RFA
လွတ်လပ်တဲ့အာရှအသံ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.02.22
Photo: Ministry of Foreign Affairs Myanmar/Facebook
ရိုဟင်ဂျာတွေကို
လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက
တရားစွဲထားတဲ့ အမှု ကို ICJ တရားရုံးမှာ တနင်္လာနေ့က စစ်ကောင်စီဘက်က
စတင်ပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်။ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့
စစ်ကောင်စီခန့် ရှေ့နေ Cristoper Staker တို့ လျှောက်လဲခဲ့ကြတာပါ။
ဒီလျှောက်လဲချက်တွေဟာ
၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပခဲ့တဲ့
ပုံစံအ တိုင်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့
စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တရား ရုံးက
စီရင်ပိုင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ချေပခဲ့သလို IOC
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအ ဖွဲ့ ပါဝင်ခွင့်မရှိဘူးလို့လည်း
တင်ပြခဲ့ပါတယ်။
ရိုဟင်ဂျာအရေး စောင့်ကြည့်နေတဲ့
လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ကမ္ဘာပေါ်မှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို
နိုင်ငံတိုင်းက လိုက်နာဖို့ တာဝန်ရှိပြီး ဥပဒေချိုးဖောက်သူကို အရေးယူဖို့
အားလုံးက ဝိုင်းဝန်းပြီး ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြောပါတယ်။
"နိုင်ငံတကာဥပဒေကို
လေ့လာထားတဲ့ သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် သူတို့ရဲ့ ထုချေချက်တွေဟာ
အင်မတန်မှ အားနည်းတယ်ပေါ့နော်။ ပြောချင်တာက နိုင်ငံတကာ ဥပဒေအရ ICJ
တရားရုံးရဲ့ စီရင်ပိုင်ခွင့်တွေ အရ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ
အထူးသဖြင့် နိုင်ငံတွေမှာ ကုလသမဂ္ဂကနေ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ
စာချုပ်တွေကို လိုက်နာဖို့ တာဝန်ရှိတယ်။ အကောင်အထည် ဖော်ဖို့လည်း
တာဝန်ရှိတယ်။ အလားတူပဲ ချိုး ဖောက်တယ်ဆိုလို့ရှိရင်လည်း နိုင်ငံတွေအနေနဲ့
တရားစွဲဆိုပိုင်ခွင့်တွေ ရှိတယ်ပေါ့နော်"
အမှုဖွင့်ခဲ့တဲ့
ဂမ်ဘီယာနိုင်ငံရဲ့နောက်ကွယ်က IOC အဖွဲ့ ပါဝင်နေတာကို လုပ်ခွင့်မရှိဘူးလို့
စစ်ကောင်စီဘက်က ပြောတာဟာ IOC ကို မကောင်းဆိုးဝါး အဖွဲ့အစည်းအဖြစ်
ပုံဖျက်နေတာလို့လည်း မဝေဝေနုကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂ဝ၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ခုခံချေပချက်တွေ အပါအဝင် မြန်မာနိုင်ငံက ကန့်ကွက်လွှာကို ရုပ်သိမ်းခဲ့ပါတယ်။
စစ်တပ်ဟာ အခု ICJ တရားရုံးမှာ ရောက်နေတဲ့ ပြစ်မှုတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူတွေအပေါ် စစ်အုပ်စုက ပြစ်မှုတွေ ကျူးလွန်မှုတွေ ထင်ထင်ရှားရှား ရှိနေတာကြောင့် NUG ရဲ့ လုပ်ရပ်ကို ထောက်ခံတယ် လို့ မဝေဝေနုက ပြောပါတယ်။
"ဒီလို အခင်းအကျင်းမှာ ကျမတို့က ကျူးလွန်ခံခဲ့ရတဲ့ အုပ်စုတွေအတွက် ပြည်သူတွေအတွက် NUG အစိုးရက အတွေးအခေါ်အသစ်နဲ့ အမြင်သစ်နဲ့ ရပ်တည်ချက်မှန်မှန်နဲ့ မရပ်တည်ဘူးဆိုရင် ကျမတို့ တည်ဆောက်ချင်တဲ့ နိုင်ငံသစ်၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ဟာလည်း ရဖို့ လက်လှမ်းမီဖို့ ခက်ခဲသွားမှာ ဖြစ်တယ်။ ဒီအချိန်မှာ NUG အစိုးရက ဒါတွေကို သဘောပေါက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ရပ်တည် သင့်တာကို ရပ်တည်တယ်။ ဒါက ပြည်သူတွေအတွက် တိုင်းပြည်ရဲ့အနာဂတ်အတွက် ကောင်းတဲ့အချက်လို့ ကျမ ယူဆပါတယ်"
NUG အစိုးရက ခုလိုဆုံးဖြတ်ခဲ့တာဟာ အခြေအနေတွေ ပြောင်းလဲခဲ့လို့ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေး ဝန် ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒါကြောင့် NUG ဟာ ICJ ရဲ့ တရားစီရင်ရေးကို လက်ခံမှာ ဖြစ်တယ် လို့ သည်ဟိတ်မြို့မှာ ရောက်နေတဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
" မြန်မာနိုင်ငံရဲ့ကိစ္စကို မြန်မာပြည်တွင်းမှာပဲ ဖြေရှင်းမယ်။ နိုင်ငံတကာအနေနဲ့ ဝင်ရောက်ပြီးတော့ ဖြေရှင်း တာမျိုး လက်မခံဘူးလို့ ပြောခဲ့ပါတယ်။ အဲ့ဒီကိစ္စဟာ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပြည်တွင်းမှာ တရားစီရင်ရေး အရမ်းအားနည်းနေတယ်။ ဒါကြောင့်မို့လို့ ICJ ရဲ့ တရားစီရင်မှုအပိုင်းကို ကျနော် တို့ NUG က လက်ခံပါတယ်။ အရင်တုန်းက လက်မခံခဲ့တာတွေ အားလုံးကို လက်ခံပြီးတော့ ICJ က ဖော် ဆောင်မယ့် တရားမျှတမှုကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းတာကို ရှင်းပြတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ ကိုယ် စားလှယ်တွေကို သူတို့က တရားခုံရုံးမှာ ကိုယ်စားပြုထွက်ဆိုခိုင်းမယ်ဆိုတာ ဖြစ်တယ်။ အဲဒါကို ကျနော် တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စက နိုင်ငံကို တရားစွဲတာဖြစ်တဲ့အတွက် ဒါကို ကိုယ်စားပြုသူဟာ နိုင်ငံကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်ဖြစ်ဖို့ လိုအပ်ပါတယ်"
ICJ ရဲ့ တရားသူကြီးဥက္ကဋ္ဌ Joan E Donoghue ကတော့ စစ်ကောင်စီကို တရားရုံးက လက်ခံလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ICJ ဟာ ဘယ်သူဟာ အစိုးရဆိုပြီး အသိမှတ်ပြုပေးတာ မဟုတ်ဘဲ နိုင်ငံကိုယ်စားပြုအဖြစ် တက် ခွင့်ပြုပေးခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။
Link : Here
No comments:
Post a Comment