Wednesday, December 4, 2019

ICJ မှာ မြန်မာ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ (အပိုင်း ၁)

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
04 ဒီဇင်ဘာ၊ 2019
  ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။

 
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုဖို့ လျှောက်ထားချက် ရဲ့သဘောသဘာ ဝက ဘာလဲ၊ မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ ဘယ်လောက်ရှိသလဲ၊ ဆိုတာတွေကို ခုတ ပတ် မြန်မာအရေးသုံးသပ်ချက်မှာ နိုင်ငံတကာ တက္ကသိုလ် အတော်များများမှာ နိုင်ငံတကာ ဥပဒေအပါ အဝင်၊ ဥပဒေဘာသာ ရပ်တွေကို ပို့ချခဲ့ဘူးတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် ထားပါတယ်။ ပထမဦးဆုံး Genocide စကားရပ်ရဲ့ ဥပဒေရှုထောင်က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒေါက်တာ မြင့်ဇံက အခုလိုရှင်းပါတယ်။

ဖြေ ။ ။ နံပတ်တစ်က ရည်ရွယ်ချက်နဲ့ Intent ရည်ရွယ်ချက်နဲ့ အစုအဖွဲ့ (၄) ဖွဲ့ ရှိတယ်။ (၁) နိုင်ငံသားအစုအဖွဲ့ - National (၂) လူမျိုးအစုအဖွဲ့ - Race (၃) လူမျိုးစုအစုအဖွဲ့ - Ethnic (၄) ဘာသာရေးအစုအဖွဲ့ - Religion … အဲဒီအစုအဖွဲ့ (၄) မျိုးကို တစိတ်တဒေသသော်လည်းကောင်း အပြည့်အဝသော်လည်းကောင်း ပျောက်ကွယ် သွားအောင် ဆောင်ရွက်မှုများ။ ဆောင်ရွက်မှုများက အရှည်ကြီးပါ။ ကျနော် တိုတိုတုတ်တုတ်ပြောရရင် အစု အဖွဲ့များကို သတ်ဖြတ်မှု၊ အစုအဖွဲ့ဝင်များအတွင်း မွေးဖွားမှုမရအောင် လုပ်ဆောင်မှု၊ အစုအဖွဲ့ဝင်များကိုပြင်း စွာသော စိတ်ဒုက္ခများ ဖြစ်စေမှု၊ အစုအဖွဲ့ထဲမှာ ကလေးများကို အခြားအဖွဲ့သို့ ပြောင်းရွှေ့မှုစတဲ့ လုပ်ငန်းတွေကို ရည်ရွယ် ချက်နဲ့ လုပ်ခဲ့ရင် Genocide မည်တယ်လို့ - ဆရာကလည်း သိပ်အရှည်ကြီး မပြောနဲ့ဆိုလို့ ကျနော် အကျဉ်းချုပ်ဘာသာပြန်ပြပါတယ်။

မေး ။ ။ အဲဒီမှာ ရည်ရွယ်ချက်ဖြင့်ဆိုတာ Intent – အဲဒီရည်ရွယ်ချက်ကို ဘယ်လိုသက်သေပြရမလဲ။ သက် သေထူရမလဲ။ တကယ်တော့ ဒီဟာကို သက်သေထူဖို့ Burden of Proof ကတော့ စွဲတဲ့လူဘက်က ပြရမှာ ပေါ့ ဟုတ်တယ်မဟုတ်လား။

ဖြေ ။ ။ Intend ရည်ရွယ်ချက်ကို သက်သေပြဖို့ ခက်တယ်ဆိုတာကို ပြောပါတယ်။ အခုဟာက စွဲတဲ့လူက ဂမ် ဘီယာနိုင်ငံအစိုးရပါ။ ဂမ်ဘီယာနိုင်ငံအစိုးရက သက်သေပြဖို့ဆိုတာကတော့ ရာဇဝတ်မှုတစ်ခုမှာ Beyond reasonable doubt သံသယရှိရာကနေ တော်တော်လေးကို ကင်းရှင်းရမယ်ဆိုတဲ့ စံတော့မဟုတ်လောက်ဘူး ထင်တယ်။ အခု ဂမ်ဘီယာရဲ့ (၄၆) မျက်နှာ ရေးထားတဲ့ စာရွက်မှာလည်း အဲဒါကို ပြောပါတယ်။ အခု သူစွဲ တာက မြန်မာနိုင်ငံမှာ Genocide ဖြစ်မှုအတွက် မြန်မာအစိုးရဟာ တာဝန်ရှိတယ်လို့ စွဲတာမဟုတ်ပါဘူး။ သူ စွဲ တာက - ဒါကို ကျနော် ခုခံပြောနေတာ မဟုတ်ဘူးနော်။ တော်ကြာနေ အောက်ကရေးအုံးမယ်။ ကျနော်က သူပြောတာကို ပြန်ပြောပြနေတာ။ ဂမ်ဘီယာ ပြောတာ၊ စွဲတာက Genocide ဖြစ်နိုင်ချေ ဖြစ်နိုင်တဲ့ အတိုင်း  အတာတွေ ရှိတယ်။ Genocide လို့ ယူဆဖွယ်ရာဖြစ်တဲ့ သာဓကတွေကို (၁၀) မျက်နှာလောက် သူရေးထား ပါတယ်။ အဲဒါတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါတွေကို လောလောလတ်လတ်အားဖြင့် ရပ်ပေးဖို့ ရှောင်တ ခင် အမိန့်ကို Provisional Measure လတ်တလော ဆောင်ရွက်ချက်များကို ICJ အနေနဲ့ ထုတ်ပေးပါလို့ လျှောက် လွှဲတာပါ။ မှန်ပါတယ်။ Intent ဆိုတဲ့ Element ကို ဒီတဆင့် လတ်တလောဆောင်ရွက်ချက်များကို ICC က တရားသူကြီး (၁၇) ဦး ထိုင်ပါလိမ့်မယ်။ (၁၇) ဦး ထိုင်တဲ့အခါမှာ (၉) ဦးက လုပ်စရာမလိုဘူး၊ ဒီမှာတင် ကိစ္စ ပြီး သွားပြီ။ တကယ်လို့ Provisional Measure ကို ထုတ်ပေးမယ်ဆိုရင်တော့ အဲဒီနောက်ပိုင်းပါမှ prima facie case stage ဆိုတာက မြန်မာနိုင်ငံမှာ Genocide အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တာဝန်ရှိမှု၊ မရှိမှုဆို တာကို ဆုံးဖြတ်ဖို့ရာ နှစ်နဲ့ချီပြီးကြာပါမယ်။ အဲဒီတော့ အဲဒီနှစ်ဆင့်ကို ကျနော် ကြိုးစားပြီး အကျဉ်းချုပ် ဖြေဆိုထားပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော် ဒီမှာမေးပါတာ - Provisional Measure ထုတ်ပေးပါလို့ဆိုရင် Provisional Measure ထုတ်ရအောင် လောလောဆယ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ … အဲဒီလိုအခြေအနေ ရှိတယ်ဆိုတာကိုတော့ သူတို့ ထောက်ပြဖို့ မလိုဘူးလား။

ဖြေ ။ ။ ထောက်ပြဖို့ လိုပါတယ်။ သူတို့ကတော့ (၄၇) မျက်နှာ အဲဒါကို ကျနော်ဖတ်တာ - ဖတ်တာကိုပဲ နှစ်နာ ရီကျော် ကြာပါတယ်။ ကျနော် သေသေချာချာဆိုပါတော့ ဝါကျတစ်ကြောင်းမကျန်၊ အောက်ခြေမှတ်စု များ လည်း ဖတ်တယ်။ သူကတော့ prima facie case ရှိတယ်လို့ ပြောမယ်။ မြန်မာဘက်က prima facie case မရှိဘူးလို့ ပြန်ပြောဖို့ တာဝန်ရှိတယ်။ နောက်ပြီးတော့ လုပ်စရာတွေကို ထုတ်ပေးဖို့ မလိုဘူး - ကျနော်၊ ကျမ တို့အနေနဲ့ မြန်မာ နိုင်ငံအနေနဲ့ နိုင်ငံခြားသားများပါဝင်တဲ့ Mission တွေ အဖွဲ့တွေ ဖွဲ့ပြီးတော့ သူတို့က ရက် သတ္တပတ်အတွင်း၊ တစ်လနှစ်လသုံးလအတွင်း သူတို့ အစီရင်ခံစာတွေ ထုတ်တော့မှာပါဆိုပြီးတော့ သူတို့ ပြောချင်ပြောပါလိမ့်မယ်။ ပြောမယ်လို့ ပြောတာမဟုတ်ဘူး။ ကျနော်က အတွင်းသိလည်း မဟုတ်ဘူး။ အပြင် သိလည်း မဟုတ်ဘူး။ ကျနော့်အထင်ကို ပြောတာပါ။ အဲဒီတော့ အဲဒီသက်သေပြနိုင်မှုမှာ မူတည်ပြီးဟိုဘက် ဒီဘက် အပြန်အလှန် လျှောက်လဲကြမှာပါ။

မေး ။ ။ ကျနော် နောက်တခု ဆက်မေးချင်တာကတော့ အမှုတခု နိုင်ဖို့ဆိုတာဟာ ရှေ့နေရှေ့ရပ်ကောင်း တွေပေါ်မှာလည်း မူတည်တယ်။ ရှေ့နေရဲ့ လျှောက်လွှဲချက် ဘယ်လောက်ကောင်းလို့ နိုင်တယ်ဆိုပြီးတော့ ပြည်တွင်းတရားရုံးတွေမှာတော့ မကြာခဏ ပြောကြပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာကော ဒီလိုသ ဘောမျိုး ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဆက်မေးချင်ပါတယ်ဆိုတော့ မြန်မာနိုင်ငံအတွက် အခုနပြောတဲ့ကိစ္စမှာ ရှေ့နေကောင်း ငှားပြီးတော့ ဒီလို လျှောက်လွှဲချက်တွေမှာ အနိုင်ရပြီးတော့ ဒီအမှုက ပြတ်သွားနိုင်သလား။ သို့တည်းမဟုတ် ဆက်ပြီးတော့ စွဲချက်တင်ခံနိုင်ရဖွယ် ရှိသလား။ ဆရာရဲ့သဘော ထားကို အကျဉ်းရုံးနည်းနည်း သုံးသပ်ပေးပါ။

ဖြေ ။ ။ စွဲချက်တင်တဲ့စကားကို ကျနော် သိပ်မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ရာဇဝတ်တ ရားရုံး မဟုတ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံ တာဝန်ရှိမှု၊ မရှိမှုနဲ့ ပတ်သက်ပြီး လျှောက်ထားချက်လို့ အဲဒီ လိုပဲ အနီး စပ်ဆုံး ဘာသာပြန်ချင်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို အောင်မြင်မလား၊ မ အောင်မြင်ဘူးလား။ ကျနော် ဒါက ရှောင်ဖြေတာမဟုတ်ဘူး။ အခုပြောနေတဲ့အချိန်မှာ ကျနော် မသိဘူး။ ကျနော် မခန့်မှန်းနိုင်ဘူး။ မခန့်မှန်းချင်ဘူး။ တရားသူကြီး (၉) ဦးက probation measures ပေးဖို့ prima facie case အခုန ဦးကျော်ဇံသာ သုံးသပ်သွားတယ်။ သာမန်အားဖြင့်ကြည့်ရင်ကို ထင်ရှားနေတယ်။ ဒါမှမဟုတ် သိသာတယ်ဆိုရင်တော့ Provisional Measure ကို ထုတ်မှာပဲ။ အဲဒါကတော့ ရှေ့နေကောင်းတယ်၊မကောင်း ဘူးဆိုတာကတော့ ရှေ့နေကောင်းသည်၊ မကောင်းသည်ထက် တရားသူကြီးတွေက ဘယ်လိုသဘော ထား မလဲ။ မှန်ကန်စွာ သုံးသပ်မလဲ ဆိုတဲ့ဟာပေါ်လဲ မူတည်ပါတယ်။ ရှေ့နေကောင်းတိုင်းလည်း နိုင်တယ်လို့ မပြောနိုင်ပါဘူး။ ရှေ့နေသိပ်ညံ့နေရင်တော့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဂမ်ဘီယာ နဲ့ မြန်မာတို့က သူတို့ပြည်တွင်းရှေ့နေတွေကို အဓိကမငှားဘဲနဲ့ ဂမ်ဘီယာဆိုရင် သူတို့ကိုယ်တိုင်ဝန်ခံထားပါတယ် ဘယ် လောက်ပေးသလဲမသိဘူး။ ဒေါ်လာသန်းနဲ့ချီပြီး Foley Hoag Law Firm ကို ငှားတယ်။ သို့သော် သူတို့ဆီက ရှေ့နေချုပ်ကိုယ်တိုင်က (ရှေ့နေချုပ်ခေါ်လား၊ တရားရေးဝန်ကြီးခေါ်လား - နှစ်ခုစလုံး ခေါ်လာတော့ မသိ ဘူး) ဦးဆောင်မှာပါ။ ရှေ့နေကောင်းခြင်း၊ မကောင်းခြင်းသည် တစိတ်တဒေသအားဖြင့်သာ သက်ဆိုင်တယ် လို့ ကျနော်ထင်ပါတယ်လို့ ယေဘုယျအားဖြင့် ဖြေပါရစေ။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာက မြန်မာနိုင်ငံအတွက် ငှားရမ်းတဲ့ရှေ့နေဆိုပြီးတော့ Professor William Schabas ကို ပြောကြပါတယ်။ သူကို ကျနော်တို့ VOA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက မငြင်းပါဘူး။ သူဟာ ပြောရေးဆိုခွင့်ရှိသူ ခန့်ထားတယ်။ အချိန်တန်ရင် ပြောမယ်လို့ပဲ ဆိုပါတယ်။ ဆိုတော့ William Schabas ကို ငှားခဲ့တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ တချိန်တုန်းက ၂၀၁၄ တုန်းက ထင်ပါတယ်။ Aljazeera က လုပ်တဲ့ Program ထဲမှာ သူကိုအင်တာဗျူးလုပ်ထားတာကို ကျနော် နားထောင်ကြည့်ပါတယ်။ အဲဒီမှာ သူက ဘယ်လိုပြောထားသလဲဆိုရင် မြန်မာနိုင်ငံမှာ အခုဖြစ်တဲ့ကိစ္စ သတ်ဖြတ်တဲ့ကိစ္စကို မပြောသော်လဲ ဒီလူမျိုးတွေရဲ့ Preventing their births မွေးဖွားမှုကို ဟန့်တားတယ်ဆိုတဲ့ အထောက်အထား။ နောက်ပြီး တော့ Denying identity of people လူမျိုးတမျိုးရဲ့ identity ကို ငြင်းပယ်ဖို့ ကြိုးစားတယ်။ သူတို့ရှိတဲ့နေရာ ကနေ မရှိစေချင်တဲ့သဘောနဲ့ ဖယ်ရှားဖို့ ကြိုးစားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ရင်တော့ ဒါကို Genocide မဟုတ်ဘူးလို့ ငြင်းဖို့ခက်လိမ့်မယ်လို့ သူက ဆိုထားပါတယ်။ ဆိုတော့ ဒီလိုပြောထားတဲ့ လူတ ယောက်ကို မြန်မာနိုင်ငံဘက်က ခုခံကာကွယ်ဖို့ ရှေ့နေငှားတယ်ဆိုတော့ မြန်မာပရိသတ်တွေက ဇဝေဇဝါ ထင်ကြတာပေါ့။ ဒီလူက ဟိုဘက်တမျိုး၊ ဒီဘက်တမျိုး ပြောနေတာမျိုး ဖြစ်ကုန်ပါတယ်။ ဆရာ့သဘောထား ကို ကြားချင်ပါတယ်။

ဖြေ ။ ။ နံပတ်တစ်က ကျနော် ဦးကျော်ဇံသာနဲ့ ဆွေးနွေးနေတဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းမှာတော့ အခု ထက်ထိ မြန်မာနိုင်ငံအစိုးရက တရားဝင်ကြေညာချက် မထုတ်သေးပါဘူး။ လွန်ခဲ့တဲ့ (၃) ရက်၊ နိုဝင် ဘာလ (၃၀) ရက်နေ့လောက်က Facebook မှာ သူ့နာမည် ထွက်လာတော့ ဆရာပြောတဲ့အတိုင်းပဲ သူကိုဆက်သွယ် မေးမြန်းရာ မငြင်းဘူးဆိုတော့ ဟုတ်လောက်ပါတယ်။ အဲဒီတော့ ထူးဆန်းတာကတော့ ကျနော်ကတော့ ကျ နော့်ကိုယ်ကျနော် ဥပဒေပညာရှင်လို့ သတ်မှတ်တယ်။ ရှေ့နေလို့ မသတ်မှတ်ဘူး။ ရှေ့နေလည်း မလိုက် ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြည်သူ့တရားစီရင်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံခြားကိုထွက် ပြီး ရှေ့နေမလိုက်တာပါ။ အဲဒီတော့ ရှေ့နေဆိုတာတော့ တချို့လည်း ပြောကြတယ်။ ငိုစားရယ်စား - ငိုရင် လည်းစားတာပဲ။ ရယ်ရင်လည်း စားတာပဲလို့ ပြောကြတယ်။ သူက အဲဒီလိုပြောတာကို ဦးကျော်ဇံသာပြောမှ သေချာသိပါတယ်။ Facebook မှာတော့ တွေ့လိုက်သလိုပဲ။ အဲဒီလိုပြောတာဆိုရင်တော့ ဇဝေဇဝါ ဖြစ်ကြမှာ။ ဒါပေမဲ့ နည်းနည်းလေး ရိုင်းရိုင်းပြောရရင်၊ ကြမ်းကြမ်းပြောရရင် ပိုက်ဆံက အရေးကြီးတယ်။ ဘယ်လောက် ရမလဲပေါ်မှာ သူကို ဘယ်ကနေ ဘယ်လောက်ပေးသလဲ မသိဘူး။

ဘာဖြစ်လို့လဲဆိုတော့ နာမည်ပဲ ထည့်ပြောရမယ်ဆိုရင် အိန္ဒိယပြည်မှာ … ဆိုတဲ့ နာမည်ကြီး Human Rights Lawyer လူ့အခွင့်အရေးဥပဒေကို လုပ်ပေးတဲ့ ရှေ့နေက Bhopal ပြည်နယ်မှာ တချို့မှတ်မိကြမှာပါ တချိန်က ဝန်ကြီးချုပ်ဦးနု နေထိုင်ခဲ့တဲ့မြို့မှာ အဆိပ်ဓါတ်ငွေ့တွေ ယိုးစိမ့်ပြီး လူ (၃၀၀၀) ထောက် သေဆုံး တာကို ရာဇဝတ်မှု၊ တရားမမှုနဲ့ အိန္ဒိယမှာ စွဲဆိုတော့ သူက လူ့အခွင့်အရေးရှေ့နေဆိုတဲ့လူက စွဲခံရတဲ့ လူ တွေဘက်က လိုက်တယ်။ အဲဒီလို ပြောကြတယ်။ နောက်တခါ မြန်မာနိုင်ငံမှာလည်း မဆီမဆိုင် ရှေ့နေနှစ် ဘက် စလုံး (ဦးကျော်ဇံသာ အချိန်မရရင်လဲ ဖြတ်ချင်ဖြတ်ပေါ့) တရားဝန်ကြီး ဦးအေးမောင်က ၁၉၃၉ နဲ့ ၁၉၄၀ ခုနှစ်၊ ၁၉၇၀ ခုနှစ်ရေးတဲ့ Burmese Buddhist Laws အင်္ဂလိပ်လို ရေးတာပါ။ အဲဒီစာအုပ်မှာ နားနဲ့ မနာ၊ ဖဝါးနဲ့ နာချင်နာပါ။ အိမ်ထောင်မှု ပြုခြင်းမပြုခြင်းက ပေါင်းသင်းဆက်ယှက်မှု မလိုဘူးဆိုတဲ့ သူ့အယူ အဆကို တင်ပြခဲ့တယ်။ အဲဒါကို ၁၉၇၀ ခုနှစ် စာအုပ်မှာရေးပြီး၊ ၁၉၇၂ ခုနှစ်မှာ သူကို အမျိုးသမီးဘက်က ငှားတယ် - အဲဒါခေါ်လိုမှုပေါ့။ ရိုင်းရိုင်းပြောရရင် မယားခေါ်လိုမှုနဲ့ ခေါ်တော့ ပေါင်းသင်းဆက်ယှက် လိုတယ် ဆိုပြီး တရားသူကြီးဦးအေးမောင်က ဒေါ်ခင်မာ နဲ့ ဦး---( နာမည်မေ့နေပြီ) ၁၉၇၂ ခုနှစ် အောက်တိုဘာ လ ထုတ်တဲ့ အမှုမှာ ရေးထားတယ်။ အခုလဲ William Schabas ကို ပြန်ကောက်ပါမယ်။ William Schabas က ၂၀၁၄ ခုနှစ်က ဦးကျော်ဇံသာ ပြောတာကို တွေ့ခဲ့တယ်။ အခုကြတော့ မြန်မာဘက်က ရှေ့နေဆိုတော့ အဲ ဒါကို ဟိုဘက်က ဂမ်ဘီယာရှေ့နေတွေက အချိန်ရရင် ထောက်ပြမလား။ ထောက်မပြဘူးလား ကျနော် မပြောတတ်ဘူး။ ဒီလောက်ပဲ ဖြေပါရစေ .. မေးတဲ့မေးခွန်းကို။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */