" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 28, 2020

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတိုးမြှင့်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်
28 မေ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းရှိ ဈေးတခု အတွင်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မေ ၁၅၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမှုတွေတိုးလာပြီး၊ သီးသန့် ခွဲစောင့်ကြည့်ခံရသူဟာလည်း ၁၅,၀၀၀ ဝန်းကျင် ရှိလာတာမို့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတဲ့သတင်း ပြော ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀ လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ၁၅ ရက်အတွင်း COVID-19 ကူးစက်ခံရသူ တဖြည်းဖြည်းတိုးလာပြီး လူဦးရေသိပ်သည်းနှုန်းများလို့ ရောဂါမြန်မြန်ပြန့် သွား မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ မေလ လယ်ပိုင်းလောက်က ဒုက္ခသည်တဦးထံမှာ COVID-19 ရောဂါပိုး စ တွေ့ရှိခဲ့တဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခသည်စုစုပေါင်း ၂၉ ဦးမှာ ရောဂါပိုး ဓါတ်ခွဲစမ်းသပ် တွေ့ ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ်ဆေးပေးခန်း ၂၀၀ ကျော်လောက် ပံ့ပိုးပေးတာ၊ ဒုက္ခသည်စခန်းထဲကကျန်းမာ ရေး လုပ်အားပေး အယောက် ၃,၀၀၀ လောက်ကို လေ့ကျင့်ပေးထားတာ ကြိုတင်လုပ်ပေးပေမဲ့ လက်တွေ့မှာတော့ လိုအပ်ချက်တွေရှိနေတယ်လို့ စခန်းနေ ဒုက္ခသည်တွေက ပြောပါတယ်။ နှာခေါင်း စည်းတခုကို ဘင်္ဂလားငွေ တာကာ ၂၀ ကနေ ၅၀ အထိခုန်တက်သွားပြီး ဒါက မြန်မာကျပ်ငွေ ၁,၀၀၀ ဝန်းကျင်ပါ။


SEE ALSO:
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ် ကူးစက်သူတိုးလာတာကြောင့် စည်းကမ်း ပိုတင်းကြပ်လာ
ကျန်းမာရေးစောင့်ရှောက်မှုအပြင် သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန်ရရှိဖို့လည်း လိုနေတယ်လို့ ကုတုပလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က VOA ကို ပြောပါတယ်။

“ပိုးတွေ့ရှိသူက လောလောဆယ်သိရသလောက် ၃၀ ကျော်မယ်လို့ ယူဆပါတယ်။ COVID-19 နဲ့ ပတ် သက်လို့ လူတွေက အင်မတန်မှ စိုးရိမ်နေရတယ်။ ကျနော်တို့ တောင်းဆိုချင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို ဖိအားပေးဖို့၊ အင်တာနက်တွေ ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

ဒုက္ခသည်စခန်းတွေမှာတော့ နေအိမ်အပြင်မထွက်ဖို့ ကန့်သတ်ပြီး ရဲ၊ စစ်သား၊ နယ်ခြားစောင့်တွေ ချထား ပေ မဲ့လည်း၊ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေတဲ့သူတွေ အများအပြားရှိနေတယ်လို့ ပြောပါတယ်။ လူဦးရေ ကြပ်သိပ်နေတဲ့ အခြေအနေမှာ ရောဂါပိုးမပြန့်အောင်ထိန်းချုပ်ရေး နိုင်နိုင်နင်းနင်း လုပ်ဖို့ခက်ခဲ လိမ့်မယ်လို့ အင်္ဂလန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ယက် BHRN အမှုဆောင်ဒါရိုက်တာဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော် တော်တော်စိုးရိမ်နေတာ ဘာလဲဆိုတော့ ဒီရက်ပိုင်းအတွင်းမှာတင် အဲဒီလို များများပြောင်း လာတာ တော်တော်ကြောက်စရာကောင်းတဲ့ လက္ခဏာ တခုဗျ။ Mask တို့ hand sanitizer တို့ စသဖြင့် ပစ္စည်းတွေက လည်း လုံလုံလောက်လောက် မရကြဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ပေါ်လစီတချို့ကလည်း ပြောင်း လဲ မှု လိုအပ်တယ်ဗျ။ ဘာလို့ဆို အင်တာနက် ပိတ်ထားတာ တခုကြောင့် ပညာပေးရေးနဲ့ ပတ်သက်လို့ information တွေက ကန့်သတ်လိုက်တဲ့ သဘော ဖြစ်သွားတာပေါ့။”


SEE ALSO:
မြန်မာပြည်တွင်း ရိုဟင်ဂျာတွေပေါ် အကာအကွယ်ပေးမှုအား နည်းကြောင်း လေ့လာသူတွေဝေဖန်
အာဟာရပိုင်း ချို့တဲ့နေတဲ့သူတွေများတဲ့ ဒီ ဒုက္ခသည်စခန်းတွေမှာ ရောဂါခံရနိုင်ရည်နည်းပါးလို့ နိုင်ငံတကာ အစိုးရတွေကလည်း ဝိုင်းဝန်းကူညီပေးဖို့ သူက တောင်းဆို ထား ပါတယ်။ ကော့ဘဇားက ဒုက္ခသည်စခန်းမှာ Corona ဗိုင်းရပ်စ် ဦးဆုံးကူးစက်ခံရသူကို မေလ ၁၄ ရက်မှာ စတွေ့ခဲ့တယ်လို့ ကုလအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

ကော့ဘဇားမှာ ရိုဟင်ဂျာ ၉၀၀,၀၀၀ နီးပါးရှိပြီး ဘင်္ဂလားဒေ့ရှိဒေသခံ ဘင်္ဂလီလူမျိုး ၄၀၀,၀၀၀ လောက် လည်း အနားတဝိုက်မှာ နေထိုင်ကြတာပါ။ မကြာသေးခင်ကလည်း ဆိုင်ကလုံး Amphan ဒဏ်ကို သူတို့ ခံစားခဲ့ရပြီး ဒီနေ့လည်း မိုးရွာ မြေပြိုမှုတွေ တချို့နေရာတွေမှာ ရှိခဲ့တယ်လို့ ဒုက္ခသည်တချို့က ပြောပါ တယ်။

ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြတဲ့ ဒီ မွတ်ဆလင်ဒုက္ခသည်တွေကို ရည်ညွှန်းတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို မြန်မာအစိုးရက လက်မခံပါဘူး။ ဒါပေမဲ့ ဒီလူတွေကို နေရပ်ပြန်ခေါ်သွားဖို့ကိုတော့ မူ အားဖြင့်သဘော တူထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */