Friday, January 24, 2020

ICJ ဆုံးဖြတ်ချက် ပြည်ပရောက် တိုင်းရင်းသားတချို့ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဇန္နဝါရီ၊ 2020
ကိုဉာဏ်ဝင်းအောင်
ICJ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ် ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေး ပေါ် လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်ကို ပြည်ပရောက် တိုင်းရင်းသားတချို့က ကြိုဆိုလိုက်ကြပြီး၊ ဒီဆုံးဖြတ် ချက်ဟာ လူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်မလုပ်ရအောင် ဟန့်တားလိုက်တဲ့သဘော ဖြစ် တယ်လို့ သုံးသပ်ကြပါတယ်။
ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်မဖြစ်ရအောင် တားဆီးပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ကြားဖြတ် အရေးပေါ် စီမံမှုဆုံးဖြတ်ချက် (၄)ချက်ကို ICJ တရားရုံးက ကြာသပတေးနေ့မှာ ချမှတ်ခဲ့တာပါ။ 
ICJ ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေက လူထုအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ ဆက်မလုပ်ရအောင် ဟန့်တားလိုက်တဲ့ သဘောဖြစ်တယ်လို့ အမေရိကန် ကယ်လီဖိုးနီး ယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ် ပါတယ်။

“ICJ ကနေ ထုတ်ပြန်လိုက်တဲ့ အချက် ၄ ချက်ထဲမှာ မြန်မာနိုင်ငံဟာ ဒီလို မတရားမှုတွေ ပြစ်မှုတွေ ကျူး လွန်နေတယ်ဆိုတာကို သူတို့အနေနဲ့ အသိအမှတ်ပြုတဲ့ သဘောဖြစ်တယ်လို့ ကျနော်မြင်တယ်။ နောက် ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှု ရောက်သွားအောင် မလုပ်ဖို့ အစိုးရအနေနဲ့ ကာကွယ်ပေးဖို့ ဟန့်တားပေးဖို့ သူတို့အနေနဲ့ ပြောတယ်လို့ ကျနေ်ာမြင်တယ်။ တကယ်လို့ မြန်မာနိုင်ငံအစိုးရက ဒီ ICJ ရဲ့ ဆုံးဖြတ်ချက် အ ချက်အလက်တွေကို လုပ်ပေးမယ်၊ ကာကွယ်ပေးမယ်ဆိုရင် မြန်မာပြည်အတွက်တော့ ကောင်းမယ်လို့ မြင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်လျောတယ်။ တကယ်လည်း လူမျိုး တုံးသတ်ဖြတ်မူမဖြစ်အောင် ကာကွယ်ပေးတယ်ဆိုရင် ဒါ ကျနော်တို့ အနာဂတ် မြန်မာနိုင်ငံရဲ့ သိက္ခာနဲ့ နာမည် ပြန်ပြီးတော့ ဆယ်နိုင်မယ်လို့ မြင်ပါတယ်။”

ICJ က အခုလို ဆုံးဖြတ်ချက်တွေ ချမှတ်လာရတာဟာ ရခိုင်မြောက်ပိုင်းအရေးမှာ စစ်တပ်ရဲ့လုပ်ဆောင် ချက်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပြီး၊ တကယ်တမ်းမှာတော့ မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေ သတွေမှာပါ နှစ်ကာလရှည် ကျူးလွန်ခဲ့တာတွေဟာ လူမသိသူမသိ ဖြစ်ခဲ့ရတာကြောင့် ICJ ဆုံးဖြတ်ကို ကြိုဆိုတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွန်ဆမ်က ပြောပါ တယ်။

“ဒီကြားဖြတ်ကာလမှာ အစီအမံတွေလုပ်ပေးမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လိုက် လိုက်လဲလဲ ကြိုဆိုပါတယ်။ စစ်တပ်ကနေပြီးတော့ သိလျက်နဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ နိုင်ငံတကာကနေပြီးတော့ တုံ့ပြန်မှု မရှိဘူးလို့ ထင်မြင်ယူ ဆခဲ့လို့ လည်း ဒီလူတွေကို သတ်ဖြတ်ခဲ့တယ်။ အခု ဒီလိုအခြေအနေ ရောက်သွားတော့ နိုင်ငံတကာကနေ စောင့် ကြည့် နေတယ်။ အရေးယူဖို့ အဆင်သင့်ရှိတဲ့အနေအထားကို ရောက်သွားတဲ့အချိန်မှာ စစ်တပ်က နေပြီး တော့ အရင်အတိုင်းလိုမျိုး လက်လွတ်စပယ် အရင်ကလိုမျိုး ကျူးလွန်မူတွေလုပ်ဖို့ ခဲယဉ်းသွားတာပေါ့။ ဥပမာ - ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စ၊ ကချင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက တကယ့်ကို ကျူးလွန်သူတွေက အခု ရခိုင်မှာရော ပြန်ကျူးလွန်နေတာပေါ့နော်။ ရခိုင်မှာ လုပ်တာက နိုင်ငံတကာမှာ အရေးယူမှု ထဲမှာ ပါဝင်လာ တယ်ဆိုတော့ ရခိုင်မှာဖြစ်ဖြစ် ၊ ကချင်မှဖြစ်တာတွေကတော့ တူညီတယ်လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ နောက်ဆုံး ဦးစီးကွပ်ကဲတာက တဦးတယောက်ပဲ ဖြစ်နေတယ်ဆိုတော့ ချိုးဖောက်တဲ့လူတွေက တူနေတယ်။ အဲလိုဆိုတော့ ကျနော်တို့က ကြိုဆိုရမယ်လို့ ပြောတာပါ။”

တကယ်တော့ ICJ ရဲ့ဆုံးဖြတ်ချက်ဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ရှင်းလင်း သုတ်သင်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အခြေခံပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်း သားတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာက သတိမထားမိကြသေးဘူးလို့ အမေရိကန် ရောက် ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံက ထောက်ပြပါတယ်။

“ လူမျိုးတုံးသတ်ဖြတ်မှုတွေက မြန်မာပြည်မှာ ဖြစ်ပေါ်နေတာကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်းအ ကာ အကွယ်ပေးဖို့၊ ရပ်ပေးဖို့ အဲလိုဆုံးဖြတ်ချက်တခုပါပါတယ်။ အဲဒီတော့ ICJ ဆုံးဖြတ်ချက်က ဘာပဲဖြစ် ဖြစ် လူသားမျိုးနွယ်ကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒါကိုတော့ ထောက်ခံပါတယ်။ အခုလော လော ဆည်ကတော့ သူတို့ကတော့ လူတစုတဖွဲ့ပေါ့နော်၊ အဲဒါကို Target ထားပြီးတော့ ပြောသွားတာကို ကျနော်တို့ တွေ့ရတယ်။ သို့သော် မြန်မာပြည်ထဲမှာ ကျနော်တို့ တကယ့် တိုင်းရင်းသားတွေလည်း ဒီလို နည်းနဲ့ ခံနေရတယ်။ အခုလက်ရှိဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဒီအတိုင်းသေကျေနေတယ် ။ စစ်တပ် က မျိုးစုံ သတ်ဖြတ်နေတာရှိတယ်။ သို့သော် ကမ္ဘာကနေပြီးတော့ အခုလောက်အထိ အာရုံစိုက်လာ နိုင် အောင် တွန်းအားပေးဖို့ ဝိုင်းဝန်းပြီးတော့ လုပ်ဖို့အတွက် ကျနော်တို့မှာ ကျောထောက်နောက်ခံတွေ မရှိ ဘူးဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဒီဟာကိုတော့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းပြီးတော့ ကမ္ဘာက သိလာ အောင် အရေးယူလာနိုင်အောင် ဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပယ်ချထားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားသူတွေ နေရပ်ပြန်လာ ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်အစီအမံ (၄)ချက်ထဲမှာ မြန်မာစစ်တပ်ဖြစ်စေ၊ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုက ဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို မကျူး လွန်နိုင်အောင်၊ ကျူးလွန်ဖို့ လှုံ့ဆော်မှု မလုပ်နိုင်အောင် မြန်မာနိုင်ငံအနေနဲ့ အဲဒီအဖွဲ့အစည်း တွေကို ထိန်းချုပ် ကိုင်တွယ်ရမယ်ဆိုတဲ့ အချက်ပါဝင်တာကြောင့် လက်ရှိ NLD အစိုးရဟာ တပ်မတော် အပါ ဝင် လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာကိုတော့ ပြည်ပရောက်တိုင်းရင်းသားတွေက မေးခွန်းထုတ်နေကြပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */