Thursday, December 19, 2019

တရုတ်က မြန်မာရဲ့ အားကိုးရာ ဖြစ်နေပြီလား

မြန်မာတိုင်းမ်အပတ်စဉ်
ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၉၊ ကြာသပတေးနေ့
ဆွေလဲ့မွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိတို့ ယခုလဆန်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က အစိုးရအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများသည် အနောက်ဘက်သို့ယိမ်းမည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေးစိတ်ဝင်စားသူများက မှန်းဆခဲ့ကြသည်။

လက်တွေ့တွင်မူ ထိုမှန်းဆချက်များသည် တက်တက်စင်အောင်လွဲခဲ့ရသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင်မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ပို၍အင်အားကောင်းခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ခရီးစဉ်သည် မြန်မာနှင့် တရုတ်အကြား ဆက်ဆံရေးအခင်းအကျင်းကို ပို၍ရှင်းလင်းစေခဲ့သည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မသွားမီ နှစ်ရက်အလိုတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။တရုတ် နိုင်ငံ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ရက်ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးသည်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် သီးခြားစီ တွေ့ ဆုံခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံ့အကြီးအကဲများတွေ့ဆုံခဲ့ရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းဆိုင်ရာများ အပါအဝင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အနာဂတ်မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများနှင့်အတူ ခိုင်မြဲစွာ ရပ်တည် ဆောင်ရွက်မည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အနောက်အုပ်စုများက မြန်မာနိုင်ငံအပေါ် ရခိုင် ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဖိအားပေးနေချိန်တွင် တရုတ်နိုင်ငံက မြန်မာဘက်က ရပ်တည်နေကြောင်းကို ရှင်းလင်းစွာပြသလိုက်ခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က အစဉ်တစိုက် ရပ်တည်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နိုင်ငံတကာပြဿနာများကို ရင်ဆိုင်ရပါက မိမိတစ်နိုင်ငံတည်း ထီးတည်းရင်ဆိုင်၍ မရနိုင်ဘဲ မြန်မာ နိုင်ငံသည် နိုင်ငံတကာရေးရာကိစ္စများတွင် တရုတ်နိုင်ငံအပါအဝင် မိမိဘက်က ရပ်တည်ပေးမည့်သူများကို အားကိုးနေရသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်သည်။

ကုလသမဂ္ဂ စင်မြင့်ထက်တွင် မြန်မာနိုင်ငံအရေးကြုံတိုင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပေးခဲ့သော အကူအညီများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားတို့က အားပါးတရကျေးဇူးတင်ကြောင်း ဖော်ပြလေ့မရှိပေ။ ယင်းအစား သံသယနှင့်စိုးရိမ်မှုတို့ကိုပင် မြင့်တက်စေခဲ့သည်။ မြစ်ဆုံအရေး၊ လက်ပံတောင်းတောင်အရေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အကျိုးအမြတ်ခွဲဝေယူမှုကဲ့သို့သော ကိစ္စရပ်များကြောင့် တရုတ်နိုင်ငံ၏ပုံရိပ်သည် အရိပ်မည်းသဖွယ် မြန်မာလူမျိုးတို့၏ စိတ်ကို စိုးမိုးထားဆဲပင် ဖြစ်သည်။

မြန်မာ့ပြည်တွင်းရေးတွင် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော ပါဝင်မှုတစ်ခုမှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဖြစ်သည်။ တရုတ်ဝန်ကြီးဝမ်ရိ၏ ခရီးစဉ်အပြီး တစ်ပတ်အကြာ ဒီဇင်ဘာ၁၅ ရက်တွင် မြန်မာအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံပွဲတစ်ခု တရုတ်နိုင်ငံကူမင်းမြို့တွင် ပြုလုပ်ခဲ့သည်။

ကချင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှလွဲ၍ ကျန်သော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များသည် လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်လုံခြုံ ရေးကို ခြိမ်းခြောက်လျက်ရှိသည်။

လတ်တလောတွင် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်များသည် တရုတ်၏ အကူအညီဖြင့် ပဏာမအပစ်ရပ်စာချုပ်ကို ချုပ်ဆိုနိုင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

စက်တင်ဘာလက ကျိုင်းတုံမြို့တွင် တွေ့ဆုံပြီးနောက် အောက်တိုဘာလ၌ ထပ်မံတွေ့ဆုံရန် နှစ်ဖက်စလုံးက ကတိပြုခဲ့ကြသော်လည်း ညှိနှိုင်းမရသော သဘောထား တင်းမာမှုများကြောင့် ဆွေးနွေးပွဲများကို နောက်ဆုတ်ခဲ့ကြရသည်။ ဒီဇင်ဘာ ၁၅ ရက် တွေ့ဆုံမှုသည် တရုတ်နိုင်ငံ၏ဖိအားပေးမှု (သို့မဟုတ်) ကူညီမှုကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက အခိုင်အမာပြောဆိုကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု" စီမံကိန်းအောက်ရှိ စီမံကိန်းခွဲတစ်ခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းကို တရုတ်နိုင်ငံက ၂၀၂၁ တွင် ဖော်ဆောင်မည်ဟု အဆိုပြုထားခြင်းကြောင့် တရုတ်သည် ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးကိုလိုလားနေခြင်းဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar)က ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာဆက်ဆံရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်။

"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ ဆိုပါတယ်။ ၂၀၂၀ ကာလအတွင်း ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ CMEC (တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်း)က ၂၀၂၁ မှာ စမယ်ပြောထားတော့ ငြိမ်းချမ်းရေးက ၂၀၂၀ မှာ ရမှဖြစ်မှာ။ မပြီးဘူးဆိုရင် တရုတ်ပြည်ဘက် သူတို့လုပ်ချင်တာတွေ လုပ်လို့ရမှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်းတရုတ်၏ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" (One Belt One Road) ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးထားပြီး စီမံကိန်းအောက်ရှိ အစိတ်အပိုင်းအချို့ကိုလည်း မြန်မာနိုင်ငံတွင် ဖော်ဆောင်ရန် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာများ ရေးထိုးထားကြသည်။

အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးလာစေရေးဟူသည့် ြွကေးကြော်ချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း" သည် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးနိုင်မှုများကို တိုးမြှင့်ပေးနိုင်သည်အထိ ရည်ရွယ်ချက်ကြီးမားလှသည်ဟု နိုင်ငံတကာကရှုမြင်ထားသော စီမံကိန်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ တရုတ်နိုင်ငံ၏ ပြည်တွင်းဖွံ့ဖြိုးရေး အစီအစဉ်များအပြင် လုံခြုံ ရေးနှင့် မဟာဗျူဟာများအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မူကို တရုတ်ကလိုလားနေသည့်ကာလလည်း ဖြစ်သည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံ၌ မြန်မာ့အရေးကိုလေ့လာသည့် အဖွဲ့အစည်းများစွာရှိနေပြီး မြန်မာ နိုင်ငံတွင်မူ တရုတ်ပြည်အရေးနှင့် တရုတ်နိုင်ငံရေးရာမူဝါဒများကို လေ့လာသည့် အဖွဲ့အစည်း နည်း ပါးကြောင်း နိုင်ငံရေးသုတေသီများက ထောက်ပြကြသည်။

မြန်မာအစိုးရက တရုတ်နှင့် ပတ်သက်သော စီမံကိန်းသတင်းအချက်အလက်များကို ပြည်သူများကို အသိပေးရန်လိုကြောင်း တရုတ်နိုင်ငံရေးမူဝါဒများကို သုတေသနပြုနေသူတစ်ဦးဖြစ်သည့် ISP China Desk ၏တာဝန်ခံ မခင်ခင်ကျော်ကြီးက ဆိုသည်။

"တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ရင် ခံစားချက်တွေ တအားများတာတွေ့ရတယ်။ ခံစားချက်တွေကို ဦးစားပေးတဲ့သုံးသပ်ချက်တွေ မဖြစ်ဖို့လိုတယ်" ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံ၏ ဆက်ဆံရေးတွင် တစ်ဖက်ကသာ အသာစီးရနေပါက ကျန်တစ်ဖက်က အသာစီးရနေသည့်တစ်ဖက်ပေါ် ဆန့်ကျင်သော ခံစားချက်များဝင်လာပြီး ခါးသီးသည့် နာကျည်းချက်များ ဖြစ်တည်လာနိုင်ကြောင်းကို စစ်အစိုးရလက်အောက် ကြုံတွေ့ခဲ့ရသော မြန်မာ-တရုတ်ဆက်ဆံရေးသမိုင်းက သက်သေထူခဲ့ကြောင်းမြန်မာ့နိုင်ငံရေးကျွမ်းကျင်သူများက ဆိုကြသည်။

အစိုးရအဆက်ဆက် မြန်မာ-တရုတ် ဆက်ဆံရေးသည် အစိုးရအချင်းချင်း ဆက်ဆံရေးကိုသာအလေး ထားခဲ့သည်။အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင်မူ တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားရေးမူဝါဒများ ပြောင်းလဲလာခဲ့ပြီး လွှတ်တော်၊ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းစာအဖွဲ့အစည်းများနှင့်ပါ ဆက်ဆံရေးများတည်ဆောက်လာခဲ့သည်။

အင်န်အယ်လ်ဒီအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်ခဲ့သော်လည်း"နိုင်ငံ ရေးအရ တန်းတူဆက်ဆံရေးနှင့် စီးပွားရေးအရအကျိုးတူဆက်ဆံရေး"ဖြစ်သည်ဟု အင်န်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကပြောသည်။

"ပါတီမူအရ၊ အစိုးရမူအရတော့ တရုတ်အစိုးရပေါ်မှာ အောက်ကျို့ပြီးတော့ ဆက်ဆံတဲ့လမ်းစဉ်မရှိပါဘူး။ Win-Win Sharing နဲ့သွားမှာဖြစ်ပါတယ်။ တန်းတူဆက်ဆံရေးပဲ။ ဘာမှ ဦးစားပေးစရာ မလိုဘူး" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အရေးကြောင့် အမေရိကန်နိုင်ငံက မြန်မာစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။ ယင်းအခြေအနေတွင် ကုလသမဂ္ဂစင်မြင့်နှင့် နိုင်ငံတကာသံတမန်အရေးများတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်လျက်ရှိရာ တရုတ်နိုင်ငံ၏ အရေးပါမှုမြင့်တက်လာသည်မှာ မှန်ကန်သော်လည်း သတိရှိရန်လိုအပ်ကြောင်း ISP ၏ အမှုဆောင်ဒါရိုက်တာ ဦမင်းဇင်က ထောက်ပြသည်။

"တရုတ်နိုင်ငံက ကျွန်တော်တို့ဆီက ဘာလိုချင်လဲဆိုတာ သိပ်ရှင်းပါတယ်။ ကျွန်တော်တို့က တရုတ်ဆီက ဘာလိုချင်လို့မေးရင် သိပ်မသဲကွဲပါဘူး။ နောက်တစ်နေ့ဆက်ပြီးရှင်သန်ရေးအတွက်ကို ကျွန်တော်တို့က အကူအညီ လိုသမျှ၊ ရသမျှ ယူတဲ့လူဖြစ်နေတယ်။ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့လူအကြောင်းကို ကျွန်တော်တို့ လုံးစေ့ပတ်စေ့သိရမယ်" ဟု ဦးမင်းဇင်က သုံးသပ်သည်။

ရှိနှင့်ခဲ့ပြီးသော တရုတ်-မြန်မာဆက်ဆံရေးက မြန်မာနိုင်ငံသားတို့ သင်ခန်းစာများစွာရရှိခဲ့ပြီး ဖြစ်သည်။ တရုတ်-မြန်မာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံဘက်က ခြေလှမ်းများကို သတိကြီးစွာ ကိုင်တွယ်သင့်ကြောင်း မြန်မာ-တရုတ်ဆက်ဆံရေးလေ့လာသူများက ထောက်ပြသည်။

"နိုင်ငံအားလုံးနဲ့ မိတ်မပျက် ဆက်ဆံချင်တယ်။ ဒါပေမဲ့လည်း ရှိနေတဲ့အန္တရာယ်ကို မရှိသယောင်နေနေလို့ရှိရင် သမိုင်းမှာ အပြစ်တင်ခံရမယ့်လူတွေ ဖြစ်သွားနိုင်ပါတယ်" ဟု ဦးမင်းဇင်က ဆိုသည်။ 

နိုင်ငံရေး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */