" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 3, 2020

ICOE အစီရင်ခံစာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
03 ဖေဖော်ဝါရီ၊ 2020
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ရက်နေ့ က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ် တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အ ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှထုတ် ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါ ကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိ မယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာ ဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံ စမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေး တာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံ တာ မျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြား သလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြ ရ အောင် ပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အကြမ်းဖက် အဖွဲ့ကို မြန်မာ့တပ်မတော်က နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက် လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း ပြည်တွင်းမှာ ကော်မရှင် အမျိုးမျိုး ဖွဲ့ ပြီး စုံစမ်းစစ်ဆေးတာ လုပ်ခဲ့ပါတယ်။ အစိုးရဘက်က ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံ စမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းစေတာမျိုး ရှိသလို၊ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေ ဘက်ကလည်း သီးခြား ကော်မရှင်တွေ ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာ ထုတ်ပြန်တာ လုပ်ခဲ့ပါတယ်။ ဒီ ထုတ်ပြန်ချက်တွေ ကို နိုင်ငံတကာ အသိုင်းအဝိုင်းကယုံ ကြည်မှု မရှိသလို၊ လက်လည်း မခံကြပါဘူး။ အလားတူ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် FFMM ဖွဲ့ စည်းပေးတော့လည်း မြန်မာအစိုးရက အသိအမှတ်မပြု၊ ရခိုင် ပြည်နယ်မြောက်ပိုင်း ဝင်ရောက်ခွင့် မပေးလို့ ဘင်္ဂ လားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေလောက်ကိုပဲ သွား ပြီး မေးမြန်း အစီရင်ခံစာ ထုတ်တာမျိုး လုပ်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ICOE အဖွဲ့ ကောက်ချက် ချ တာကတော့ “ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် အစီရင်ခံ စာ များပါ ပြောဆို ရေးသားချက်များတွင် ကြီးမားသည့် ကွဲလွဲကွာ ဟချက်များတေ့ွရသကဲ့သို့ ၊ပြည်တွင်းအဖွဲ့အ စည်း များမှ ထုတ်ပြန်သည့် အစီရင်ခံစာများပါ ပြောဆိုရေး သား ချက် များတွင်လည်း အလားတူအခြေအနေ များကို တေ့ွရှိရပါသည်။” ဆိုပြီး ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေမှာဘင်္ဂလား ဒေ့ရှ် တစ်ဖက်ခြမ်းက ပြောဆိုချက်တွေကိုပဲ အခြေပြုထားပြီး ချဲ့ကားပြောဆိုမှုတွေ၊ တဆင့်ကြား ပြောဆိုမှုတွေ အများကြီး တွေ့ရသလို၊ မြန်မာနိုင်ငံဘက်က အစီရင်ခံချက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ တွေက ဘာ အမှားမှ မလုပ်၊ တစ်ဦးတစ်ယောက်ချင်းစီက အမိန့်မနာခံပဲ လုပ်တာမျိုး ရှိနိုင်တယ် ဆိုပြီး ဘာ ပြသနာမှ မရှိသယောင် ထုတ်ပြန်လေ့ရှိတာကို ဆိုလိုတာပါ။

အခု ICOE အစီရင်ခံစာကတော့ အဲဒီ နှစ်မျိုးစလုံးနဲ့ ခြားနားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေနဲ့ဆိုင် တဲ့ သမိုင်းကြောင်း၊ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေအနေ အဆင့်ဆင့် စတာတွေကို ဓမ္မဌိဌာန်ကျကျ ဖော်ပြ ထား ပါ တယ်။ ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခွင့်ပြုချက် မရလို့ ဒုက္ခသည်စခန်းရောက် မူဆလင်တွေကိုတွေ့ဆုံ မေးမြန်းခွင့် မရခဲ့ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင် အပါအဝင် ဒေသခံတွေ၊ တပ်မတော်သားတွေ အပါအဝင် လုံခြုံရေး တာဝန်ရှိသူ စုစုပေါင်း ၁၅၀၀ လောက်ကို တွေ့ဆုံမေးမြန်း စု ဆောင်းနိုင်ခဲ့ခြင်းဟာ ထူးခြား ပါတယ်။

ကော်မရှင်ရဲ့ တွေ့ရှိချက်တွေထဲမှာ ARSA အကြမ်းဖက် အဖွဲ့ကရော၊ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ ဘက်ကပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မက အရပ်သားတွေကို သတ်ဖြတ်တာ၊ အင်အား မမျှမတ သုံးစွဲတာ၊ လုယက်မှု ကျူးလွန်တာ၊ မူဆလင်တွေ စွန့်ခွာသွားတဲ့ နေအိမ်တွေ ကို ဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီးလည်း ဖော်ပြ ထား ပါတယ်။

တပ်မတော်ရဲ့ စစ်ဆင်ရေးကာလ သေဆုံးသူ အရည်အတွက်နဲ့ ပတ်သက်ရင် အစိုးရဘက်က ထုတ်ပြန်ထား တာ က ARSA အဖွဲ့ဝင် ၃၇၆ ယောက် အပါအဝင် စုစုပေါင်း လူအယောက် ၇၀၀ ကျော် သေဆုံး တယ်လို့ ဆို ပါတယ်။ ICOE အစီရင်ခံစာမှာတော့ မင်းကြီးရွာ တစ်ရွာထဲမှာကို လူ ၅၀၀ ကနေ ၆၀၀၊ ချွတ်ပြင်ရွာမှာ ၁၀၀ ဝန်းကျင်၊ မောင်နုရွာမှာ ၁၀၀ ကနေ ၂၀၀ ကြားသေဆုံးနိုင်တယ်လို့ ဖော်ပြပါတယ်။

အခြားကျေးရွာတွေမှာလည်း အသေအပျောက်တွေ ရှိခဲ့ပေမယ့် အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ ဟာ အစိုးရ ထုတ်ပြန်ချက်နဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲနေတဲ့ မူဆလင်ကျေးရွာသား ၆၀၀၀- ၇၀၀၀ လောက် သတ်ဖြတ်ခံလိုက်ရတယ် ဆိုတာနဲ့ပါ အတော်လေး ခြားနားတာ တွေ့မြင်ရပါတယ်။ အားဓ မ္မပြုကျင့်မှု မှာ ခိုင်လုံတဲ့ သက်သေ မတွေ့ရတာကလွဲရင် နေအိမ်တွေ မီးရှို့မှုတွေနဲ့ ပစ္စည်းခိုးယူမှုတွေကိုတော့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေကရော၊ အရပ်သားတွေပါ ကျူးလွန်ကြတယ်၊ အဓိကကျတာကတော့ ဒီလို ကျူးလွန်တာတွေကို လုံခြုံ ရေး တပ်ဖွဲ့တွေက တားမြစ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး တိတိကျကျ ထောက်ပြ ထားပါတယ်။ မြန်မာနိုင်ငံဘက် က ဒီ ထုတ်ပြန်ချက်မျိုးထွက်လာတာ ဒါ ပထမဦးဆုံးလို့ ပြောနိုင်ပါတယ်။

ICOE အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် တပ်မတော်ဘက်က ကြေငြာချက် တစ်ရပ် ထုတ်ပြန်ရာမှာအစီရင်ခံစာကို လေ့လာသွားမယ်၊ အစီရင်ခံစာမှာ ပါတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ့ရှိခဲ့ရင် စစ်ဘက် တရားရုံးတွေကနေ စစ်ဆေး အရေးယူ မယ်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ICOE အစီရင်ခံစာ တစ်ခုလုံးကို ခြုံငုံသုံး သပ်ကြည့်လိုက်ရင် နိုင်ငံတကာက စွပ်စွဲသလို မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာ၊ နေအိမ်တွေကို မီး ရှို့တာ၊ မီးရှို့တာတွေကို မတားဆီးတာ၊ ပစ္စည်းတွေကို ခိုးယူတာ စတာတွေကို ငြင်းပယ်ထားတာ မရှိ တဲ့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ချို့ လက်သင့်ခံနိုင်လောက်စရာ ရှိနေပါတယ်။ ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု မျိုးကိုတော့ ကျူး လွန် ခဲ့ခြင်း မရှိဘူး လို့တော့ ဆိုပါတယ်။

ဒါပေမယ့် ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေကို ဝင်ရောက် စုံစမ်းခွင့် မရခဲ့ တာ ကြောင့် ကုလသမဂ္ဂရဲ့ FFMM အစီရင်ခံစာကို ကျော်လွန်ပြီး အရေးပါဖို့ ဆိုတာကတော့ ဖြစ်နိုင်ဖွယ် သိပ်မရှိ သေးပါဘူး။ အစီရင်ခံစာထဲမှာ ဘင်္ဂလားဒေ့ရှ် ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံ မေးမြန်း စုံ စမ်း ဖို့ အပါအဝင် အ ချက်တစ်ချို့ကို ဆက်ပြီး လုပ်သင့်သေးကြောင်း အကြံပြုထားတာကြောင့် စုံစမ်းမှု တစ် ချို့ ကို အသေးစိတ်ဆက် ပြီး လုပ်နိုင်ရင်၊ အစီရင်ခံစာပါ အရပ်ဘက် စစ်ဘက် ရာဇဝတ်မှု ကျူးလွန်တာတွေကို တိတိကျကျ အရေးယူပြနိုင် ရင် အစီရင်ခံစာရဲ့ သက်ရောက်မှု အားကောင်းလာမှာ ဖြစ်သလို၊ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ လျော့ကျ လာ နိုင်ဖွယ်ရာ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */