Wednesday, December 11, 2019

ICJ မြန်မာ လျှောက်လဲချက်

VOA  
ဗွီအိုအေ (မြန်မာဌာန)
ဦးကျော်ဇံသာ၊စုမြတ်မွန်
11 ဒီဇင်ဘာ၊ 2019 

နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက် တယ်ဆိုပြီး ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့က ဒီကနေ့ ချေပ လျှောက်ထားခဲ့ပါတယ်။ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်က စွပ်စွဲခံရသလို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာကို ဥပဒေပညာ ရှင်တွေက အဓိက တုံ့ပြန်ချေပ လျှောက်ထားခဲ့ကြပါတယ်။ဒီကနေ့ လျှောက်ထားတင်ပြချက်တွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကိုယ်တိုင် ICJ တရားရုံးထဲမှာ သတင်းယူခဲ့တာမို့ ဦးကျော်ဇံသာကို မစု မြတ်မွန်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။ 



မေး ။ ။ အရင်ဆုံး ဒီကနေ့ တရားရုံးအခင်းအကျင်းကို ပြောပြပေးပါရှင့်။ 

ဦးကျော်ဇံသာ။ ။ တရားရုံးအခင်းအကျင်းကတော့ ဒီကနေ့ တရားသူကြီးက မိတ်ဆက်ပေးပြီးတဲ့နောက်မှာ တရားရုံး ကို စတင်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဒေါ်အောင် ဆန်းစုကြည်က စတင် ရှင်းလင်းခွင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းတာကတော့ ဥပဒေကြောင်းနဲ့  သမိုင်းကြောင်းနဲ့စပြီးတော့ အချက်အလက် အကြောင်းအရာတွေကို နည်းနည်းပြောသွားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဓိကပြောသွားတဲ့အထဲမှာကတော့ ဒီမြန်မာနိုင်ငံမှာ ဒီပြဿနာဟာ အင်္ဂလိပ်ခေတ်မှာကတည်းက ရခိုင်ဘက်မှာ မူဆလင်၊ ဗုဒ္ဓဘာသာ ပဋိပက္ခ ဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်တွေက ဂျပန်ကို ခုခံဖို့အတွက် မူဆလင်တွေကို လက်နက်ပေးတယ်။ အဲ့မှာ ရခိုင်ကတပ်တွေက အင်္ဂလိပ်ကို တော် လှန် ဖို့အတွက် ပူးပေါင်းလာတာနဲ့ အဲ့ဒီမှာစပြီး လူမျိုးရေး ကစဉ့်ကလျား ဖြစ်ရတယ်ဆိုတာ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဥပဒေဟာ အခု ဒီ Genocide Convention ဟာ ယူဂိုဆလားဗီးယား၊ ကော်ဆိုဘို ကိစ္စ မှာ လူဦးရေ သန်းနဲ့ချီပြီး မောင်းထုတ်ခံခဲ့ရတဲ့ ကိစ္စ ၊ ခရိုအေးရှား၊ ဆာဗီးယား ပြဿနာမှာ လည်းလူပေါင်း မြောက်များစွာ မောင်းထုတ်ခံခဲ့ရတဲ့ ကိစ္စမှာလည်း Genocide မမြောက်ဘူးဆိုတာ အကိုးအကားနဲ့ နည်း နည်း ဆွေးနွေးသွားပါတယ်။ နောက်တခါ မြန်မာနိုင်ငံ တရားစီရင်ရေးထဲမှာလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံအရ Military Tribunal စစ်ဘက်ဆိုင်ရာ တရားရုံးဆိုတာ ရှိနေတဲ့ အတွက်ကြောင့် စစ်တပ်ဘက်က ကျူးလွန်တဲ့ အမှုတွေကို အဲ့တရားရုံးကသာ စီရင်ခွင့်ရှိတယ်။ ဒါကြောင့် အင်းဒင်ရွာမှာ လူ ၁၀ ယောက်ကို ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲ့စစ်ဘက်ဆိုင်ရာ တရားရုံးက သူတို့ကို ပြစ်မှုထင်ရှား စီရင်ပြီး ထောင် ချတယ် ဆိုပေမဲ့လည်း လပိုင်းအတွင်းမှာ ပြန်လည်ပြီးတော့ ကင်းလွှတ်ခွင့်ပေးပြီး လွှတ်ပေးလိုက်တယ်။ အဲ့ဒါကို မြန်မာပြည်သူ အများအပြားတောင် မကျေမနပ် ဖြစ်ခဲ့ကြတယ်ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ် ခင်ဗျ။ နောက်ပိုပြီး အရေးကြီးတဲ့ ကျနော် ပြောချင်တာ တခုက ဒေါ်အောင် ဆန်းစု ကြည် ပြောတဲ့အထဲမှာ hate speech ဆိုတာဟာ ဒီတဘက်နဲ့ တဘက် အမုန်းစကား ပြောတာခြင်း ဒီ နှစ် ဘက်ရှိနေတဲ့ အချိန်မှာ တဘက်ဘက်ကို အားပေးပြီးပြောရင်းလည်းပဲ ဒီကိစ္စဟာ ဒီကသိကထကို ပိုမိုပြင်း ထန်လာနိုင်တဲ့သဘော လည်း ပြောသွားတာ တွေ့ရပါတယ်။ 

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားသွားတဲ့ထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေက အင်အားအလွန်အကျွံ သုံးခဲ့တာဖြစ်နိုင်တယ်။ အဲဒီလုပ် ရပ်က နိုင်ငံတကာလူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်နိုင်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က လက်ခံတယ် ဆိုတာမျိုးပြောသွားပါတယ်။အဲဒါကိုလည်း အပြည့်အစုံပြောပါဦး ဦးကျော်ဇံသာရှင့်။ 

ဦးကျော်ဇံသာ။ ။ စောစောက ကျနော်ပြောတာ တဆက်တည်းပါပဲခင်ဗျား၊ အင်အားအလွန် အကျွံသုံးခဲ့ တယ်၊ ရွာသားတွေကို သတ်ဖြတ်ခဲ့တာရှိတယ်။ အဲဒါကို စစ်ဥပဒေအရပဲ စီရင်ခွင့် ရှိတယ်ဆိုတော့သူတို့ ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ ဒါကို ကိုင်တွယ်ဖို့ အခက်အခဲရှိတယ်ဆိုတာ ပြောတယ်။ စစ်တပ်ဘက် က အဲဒီလို ကျူးလွန်ခဲ့တာရှိတယ်။ ဒါပေမယ့် သူတခုတော့ အာမခံတယ်၊ အရပ်သားဘက်က ဒီကိစ္စလိုမျိုးရှိ မယ်ဆိုရင်တော့ သူတို့က ပြတ်ပြတ်သားသား အရပ်ဘက်တရားရုံးနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် စစ်ဘက်လုပ်ရပ်က စစ်တရားရုံးရှိနေတဲ့အတွက် သူ့အနေနဲ့ ကိုင်တွယ်နိုင်ခြင်းမရှိဘူး အာမခံမှု မပေးနိုင်ဘူးဆိုတဲ့ သဘောပြောသွားတာ တွေ့ရပါတယ်။ သူ့ရဲ့ ဥပဒေအကြပ်အတည်းကို ပြောသွားတာ ဖြစ်ပါတယ်။” 

မေး။ ။ ဒီကနေ့ လျှောက်ထားချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံဘက်ကနေ ဥပဒေပညာရှင် ၃ ယောက်ကလည်း တင်ပြလျှောက်ထားချက်တွေ ပေးကြတယ်ဆိုတော့ သူတို့ လျှောက်ထားကြတဲ့ အချက် တွေကိုလည်း ပြောပြပါဦး ဦးကျော်ဇံသာရှင့်။ 

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံး တင်ပြတဲ့ ပုဂ္ဂိုလ်ကတော့ ကမ္ဘာမှာအင်မတန် နိုင်ငံတကာ ဥပဒေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင် ပါမောက္ခ လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်တဲ့ William Schabas ဖြစ်ပါတယ်။ သူကတော့ ပြစ်မှု ကျုးလွှန်တဲ့ နေရာမှာ intent လို့ခေါ်တဲ့ ကြံစီချက်ပေါ့လေ အဲဒါ သိပ်အရေးကြီးတယ်ဆိုတဲ့ အကြောင်း ပြောတယ်။ ဆိုတော့ အခုကိစ္စမှာ intent လုံး၀ မတွေ့ရဘူးဆိုတဲ့သဘောကို အချက်အလက် အတိအကျနဲ့ အထောက်အထားတွေနဲ့ ပြောသွားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဟိုဘက်က စွဲတဲ့ လူတွေကလည်း ဘယ်အချက်ကဖြင့် Genocide ဥပဒေပုဒ်မ ဘယ်လောက်နဲ့ ငြိပြီးတော့ ဘယ်လိုဖြစ်နေတယ် ဆိုတာကို အ တိ အကျ နဲ့ မစွဲနိုင်ဘူးဆိုတာတွေလည်း ပြောပါတယ် သူက။ ဒါက ပါမောက္ခ William Schabas ပြော သွား တာဖြစ်ပါတယ်။

နောက် ဒုတိယလျှောက်လဲတဲ့ အင်္ဂလိပ် ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ Christopher Staker က ICJ တရားရုံးမှာ စီရင်နိုင်ခွင့်ရှိရဲ့လားဒီကိစ္စကို Lack of Jurisdiction က ပေါ်လွင်ထင်ရှားနေတယ် လို့ ပြော ပါ တယ်။ တရားရုံးက ဒီကိစ္စကို စီရင်နိုင်ခွင့်မရှိဘူး ၊ ဒီကိစ္စကို လျှောက်ထားတဲ့လူကိုယ်တိုင်က Proxy ခေါ်တာ ပေါ့ ကိုယ်စား Gambia နဲ့ မြန်မာက ဘာမှ ပြဿနာမရှိပဲနဲ့ OIC က မြှောက်ပေးလို့ အပူတပင်းထပြီးတော့ လုပ်လိုက်ရတယ်ဆိုတဲ့ သဘောပြောပါတယ်။ Gambia ကလည်း ဒီကိစ္စကို လျှောက်ထားပိုင်ခွင့်မရှိသလို ICJ မှာလည်း ဒီလို ကိစ္စကို အစောတလျင် စီရင်နိုင်ခွင့်မရှိဘူး Lack of Jurisdiction ဖြစ်နေတယ်လို့ သူက လျှောက်ထားပါတယ်။ သူတို့လည်း ဥပဒေကြောင်းအရ အဓိက လျှောက်ထားတာ ဖြစ်ပါတယ်။ 

မေး။ ။ မြန်မာနိုင်ငံအတွက် နောက်ဆုံးလျှောက်ထားခဲ့တဲ့ အမျိုးသမီးရှေ့နေ Phoebe Okowa ကတော့ ICJ တရား ရုံးအနေနဲ့ တရားရုံးကို တိုင်ကြားထားတဲ့ စွပ်စွဲချက်ကို အပြည့်အဝ မကြားနာခင် ကာလအတွင်း လူ မျိုးတုံးသတ် ဖြတ်မှုအခြေအနေ ပိုဆိုးမလာစေအောင် ကာကွယ်တားဆီးနိုင်မယ့် ဆောင်ရွက်ချက်တွေ လုပ် ဖို့ မလိုဘူးဆိုတဲ့အပိုင်းကနေ ပြောသွားတာကိုလည်း အပြည့်အစုံပြောပြပေးပါဦးကျော်ဇံသာရှင့်။ 

ဦးကျော်ဇံသာ။ ။ ဥပဒေသဘောနဲ့ ပြောရရင် အဲဒါ လုပ်ရမယ်လို့ ဆိုရင် သဘောကGenocide ရှိနေလို့သာ လုပ်ရတယ်၊ ကြိုတင်ကာကွယ်ခဲ့ရတယ်ဆိုတာမျိုး သဘောက intent ရှိနေလို့သာ ကြိုတင်ကာကွယ် ခဲ့ရ တယ်ဆိုတဲ့ သဘောဖြစ်သွားမှာ ဆိုးလို့ ဒီဘက်ရှေ့နေက အဲဒါကို လျှောက်လဲတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ လျှောက်လဲတယ်လို့ ကျနော်အဲလိုသုံးသပ်မိပါတယ်။ အမျိုးသမီးရှေ့နေ Phoebe Okowa ကတော့ ဒီကိစ ္စဟာ provisional measure လို့ခေါ်တဲ့ ယာယီလုပ်ဆောင်ရမယ့် အချက်တွေက မလိုအပ်ဘူး မြန်မာနိုင်ငံမှာ ဒီကစ္စပြေလည်ရေးအတွက် ဒီပြဿနာက Humanitarian Crisis သာဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်ဖက်နိုင်ငံချင်း MOU ထိုးပြီးတော့ လုပ်နေကြတာတွေရှိတယ်။ ဒါပေမယ့် ဒီလို MOU ထိုးပြီးတော့ လုပ်တာမှာ OIC ရဲ့ စွဲဆောင်မှုကြောင့် ဟိုဘက်ကို ပါသွားခြင်းဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ဒီလို လုပ်ဆောင်နေတဲ့နေရာကို မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတွေကလည်း ကူညီကြ တယ်၊ တရုတ်တို့ ဂျပန်တို့ကလည်း ပြဿနာ ပြေလည်ဖို့အတွက် အကူအညီ ထောက်အပံ့တွေ ပေးနေ တာကို လက်ခံပြီးတော့ လုပ်နေတယ် ။ Genocide intent သာရှိတယ်ဆိုရင် အခုလို ဘယ်လုပ်ပါ့မလဲဆိုတာ လျှောက်လဲသွားပါတယ်။ 

ဟုတ်ကဲ့ ။ မနေ့တုန်းကတော့ တရားစွဲတဲ့ Gambia နိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုရည်ရွယ်ချက်နဲ့ လုပ် တယ်ဆိုတဲ့အချက်တွေကို သက်သေအထောက်အထားတွေနဲ့ ပြောသွားပါတယ်။ ဆိုတော့ ဒီနေ့ မြန်မာ ဘက်က တုံ့ပြန်လျှောက်ထားချက်နဲ့ အမှုသွား အမှုလာအခြေအနေကို ဦးကျော်ဇံသာ ဘယ်လိုသုံးသပ်ပါလဲ ရှင့်။ 
 
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဟိုဘက်က လျှောက်ထားတာကတော့ အားကြိုးမာန်တက် သူတို့ဘက်က ငိုပြပြီး ဇောတ်နာအောင်ပြောရတာပေါ့ဗျာ။ ဒီလို ဖြစ်ခဲ့တယ်၊ ဒီလို အခြေအနေကို မတားခဲ့ဘူး ဆိုတော့ သက်သေ အခိုင်အမာနဲ့ ကလေးတွေ အသက်ခံရတယ်၊ မဒိန်းအကျင့်ခံရတာ စတာတွေ သူတို့ ပြောတယ်။ အားတက် မာန်တက် အားတက်သလျောရှိတယ်ပြောရင် ဖြစ်ပါလိမ့်မယ်။ ဒီဘက်ကတော့ တရားဥပဒေအရ ချေပတာ ဆိုတဲ့အတွက်ကြောင့် အဲ့လောက်အထိတော့ စိတ်ဝင်စားဖွယ် မကောင်းဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်အလားအလာရှိသလဲဆိုတာ ကျနော်က ပါမောက္ခ William Schabas ကို ကျနော်က တရား ရုံးထွက်တဲ့အခါ မေးပါတယ်။ သူက ကျနော့်ကို ကြည့်ပြီးတော့ မင်းတို့ မီဒီယာကို Comment မပေးချင်ဘူး၊ ဝေဖန်ချက်မပေးချင်ဘူးလို့ပြောသွားပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */