ကို ပြဌာန်း လိုက် ခြင်းသည် မလွှဲမရှောင်သာ ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်မှ ရတော့မည်ဆိုသည့် ယုံကြည်ချက်ကို သက်သေ ပြလိုက်ခြင်းဖြစ်လေသည်။ ယခင်က အိန္ဒိယအစိုးရ အက်ဥပဒေမှန်သမျှမှာ တ ပြည်ထောင်စနစ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်အက်ဥပဒေတွင် စီရင်စုများနှင့် အိန္ဒိယ ပြည်နယ်များကို ယူနစ်များအဖြစ် သတ်မှတ်ပြီး ဖက်ဒ ရယ် စနစ်ကို ရေးဆွဲ ပြဌာန်းခဲ့သည်။ အဆိုပါ ၁၉၃၅ အက်ဥပဒေက အိန္ဒိယအစိုးရ၏ ဖက်ဒရယ်ပုံစံ အခြေခံကို ချမှတ်ပေး ခဲ့ သည်။ 
 
အက်ဥပဒေက ပြည်ထောင်စုအစိုးရနှင့် စီရင်စုများ ( ပြည်နယ်များ ) အကြား ဥပဒေပြုရေးအာဏာများကို ခွဲဝေ ပေး ထားသည်။ ဥပဒေပြဌာန်းချက်များတွင် ပြည်နယ်များအကြား လိုက်လျောညီထွေဖြစ်စေရေးနှင့် မတူကွဲပြား မှုများကို ဖြေရှင်းပေးထားသည်။ အက်ဥပဒေက ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်သော ဆက်ဆံ ရေး တည်ဆောက်ရန်အတွက်ပါ ရည်ရွယ်ထားသည်။ သို့ဖြစ်၍ ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးတည်ဆောက်ရန် လိုအပ်သည်ဆိုသောအမြင်မှာ အိန္ဒိယ လွတ်လပ်ရေးမရမီက ပင်တည်ရှိခဲ့သည်ဟု ဆိုရ ပေမည်။ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယအခြေခံဥပဒေမှာ အမှန်တ ကယ်အားဖြင့် ၁၉၃၅ ခုနှစ်အက် ဥပ ဒေ ပြဌာန်းချက်ပါ အခြေခံမူများကို အသေးစိတ်ကျသောပုံစံဖြင့် ပေါင်းစပ်ရေးဆွဲထားခြင်းဖြစ် ပေသည်။

လက်ရှိအိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေမှာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇန္နဝါရီ လ ၂၆ ရက်နေ့တွင်၊ အိန္ဒိယအစိုးရအက်ဥပဒေ ၁၉၃၅ ကို အစားထိုးခြင်းဖြင့် စတင်အသက်ဝင်သည်။ ၁၉၅၀ ခုနှစ်အိန္ဒိယ အခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အခြေခံဥပဒေဟုဆိုလေ့ရှိသည်။ 
 
လက်ရှိအခြေခံ ဥပဒေတွင် နိဒါန်းနှင့် အခန်း ၂၅ ခန်း၊ ပုဒ်မပေါင်း ၄၄၈ ခု၊ ဇယား ၁၂ ခု၊ ရည်ညွှန်းချက် ၅ ခု၊ ပြင်ဆင်ချက်ပေါင်း ၁၀၀ ပါရှိသည်။ အခြေခံဥပဒေ၏ နောက်ဆုံး ပြင်ဆင်ချက်မှာ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁) ရက်နေ့က အာဏာသက်ဝင်သည်။ (မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခု၊ ဇယား ၅ ခုပါဝင်သဖြင့် ပါဝင်သည့်ပုဒ်မအရေအတွက် အရဆိုလျှင် အိန္ဒိယအခြေခံဥပ ဒေထက်ပိုမို ရှည် လျား သည်ဟုဆိုရပေမည်။ စကားချပ်။)

အခြေခံဥပဒေအရ အိန္ဒိယနိုင်ငံတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ဟူ၍ အစိုးရနှစ်ရပ်တည်ရှိသည်။ အစိုးရ နှစ်ရပ်သည် တခုကိုတခုလွှမ်းမိုးခြင်းမရှိဘဲ လွတ်လပ်စွာဖြင့် မတူကွဲပြားသောတာဝန်များကိုထမ်းဆောင် ရင်း အတူပူးပေါင်း ဆောင်ရွက်သည်။ အခြေခံဥပဒေ၏ ဇယား(၇)တွင် ဥပဒေပြုစာရင်း (၃) ခုပါဝင်သည်။
 
 ပြည်ထောင်စု ဥပဒေပြု စာရင်း၊ ပြည်နယ် ဥပဒေပြုစာရင်းနှင့် အပြိုင်ဥပဒေပြုစာရင်း (Concurrent list) တို့ဖြစ် ကြ သည်။ အစိုးရများသည် ပိုင်းခြားထားသော အုပ်ချုပ်ရေး အာဏာများနှင့် တာဝန်များရှိကြသည်။

လွှတ်တော်နှစ်ရပ်စနစ်ဖြစ်ပြီး ပြည်နယ်များကို ကိုယ်စားပြုသောအထက်လွှတ်တော် ( Rajya sabha) နှင့်ပြည်သူ့ ကိုယ်စား လှယ်များဖြင့် ကိုယ်စားပြုသောအောက်လွှတ်တော် ( Lok sabha ) တို့ဖြစ်ကြသည်။

ပြည်ထောင်စုအစိုးရသည် ပြည်နယ်အစိုးရထက် ပိုမိုသောလုပ်ပိုင်ခွင့်အာဏာများယူထားပြီး ပိုမိုအားကောင်းသည်။ ပြည် ထောင်စု ဥပဒေပြုစာရင်းသည် ပြည်နယ်ဥပဒေပြုစာရင်းထက်ပိုမိုများပြားပြီး ကြွင်းကျန် ဥပဒေပြုအာဏာ ( Residual Powers) ကိုလည်း ပြည်ထောင်စုကရယူထားသည်။

အိန္ဒိယအခြေခံဥပဒေကို အိန္ဒိယပါလီမန်က လွယ်ကူစွာပင်ပြင်ဆင်နှိုင်သည်။
 ကဏ္ဍအတော်များများပြင်ဆင်ရေးတွင် ပါလီမန် သည် ပြည်နယ်များ၏ အတည်ပြုချက်ရယူရန်မလိုပေ။ ပြည်နယ် များ တွင်လည်း ဂျမူးနှင့် ကက်ရှမီးယားမှလွဲ၍ သီးခြားအခြေခံ ဥပဒေမရှိပေ။ ပြည်နယ်များသည် ပြည်ထောင်စု ကပြဌာန်းထားသည့် ဥပဒေကိုလေးစားလိုက်နာရမည်ဖြစ်ပြီး ကဏ္ဍတခုခုနှင့် ပတ်သက်၍ ပြည်ထောင် စုက ဥပဒေ တရပ်ပြဌာန်းထားရှိပြီးဖြစ်လျှင် ပြည်နယ်က ဥပဒေသစ်ပြဌာန်း၍ မရပေ။ ပြည်နယ်များကို ကိုယ်စားပြုသော အ ထက် လွှတ်တော်(Rajya sabha) တွင်ပြည်နယ်တိုင်းက ညီမျှသောကိုယ် စား ပြုမှုမရဘဲ၊ လူဦးရေပိုများသော ပြည်နယ် ( ဥတာပရာဒက်ရှ်) က လူဦးရေပိုနဲသော ပြည်နယ် ( ဆစ်ကင်း) ထက် ကိုယ်စားပြုမှုပိုမိုရရှိသည်။

ပြည်နယ်များ၏ နယ်နိမိတ်သည် အပြောင်းအလဲရှိနိုင်သည်။ ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် ဗဟိုအစိုးရသည် ပြည်နယ်အစိုး ရများထက်လုပ်ပိုင်ခွင့်အာဏာပိုများသည်။ ပြည်နယ်အုပ်ချုပ်ရေးမှုး ( Governer ) များသည် ပြည်ထောင်စုအစိုးရ၏ ကိုယ်စား လှယ်ဖြစ်သည်။

ပြည်ထောင်စု ဥပဒေပြုစာရင်း

ပြည်ထောင်စု ဥပဒေပြုစာရင်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကသာ ဥပဒေပြုခွင့်ရှိသည့် ကဏ္ဍများဖြစ်ပြီး ပြည်ထောင်စု အစိုးရက လုပ်ပိုင်ခွင့်အာဏာသက်ရောက်သည့် အဝန်းအဝိုင်းများဖြစ်သည်။ ပြည်ထောင်စု ဥပဒေ ပြု စာရင်းတွင် အမျိုးအစား ပေါင်း ၁၀၀ ( ယခင်က ၉၇ မျိုး ) ပါဝင်သည်။ ၎င်းတို့မှာ ကာကွယ်ရေး၊ လက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ အနုမြူစွမ်းအင်၊ နိုင်ငံခြားရေး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံသားဖြစ်မှု၊ ပြစ်မှုကျူးလွန်သူ များလွှဲပြောင်းခြင်း၊ မီးရထား၊ သင်္ဘောနှင့် ရေကြောင်း၊ လေကြောင်း၊ စာတိုက်နှင့် ကြေးနန်း၊ တယ်လီဖုံးဆက် သွယ် ရေး၊ ကြိုးမဲ့ကြေးနန်းနှင့် အသံလွှင့်လုပ်ငန်း၊ ငွေကြေးလည်ပတ်မှု၊ နိုင်ငံခြားကုန်သွယ်ရေး၊ ပြည်နယ်အချင်း ချင်းကြား ကုန်သွယ်ရေးနှင့် စီးပွါးရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုလုပ်ငန်း များ၊ ဓါတ်သတ္တုတူး ဖော် ရေး၊ သဘာဝသယံဇာတနှင့် ရေနံ၊ ရွေးကောက်ပွဲ၊ အစိုးရ ငွေစာရင်းစစ်ဆေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ပြည် ထောင်စုတရားလွှတ်တော်ချုပ်ဆိုင်ရာအဖွဲ့အစည်းများ၊ ဗဟိုတရားရုံးများနှင့် ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာကော် မရှင်၊ ဝင် ငွေခွန်၊ သွင်းကုန်-ပို့ကုန် အခွန်ငွေ၊ ပြည်တွင်းခွန်၊ ကော်ပိုရေးရှင်း အခွန်၊ ငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံခွန်၊ ပိုင်ဆိုင်မှုအခွန် စသည် တို့ပါဝင်သည်။

ပြည်နယ် ဥပဒေပြုစာရင်း
 
ပြည်နယ်ဥပဒေပြုစာရင်းဆိုသည်မှာ ပြည်နယ်လွှတ်တော်များက ဥပဒေပြုနိုင်သော ကဏ္ဍများဖြစ်သည်။ ပြည် နယ်လွှတ်တော်များ ကဥပဒေပြုခွင့်ရှိသဖြင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ အဝန်း အဝိုင်းအတွင်းတည်ရှိ သည်။ ၎င်းတို့မှာ ယခင်က ၆၆ မျိုးရှိခဲ့ သော်လည်း ယခုအခါ (၆၁) မျိုးသာရှိတော့သည်။ ၎င်းတို့မှာ တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပို့ ဆောင်ဆက်သွယ်ရေး၊ မြေယာပေါ်လစီ၊ ပြည်နယ်များအတွင်း လျှပ်စစ်ဓါတ်အား၊ ကျေးလက်ဒေသအုပ်ချုပ်ရေး စသည်တို့ဖြစ် သည်။ ပြည်နယ်လွှတ်တော်များက အထက် ဖော် ပြ ပါကဏ္ဍများတွင် ဥပဒေပြုရန် အထူးအာဏာရှိသည်။ သို့သော် တချို့သော အခြေအနေများအောက်တွင် ပြည် ထောင် စုလွှတ်တော်ကလည်း အထက်တွင်ဖော်ပြထားသည့် ပြည်နယ်စာရင်းပါ ကဏ္ဍများတွင် ဥပဒေပြုနိုင်သည်။ သို့သော် ထိုသို့သောဖြစ်ရပ်တွင် ပါလီမန်က ထောက်ခံမဲ ၃ ပုံ ၂ ပုံရရှိရန်လိုအပ်သည်။ ထို့ပြင် အခြေခံဥပဒေ ပုဒ် မ ၂၄၉၊ ၂၅၀၊ ၂၅၂ နှင့် ၂၅၃ တို့ပါ ပြည်နယ်များနှင့်သက်ဆိုင်သော ကိစ္စများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ဥပဒေပြု ခွင့်ရှိသည်။

အပြိုင် ဥပဒေပြုစာရင်း ( concurrent list )
 
အပြိုင် ဥပဒေပြုစာရင်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကရော၊ ပြည်နယ်လွှတ်တော်ကပါ ဥပဒေပြုနိုင်သည့် ကဏ္ဍများဖြစ် သည်။ ၎င်းစာရင်းတွင် ယခင်က (၄၇) မျိုးသာရှိသော်လည်း ယခုအခါ (၅၂) မျိုးရှိသည်။ ၎င်းတို့မှာ လက်ထပ်ခြင်းနှင့် ကွာရှင်း ခြင်း၊ စိုက်ပျိုးမြေမှအပဖြစ်သောပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ ပညာရေး၊ ကန်ထရိုက် စာ ချုပ် စာတန်း၊ အကြွေးမဆပ်နိုင်ခြင်းနှင့် ဒေဝါ လီခံခြင်း၊ ယုံကြည်လွှဲအပ်ခြင်းဆိုင်ရာကိစ္စ၊ မြို့ပြဆိုင်ရာလုပ်ငန်း များ၊ တရားရုံးမထေမဲ့မြင်ပြုမှု၊ စားသောက်ကုန်ပစ္စည်း တုပခြင်း၊ မူးယစ်ဆေးဝါးနှင့် အဆိပ်၊ စီးပွါးရေးနှင့်လူမှုရေး ဆိုင်ရာ စီမံကိန်း၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားသက်သာချောင်ချိရေး၊ လျှပ် စစ်၊ သတင်းစာ၊ စာအုပ်နှင့် ပုံနှိပ် ထုတ်ဝေခြင်း၊ တံဆိပ်ခေါင်းခွန် စသည်တို့ပါဝင်သည်။

ကြွင်းကျန်သော ကဏ္ဍ( Residual subjects)
 
အထက်ပါ ဥပဒေပြုစာရင်း (၃) ခုတွင်ဖော်ပြမထားသော ကဏ္ဍများကို ကြွင်းကျန် ကဏ္ဍ ( Residual subjects ) ဟုခေါ်သည်။ အခြေခံဥပဒေတွင်ပြဌာန်းထားချက်အရဆိုလျှင် အဆိုပါ ကြွင်းကျန်ကဏ္ဍများနှင့် ပတ်သက်သော ကိစ္စများကို ဥပဒေပြုရေးမှာ ပါလီမန်၏လုပ်ပိုင်ခွင့်အာဏာဖြစ်နိုင်သလို ပြည်နယ်ဥပဒေပြုလွှတ်တော်၏ လုပ်ပိုင် ခွင့် အာဏာလည်းဖြစ်နိုင်ပြီး ပြဿနာအလိုက် မည်သို့ခွဲခြားရမည်ဆိုသည်ကို ပုဒ်မ ၂၄၅ တွင်ပြဌာန်းထားသည်။ ဥပဒေပြုစာရင်း (၃) ခုတွင်ပါရှိသော ကဏ္ဍများ ချဲ့ထွင်တိုးဖြည့် ခြင်း၊ ပြင်ဆင်ခြင်းများနှင့်ပတ်သက်၍ ပုဒ်မ ၃၆၈ တွင်ပေးထားသည့် အခြေခံဥပဒေပြင်ဆင်နိုင်ခွင့်အာဏာ(Constituent power) ရှိသော ပါလီမန်က ပြည်နယ် အ များ စု၏ အတည်ပြုချက်ဖြင့် လုပ်ပိုင်ခွင့်ရှိသည်။ ဖက်ဒရယ်စနစ်မှာ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေ၏အခြေ ခံပုံသဏ္ဍန်ဖြစ်သဖြင့် ပါလီမန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ခွင့်အာဏာ (Constituent power) ဖြင့်အခြေ ခံဥပဒေကို ပြောင်းပြန်လှန်ပစ်ရန် သို့မဟုတ် ဖျက်ဆီးပစ်ရန်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရေး ဆိုင်ရာ စီရင်သုံးသပ်မှု ( Judicial review ) မပါဘဲ မဖြစ်နိုင်ပေ။

အုပ်ချုပ်မှုရေး အာဏာ
 
ပြည်ထောင်စုနှင့် ပြည်နယ်များသည် သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးယန္တယားများရှိကြသည်။ ဥပဒေပြုကိစ္ စများတွင်ကဲ့သို့ ပင် အုပ်ချုပ်ရေးကိစ္စများတွင်လည်း ဗဟိုအစိုးရသည် ပြည်နယ်အစိုးရ၏ အခြေခံဥပဒေဆိုင် ရာ အ ခွင့်အရေး/ လုပ်ပိုင်ခွင့်အာဏာ များကို (ပြည်နယ်တခုအတွင်း နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာ တည် သည့်အမိန့်ထုတ်ပြန်ခြင်းမှလွဲ၍) ချေဖျက်ခွင့် မရှိ ချေ။ အခြေခံဥပဒေပုဒ်မ ၃၅၅ တွင်ပြဌာန်းထားချက် များအ တိုင်း ပြည်နယ်အစိုးရတိုင်းကလိုက်နာဆောင်ရွက်ရန် ပြည်ထောင်စု တွင်တာဝန်ရှိသည်။ အခြေခံဥပဒေပုဒ်မ ၂၅၆ က ပြည်နယ်အစိုးရများသည် ဗဟိုကချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ များကို ဆန့်ကျင်ဆောင် ရွက် ခြင်း မပြုရဟုတားမြစ်ထားသည်။ အကယ်၍ ပြည်နယ်တခုသည် အခြေခံဥပဒေအတိုင်းလိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ပုဒ်မ ၃၅၆ အရ သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်ပြန်ပြီး အဆိုပါပြည်နယ်၏ အုပ် ချုပ်ရေးအာဏာအရပ်ရပ်ကို ပါလီမန်၏သဘောတူချက်ဖြင့် အုပ်ချုပ်သွားရမည်ဟု ပုဒ်မ ၃၅၇ ကဆိုလေသည်။

ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ
 
အခြေခံဥပဒေပုဒ်မ ၂၈၂ အရ ပြည်နယ်လူထုအတွက် ပြည်နယ်တွင်းရရှိနိုင်သည့် ဘဏ္ဍရေးအရင်းအမြစ်များနှင့် သုံးစွဲမှုတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ပုဒ်မ ၂၉၃ အရ ပြည်နယ်များသည် အိန္ဒိယနိုင်ငံ၏နယ်နိမိတ် အ တွင်း ကန့်သတ်ချက်မရှိ လွတ် လပ်စွာချေးယူခွင့်ရှိသည်။ သို့သော်လည်း ပြည်နယ်တခုသည် အိန္ဒိယဗဟိုအစိုးရ ရန်ပုံငွေမှဖြစ်စေ၊ ဗဟိုအစိုးရ အာမခံချက်ဖြင့် ဖြစ်စေ ထူးခြားသောချေးငွေများချေးယူခဲ့လျင် ဗဟိုအစိုးရသည် သူ ၏ချေးငွေကာလကိုလျှော့ပေ့ါလိုက်နာရန် တိုက်တွန်းနှိုင် သည်။ နိုင်ငံတော်သမ္မတအနေဖြင့် ငါးနှစ်လျှင်တကြိမ် ဘဏ္ဍာရေးကော်မရှင်တရပ်ဖွဲ့စည်းပြီးအခြေခံဥပဒေ ပုဒ်မ ၃၆၀ အရ၊ နိုင်ငံ တော် သမ္မတသည် နိုင်ငံတော်သို့ မ ဟုတ် နိုင်ငံတော်၏ အစိတ်အပိုင်းတရပ်ရပ်တွင် ဘဏ္ဍာရေး အခြေအနေတည်ငြိမ်မှုကို ခြိမ်းခြောက်ခံလာရပါက ဘဏ္ဍာရေးအရေးပေါ်အခြေအနေ (Financial emergency) ကြေငြာနိုင်သည်။ သို့သော်လည်း ယနေ့ထက်တိုင် ဘဏ္ဍာရေးအရေးပေါ်အခြေအနေဆိုသည်နှင့်ပတ်သက်၍ ဘဏ္ဍာရေး ကော်မရှင်ကသော်၎င်း၊ ဗဟိုအစိုးရကသော် ၎င်း ရှင်းလင်းစွာအဓိပ္ပါယ်ဖွင့်ဆိုထားသည့် လမ်းညွှန်ချက်မရှိသေးချေ။ ထိုသုိ့သော အရေးပေါ်အခြေအနေကို ပါ လီမန်ကသာမန်အများစုမဲဆန္ဒဖြင့် နှစ်လအတွင်းအတည်ပြုရမည်ဖြစ်ပြီး ဘဏ္ဍာရေးအရေးပေါ် အခြေအနေပြီး ဆုံးကြောင်းသမ္မတကမကြေငြာသ၍ သက်ရောက်နေမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဘဏ္ဍာရေးအရေး ပေါ်အခြေအနေတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဗဟိုတရားရုံးများ၏ တရားသူကြီးများအပါအဝင် အစိုးရဝန်ထမ်း အားလုံး၏ လစာများကိုလျှော့ချနိုင်ခွင့်ရှိသည်။ 
 
ပြည်နယ်ဥပဒေပြုလွှတ်တော်သို့တင်သွင်းမည့်ငွေကြေးဆိုင်ရာ ဥပဒေကြမ်းမှန် သမျှသမ္မတ၏ အတည်ပြုချက်ရ ယူ ရန် လိုအပ်သည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အခြေခံစည်းမျဉ်းများကို လိုက်နာရန် လည်း သမ္မတက ပြည်နယ်သို့ညွှန်ကြားနိုင်သည်။

အငြင်းပွါးမှုများကို ဖြေရှင်းခြင်း

ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်များ၏ ဥပဒေများကိုချိုးဖောက်မှုမဖြစ်စေဘဲ အချင်းချင်းအကြား သ ဘော တူညီ ချက်များပြုလုပ်နိုင်သည်။ ပြည်နယ်တခုသည် အခြားပြည်နယ်တခုနှင့်ဖြစ်စေ၊ အခြားပြည်နယ်များ နှင့် ဖြစ်စေ၊ အခြားပြည်ထောင် စုနယ်မြေတခုနှင့်ဖြစ်စေ၊ ဗဟိုအစိုးရနှင့်ဖြစ်စေ အငြင်းပွါးမှုဖြစ်ပွါးပါက အခြေခံ ဥပ ဒေ ပုဒ်မ ၁၄၁ အရ ပြည်ထောင်စုတရားလွှတ် တော်ချုပ်၏ အဆုံးအဖြတ်ကိုခံယူရမည်။ သို့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ပိုင်ခွင့်တွင် ပြည်နယ်များ အကြား မြစ်ရေကိုထိန်းချုပ်ခွဲ ဝေသုံး စွဲ ခြင်းနှင့်ပတ်သက်သည့်အငြင်းပွါးမှုကိုပုဒ်မ ၂၆၂ အရဖယ်ထုတ်ထားသည်။ အကြောင်းမှာ အဆိုပါ အငြင်းပွါးမှုမျိုး နှင့် ပတ်သက်၍ဖြေရှင်းရန် ပြဌာန်းထားသော Interstate River Water Disputes Act, 1956 ဥပဒေ ရှိပြီးဖြစ် သော ကြောင့်ဖြစ်သည်။

အခြေခံဥပဒေပုဒ်မ ၂၆၃ အရ သမ္မတသည် ပြည်နယ်အချင်းချင်းအကြားဖြစ်စေ၊ ပြည်ထောင်စုနှင့်ဖြစ်စေ ဖြစ်ပွါး သည့်အငြင်းပွါး မှုများကိုဖြေရှင်းရန်နှင့် ပေါ်လစီမူဝါဒများကို ပိုမိုကောင်းမွန်စွာကျင့်သုံးနိုင်စေရန် ပြည်နယ်များ ညှိနှိုင်းရေးကောင်စီကို ဖွဲ့စည်းနိုင်သည်။

နိဂုံးချုပ်အားဖြင့်ပြောရလျှင် အိန္ဒိယအခြေခံဥပဒေသည် အားကောင်းသောဗဟိုအစိုးရရှိသည့် ဖက်ဒရယ်စနစ် တ ခုဖြစ်ပါ သည်။ ထို့ပြင် လူမျိုးကိုအခြပြု ဖွဲ့စည်းထားသည့် ( Ethnofederalism ) မဟုတ်ဘဲ၊ လူမျိုးနှင့် ဒေသ ဖွဲ့ စည်းမှုကိုပေါင်းစပ်ထား သော မျိုးစပ် Hybrid federalism (သို့မဟုတ်) Territorial-ethnic federalism တခုဖြစ် ပါသည်။

မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးအများအပြားအကြားတွင် စည်းလုံးညီညွတ်မှုနှင့် တည်တ့ံ့ခိုင် မြဲ ရေး တို့ကို ထိန်းသိမ်းထားနှိုင်ရန်မှာ အင်အားကောင်းသောဗဟိုတရပ်ရှိဘို့လိုအပ်သည်ဟုယူ ဆသောကြောင့် ဖြစ် ပေသည်။ ဧရာမလူဦးရေ ရှိသည့်နိုင်ငံတခု၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးတွင် အင်အားကောင်းသော ဗဟိုတရပ် ရှိ ဖို့ လိုပါသည်။ အခြေခံဥပဒေကိုစတင်ရေး ဆွဲခဲ့သူများက ပြည်နယ်များအနေဖြင့်လည်း ခွဲဝေပေးအပ်ထားသည့် ကဏ္ဍများတွင် လွတ်လပ်စွာဖြင့်၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရင်း အစိုးရများအချင်းချင်းအတိုက် အခံဖြစ် သည် ထက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆန္ဒရှိခဲ့ကြပါသည်။

လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီက “States are King” ပြည်နယ်တွေက ဘုရင်ပါဘဲ။ ဒါကသိပ်ကို အရေး ကြီးပါ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တည်မှီနေပြီး ဒါက ကျနော်တို့နိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်ပုံကို ပိုမိုအားကောင်းစေပါလိမ့်မယ်” ဟုပြော လိုက်ခြင်းဖြင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့်အာဏာများ ပို မိုရရှိလာလိမ့်မည်ဟု မျှော်လင့်ရပေသည်။

စာကိုး : Wikipedia မှ Federalism in India ကို အဓိက မှီငြမ်းကိုးကားသည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */