" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 14, 2021

ရိုဟင်ဂျာပြန်လည်လက်ခံရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးနိုင်ငံဆွေးနွေးဖို့ ပြင်ဆင်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ

ကျော်လွင်ဦး
2021-01-14
ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ဖို့ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံတွေ့ဆုံပွဲကို လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံ ဒက္ကာမြို့မှာ ကျင်းပသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန် က မနေ့က ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကို ကို ဒီနေ့မနက်ပိုင်းက မေး မြန်းရာတော့ တာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ဘက်က သေချာအောင် စီစဉ်နေတယ်၊ ညှိနှိုင်းဆဲပါ၊ နေ့လယ် ညနေလောက်မှ သေချာပြီဆိုရင် ကျနော်အတည်ပြုပေးပါမယ်"

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီကိစ္စမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား အချက် လေးချက်ကို သဘောတူညီမှုရခဲ့ပါတယ်။

ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တရုတ်နိုင်ငံ ခြား ရေး ဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုမန် တို့ ၂၀၁၉ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲပြီးကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို နိုင်ငံအသီးသီးက ရင်ဆိုင်နေရတာ ကြောင့် နောက်ထပ် မတွေ့နိုင်ခဲ့ပါဘူး။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ဧပြီလဆန်းမှာ အစိုးရသစ် ကို ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာ ဖိအားတွေ အပါအဝင် နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေမှာ မျက်နှာပန်းလှဖို့အတွက် ကိုဗစ်ကပ်ဘေးကြောင့် ရပ် နားထားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စကို ပြန်လည်ဆွေးနွေးပါတော့မယ်။

ကိုဖီအာနန်ကော်ရှင်အဖွဲ့ဝင်ဟောင်းလည်းဖြစ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးလွင် က ဒီဒုက္ခသည်တွေနေရပ်ပြန်ရေး မကြာခင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတာကို ကြိုဆိုပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ပြန်ရောက်လာရင် သူတို့ မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ ပြန်လည်နေထိုင်လုပ် ကိုင် ခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးရေး ဆိုတဲ့ အချက် နှစ်ချက်ကို နှစ်နိုင်ငံလုံးက အဖြေတစ်ခု အမြန်ဆုံးရှာပြီး ဖြေရှင်း ပေးသင့်တယ်လို့ ဦးအေးလွင် က တိုက်တွန်းပါတယ်။

"အဲဒီအချက်နှစ်ချက်ကို သူတို့ကိုနားလည်သဘောပေါက်အောင် ဆွေးနွေးပေးနိုင်မယ်ဆိုရင်တော့ ကျနော့် စိတ်ထင် အားလုံးက ပြန်လာချင်တဲ့ဆန္ဒရှိတယ်၊ ဘာကြောင့်လည်းဆိုတော့ ကော့ဘဇားကို တစ်ကြိမ်မက ကျ နော်ရောက်ဖူးပါတယ်၊ အားလုံးကပြန်ချင်ကြပါတယ်၊ အဲဒီအဟန့်အတားလေးတွေကို လုပ်ပေးနိုင်တဲ့ အနေအ ထား မှာရှိတဲ့အတွက် ကြားဝင်စေ့စပ်ပေးမယ့် တရုတ်ကလည်းဖျောင်းဖြပေါ့နော်၊ ကာယကံရှင် ဖြစ်တဲ့ ဘင်္ဂ လားဒေ့ရှ်နဲ့ မြန်မာဘက်ကလည်း သဘောထားကြီးကြီးထားပြီး အဲဒါလေးကို အဖြေတစ်ခု အ မြန် ဆုံးရှာသင့် ပါတယ်"

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခေါ်ရေးဟာ အစိုးရဘက်က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့လည်း ဦးအေးလွင် က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဘူးသီးတောင်မြို့နယ်က ရွေးကောက်ခံခဲ့ရသူလည်းဖြစ် လက်ရှိ ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေးပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်မင်း ကလည်း မကြာခင်တွေ့ဆုံမယ့် အစီအစဉ်ကို ကြိုဆိုပါ တယ်။

ဒုက္ခသည်တွေရဲ့ သဘောထားကို နှစ်ဖက်အစိုးရက ထည့်သွင်းစဉ်းစားပေးရမယ်လို့ ဦးကျော်မင်း က ပြော ပါတယ်။

"အဓိကတော့ ဒုက္ခသည်တွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပေးရမယ်ထင်တယ်၊ နိုင်ငံအချင်းချင်း ဆွေးနွေးပြီးတော့ ဒုက္ခသည်တွေရဲ့ သဘောထားမပါရင် အောင်မြင်ပါ့မလားဆိုတာ ကျနော်တို့ စဉ်းစား တယ်"

ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ချက်ချင်းမပေးဘဲ နိုင်ငံသားစိစစ်ခံမယ့် အသိအမှတ်ပြု ကတ်လို့ ခေါ်တဲ့ NVC ကတ်ပေးမယ်ဆိုတဲ့ ပေါ်လစီဟာ မှားနေတယ်လို့ သူက ဝေဖန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ တောင်းဆိုခဲ့ကြတဲ့ နိုင်ငံသားဖြစ်ခွင့်၊ သူတို့နေရာတွေမှာ ပြန်လည် နေ ထိုင်ခွင့်၊ သူတို့ပိုင်ဆိုင်ခွင့်တွေ ပြန်ရခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ လုံခြုံရေး အပြည့်အဝပေးမယ်ဆိုရင် အား လုံးနေရပ်ပြန်လာကြမှာဖြစ်တယ်လို့ ဦးကျော်မင်းက ပြောပါတယ်။

သုံးပွင်ဆိုင့်ဆွေးနွေးပွဲကနေ ရိုဟင်ဂျာတွေရဲ့ ဆန္ဒသဘောထားတွေကို ထည့်သွင်းဆွေးနွေးပြီး သူတို့အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးအောင်မြိုင်က မျှော်လင့် နေပါတယ်။

"ဒီလိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ကျနော်တို့ရဲ့ မူလနေရာ၊ နိုင်ငံသား၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေး စသဖြင့်ပေါ့နော် ဒါတွေထည့်သွင်းဆွေးနွေးပြီး ကျနော်တို့ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်"

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ရှစ်သိန်းလေးသောင်းရဲ့ အမည်စာရင်းတွေကို စိစစ်အတည်ပြုနိုင်ဖို့ မြန် မာနိုင်ငံကို ပေးပို့ထားပြီး မြန်မာက လူလေးသောင်းနှစ်ထောင် စာရင်းကိုပဲ စိစစ်အတည်ပြုထားတယ် လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

၁၉၇၈ နဲ့ ၁၉၉၂ နှစ်တုန်းကလို ရိုဟင်ဂျာတွေကို ပြန်လက်ခံသလို လက်ခံမယ်လို့ အမြဲမျှော်လင့်တဲ့အကြောင်း လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောပါတယ်။

Covid-19 ကပ်ရောဂါဖြစ်ပွားနေတာနဲ့ အထွေထွေရွေးကောက်ပွဲကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ရိုဟင်ဂျာတွေ ပြန် လည်လက်ခံရေး ဆောင်ရွက်တာမရှိဘဲ ဒီလထဲ ဆွေးနွေးပွဲ ပြန်စမယ်လို့ မြန်မာအစိုးရက အစောပိုင်းမှာ ပြော ခဲ့ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးကိစ္စ ဆွေးနွေးရုံနဲ့ နိုင်ငံတကာဖိအားတွေ လျော့ကျသွားမှာမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ လိုကြောင်း ပြောပါတယ်။

"တရုတ်နိုင်ငံအကူအညီနဲ့ ဆွေးနွေးနေရုံနဲ့ ဒီကိစ္စတွေက မပြေလည်ဘူး၊ ပြဿနာတွေရဲ့ မူလဇစ်မြစ်တွေ က ဘယ်တွေမှာ အခြေခံနေလဲဆိုရင် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုမှာ အခြေခံနေတယ်၊ နောက်တစ်ခု က လူ့ အခွင့်အရေး ချိုးဖောက်တဲ့သူတွေ ကျူးလွန်တဲ့သူတွေကို အရေးယူအပြစ်ပေးတာမျိုးမရှိဘဲနဲ့ ချိုး ဖောက်တဲ့ လူ တွေက ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတယ်၊ ချိုးဖောက်ခံရတဲ့သူတွေက ပြန်လည်ကုစား ပေးတာမျိုး မရှိ ဘူး၊ အဲအခြေအနေတွေအားလုံးကို အစိုးရက ပြီးခဲ့တဲ့ ငါးနှစ်လုံးမှာ မလုပ်ခဲ့ဘူး၊ မလုပ် ခဲ့တဲ့ အတွက်ကြောင့် ဒီလာမယ့် ငါးနှစ်မှာ လုပ်ဖို့လိုတယ်၊ လုပ်မှသာ နိုင်ငံတကာရဲ့ဖိအားတွေ၊ လျော့ သွားမယ်၊ နိုင်ငံတကာမှာ လူ့ အခွင့်ရေး လူ့ဂုဏ်သိက္ခာကို လေးစားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည် လို့ရမယ့်ပေါ့"

မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ရိုဟင်ဂျာ ရှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ဆန်းကနေ အောက်တိုဘာလအထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ကိုယ့် အစီအစဉ်နဲ့ကိုယ် အမျိုးသား ၁၇၀ နီးပါး၊ အမျိုးသမီး ၂၉၀ ဦး ပြန်ဝင်လာတယ်လို့ အစိုးရက ထုတ်ဖော် ပြော ထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့ တရားဝင် ပြန်ဝင်ရောက် လာတာ တော့ မရှိသေးပါဘူး။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ ၂ဝ၁၉ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ မြန်မာ့ တပ်မ တော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံရပြီး ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ သုံးနှစ် ရှိပြီဖြစ်သလို အဲ့ဒီကိစ္စတွေမှာ မြန်မာအစိုးရက တာဝန်ရှိတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံ တ ကာခုံရုံး ICJ မှာ ရုံးတင် စစ်ဆေးခံနေရပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့ ဖေဖော်ဝါရီ လက ကြားဖြတ်အမိန့် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */