" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 4, 2021

ရခိုင်တို့အတွက် AA လား၊ နစကလား၊ NUG လား

ဖက်ဒရယ်ဂျာနယ်
20 ဇွန်လ 2021
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က NLD အစိုးရထံမှ အာဏာသိမ်းယူအပြီး မြန်မာနိုင်ငံ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရအဖြစ်ဖြင့် အုပ်ချုပ်လျက်ရှိနေသည်။ယင်းသို့အုပ်ချုပ်နေ သည် မှာ ၂ လခွဲကြာမြင့်လာပြီးနောက် နစကအစိုးရနှင့် စင်ပြိုင်အစိုးရတစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက် လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government of Myanmar (NUG)အမည်ရှိ အစိုးရတစ်ရပ် ကို ပြီးခဲ့သည့်ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ NUG ၏သမ္မတသည် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဦးဝင်းမြင့်ဖြစ်ပြီး ဒုတိယ သမ္မတ မှာ ဒူဝါလရှီးလဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေါ် အောင်ဆန်းစု ကြည်ပင်ဖြစ်သည်။ ကျန်သည့်ဝန်ကြီးဌာနအသီးသီးတွင်လည်း NLD ခေါင်းဆောင်များအပါ အဝင် အခြား ပြင်ပမှ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ ပါဝင်သည်ကိုတွေ့ရသည်။

သို့ရာတွင် ယခုအစိုးရအဖွဲ့၌ ထူးခြားချက်တစ်ခုရှိနေသည်ကိုတွေ့ရသည်။ ယင်းထူးခြားချက်မှာ ယခုအစိုးရ အဖွဲ့ တွင် ရခိုင်မှ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ တစ်ဦးတစ်ယောက်မျှ ပါဝင်လာမှုမရှိခြင်း ပင်ဖြစ်သည်။ ဒါ ဘာကြောင့်လဲ။

NUG ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များတွင် မပါဝင်စေလို၍ ရခိုင်ကို တမင်ချန်လှပ်ထားခဲ့ခြင်းလား။ သို့ တည်း မဟုတ် ရခိုင်ကို NUG တွင် ထည့်သွင်းအုပ်ချုပ်နေစရာမလိုတော့၍လား။ လက်ရှိမြေပြင်အနေအထား အရ ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)က အနည်းနှင့်အများ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်ကို သိထား၍ ရခိုင် ကို သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်ခြင်းလား။ အစကတည်းက NLD ကို ကြိုဆိုထောက်ခံခြင်း မရှိ ခဲ့သည့်အ တွက် ရခိုင်ကို ဂရုမစိုက်ခဲ့ခြင်းလား။ NUG တွင်ပါဝင်ရန် ရခိုင့်နိုင်ငံရေးခေါင်းဆောင်များ၊ တတ်သိ ပညာရှင်များ အား ကမ်းလှမ်းဆွေးနွေးခဲ့သော်လည်း လက်မခံကြသည့်အတွက် ယခုကဲ့သို့ ကျန်နေရခြင်းလား။ မေးခွန်းများက အတွေးပွားစရာပင်။

အမှန်က CRPH အနေဖြင့် ရခိုင်ကို သီးခြားခွဲဖယ်ချန်လှပ်ထားခဲ့ခြင်းမဟုတ်ပေ။ ရခိုင်နှင့်ပတ်သက်လာလျှင် မေ့ ထား၍ မရနိုင်သည့် ရက္ခိုင့်တပ်တော်(AA)ကို CRPH က ဂရုတစိုက်ဖြင့် ခေါ်ယူခဲ့သည်ဟု AAစစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်က NUG ဖွဲ့စည်းသည့်နေ့၌ သူ၏ တွစ်တာစာမျက်နှာတွင် ရခိုင်ဘာသာစကားဖြင့် ရေးသားခဲ့သည်။ သို့သော် ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် မပါလိုက်ခြင်းသာဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ထွန်း မြတ်နိုင်က ဆိုထား သည်။ ဒါကတော့ လက်နက်ကိုင်အဖွဲ့အစည်းကို CRPH က ကမ်းလှမ်းခဲ့မှုအပိုင်း။

နိုင်ငံရေးပါတီအပိုင်းကို ဆက်လက်ကြည့်ကြရအောင်ပါ။ ရခိုင်ပြည်၏ အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင် အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ NUG တွင်ပါဝင်ရန် ကမ်းလှမ်းလာခြင်းလည်းမရှိခဲ့သလို ဆွေးနွေးမှုလည်း မရှိခဲ့ဟု မီဒီယာများကို ပြောထားသည်။ ယင်းကဲ့သို့ ကမ်းလှမ်းဆွေးနွေးခဲ့မှုမရှိခဲ့ မှုအပေါ်တွင် လည်း ANP ပါတီအနေဖြင့် ထွေထွေထူးထူးဝေဖန်စရာအကြောင်းမရှိဟု သူက ဆိုသည်။ ဒါကတော့ CRPH က ရခိုင့်နိုင်ငံရေးပါတီကို ကမ်းလှမ်းမှုမရှိခဲ့သည့်အပိုင်း။

နောက်ကျန်နေသေးသည်ကတော့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များပင်ဖြစ်သည်။ သူတို့တွေကိုလည်း CRPH က ဆက်သွယ်ကမ်းလှမ်းခြင်းမရှိခဲ့ပုံရသည်။ အကယ်၍ ရှိခဲ့သည်ဆိုလျှင် မီဒီ ယာ တွေမှာဖြစ်ဖြစ်၊ အွန်လိုင်းတွေမှာဖြစ်ဖြစ် အသံတစ်ခုခုတော့ ထွက်ပြီးနေလောက်ပြီ။

ဆက်လက်၍ NUG အစိုးရဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး CRPH ကထုတ်ပြန်ထားသည့်ထုတ်ပြန်ချက် အပိုဒ် ၆ ကို တစ်ချက်ကြည့်ကြရအောင်။ ယင်းအပိုဒ်၌ “NUG တွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံပါဝင်ရေးကို ဦး တည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည်”ဟု ဆိုထားသည်။ “ပြည်ထောင်စုသားတိုင်း ရင်း သားလူမျိုးစုံပါဝင်ရေး”ဟုဆိုထားသည်ဖြစ်ရာ ဤအချက်ကိုကြည့်ခြင်းဖြင့် NUG ၌ နောက်ပိုင်းတွင် ရခိုင်မှ လည်း မပါဝင်လာနိုင်ဟု ပြော၍မရပေ။ ရခိုင်မှ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်လူပုဂ္ဂိုလ် ပါဝင်လာနိုင်သလဲဆိုသည်ကိုတော့ ခန့်မှန်းရခက်နေသေးသည်။

အကယ်၍ ယခု NUG အစိုးရအဖွဲ့တွင် ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုမှပင်ဖြစ်ဖြစ်၊ ရခိုင့်နိုင်ငံရေး အ သိုင်းအဝိုင်းမှပင်ဖြစ်ဖြစ်၊ ရခိုင့်တတ်သိပညာရှင်အသိုင်းအဝိုင်းမှပင်ဖြစ်ဖြစ် ပါဝင်လာပြီဆိုပါစို့။ သူတို့ကို ရခိုင် လူထုက လက်ခံကြမည်လား။ သေချာသည်ကတော့ ရခိုင်အနည်းစုသာ လက်ခံကောင်း လက်ခံကြပေလိမ့် မည်။ အများစုကတော့ လက်မခံနိုင်ဖြစ်ကြရမည်။ ဘာကြောင့်ဆိုလျှင် NUG သည် NLD အမာခံများဖြင့် ဖွဲ့စည်းထား ခြင်းကြောင့်ဖြစ်သည်။ NLD အစိုးရလက်ထက်က ရခိုင်တွင် ဖြစ်ပျက်ခဲ့ကြရသည့် သွေးပျက်ဖွယ် စစ်ပွဲအနိဋ္ဌာရုံ ဖြစ်ရပ်ဆိုးများအပေါ် NLD ခေါင်းဆောင်များက လျစ်လျူရှုနိုင်လွန်းခဲ့ကြသည်ကို ရခိုင်တို့က ယနေ့ ထိတိုင် မမေ့ သေးပေ။

ရပ်ရွာအနီးတိုက်ပွဲဖြစ်၍ ရပ်ရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်ပေါက်ကွဲမှုကြောင့် အ ပြစ်မဲ့အရပ်သားရာပေါင်းများစွာ သေကြေခဲ့ကြသည်။ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ နေအိမ်အလုံးပေါင်းထောင်နှင့် ချီ မီးလောင်ပြာကျပြီး ဒေသခံသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာ၍ အသက်လုထွက်ပြေးခဲ့ကြရသည်။ သည်ကြားထဲ တော နားတောင်နား ငါးရှာ၊ ဟင်းခူးသူတို့က မိုင်းပေါက်ကွဲမှုကြောင့် မသေသင့်ဘဲ သေ၊ ကိုယ်လက်အင်္ဂါတို့ မဆုံးရှုံး သင့်ဘဲ ဆုံးရှုံးဖြင့် ရခိုင်တို့ ဒုက္ခအဖုံဖုံကို ခါးစည်းခံခဲ့ကြရသည်။ ယင်းဒုက္ခသည်များအပေါ် NLD ခေါင်း ဆောင် များက နှစ်သိမ့်ဖော်မရခဲ့၊ အားပေးစကားတစ်ခွန်းမဆိုခဲ့။

ရခိုင်တို့ ယခုလို ဒုက္ခမျိုးစုံခံနေကြရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရခြင်းတို့ကို ရခိုင်မှ လွှတ်တော် ကိုယ် စားလှယ်များက လွှတ်တော်တွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို အကြိမ်ကြိမ်အခါခါ ပြု လုပ်ခဲ့ ကြသည်။ သို့သော် ထိုအဆို၊ ထိုမေးခွန်းများကို NLD အားကောင်းသောလွှတ်တော်က ပယ်ချခြင်း၊ ဆွေးနွေးခွင့် မပြုခြင်းစသည်ဖြင့် ရခိုင်တို့ဒုက္ခအပေါ် စာနာမှုမပြခဲ့ပေ။

နောက်လည်း ရှိသေးသည်။ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း ရခိုင်တစ်ပြည်လုံး၏ ၇၅ ရာခိုင် နှုန်း ကို ရွေးကောက်ပွဲကျင်းပခွင့် မပေးခဲ့ခြင်းဖြစ်သည်။ NLD အမာခံနယ်မြေဖြစ်သော၊ တစ်နည်းအားဖြင့် NLD နိုင် နိုင်ခြေရှိသည့်ဒေသများကိုသာ ရွေးကောက်ပွဲကျင်းပခွင့်ပေးခဲ့သည်။ NLD ကိုအားပေးထောက်ခံမှု မရှိသည့် မြို့ နယ်များကိုမူ တိုက်ပွဲများဖြစ်ပွားနေသည်ဟုအကြောင်းပြကာ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မရှိ ခဲ့ပေ။ (ရွေး ကောက်ပွဲကျင်းပနေစဉ် ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့မှု အလျဉ်းမရှိခဲ့ပါ။ ဤကား စကားချပ်) သို့ ဆိုလျှင် ယင်း ရွေးကောက်ပွဲကား အဘယ်မှာ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပါဦးမလဲ။

ထိုထိုသောအချက်များကြောင့် NLD အပေါ် ရခိုင်တို့ စိတ်နာ၍ မဆုံး။ ယင်းကြောင့် NUG တွင် နောက်ပိုင်း ရခိုင် မှ ပါဝင်မှု ရှိလာသည်ဆိုသော်လည်း ရခိုင်အများစုကတော့ အားပေးထောက်ခံကြလိမ့်မည်မဟုတ်ပေ။

ရခိုင်လူမျိုးအများစုလိုလားသည်က လူမျိုးကြီးဝါဒီများကြီးစိုးသည့်အစိုးရအဖွဲ့တို့တွင် ဝန်ကြီးတစ်နေရာ၊ ကောင် စီဝင်တစ်နေရာ၊ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာစသည်ဖြင့် တွယ်ကပ်လုပ်ချင်နေသည်တော့ မဟုတ်။ ကိုယ့်ပြည်နှင့်ကိုယ့်လူမျိုးကို ကိုယ်ကိုယ်တိုင်ကာကွယ်နိုင်သည့် အာရက္ခပြည်ထောင်စု၊ ရခိုင့်နိုင်ငံ တော်အဖြစ် တည်ထောင်လိုကြခြင်းဖြစ်သည်။ လူမျိုးခြားတို့ထံ အအုပ်ချုပ်ခံလူတန်းစားမဖြစ်လိုဘဲ ကိုယ်ပိုင် အုပ်ချုပ်မည့် လူတန်းစားသာ ဖြစ်လိုကြသည်။ ပြည်ထောင်စုကြီးဟူသည့် ဝေစုမှ မဝရေစာ မရယူချင်ဘဲ ကိုယ့် ဝေစုနှင့်ကိုယ် သီးသန့်ရယူလိုကြခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA) ကလည်း သည်အတိုင်းပင်။ ကိုယ့်လူမျိုးကို ကိုယ်သာလျှင် အုပ်ချုပ်မည်။ကိုယ့်ပြည်နယ် ကို ကိုယ်သာလျှင် စီမံခန့်ခွဲမည်။ မည်သည့်အစိုးရနှင့်မျှ ပူးပေါင်းမည်မဟုတ်။ ယင်းရည်တည်ချက်များကြောင့် ပင် NUG ကို လှည့်မကြည့်ခဲ့ခြင်းဖြစ်နိုင်သည်။ NUG ကို လှည့်မကြည့်ခဲ့သည့် AA ၏လုပ်ရပ်ကိုလည်း AA ကို အားပေးထောက်ခံသည့်ပြည်သူများက နှစ်ထောင်းအားရရှိနေကြသည်။ အကြောင်းကတော့ AA သည် ရခိုင် တို့ အတွက် အမြုတေအဖြစ် ရခိုင်တို့၏နှလုံးသားထဲတွင် စွဲမြဲစွာလက်ခံထားကြ၍ပင်ဖြစ်သည်။

လက်ရှိအနေအထားတွင်လည်း AA သည် ရခိုင်တွင် အယ်လ်ဖာ၊ ဘီတာ၊ နိုဗာ ဟူသောအမည်များဖြင့် စစ်ဒေသ များ ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေးများကို နယ်မြေအပိုင်းအခြား အ လိုက် တာဝန်ယူဆောင်ရွက်နေပြီဖြစ်သည်။ လူထုကလည်း အကြောင်းကိစ္စတစ်စုံတရာပေါ်ပေါက်လာပါကAAနယ်မြေ မှူးများအား အားကိုးတကြီး သွားရောက်တိုင်ကြားနေကြပြီဖြစ်သည်။ AA ကလည်း တရားမျှ တ မှုရှိရှိ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးနေသည်ဖြစ်ရာ သီးခြားလွတ်လပ်သည့်နယ်မြေအဖြစ်လျှောက်လှမ်းနေ ကြ ပြီဟုပင် ဆိုရ မည်ဖြစ်သည်။ AA တော့ ရခိုင်ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေး၊ လယ်ယာ သစ် တော၊ သားငါး ကဏ္ဍစသည့်ကဏ္ဍများကိုလည်း ဆက်လက်ကိုင်တွယ်နိုင်ရန်ပြင်ဆင်နေသည်ဟု မြေပြင် သတင်း များအရ သိရ သည်။

တစ်ဘက်တွင်လည်း NUG သည် တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံထားရသည့် CRPH က ဖွဲ့စည်း ထား သည့်အဖွဲ့အစည်းဖြစ်နေသည်။ ထို့ကြောင့် NUG နှင့်တကွ ယင်းအဖွဲ့တွင်ပါဝင်သူများသည်လည်း မတရားအ သင်း နှင့် မတရားအသင်းဝင်များဖြစ်သည့်အကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၂၁ ရက် နေ့တွင် သတ် မှတ်ကြေညာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်အများစုကတော့ NUG တွင် ပါရေး၊ မပါရေးကို ဂရုစိုက်ကြလိမ့်မည် မဟုတ်။လက် ရှိအုပ်ချုပ်နေသည့် နစကကောင်စီတွင် ပါရေး၊ မပါရေးကိုလည်း စိတ်ဝင်စားကြလိမ့်မည်မဟုတ်။ ကိုယ့် ပြည် ကိုယ့်လူမျိုးကို ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော သီးခြားလွတ်လပ်သောပြည်နယ်တစ်ခုအဖြစ်သာ လို လား နေကြခြင်းဖြစ်သည်။ ထိုလိုလားချက်ကို ရက္ခိုင့်တပ်တော်(AA)က ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုလည်း ရခိုင် လူထုက အကြွင်းမဲ့ ယုံကြည်ထားကြသည်။ လက်ရှိတွင်လည်း AA သည် ရခိုင့်မြေပြင်နေရာ အနှံ့အပြား တွင် ဖြန့်ကြက် ခြေကုပ်ထားနိုင်ပြီဖြစ်ရာ ရခိုင်တို့၏ကံကြမ္မာသည် ရှေ့ဆက် ဘာတွေဖြစ်လာနိုင်မ လဲဆိုသည် ကို အလေးထား စောင့်ကြည့်ကြရမည်ဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */