" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 30, 2019

မြန်မာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်း လျာထား

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဒီဇင်္ဘာ၂၀၁၉
မြန်မာအတွက် နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်းသုံးဖို့ ခွဲဝေလျာထား

မြန်မာနဲ့ ဆီရီးယားက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ကုလသမဂ္ဂရဲ့ စုံစမ်းရေး လုပ်ငန်း စဉ်တွေမှာ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ဘတ်ဂျတ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီဘတ်ဂျတ်ကို မြန်မာ၊ ဆီးရီးယား ၊ ရုရှနဲ့ မြောက်ကိုရီးယားအပါအဝင် ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံက မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဘတ်ဂျတ် ၃ ဘီလျံကျော်ထဲက မြန်မာအတွက် ၂နှစ်စာ ကန်ဒေါ်လာ ၂၇ သန်းကျော်သုံးစွဲဖို့ ကုလသမ ဂ္ဂက ခွဲဝေလျာထားလိုက်တာပါ။

အခုလို မြန်မာစစ်ရာဇဝတ်မှုတွေကိုစုံစမ်းဖို့ ဆိုပြီး ဘတ်ဂျတ် ရန်ပုံငွေ သတ်မှတ်လိုက်တာ ပထမဆုံး လည်း ဖြစ်ပါတယ်။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာမဲခွဲဆုံးဖြတ်လို့မရနိုင်တဲ့အတွက် အခုလိုမျိုး mandate (အခွင့်အာဏာ) တွေကျော်ပြီးလုပ်တာတဲ့အပေါ် စိုးရိမ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကိုပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေး
 
"ရှင်းရှင်းပြောရရင် လုံခြုံရေးကောင်စီမှာ လုပ်လို့မရလို့ ဒီဟာတွေကို ဒီဘက်မှာ လာလုပ်တာ။ အရေးယူမှု mandate ကို လုံခြုံရေးကောင်စီကပဲယူထားတာလေ။ ယူထားတဲ့ဟာကို အထွေထွေညီလာခံမှာ mechanism ချပြပြီး လုပ်လာတော့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်က စုံစမ်းစစ်ဆေးတာအပြင် အရေးယူ တဲ့အဆင့်အထိ ဆောင်ရွက်လာတာပေါ့"လို့ သူကပြောပါတယ်။

အရင်က မြန်မာအတွက် ရန်ပုံငွေကို စေတနာအလျောက်ထည့်ဝင်တဲ့ ငွေကြေးတွေကနေ ကုလသမဂ္ဂက သုံးစွဲတာဖြစ်ပါတယ်။ အခုလို ဘတ်ဂျတ် သီးသန့်ခွဲဝေပြီး လျာထားလိုက်တဲ့အတွက် ယူအန်အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ထည့်ဝင်မှုတွေကနေ သုံးစွဲမှာဖြစ်ပါတယ်။

အဲဒါကြောင့် ယူအန်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့မြန်မာအနေနဲ့ ငွေကြေးထည့်ဝင်မှုရှိမရှိမေးတဲ့အခါ ဦးချမ်းအေးက ဒါကို လတ်တလောမှာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အခုလို မြန်မာကို ခေါင်းစဉ်တစ်ခုအနေနဲ့ ဘတ်ဂျတ်ခွဲဝေသုံးစွဲပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးစားလာက မြန်မာ နိုင် ငံအတွက် ပိုခက်ခဲသွားနိုင်မလားလို့ မေးတဲ့အခါ ဦးချမ်းအေးက ပူးပေါင်းဆောင်ရွက်မှုလည်းမရှိ၊ စုံစမ်း စစ် ဆေးရေးအဖွဲ့ကိုလည်း ဝင်ခွင့်မပြုတဲ့အတွက် ထူးပြီး အခက်အခဲမကြုံနိုင်ဘူးလို့ ဆိုပါတယ်။
"ပြည်တွင်းမှာဆောင်ရွက်နေ တယ်။ ပြည်ပကနေ ဒီလို mandate ကိုကျော်ပြီးလုပ်တာ ဘာမှအကျိုးမရှိဘူး။ သူတို့က ဖိအားပေးတဲ့သ ဘောနဲ့ ယူဆပြီး လုပ်တာပေါ့။ ဒါပေမဲ့ ဒီဖိအားတွေက ကျွန်တော်တို့ကို မလိုလား အပ်တဲ့ရလဒ်တွေပဲပေါ်နိုင် တယ်။ ဒီပိုက်ဆံသုံးတဲ့အတွက် ဘာမှအကျိုးမရှိနိုင်ဘူး။ တခြားအကျိုးရှိတဲ့ နေ ရာတွေ မှာသုံးသင့်တယ်" လို့ ဆိုပါတယ်။

ပြည်ပကနေ ဝင်ရောက်စုံစမ်းတာကို လက်ခံတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ အတော်နည်းပြီး မြန်မာကလည်း ထိုနည်း တူသဘောထားရှိကြောင်း ဦးချမ်းအေးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာက ပြဿနာတွေကို လျစ်လျူရှုမထားဘူးလို့ သူက ဆက်ပြောပါတယ်။

"ကိုယ့်ပြည်တွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို တိုးမြှင့်ပြီးဆောင်ရွက်နေတယ်။ Accountability နဲ့ပတ် သက်ပြီးတော့ တပ်မတော်ကလည်းလုပ်နေတယ်။ အစိုးရကလည်း ICOE(စုံစမ်းစစ်ဆေးရေးအဖွဲ့) နဲ့လုပ်နေတယ်။ Result တွေကလည်း မကြာခင် ထွက်လာတော့မှာ။ ဒါတွေကလည်း စောင့်ကြည့်ဖို့ လိုတာ ပေါ့" လို့ ဦး ချမ်းအေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်တဲ့ အဲဒီညီလာခံမှာပဲ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့တကွ လူ နည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာနဲ့ ဖမ်းဆီးထိန်း သိမ်း ထားစဉ် သေဆုံးခဲ့တာတွေအပေါ် ကုလသမဂ္ဂ က ပြစ်တင်ရှုတ်ချတဲ့ အဆိုတစ်ရပ်ကို အတည်ပြုခဲ့ပါ တယ်။

လူနည်းစုတွေအပေါ် အမုန်းပွားလာအောင် လှုံ့ဆော်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ အချက်လည်း အဲဒီ ကုလ သမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၇ အတွင်း မြန်မာ့တပ်မတော်ရဲ့ လုံခြုံရေး ရှင်းလင်းမှုမှာ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

မြန်မာဘက်ကတော့ အစွန်းရောက် အန္တရာယ်ကို ကိုင်တွယ်နေရတယ် ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီလအစောပိုင်းက ထွက် ဆိုထားပါတယ်။

အဲဒီအဆိုမူကြမ်းကို ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့ပါတယ်။
  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း
ဒီအဆိုမူကြမ်းဟာ ရှုပ်ထွေးတဲ့ရခိုင်ကိစ္စကို လွဲမွားစွာ ပုံဖော်ထားပြီး ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် လက်တွေ့ကျ တဲ့နည်းလမ်းမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း က ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေ ကြိုးစားဆောင်ရွက်နေတာကို အသိအမှတ်မပြုဘဲ မြေပြင်အခြေအနေတွေကို မသိကျိုးကျွံပြုထားတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီအဆိုမူကြမ်းဟာ ဒေသတွင်း မတူညီတဲ့အသိုက်အဝန်းတွေကြား အနိုင့်အထက်ပြုမှုနဲ့ ယုံကြည်မှု ကို ပျက်ပြားစေဖို့ အားပေးအားမြှောက်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။
ရခိုင်ဒေသရဲ့ထိရှလွယ်တဲ့ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေကိုပါ ဆုတ် ယုတ်ပျက်ပြားစေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာကြား သဘောထားပိုမိုကွဲ လွဲစေတဲ့အဆို မူကြမ်းလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ဒေသကအသိုက်အဝန်းတွေကြား ဆင်းရဲမှု၊ မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှု ကင်းမဲ့မှုနဲ့ အကြောက်တရားလွှမ်းမိုးမှုတွေကို ကုစားဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါပေမဲ့လည်း အဆိုကို ညီလာခံက မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲများတဲ့အတွက် အဆိုအတည်ဖြစ်ခဲ့ပါ တယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂစင်မြင့်မှာ မကြာခဏ ဆွေးနွေးမှုတွေရှိပြီး အဆို တွေကိုမဲခွဲဆုံးဖြတ်အတည်ပြုတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေကို ကာယကံရှင်နိုင်ငံက လိုက်ပါအ ကောင်အထည်ဖော်ဖို့မဖော်ဖို့အတွက် ဥပဒေအရ သတ်မှတ်ချက်မရှိပေမယ့် နိုင်ငံရေးနဲ့ သံတမန်အရေး အရ သက်ဆိုင်ရာနိုင်ငံကို ဖိအားပေးတဲ့သဘောဖြစ်ပါတယ်။
( ဦးကျော်တင့်ဆွနှင့်ဘီဘီစီ မေးမြန်းခန်း )

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */