" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 15, 2020

မြန်မာကို ကမ္ဘာကပိုနားလည်လာအောင် တံခါးဖွင့်ထားဖို့လို (မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သစ်)

VOA
ဗွီအိုအေ (မြန်မာဌာန)
15 ဇူလိုင်၊ 2020
အင်ကြင်းနိုင်
ဇူလိုင်လ ၁၃ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews ဗွီဒီယိုက တဆင့် အစီရင်ခံပြောကြား
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ သူတို့လက်ရှိ ရပ်တည်နေရတဲ့ အနေအထားကို ကမ္ဘာက ပိုမိုနားလည်လာစေဖို့ဆိုရင် တံခါးတွေဖွင့်ထားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews က ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ Mr. Andrews ရဲ့ ပထမဆုံးအကြိမ် အင်တာနက် ဗွီဒီယို က တဆင့် အစီရင်ခံပြောကြားခဲ့တာနဲ့ ဒီအပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအ မတ် ကြီး ဦးကျော်မိုးထွန်း အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က ကောက်
နှတ် တင်ပြထားပါတယ်။


ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၄ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်း အဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၃-၁၄ ရက်နေ့ ထိ နှစ်ရက် ကြာ ပြုလုပ်ခဲ့တာပါ။

မစ္စယန်ဟီးလီ ရဲ့နေရာမှာ အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ် စား လှယ် Thomas Andrews က သူ့ရဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေးကောင်စီ ကို အင်တာနက်ဗွီဒီယို က တဆင့် အစီရင်ခံပြောကြားရာမှာ နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရ ရပ်တည်နေရတဲ့ အနေအထားကို နား လည် ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ တံခါးတွေဖွင့်ထားဖို့ပဲ ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ ပါ တယ်။

"မြန်မာအစိုးရအနေနဲ့ ကမ္ဘာက သူ့ရဲ့ရပ်တည်နေရတဲ့ အနေအထား၊ သူ့ရဲ့ အမြင်ရှုထောင့်တို့ကို နားလည်စေချင် တယ်ဆိုရင် အကောင်းဆုံးကတော့ ကိုယ့်ရဲ့တံခါးတွေကို ဖွင့်ထားဖို့ဖြစ်ပါတယ်။ ကိုယ့်ကို ဝေဖန် စိန်ခေါ်နေသူတွေကိုတောင် တံခါးဖွင့်ထားပေးပါ။"

ဒါအပြင် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တာဝန်ပေးအပ်ခြင်းမခံရခင် လအတန်ကြာ ကာလက မြန် မာနိုင်ငံကို သွားခဲ့တဲ့ခရီးစဉ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို လည်း Mr. Andrews က ပြောပြခဲ့ပါတယ်။ အဲဒီမှာ မြန်မာကို နိုင်ငံတကာကနားလည်ဖို့ဆိုရင် စကားလုံးတွေ ထက် လက်တွေ့ အလုပ်နဲ့ သက်သေပြတာက ပိုပြီး ထိရောက်မှုရှိကြောင်း အကြံပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ့အရေးမှာ သူအဓိက ချဉ်းကပ်မယ့်နည်းလမ်းနှစ်ခုနဲ့ ပတ်သက်လို့လည်း Thomas Andrews က အခု လို ပြောသွားပါတယ်။

" ပထမဦးဆုံး ကိုယ့်ကိုကိုယ် နှိမ့်ချထားမှုနဲ့အတူ ကျနော့် ယုံကြည့်မှုအပေါ် ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဒီတာဝန်ကို ထမ်း ဆောင်ရာမှာ ဆက်ဆံရေးအတွက် အဓိကအရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ နားထောင်ဖို့ ဆိုတဲ့အ ချက်နဲ့ဆောင် ရွက်သွားမှာပါ။"

ဒုတိယအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်ဖို့အတွက် အပြည့်အဝလုပ်ဆောင်မယ်ဆိုတဲ့ ခိုင် မာတဲ့ သန္နိဋ္ဌာန်နဲ့ ဒီတာဝန်ကို ထမ်းဆောင်ရတာဖြစ်တယ်လို့ Thomas Andrews က ဆိုပါတယ်။ ဒီအတွက် တာဝန်ယူမှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ ခြိမ်းခြောက်ခံရသူတွေကို အကာအကွယ်ပေးရေး အမှန်တရားကို ထုတ်ဖေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ပထမ ဆုံးနေ့မှာပဲ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရဖို့နဲ့ စေ့စပ်ဆွေးနွေး နားထောင်မယ့် အခွင့်အလမ်းရ ရှိရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးသားပေးပို့ခဲ့တယ်လို့ Thomas Andrews ကပြောသွားပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့လည်း တွေ့ဆုံခဲ့ပြီးပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ သူအဓိကထား ဆောင်ရွက်မယ့်အ ချက် တွေနဲ့ ပတ်သက်လို့လည်း Thomas Andrews ကပြောကြားရာမှာ ကမ္ဘာ့ဒုက္ခသည်အကျပ် အတည်း အကြီး ဆုံးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြဿနာ အပါအဝင် ရခိုင်၊ ချင်း၊ ကရင် ပြည်နယ်တွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူ သားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကျပ်အတည်း ကြီးမားနေတဲ့ကိစ္စတွေနဲ့ ပတ် သက်လို့ စုံစမ်းအစီရင်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် သူအဓိက ထားဆောင်ရွက်မယ့် အချက် တွေ ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်း လဲရေးတွေ ဆက်ပြီး ဖြစ်မလား၊မဖြစ် ဘူးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတဲ့အတွက် ဒီအ ပေါ် မှာ သူ့အနေနဲ့ စောင့်ကြည့်လေ့လအစီရင်ခံတင် ပြမှာဖြစ်သလို၊ နိုင်ငံအပေါ်သစ္စာစောင့်သိ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ခံ အရပ် သားအစိုးရအုပ်ချုပ်အောက်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိမရှိဆိုတာတွေကို သူ့အနေနဲ့ လေ့လာစောင့်ကြည့်သွားမှာဖြစ်ပြီး၊ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ အပါအဝင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရမရ ဆိုတဲ့ အချက် စတဲ့ ကိစ္စရပ်တွေကိုလည်း စောင့်ကြည့်သွားဖို့ရှိကြောင်းလည်း Thomas Andrews ကပြောပါ တယ်။

Thomas Andrews ရဲ့ အစီရင်ခံ ပြောကြားချက်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံ အမတ်ကြီး ဦကျော်မိုးထွန်းက ပြန်ပြီး တုံ့ပြန်ပြောကြားရာမှာ ၂၀၂၀ ပြည့်ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတပြီး အများယုံကြည်လက်ခံတဲ့ ပွင့်လင်းမြင်သာမှုရှိရေး မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

" အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပဖို့ ရှိပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံ တကာက ရွေးကောက်ပွဲဆိုင်ရာ လေ့လာသူတွေ ပါဝင်လေ့လာနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပရေးအ တွက် လွတ်လပ်ရေး၊ တရားမျှတရေး၊ အများယုံကြည်လက်ခံနိုင်ရေး၊ ပွင့်လင်းမြင်သာမှု ရှိစေ ရေး၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေး စတဲ့ အခြေခံမူဝါဒ (၅) ချက် ချမှတ် ထားသလို၊ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အတွက် ကျင့်ဝတ်ကိုလည်း နိုင်ငံရေးပါတီ တွေ က လက်မှတ်ရေးထိုး ထားပြီပါပြီ။ လူမှုကွန်ယက်မှာလည်း အမုန်းစကား ပြန့်ပွားတာတွေကို ကိုင်တွယ်ဖြေ ရှင်းရေးဆောင်ရွက်နေပါတယ်။"

ဒါအပြင် မြန်မာအစိုးရဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအပါအဝင် ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးနဲ့ အခြားဖွံ ဖြိုးရေး ကိစ္စရပ်တွေကိုလည်း သံအမတ်ကြီးက လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြသွားပါတယ်။

ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews ကို ကြိုဆိုကြောင်းနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုဖို့ နဲ့ နိုင်ငံတွင်း သွားရောက်ခွင့်ပြုရေး မြန်မာအစိုးရ ကို ဖိအားပေးပြောကြားခဲ့ပါတယ်။

အလားတူ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားပြောကြားတဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂကိုယ်စားလှယ်ကလည်းရိုဟင်ဂျာတွေအပေါ်ဖိနှိပ်ခွဲခြားမှုတွေဟာ ပြောင်းလဲမှုမရှိသေးတဲ့အပြင် ရခိုင်ပြည် နယ်မှာ အင်တာနက်တွေကို အစိုးရက ဆက်ပြီးပိတ်ထားဆဲရှိနေတာကြောင့် COVID-19 ကပ် ဘေးရောဂါနဲ့ ပတ် သက်တွေ သတင်းအချက်အလက်တွေကို မသိရတဲ့ အခြေအနေဟာ အတော်လေးဆိုး ရွားကြောင်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုသွားပါတယ်။

ဇူလိုင် ၁၃ နဲ့ ၁၄ ရက် နှစ်ရက်ကြာပြုလုပ်တဲ့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့တွေကိုယ်စား AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီးက တုံ့ပြန်ဆွေးနွေးခဲ့ကြပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */