" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 30, 2019

ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံ

DVB
30 December 2019

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ကို မကြာ မီကပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်း ရင်းသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီး ထိန်းသိမ်းထား စဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပါဝင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါ အ ဝင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှု တွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်ချက်ချ ခဲ့တဲ့ ၁၉၉၀ ပတ်ဝန်းကျင်ကတည်းကပါ။ နိုင်ငံအတွင်း ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးပြီး ကုလသမဂ္ဂအဖွဲ့ ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်တွေထုတ်ပြန် တာဖြစ်ပါတယ်။ တနှစ်နဲ့ တနှစ် ဖော်ပြတဲ့ လူ့အခွင့်အရေးအကြောင်းအရာတွေ မတူပေမယ့် နိုင်ငံတကာက မြန် မာနိုင်ငံအပေါ် အရေးစိုက်မှုကတော့ တနှစ်ထက် တနှစ်တိုးလာတာကို သတိပြုမိပါ တယ်။

ဒီနှစ် ဆုံးဖြတ်ချက်ရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ စစ်ပွဲတွေနဲ့ အ တူ ပါလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသက်သက်သာ မဟုတ်ဘဲ ရိုဟင်ဂျာတွေအပေါ်ချိုးဖောက်မှုတွေကို ပိုမိုမီးမောင်းထိုး ဖော်ပြလာတာ ဖြစ်ပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ အ ရပ်သားတွေ အပေါ် ချိုးဖောက်မှုတွေကို အထူးအလေးထား ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို ဖော်ပြလာ ဖို့အတွက်လည်း မကြာမီအချိန်အတွင်းက တိုင်းရင်းသားပြည်သူတွေအပေါ် သတ်ဖြတ်တာတွေ ဖမ်းဆီးနှိပ် စက်တဲ့အမှုတွေက ထင်ထင်ရှားရှား ဖြစ်ခဲ့လို့ပါပဲ။

နောက်ထပ်ထူးခြားချက်ကတော့ ကျူးလွန်ရာမှ တာဝန်ရှိသူတွေကို ဖော်ပြရာမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ တခြား လက် နက်ကိုင်တပ်ဖွဲ့များလို့ ဖော်ပြလာတဲ့ အချက်ပါ။ ဒီနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဆိုတာ စစ်တပ်၊ရဲ စတဲ့ အစိုးရလက် အောက်ခံတပ်ဖွဲ့တွေကို ဆိုလိုတာဖြစ်ပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့များ ဆိုတာကတော့ စစ်ပွဲအတွင်းမှာပါဝင် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို ရည်ညွန်းတာပါ။ ကျနော်တို့အခေါ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဆိုလိုတာပါ။

လူ့အခွင့်အရေးဆိုတာ အစိုးရက ချိုးဖောက်မှ ချိုးဖောက်ခံရတဲ့သူက ဘယ်တိုင်းရင်းသားဖြစ်မှ ဆိုတာမျိုးမ ဟုတ် ဘဲ ဘယ်သူကပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာပဲ ချိုးဖောက် ချိုးဖောက် လူ့အခွင့်အရေးချိုးဖောက်မှုဟာ လူ့အခွင့်အ ရေးချိုးဖောက်မှု ဖြစ်တယ်ဆိုတဲ့အကြောင်းကို ထပ်လောင်းခိုင်မာစေတဲ့အကြောင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကို လေးစားဖို့ ကာကွယ်ပေးဖို့ ဆိုတာ အစိုးရမှာသာမက လက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ သတင်းစကားပေးလိုက်တာပါ။

ဒီ ၂၀၁၉ ခုနှစ်မှာ အထွေထွေညီလာခံကနေ နိုင်ငံအလိုက် ထုတ်ပြန်တဲ့ဆုံးဖြတ်ချက် ၅ ခု ရှိပါတယ်။ အဲဒီနိုင် ငံ ၅ နိုင်ငံကတော့ အီရတ်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဆီးရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံက ခရိုမီးယားဒေသတို့ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေ ဒေသတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို မဲခွဲတဲ့အခါမှာ မြန်မာနိုင်ငံအတွက်ချမှတ် ခဲ့တဲ့ ဆုံးဖြတ် ချက်လောက် ထောက်ခံတဲ့ နိုင်ငံအရေအတွက် မများတာကလည်း ထူးခြားချက်တခုပါ။ မြန်မာ နိုင်ငံရဲ့ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့နိုင်ငံ ၁၄၀ နိုင်ငံရှိပြီး ကန့်ကွက်သူ ၉ နိုင်ငံ ရှိခဲ့ပါတယ်။ ကြား နေ ၃၂ နိုင်ငံ ရှိခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေကတော့ ဘဲ လာရပ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ရုရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဇင်ဘာဘွေနိုင်ငံတို့ ဖြစ် ပါ တယ်။ဒီနိုင်ငံတွေကကန့်ကွက် တဲ့ အချက်ကလည်း အခုလို တနိုင်ငံချင်း ရွေးချယ်ရှုတ်ချတာကို မနှစ် သက်လို့ဆိုတဲ့ အကြောင်းပြချက်က များပါ တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘူးလို့ ခုခံ ပြောဆိုတာမျိုး သိပ်မရှိလှပါဘူး။ ICJ နဲ့ပတ် သက်ပြီး မြန်မာနိုင်ငံဘက်က ကူညီရပ်တည်ပေးသွား ပါ့ မယ် လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဂျပန်နိုင်ငံတောင် ကန့် ကွက်တဲ့ နိုင်ငံစာရင်းထဲမှာ မပါခဲ့ပါဘူး။ ဒါကို ကြည့် မယ် ဆိုရင် မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုရှိ၊ မရှိအပေါ် အငြင်းပွားပေမယ့် ဆိုးဝါးလှ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဆိုတဲ့ အချက် အပေါ် စောဒကတက်တဲ့နိုင်ငံတွေက နည်းလွန်း လှပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မ လိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ သံအမတ်ကြီးက ဒီဆုံးဖြတ်ချက်ကို လက်မခံပေမယ့် တချို့နိုင်ငံတွေက ဒီလို ဆုံးဖြတ်ချက် အပြင် တခြားသောနည်းလမ်းတွေကိုပါ ရှာဖွေလုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းသွားတာတွေလည်း ရှိပါ တယ်။ဥပမာ ကနေဒါနိုင်ငံက ဘယ်နည်းလမ်းလို့ တိတိကျကျ မပြောပေမယ့် တခြားနည်းလမ်း တွေ ကို လည်း အသုံးပြုပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် လုပ်ဆောင် ကြ ဖို့ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ချက်မျိုးဟာ တရားရေးစည်းနှောင်မှု မရှိပေမယ့် ဂုဏ်သိက္ခာပိုင်းအရ အရှက်ရစေတာတော့ အမှန်ပါ။ နိုင်ငံတွေအများကြီးထဲကမှ ရွေးချယ်ရှုတ်ချခံရခြင်းဟာ နိုင်ငံအတွက်၊ အစိုးရအတွက်၊ ပြည်သူလူ ထုအတွက် ဘယ်လိုမှ ကောင်းကျိုးကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Naming and shaming ဆိုတဲ့ နည်း လမ်းအရ နိုင်ငံ တကာအလယ်မှာ လူ့အခွင့်အရေးကို ထူးထူးချွန်ချွန် ချိုးဖောက်တဲ့နိုင်ငံအဖြစ် စာရင်းဝင်နေခဲ့ ပါပြီ။ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်ခါစတုန်းက ကြိုးပမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထူး လုပ်ထုံးလုပ်နည်း ယန္တရားထဲမှာ ပါဝင်ပြီး အလေးထားစောင့်ကြည့်ခံနေရတဲ့ အဆင့်ကနေ လွတ်မြောက် ဖို့ဆိုတာ ရွှေပြည်တော်မျှ မျှော်တိုင်း ဝေးနေရဦးမှာပါပဲ။

ဒီဆုံးဖြတ်ချက်ကို ထောက်ခံ၊ ကန့်ကွက်၊ ကြားနေတဲ့ နိုင်ငံအနေအထားကို လေ့လာကြည့်ရင်လည်း နောက် ထပ် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ လာနိုင်သေးတယ် ဆိုတာကို တွက်ဆလို့ ရပါတယ်။ ကုလသမဂ္ဂလုပ်ငန်း စဉ်နဲ့ ဗီတိုအာဏာအရ လုံခြုံရေးကောင်စီက တရုတ်နဲ့ ရုရှားကို ကျော်လွှားနိုင်ဖို့ ခက်ကောင်း ခက်နိုင်မယ့် တရား မျှတမှုအတွက် တရားရုံးတွေကနေတဆင့် စီရင်မှုတွေဆီ ဦးတည်တဲ့လမ်းကြောင်းက ပိုကောင်းလာနိုင်ပါတယ်။

ကုလသမဂ္ဂတခုလုံးကို ကိုယ်စားပြုတဲ့ အရေးယူ ဆောင်ရွက်မှုမျိုး မဖြစ်နိုင်တဲ့တိုင်အောင်မြန်မာနိုင်ငံအပေါ်နိုင်ငံ အလိုက် အရေးယူမှုတွေက ဖြစ်ပေါ်လာနိုင်ပါတယ်။ အခုတောင် အမေရိကန်လွှတ်တော်က မြန်မာနိုင်ငံ က စစ် ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူမှုတွေက စတင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခင်းအကျင်းမှာ မြန်မာနိုင်ငံအစိုးရရဲ့ သံတမန်ကျွမ်းကျင်စွာနဲ့ ဖြေရှင်းတတ်မှုက အထူးအရေး ပါလှ ပါတယ်။ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်အောင် နိုင်ငံ တကာနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အများက လက်ခံအောင် လုပ်ဖို့ လိုအပ်ပါတယ်။ စုံစမ်းစစ်ဆေး လို့ ထွက်ပေါ် လာတဲ့ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အာဏာ တွေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်တွေနဲ့ သက်သေပြနိုင်ဖို့ အထူးအရေးကြီးလှပါတယ်လို့ တိုက်တွန်း လိုပါတယ်။

အောင်မျိုးမင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */