Wednesday, December 11, 2019

ICJ တွင် မြန်မာနိုင်ငံကို တရားစွဲမှု စတင်ကြားနာ

7DAY DAILY
သတင်းအဖွဲ့ 
Wednesday, December 11, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ပထမနေ့ကြားနာမှု၌ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပဥပဒေပညာရှင်များကို
ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)
 


■ ဂမ်ဘီယာရှေ့နေအဖွဲ့က ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနှင့် မြန်မာ့လူ့အခွင့် အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ အထောက်အထားများကို အဓိကကိုးကားတင်ပြ

■ ဒေါ်အောင်ဆန်းစုကြည် ကြားနာပွဲတက်၊ မြန်မာနိုင်ငံ၏ရှေ့နေအဖြစ် ပါမောက္ခ ဝီလျံရှာဘတ်စ်ကို ငှားရမ်းထား

■ မြန်မာနိုင်ငံတွင် ကျန်ရှိသော ဘင်္ဂါလီခြောက်သိန်းခန့်သည် ဂျီနိုဆိုက်အန္တရာယ်ကြုံနိုင်သဖြင့် ကာကွယ် တားဆီးရန်ဆိုကာ ကြားဖြတ်စီမံဆောင်ရွက်ချက်ချပေးရန် ဂမ်ဘီယာရှေ့နေအဖွဲ့က ICJ သို့လျှောက်ထား

မြန်မာနိုင်ငံအား လူမျိုးတုံး သတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက် သည်ဆိုကာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် ယမန်နေ့က ပထမ ဆုံးကြားနာမှုတွင် ဂမ်ဘီယာကိုယ်စားလှယ်နှင့် ရှေ့နေခုနစ်ဦးတို့က သုံးနာရီကျော်ကြာ နှုတ်ဖြင့်လျှောက် လဲတင်သွင်းခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးမှ ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြသူများ (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)
 
 အဆိုပါ ကြားနာမှုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဦးကျော်တင့်ဆွေ၊ ဝန်ကြီး ဦးကျော်တင်နှင့် မြန်မာက ငှားရမ်းထားသည့် ရှေ့နေအဖွဲ့က ရှေ့ဆုံးတန်းမှ တက်ရောက်နား ထောင်ခဲ့သည်။

၁၉၉၁ ဒီဇင်ဘာ ၁၀ ရက်က ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် (၂၈)နှစ်တိတိ အကြာ တွင် JCJ ၌ မြန်မာအပေါ် တရားစွဲဆိုမှုကို ဦးဆောင်ရင်ဆိုင်ခဲ့ခြင်းမှာလည်း ထူးခြားသော တိုက်ဆိုင် မှုဖြစ် သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိသူများထဲမှ နိုင်ငံတကာ တရားရုံးတွင် ဂျီနိုဆိုက် စွပ်စွဲချက်အတွက် တရားရင်ဆိုင်ခြင်းမှာ ပထမဆုံး ဖြစ်သည်။

မြန်မာဘက်မှ ရှေ့နေအဖြစ် သတင်းထွက် ပေါ်ခဲ့သည့်အတိုင်း နိုင်ငံတကာ ရာဇဝတ်မှုနှင့် လူ့အ ခွင့်အရေး ဥပဒေကျွမ်းကျင် ပညာရှင် ကနေဒါနိုင်ငံသား ဝီလျံရှာဘတ်စ်နှင့် အခြားရှေ့နေနှစ်ဦး ကိုလည်း တရားခွင်၌ မြင်တွေ့ရ သည်။

ထို့အပြင် မြန်မာဘက်မှ အဆိုပြုတရားသူကြီးသည် ဂျာမနီမှ ဥပဒေပညာရှင် ပါမောက္ခ ကလော့စ်ခ ရက်စ် ဖြစ်ပြီး ICJ ၏ အမြဲတမ်းတရားသူကြီး ၁၅ ဦးအပါအဝင် သက်ဆိုင်ရာ နှစ်နိုင်ငံမှ အဆိုပြုတရားသူကြီး နှစ်ဦး စုစုပေါင်း တရားသူကြီး ၁၇ ဦးတို့က အမှုကို စီရင်ဆုံးဖြတ်မည် ဖြစ်သည်။

ယမန်နေ့က ကော်ဖီသောက်ချိန် ၁၀ မိနစ်ရပ်နားချိန်ကလွဲ၍ ကြားနာမှု သုံးနာရီကျော်ကြာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရှေ့နေများနှင့် ကိုယ်စားလှယ်အဖွဲ့က တောက်လျှောက်နားထောင်ခဲ့ပြီး ယနေ့ (ဒီ ဇင် ဘာ၁၁ ရက်)တွင် မြန်မာနိုင်ငံက နှုတ်ဖြင့်တင်သွင်းမည် ဖြစ်သည်။
  အဖွင့်လျှောက်လဲချက်ပြောကြားမည့် ဂမ်ဘီယာတရားရေးဝန်ကြီးကို ကြည့်နေသောဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ −အီးပီအေ)
 
ဂမ်ဘီယာ ဘာတွေတင်သွင်းခဲ့လဲ
 ဂမ်ဘီယာ၏ တရားရေးဝန် ကြီးနှင့် ရှေ့နေချုပ်ဖြစ်သူ ဘာတမ်ဘာဒူက အမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ချက် အကျဉ်းနှင့် တောင်းဆိုမှုအချို့ကို ပြောကြားသည်။

‘‘ဂမ်ဘီယာရဲ့ တောင်းဆိုချက် အားလုံးကတော့ တရားသူကြီးတွေအနေနဲ့ အဲဒီအဓိပ္ပာယ် မဲ့သတ်ဖြတ်မှုတွေ ရပ် တန့်ဖို့ မြန်မာကိုပြောဖို့ပါ။ ကျွန်တော်တို့ကို တုန်လှုပ်ခဲ့၊ ဆက်လက်တုန် လှုပ်စေမယ့် အဲဒီရက်စက်ကြမ်း ကြုတ်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပါ။ မြန်မာအနေနဲ့ ကိုယ့်လူ မျိုးကိုယ်လူမျိုးတုံးသတ်ဖြတ်တာ ကို ရပ်တန်းက ရပ်ပါ’’ ဟု ဘာတမ်ဘာဒူက တရားခွင်၌ ပြောသည်။

မြန်မာကို တရားစွဲဆိုခြင်း သည် ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ)များ၏ အခွင့်အရေးများကို ကာကွယ်နေရုံသာမက ဂျီနိုဆိုက် ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အခွင့် အရေးများကို ကာကွယ်ရန် ကြိုး စား နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဒါက ကျွန်တော်တို့ စုစည်းထားတဲ့ အသိတရားရဲ့ စွန်းထင်းမှုတစ်ခုပါပဲ။ ဒါကို ကိုယ့်ကိစ္စမဟုတ်ဘူးလို့ ဟန် ဆောင်နေတာ၊ ကိုယ်နဲ့ မဆိုင်ဘူးလို့ ရိုးရှင်းစွာ ရှုမြင်နေတာက တာဝန်မဲ့ရာ ကျပါလိမ့် မယ်’’ဟုဘာတမ်ဘာ ဒူက ပြောသည်။

၎င်း၏ တင်သွင်းပြောကြားချက်အပြီးတွင် ယင်းနိုင်ငံဘက်မှ ရှေ့နေ ခုနစ်ဦးက ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာ) အပေါ် ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်များ၊ ကျေး ရွာများကို စနစ်တကျ မီးရှို့ဖျက်ဆီးမှုများ၊ ရွာပေါင်းများစွာ ရွှေ့ပြောင်းစေမှုများကို အထောက်အထား များဖြင့် ပြင်းထန်စွာ စွပ်စွဲတင်သွင်းခဲ့ကြသည်။

သို့သော် အဆိုပါ ရှေ့နေခုနစ်ဦး၏ ကိုးကားချက်များသည် မြန်မာအစိုးရက အသိအမှတ်ပြု မထား သည့်၊ ငြင်းပယ်ထားသည့် အချက်အလက်ရှာဖွေရေး မစ်ရှင်(FFM) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အခြေ အနေ တင်သွင်းသူ မစ္စစ်ရန်ဟီးလီတို့၏ အစီရင်ခံစာများမှ ရယူထားခြင်း ဖြစ် သည်။

‘‘ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) တွေဟာ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ စနစ်တကျ နှိပ်ကွပ်ခံခဲ့ရပါ တယ်။ တချို့ဆိုရင် မွေးဖွားချိန်မတိုင်ခင် မိခင်ဝမ်းထဲမှာကတည်းက ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရပါတယ်’’ဟု ဂမ်ဘီယာရှေ့နေ Payam Akhavan က တရားခွင်၌ ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဂျီနိုဆိုက် ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်းနှင့်  အပြစ်မဲ့ အမျိုးသမီးများ၊ က လေး ငယ်များစွာကို ပစ်သတ်ရန်၊ ရာနှင့်ချီသော ကျေးရွာများရွှေ့ပြောင်း စေရန်နှင့် လူပေါင်းသိန်းနှင့် ချီ ထွက်ပြေး တိမ်းရှောင်စေရန် ညွှန်ကြားချက်များကို မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့ကြောင်း အထက်ပါ ရှေ့နေက စွပ်စွဲသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဂျီနိုဆိုက်ကို ရည်ရွယ်လုပ်ဆောင်သည့် အချက်ခုနစ်ချက်ကို ကုလသမဂ္ဂအ ဖွဲ့ ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တပ်မတော်၏ပြင်းထန်စွာ တိုက်ခိုက်မှု၊ တပ်မတော်က စနစ်တကျဖျက် ဆီးမှု၊ တပ်မ တော်က အကြီးအကျယ် အဓမ္မပြုကျင့်မှု၊ တပ်မတော်၏ ဆဲဆိုမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံသား ဖြစ် ခွင့်ကို ကန့် သတ်ထားမှု၊ အစိုးရကိုယ်တိုင်က အမုန်းစကားများကို လက်ခံနေမှု၊ အစိုးရက လူ့အခွင့် အ ရေး ချိုးဖောက်မှုကို စုံစမ်းအရေးယူရန် ပျက်ကွက်မှုတို့ဖြစ် ကြောင်း အထက်ပါရှေ့နေက စွပ် စွဲခဲ့သည်။

ထို့အပြင် အစိုးရက ဖွဲ့စည်းတည်ထောင်ထားသော UEHRD(ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း)သည် ဂျီနိုဆိုက်ကျူး လွန် မှုတွင် ပါဝင်ပြီး ရာဇဝတ်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများကို ဖျက်ဆီးခဲ့ကြောင်း ရှေ့နေ Payam Akhavanက ဆိုသည်။ ယင်းသည် အထောက်အ ထား မကြွင်းကျန်စေရန် ဖျက် ဆီးမှုဖြစ်ကြောင်း ၎င်းက စွပ်စွဲသည်။

ထို့အပြင် ဂမ်ဘီယာရှေ့နေများက ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ကို နာဇီဂျီနိုဆိုက်ဖြစ်စဉ်နှင့် နမူနာပေး ခဲ့ပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုးဖြစ်စဉ်များကို ထည့်သွင်းပြော ကြားခဲ့ သည်။ယင်းနောက် ဂမ်ဘီယာရှေ့ နေ Andrew Loewenstein ကမြန်မာတပ်မတော်၏ ဂျီနိုဆိုက်ကျူးလွန်မှု အထောက်အထားများ ကို ဆက်လက်တင်သွင်းခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လူမှုကွန်ရက် စာ မျက်နှာနှင့်  အစိုးရပိုင် မီဒီယာများက အမုန်းစကားများစွာကို ဖြန့်ဝေခဲ့ကြောင်း စွပ်စွဲပြောကြားသည်။

 ‘‘မြန်မာနိုင်ငံဟာ တပ်မတော် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ နောင်တမရဘူး။ အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တယ်။ ဒါတွေက ဂျီနိုဆိုက်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ အချက်အလက် ရှာဖွေရေး မစ် ရှင်ကလည်း ထောက်ပြထားပြီးဖြစ် တယ်’’ ဟု  အထက်ပါ ရှေ့နေက ဆိုသည်။

ဂမ်ဘီယာရှေ့နေများက အစောပိုင်းတွင် Military ဟု သုံးနှုန်းသော်လည်း အချိန်အများစုတွင် တပ်မတော် ဟု မြန်မာအသံထွက်အတိုင်း ထွက်ဆိုပြောကြားခဲ့ပြီး တပ်မတော်သည် ရခိုင်   ပြည်နယ်ရှိ ဘင်္ဂါလီ (မူရင်း တွင် ရိုဟင်ဂျာ)များအားလုံးကို သတ်ဖြတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲသည်။

တပ်မတော်က ကျယ်ပြန့်စွာနှင့် အလုံးစုံဖျက်ဆီးခဲ့သည်ဟုဆိုသော ကျေးရွာများအနက် သုံးခုကို ဂမ်ဘီယာ ရှေ့နေက ရွေးထုတ်ပြောခဲ့ပြီး မင်းကြီး၊ မောင်နုနှင့်ချက်ပြင် ကျေးရွာများတွင် လူရာပေါင်းများစွာ အသတ်ခံခဲ့ ရကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့နေ Andrew Loe−wenstein က စွပ်စွဲသည်။

‘‘ဂြိုလ်တုဓာတ်ပုံတွေအရ မင်းကြီးမှာ  အဆောက်အအုံ ပေါင်း ၄၄၀ ကျော်လောက် လုံးဝဖျက်ဆီးခံခဲ့ရ ပါ တယ်။ ဒါပေမဲ့ အနီးက ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်၊ အဆောက်အအုံတွေက ပျက်စီးတာမျိုး မရှိပါဘူး’’ ဟု အထက်ပါရှေ့နေက ဆိုသည်။

မြန်မာအစိုးရသည်  ဂျီနိုဆိုက်လုပ်ဆောင်ခြင်း မရှိဟု မည်သို့ပင် ငြင်းဆိုစေကာမူ ဘင်္ဂါလီများ၏ နေရပ်ပြန် လိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးခြင်း မရှိခြင်းနှင့် လက်ရှိ မြန်မာနိုင်ငံတွင် ကျန်ရစ်သည့်ဘင်္ဂါလီများကို လုံခြုံ မှုမပေးနိုင်ခြင်းက ဂျီနိုဆိုက်လုပ်ဆောင်ရန်  ရည်ရွယ်သည်ကို ပြသနေကြောင်း ဂမ်ဘီယာရှေ့နေ Tafadzwa Paipanodya က စွပ်စွဲသည်။

ရခိုင်ပြည်နယ်တွင် ထိုသို့ဂျီနိုဆိုက်ကျူးလွန်မှုများဖြစ်ပေါ်နေခဲ့သော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အစိုးရအဖွဲ့ခေါင်းဆောင်ရာထူးကိုသာမက ၎င်း၏ အကျင့်သိက္ခာဩ ဇာ ကိုလည်း အသုံးချကာ တားဆီးပိတ်ပင်ခဲ့ခြင်းမရှိကြောင်းနှင့် ပျက်ကွက်များ ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာ ရှေ့နေ Phillippe Sands က ပြောသည်။

ထို့အပြင် ရှေ့နေ ArsalanSuleman က ဂမ်ဘီယာက မြန်မာကို ICJ သို့ တရားမစွဲဆိုမီတွင် အကြိမ်ကြိမ်ကန့် ကွက်၊ သတိပေးတိုက်တွန်းမှုနှင့် စိုးရိမ်ချက်များကို အသိပေး ပြောကြားခဲ့ သော်လည်း မြန်မာအစိုးရ၏ လျစ် လျူရှုမှုများနှင့် ငြင်းပယ်မှုများကို တင်သွင်းပြောကြားသည်။  ထို့အတွက် ဂမ်ဘီယာသည် မြန်မာကို ICJ ၌ တရားစွဲဆိုရခြင်းဖြစ်ပြီး ICJ က စီရင်ပိုင်ခွင့်ရှိကြောင်း လျှောက်လဲသည်။

ရခိုင်ပြည်နယ်တွင် ဂျီနိုဆိုက်ကျူးလွန်မှုကို တပ်မတော်က ဦးဆောင်သော်လည်း မြန်မာအစိုးရကလည်းတစ် သားတည်းရှိနေ ကြောင်းကို ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ဝန်ကြီး သုံးဦး၏ ပြုံးရယ်နေသော ဓာတ်ပုံက သက်သေပြနေကြောင်း ရှေ့နေ Paul Reichler က စွပ်စွဲသည်။

မကြာသေးမီက ကရင်ပြည်နယ်တွင် ဗီနိုင်းစိုက်ထူခဲ့သော ICJ ရုံးစိုက်ရာ ငြိမ်းချမ်းရေးနန်းတော် အဆောက် အအုံကို နောက်ခံထားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်က အဆိုပြုခန့်ထားသည့် ဝန်ကြီးသုံးဦး ၏ ပြုံးရယ်နေသော ပုံကို တရားခွင်၌ ပြသခဲ့သည်။

ထို့အပြင် ‘‘မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်’ ’ဟူသော လဝက၏ ဆောင်ပုဒ်ကို လည်း ဂမ်ဘီ ယာရှေ့နေက လူမျိုးခွဲခြား ဆက်ဆံမှုနှင့် ဂျီနိုဆိုက်ကို ရည်ရွယ်သည်ဟုဆိုကာ စွပ် စွဲတင်ပြခဲ့သည်။

ယင်းနောက် ဂမ်ဘီယာရှေ့နေသည် ၎င်းတို့တောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures)ကို ချမှတ်ပေးရန် ICJ သို့လျှောက်လဲသည်။ ကြားဖြတ်စီမံဆောင် ရွက်ချက်လိုအပ်နေမှုမှာ မြန် မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ) ခြောက်သိန်းခန့်အတွက်ဖြစ်ပြီး ၎င်းတို့သည် ဂျီနို ဆိုက် အန္တရာယ်ကြုံတွေ့ နိုင်ဖွယ်ရှိနေ၍ ဖြစ်ကြောင်း  တရားခွင်၌ ပြောကြားသည်။

အဆိုပါ ကြားဖြတ်စီမံ ဆောင်ရွက်ချက်ကို ICJ က ချမှတ်လိုက် ပါက ဆောင်ရွက်ရန်တောင်းဆို ချက်ပါဝင် သည့် အချက် အားလုံးကို ရပ်တန့်ရန်နှင့် ယင်းသက်ဆိုင် သည့် အစီရင်ခံစာကို လေးလအတွင်း တင်သွင်းရန် လည်း ဂမ်ဘီ ယာက တောင်းဆိုသည်။

မြန်မာ ဘာတွေ လျှောက်လဲတင် သွင်းမလဲ

ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)တွင် မြန်မာနိုင်ငံက ညနေ ၃နာရီခွဲမှ ၆ နာရီခွဲအထိ သုံးနာရီကြာICJ သို့တင်သွင်းလျှောက် လဲမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဖွင့်လျှောက်ထားချက်ကို ဒေါ်အောင် ဆန်းစုကြည်က တရားခွင်၌ ပြောကြား မည်ဖြစ်သော်လည်း ကျန်အပိုင်းများကို မည်သူက မည်သို့ တင် သွင်းမည်ကို မသိရသေးပေ။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */