Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်

11 ဇန္နဝါရီ၊ 2020
 တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန်မာ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမ ဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။

မြန်မာနိုင်ငံဘက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို လာမယ့် ဇန်နဝါရီလ ၁၇ ကနေ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွား ရောက်လည်ပတ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက မနေ့ သောကြာနေ့က တရားဝင် ကြေ ညာ လိုက်တာပါ။ ကမ္ဘာမှာရော ဒေသတွင်းမှာပါ သြဇာကြီးမားတဲ့ တရုတ်နိုင်ငံ သမ္မတရဲ့ ၂၀၂၀ ပြည့်နှစ် အတွက် ပထမဆုံး ပြည်ပခရီးစဉ်ကို ဒေသတွင်းက မြန်မာနိုင်ငံကို သွားရောက်ဖို့ ရွေးချယ်လိုက်တာဟာ တရုတ် -မြန်မာ နှစ်နိုင်ငံကြား သံတမန်ရေးဆိုင်ရာ ထူးခြားမှုအဖြစ် တရုတ်-မြန်မာအရေး အကဲခတ် ဒေါက် တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“မနေ့က သူတို့ကြေညာချက်ထဲမှာ ထူးခြားချက်တခုပါတယ်။ အဲဒါက ဘာလဲဆိုတော့ သမ္မတ Xi Jinping ရဲ့ ၂၀၂၀ နှစ်သစ်မှာ ပြည်ပခရီးစဉ်ထဲမှာ ဒီ ဗမာပြည်ခရီးက ပထမဆုံးခရီးလို့ ပြောသွားတယ်။ ဒါက ဘာကို ဖော်ပြလဲဆိုတော့ တရုတ်ရဲ့ သံခင်းတမန်ခင်း လုပ်ဟန်ကိုကြည့်ရင် ဒီလို ပြည်ပခရီးစဉ်ကို ဒီနှစ်အတွင်း ပထမဆုံးထွက်တာ ဒီနှစ်တွင်းမှာ သူလုပ်မယ့် ဦးစားပေးဒေသ၊ ဦးစားပေး ရောင်ပြန်ဟပ်ချက်ပဲ။ ဒီဟာတွေ ကိုကြည့်ပြီး လူတွေက အကဲဖြတ်နိုင်တယ်။ အာရှတိုက်က ဗမာပြည်ကို အာဆီယံထဲက ဗမာပြည်ကိုလာ တာ ထူးခြားချက်တွေ ရှိမယ်လို့ ကျမထင်တယ်။ ဘာထူးခြားလဲဆိုတော့ ၂၀၂၀ မှာ တရုတ်ရဲ့ သံခင်း တမန် ခင်းအရ ဦးစားပေးလုပ်ငန်းက တစ်အချက် RCEP၊ နောက် ဒုတိယအချက်က အာဆီယံနဲ့ တရုတ်နဲ့ ချုပ်ဆို မယ့် တောင်တရုတ်ပင်လယ်တွင်းက Code of Conduct ပေါ့၊ အဲတော့ အဲဒီနှစ်ခုလုံးမှာ ဗမာပြည်က အာဆီ ယံနိုင်ငံတွေထဲမှာ ပါနေတယ်။ ဒီဘက်မှာ ပြဿနာတက်နေတာ ဗမာပြည်ပဲ။ ဗမာပြည်ရဲ့ အဓိကပြဿနာက ပြည်တွင်းငြိမ်းချမ်းရေး မရှိဘူး။ ပြည်တွင်းတည်ငြိမ်မှု မရှိဘူး။ အဲဒီဟာကို ဦးစားပေးတဲ့ အနေနဲ့ လာတာလို့ ကျမယူဆတယ်။”

တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ရခိုင်ပြည်နယ်အရေးကိစ္စလို နိုင်ငံတကာခုံရုံးအထိ သွားရင်ဆိုင် နေရတဲ့ မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေအပေါ် တနည်းတဖုံ သက်ရောက် မှု ရှိနိုင်ပါတယ်လို့ တရုတ်နိုင်ငံက တက္ကသိုလ်တွေမှာ နိုင်ငံရေးဆိုင်ရာ လေ့လာခဲ့တဲ့ ရှမ်းပြည်နယ် သီပေါ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက အခုလို ရှုမြင်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အရေးကြီး၊ သူတို့အတွက်လည်း အရေး ကြီးတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပေါ့ အဲဒီကိစ္စ သေသေချာချာ ဆွေးနွေးလိမ့်မယ်ထင်တယ်။ သုံးခုပေါ့ အဓိကတော့ ငြိမ်းချမ်းရေးကိစ္စရယ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရယ်၊ အနောက်ဘက်က ဘင်ဂါလီ အရေးကိစ္စရယ်။ ငြိမ်းချမ်းရေးကိစ္စကလည်း သူမလာခင်မှာ ဆွန်းကော်ရှင်း သွားလည်တဲ့ဥစ္စာ ကျနော်ခန့် မှန်းတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့တဲ့အခါမှာ နည်းနည်း ခိုင်ခိုင်မာမာရှိတဲ့ ကတိ တခုခု ပေးချင်ပုံရပါတယ်။ အဲဒါကြောင့်မို့ သွားပြီးတော့ ကြိုပြီးတော့ ကြည့်ထားတယ်လို့ ထင်တယ်၊ ဒီအ ဖွဲ့တွေကို။ ဆိုလိုချင်တာကတော့ လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဖို့ဆိုတဲ့ဟာမျိုးပေါ့။ တခုခု ထူးထူးခြားခြား ခြေလှမ်းတခု သိသိသာသာ တိုးလာတဲ့ဟာမျိုးကို ရချင်လို့ သွားပြီးတော့ ညှိနှိုင်းတယ်လို့ ထင်တယ်။”

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော မြန်မာအစိုးရ စစ်တပ်ကြား သြဇာကြီးမားတဲ့ တရုတ်အစိုးရဘက်က ဘယ်လိုကြားဝင် ညှိနှိုင်းဖြေရှင်းမှုတွေ ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိပါသလဲ။

တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် တရားဥပဒေ စိုးမိုး ရေးတွေအတွက် တရုတ်ဘက်က စွမ်းဆောင်နိုင်သလောက် ဝင်ရောက်ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ဗမာနဲ့ Economic Corridor ဆိုပါတော့ အဲဒီလမ်း ဖြတ်သွားမယ့် လမ်းတလျှောက်မှာ အကုန်လုံးက လက် နက် ကိုင် တော်လှန်ရေး အင်အားစုတွေ ရှိတဲ့လမ်းတွေဖြစ်တယ်။ အဲတော့ ဒီစာချုပ်တွေကို လုပ်မယ်ဆိုရင် စစ်တပ်ရော၊ အစိုးရရော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးကြရမယ့် ကိစ္စ တွေပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်းကြား။ ဗမာ့တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့ အ စည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဗမာ့တပ်မတော်ရယ် လက်နက်ကိုင်အဖွဲ့အစည်းရယ် အစိုးရရယ်ပဲဖြစ်ဖြစ် အဲလို ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ဘုံသဘောတူညီချက် ရအောင် ရှာလာနိုင်မယ်လို့ သူတို့ တွက်ပုံရတယ်။ မနေ့ကပြောသွားတဲ့ အထဲမှာတော့ ဖွံ့ဖြိုးတိုးတက်ရေး မျှဝေဖို့အတွက် သွားတာပါဆိုပြီး ပြောတယ်။ အဲ တော့ ဖွံ့ဖြိုးတိုးတက်ရေး ရရှိဖို့ဆို တည်ငြိမ်ရေးက အဓိက ဖြစ်တာကိုး။ တည်ငြိမ်ရေး ရရှိဖို့အတွက်လည်း နည်းလမ်းတွေ ဆွေးနွေးပွဲတွေ အပြန်အလှန် ထိန်းညှိမှုတွေ ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ ငြိမ်းချမ်း ရေးအတွက်တော့ အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။”

တရုတ်သမ္မတ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်မယ့် ဒီခရီးစဉ်အတွင်း မြန်မာသမ္မတ ဦး ဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အစိုးရနဲ့ တပ်မတော် ထိပ် တန်း အရာရှိတွေကိုလည်း တွေ့ဆုံမှာဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြော ပါတယ်။ ဒါ့အပြင်တရုတ်နဲ့ မြန်မာနိုင်ငံအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အခြေခံမူ ၅ ချက်ကို ဆုပ်ကိုင်ထားပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေး အရ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေမှာ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး Luo က အလေးထား ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရအာဘော် Global Times သတင်းစာကလည်း ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်နဲ့ မြန်မာ သံတမန် ဆက် ဆံရေး ထူထောင်တဲ့ အနှစ် ၇၀ ပြည့် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက အကဲခတ်တွေ၊ စီးပွားရေး လုပ် ငန်းရှင်တွေက အခုခရီးစဉ်ဟာ အရေးပါလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */