" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 30, 2020

ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး

ဧရာဝတီ
By ကျော်ဖြိုးသာ
30 January 2020
ICJ တရားရုံးတွင် မြင်တွေ့ရသည့် မြန်မာရှေ့နေ အဖွဲ့ / ICJ

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံ ကို စွဲဆိုထားသော လူမျိုးတုံး သတ်ဖြတ်မှုအတွက် ပဏာမ လျှောက်လှဲချက်များ ပေးရန် ရက်ချိန်းကို နိုင်ငံ တ ကာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က ရဲကင်းများအား တိုက်ခိုက်မှုကို တု့န်ပြန်သည့် အနေ ဖြင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင် ရွက်ပြီး နောက် ရခိုင်ပြည်နယ်မှ မွတ်ဆလင် ၇ သိန်းကျော် ထွက်ပြေးခဲ့သည်။

ထိုစစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ပါဝင်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေး သူများ က ပြောသည်။ မြန်မာ့တပ်မတော်နှင့် အစိုးရတို့က ထိုစွပ်စွဲချက်များကို ငြင်းဆန်သည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲပြီး အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ တွင် နိုဝင်ဘာလက တရားစွဲထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရှိနေဆဲဖြစ်သည့် မွတ်ဆလင်များကို ကာကွယ်ရန် ကြားဖြတ် အစီအမံများ အ ကောင်အထည်ဖေါ်ရန် ဂမ်ဘီယာနိုင်ငံကတောင်းဆိုသည့်အတိုင်း နိုင်ငံတကာ တရားရုံးက လွန်ခဲ့သော အပါတ် က အမိန့်ချခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် ပင်မ လူမျိုးတုံးသတ်ဖြတ်မှု စီရင်မှုအပေါ် သြဇာသက်ရောက်မှုမရှိကြောင်း နိုင်ငံတ ကာ တရားရုံးကပြောသည်။ ထိုအမှုအတွက် စီရင်ချက်ချရန် တရားသူကြီးများသည် နှစ်ပေါင်းများစွာ အချိန် ယူရမည် ဖြစ်သည်။

ထိုသို့ဆုံးဖြတ်ပြီး တပါတ်မပြည့်မီတွင် ဂမ်ဘီယာသည် ပင်မ အမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ လျှောက်လှဲ ချက် ကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နေ့တွင် ပြန်လည် လျှောက်လှဲရမည်ဖြစ်ကြောင်း နိုင်ငံတကာ တရားရုံးက အင်္ဂါနေ့တွင်ကြေညာသည်။

လက်တွေ့တွင် ထို ရုံးချိန်း သတ်မှတ်ချက်သည် နှစ်နိုင်ငံလုံးက တောင်းဆိုထားသည်ထက် စောနေသည်။ လွန်ခဲ့ သောနှစ် ဒီဇင်ဘာလက နိုင်ငံတကာတရားရုံးတွင် အများပြည်သူ ရှေ့မှောက် ကြားနာစဉ်အတွင်း ဂမ်ဘီယာက လျှောက်လှဲချက်တင်ရန် အချိန် ၉ လတောင်းခဲ့ပြီး မြန်မာနိုင်ငံက ပြန်လှန်လျှောက်လှဲရန် အလားတူအချိန်ကို တောင်းခံသည်။

ထို လျှောက်လှဲချက် ရုံးချိန်း အမိန့်သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အသက်ဝင်သည်ဟု နိုင်ငံတကာ တ ရား ရုံးက ကြေငြာသောကြောင့် ဂမ်ဘီယာ အနေဖြင့် ပြင်ဆင်ရန် အချိန် ၆ လ ရမည်ဖြစ်ပြီး ဂမ်ဘီယာ နောက်တွင် ပြန်လည် လျှောက်လှဲရမည့် မြန်မာ အနေဖြင့်လည်း အချိန် ခြောက်လ သာ ရမည်ဖြစ်သည်။

ယခုအမှုနှင့် ၎င်း၏ လေးနက်မှု၏ ထူးခြားသော အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး ယခုကဲ့သို့ ကြေ ညာ ဖြစ် ကြောင်း ICJ က ဆိုသည်။

နိုင်ငံတကာတရားရုံးသည် အမှုကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စစ်ဆေးရန် စိတ်ထက်သန်နေပုံ ရကြောင်း နိုင်ငံ တ ကာ ဂျူရီလူကြီးများကောင်စီ၏ ကမ္ဘာ့တာဝန်ခံမှုအစီအစဉ်မှ ကင်းစလေ အက်ဘော့က ဧရာဝတီ သတင်း ဌာနသို့ပြောသည်။

ကင်းစလေ အက်ဘော့ က “ယခုအမှုနှင့် ၎င်း၏ လေးနက်မှု၏ ထူးခြားသော အခြေအနေများကို ထောက် ရှုပြီး တရားရုံးက ပါဝင်ပတ်သက်သူတွေကို သူတို့တောင်းဆိုတဲ့အတိုင်း မဟုတ်ဘဲ လျှောက်လှဲချက် တင် သွင်းဖို့အချိန် ၆ လအောက်ပဲပေးတာဟာ ကြားနာစစ်ဆေးမှုကို တတ်နိုင်သမျှ အချိန်မကုန်ဘဲ ဆက်စစ် ချင်တဲ့ သဘောကိုပြ နေတယ်” ဟု သူပြောသည်။

ကြားဖြတ်အစီအမံများနှင့် ပတ်သက်သည့် လွန်ခဲ့သောအပါတ်က နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက် အပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထိုဆုံးဖြတ်ချက်ကို မှတ်သားထားကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲသကဲ့သို့ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိသည့် မြန်မာနိုင်ငံ၏ အမြင်ကို ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေကလည်း အင်္ဂါနေ့က နိုင်ငံပိုင် မီဒီယာတွင် ထိုအမှု နှင့်ပတ်သက်သည့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် လူမျိုးတုန်း သတ်ဖြတ်မှု ကျူး လွန်ခြင်း မရှိ ကြောင်း ထပ်မံပြောကြားသည်။

ဦးကျော်တင့်ဆွေ က “ဒီလိုမဖြစ်ခဲ့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လို့တရားရုံးကိုကျနော်တို့အထောက် အထား တင်ဖို့လိုတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး အကောင်းဆုံး ဥပဒေပညာရှင်အဖွဲ့ကို ငှား ထား တယ်။ သူတို့ ကလည်း ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်မှု မရှိဘူးဆိုတာကို ယုံကြည်လို့ အမှုကိုလက် ခံထားတယ်” ဟု ပြော သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း တွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ ၏ ICJ Gives The Gambia, Myanmar Just Six Months to Prepare Pleadings in Genocide Case ကို ဘာသာပြန်သည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */