Friday, February 28, 2020

ရိုဟင်ဂျာအမှု ICJ မှာ မော်လဒိုက် ရဲ့လျှောက်ထားချက် အလားအလာ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုဇော်ဝင်းလှိုင်
28 ဖေဖော်ဝါရီ၊ 2020
 ICJ နိုင်ငံတကာတရားရုံး 
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ် စွဲချက်တွေနဲ့ ကြားဖြတ် ဆောင်ရွက်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အဆိုပြုချက်ကို ICJ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ချက် ချထားပြီးဖြစ်တဲ့အတွက် Maldives နိုင်ငံက မကြာခင်မှာ ကြားဖြတ်အမှု တင်သွင်းမယ်လို့ ပြောလိုက်ခြင်းက ဒီအမှုကို ပြောင်းလဲသွားစေမှာမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Indiana တက္က သိုလ်က နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုများဆိုင်ရာ ပါမောက္ခ Timothy Waters က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး ICJ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းမယ့်အကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ Maldives နိုင်ငံခြား ရေးဝန်ကြီး Abudulla Shahid က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တင်ပြခဲ့သလို OIC အစ ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ် ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ Maldives နိုင်ငံခြားရေးဌာနက လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပါမောက္ခ Timothy Waters ဟာ အမေရိကန်ပြည်ထောင်စု၊ Indiana တက္ကသိုလ်မှာ နိုင်ငံတကာ စစ်ရာဇဝတ် မှု နဲ့ ရာဇဝတ်မှုတွေကို သင်ကြားပို့ချနေသူ တဦးဖြစ်တဲ့အပြင်၊ ICJ မှာ ကြားနာခဲ့တဲ့ ၁၄ နှစ်ကြာ ယူဂိုဆလား ဗီးယား စစ်ရာဇဝတ်မှုမှာ တရားလို အကျိုးဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။ သူ က လူမျိုးတုံး သတ်ဖြတ်မှုဟန့်တားရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုက တခြားအဖွဲ့ဝင် နိုင်ငံတခုကို တရားစွဲဆိုပိုင်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ဂမ်ဘီယာနိုင်ငံက တင် သွင်းပြီးဖြစ်တဲ့ စွဲချက်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ စွဲချက်မျိုး Maldives နိုင်ငံက တင်သွင်းမှာဖြစ်တဲ့အတွက် အခြေခံအားဖြင့် ဒီအမှုဟာ ထူးခြား ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ICJ မှာ ဂမ်ဘီယာနိုင်ငံက တင်ထားတဲ့အမှုမှာ Maldives နိုင်ငံပါဝင်လာခြင်းဟာ လုပ်ထုံးလုပ်နည်းအရ ပြဿနာမရှိပါဘူး။ ဒီလိုအမှုမျိုးမှာ နိုင်ငံတနိုင်ငံထက်မက ပိုပြီး ပါဝင်လာတာကလည်း ကြီးမားတဲ့ ထူးခြား ပြောင်းလဲမှု မရှိပါဘူး။ ဒါပေမယ့် အမှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့နေရာမှာတော့ ထူးခြားချက် ရှိနိုင် ပါတယ်။ ထူးခြားမှုရှိနိုင်တာကတော့ Amal Clooney လို နာမည်ကြီး နိုင်ငံတကာ ရှေ့နေတဦးကို ငှားရမ်း လိုက် တဲ့အတွက် ဒီအမှုကို ပိုသိလာ၊ ပိုစိတ်ဝင်စားလာမယ် စတဲ့ ထူးခြားချက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် တနိုင်ငံကနေ နှစ်နိုင်ငံဖြစ်လာတဲ့အတွက် အမှုပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုကတော့ သိပ်ပြီး ထူးခြား ပြောင်းလဲသွားမယ်လို့ ကျနော် မထင်ပါဘူး။”

ဒါပေမယ့် Maldives နိုင်ငံက အမှုကို ဘယ်လိုပုံစံနဲ့ တင်သွင်းမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ Maldives က အခုလို လုပ်ဆောင်လာခြင်းဟာ မြန်မာနိုင်ငံအပေါ် ကြားဖြတ်ဆောင် ရွက် ချက် တွေ ပိုမို ချမှတ်နိုင်အောင် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ပိုရလာရေး မဟာမိတ်ဖွဲ့ လုပ်ဆောင် တာ ဖြစ်နိုင်ကြောင်း၊ ရှေ့နေ Amal Clooney ကို ငှားလိုက်ခြင်းဟာလည်း အဲဒီသဘောကို ဦးတည်နေကြောင်း ပါမောက္ခ Timothy Waters က ပြောပါတယ်။

ဒါပေမယ့် ICJ က မကြာသေးခင် လပိုင်းအတွင်းကဘဲ ဆုံးဖြတ်ချက်ချထားပြီးသား အမှုတခုကို Maldives နိုင်ငံက အလားတူစွဲချက်တွေနဲ့ဘဲ ထပ်မံ တင်သွင်းသလို ဖြစ်မနေဘူးလားလို့ မေးတဲ့အခါမှာတော့

“ခင်ဗျားမေးတာ မှန်ပါတယ်။ သူတို့ရဲ့ စွဲချက်တွေဟာ ထပ်တူလို ဖြစ်နေပါတယ်။ နိုင်ငံတခုထက်မကတဲ့ နိုင် ငံတွေက အလားတူ စွဲချက်တွေကို ထပ်ခါတလဲလဲ တင်သလို ဖြစ်နေတာကြောင့် ဒါတွေအားလုံးကို အမှု တခုထဲဘဲအဖြစ်နဲ့ တရားရုံးဘက်က ရှုမြင်မယ်ဆိုလည်း ရှုမြင်လို့ ရနိုင်ပါတယ်။”

ဘယ်လိုဘဲဖြစ်ဖြစ် ဂမ်ဘီယာနဲ့ မြန်မာအကြား ရင်ဆိုင်နေတဲ့ အမှုကို စီရင်ချက်ချနိုင်ဖို့ကိုက နှစ်ပေါင်း များစွာ ကြာနိုင်သေးတယ်လို့ ပါမောက္ခ Waters က သုံးသပ်ပါတယ်။

“နှစ်အတန်ကြာတဲ့အထိ ဒီအမှုကို တရားရုံးက ဆုံးဖြတ်ချက်ချနိုင်ဦးမယ် မထင်ပါဘူး။ အကောင်းဆုံး ဥ ပမာတခုကို ပြောရမယ်ဆိုရင် ICJ က ကြားနာခဲ့တဲ့ ယူဂိုဆလားဗီးယားနိုင်ငံက Bosnia နဲ့ Serbia တို့ အကြားက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမှုဘဲ ဖြစ်ပါတယ်။ အဲဒီအမှုကို ဆုံးဖြတ်ချက်ချနိုင်ဖို့ ၁၄ နှစ်လောက် ကြာခဲ့ပါတယ်။”

ICJ အမှုတွေဟာ ပုံမှန်အားဖြင့် လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သက်ဆိုင်လေ့ မရှိဘူးလို့ ဆိုပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ရေတိုနဲ့ ရေရှည်မတိုင်မီကာလတွေမှာ ကြား ဖြတ် ဆောင်ရွက်တွေ ချမှတ်ရေးနဲ့ ပိုသက် သက်ဆိုင်လေ့ရှိတယ်လို့ ပါမောက္ခ Waters က ပြောပါတယ်။

ဂမ်ဘီယာနဲ့ မြန်မာအမှုအတွက် ကနဦး အယူခံဝင်ဖို့ အချိန်ပေးတာဟာ တနှစ်လောက်ဖြစ်နေတာကြောင့် အဲဒီနောက်မှာ နှစ်ဘက် အပြန်အလှန် လျှောက်လဲချက်တွေ တင်ကြဦးမှာဖြစ်တဲ့အတွက် အားလုံး ပြီးဆုံး တဲ့အချိန်အထိဆို နှစ်ပေါင်း များစွာ ကြာနိုင်တယ်လို့ ပါမောက္ခ Waters က ခန့်မှန်းပါတယ်။

အဲဒါတွေနောက်မှာမှ Maldives က တင်သွင်းမယ့် ကြားဖြတ်အမှုကို စဉ်းစားဖို့ ဖြစ်နိုင်ခြေရှိတာကြောင့် တရားရုံးရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ပုံမှန်လုပ်သွားမယ်ဆိုရင်တောင် ကြာတတ်လေ့ ရှိတာကြောင့် တကယ်တမ်း Maldives ရဲ့ တင်ပြချက်တွေကို ကြားနာဖို့ဟာလည်း နှစ်အတော်ကြာနိုင်သေးတယ်လို့ ပါမောက္ခ Waters က သုံးသပ် ပြောဆိုလိုက်ပါတယ်။

 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */