VOA
ဗွီအိုအေ (မြန်မာဌာန)19 ဒီဇင်ဘာ၊ 2019
ကျော်ကျော်သိန်း
ကမ္ဘာ့ဒုက္ခသည်များ ဖိုရမ်မှာ သံအမတ် ဒေါ်အိအိတင် အစီရင်ခံ။ ( ဓာတ်ပုံ - UN WEB TV Screen Shot)
မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက စစ်ဆေးအတည်ပြုပြီး သူတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း အတိအကျ အကောင်အထည် ဖော်သင့်တယ်လို့ မြန်မာ သံအမတ်တဦးဖြစ်သူ ဒေါ်အိအိတင်က ပြောပါတယ်။ ပြန်လာသူတွေ အားလုံးအတွက် ပိုပြီး အဆင်ပြေစေမယ့် အခြေအနေ ဖန်တီးပေးဖို့ နိုင်ငံရေးအရ စစ်မှန်တဲ့ဆန္ဒ ရှိတယ်လို့လည်း ပြောပါတယ်။ ဂျီနီဗာ ကုလ သမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ တင်ပြပြောဆိုချက်ထဲက ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကိုယ့်ဆန္ဒအတိုင်း နေရပ်ရင်း ပြန်လာတာဟာ ဒုက္ခသည်အရေး အတွက် ထိရောက်ပြီး ရေရှည်ခံတဲ့ အဖြေတခုဖြစ်တဲ့ အတွက် အိုးအိမ်စွန့် ထွက်ပြေးသွားသူတွေ နေရပ်ရင်း အမြန်ပြန်လာနိုင်ရေး အပြင်းအထန် ကြိုးစား လုပ် ဆောင်နေပါတယ်လို့ ဂျီနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ဒုတိယကိုယ်စားလှယ် သံအမတ် ဒေါ်အိအိ တင်က ဒုက္ခသည် ညီလာခံ အတွင်း ပြောသွားပါတယ်။
ဒီနေရာမှာ မြန်မာနဲ့ ထိုင်းအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိုင်းနိုင်ငံဘက်က စခန်းတွေမှာ နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည် ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံဘက် အောင်အောင်မြင်မြင် ပြန်ပို့နိုင်ခဲ့တာကို သံအမတ် ဒေါ်အိအိတင်က ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေ နေရပ်ရင်းပြန်လာရေးနဲ့ပတ်သက်လို့ ဒေါ်အိအိ တင်က အခုလို ပြောပါတယ်။
“စစ်ဆေးအတည်ပြုပြီး သူတွေ ကိုယ့်ဆန္ဒအတိုင်း၊ ဘေးကင်းစွာနဲ့ သိက္ခာရှိစွာ ပြန်လာနိုင်စေရေး နှစ်နိုင်ငံ သဘော တူညီချက်တွေနဲ့ အညီ လက်ခံဖို့ ကျမတို့ အဆင်သင့်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ခဲ့တဲ့ စာရင်းထဲက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် ၉၅ ရာခိုင်နှုန်း ကို စစ်ဆေးအတည်ပြုပြီးပါပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း အကြောင်းကြားပြီးပါပြီ။ ကိုယ့်ဆန္ဒနဲ့ အညီ ဘေးကင်းစွာနဲ့ သိက္ခာရှိစွာ နေရပ်ရင်းပြန်ပို့ရေး အောင်မြင်စေဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ သဘောတူညီထားတဲ့ နှစ်နိုင်ငံ အစီအစဉ်အတိုင်း အတိအကျ လိုက်နာပြီး ရိုးသားစွာနဲ့ လျင်မြန်စွာ အကောင်အထည် ဖော်သင့်ပါတယ်။”
ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြန့်ကြာနေတာဟာ သူတို့ နေရပ်ပြန်နိုင်မယ့် အခြေအနေကို မြန်မာဘက်က ဖန်တီးပေးဖို့ ပျက်ကွက်တာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အတွင်းဝန် Shahidul Haque က ဒီညီလာခံမှာပဲ ဒီဇင်ဘာလ ၁၇ ရက်နေ့က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွပ်စွဲချက်ကို သံအမတ် ဒေါ်အိအိတင်က နာမည်နဲ့တကွ တိုက်ရိုက် ချေပတာမျိုး ပြောမသွားပေမယ့် အဲဒီလိုအခြေအနေမျိုး ဖန်တီးဖို့ ဆန္ဒရှိတယ်ဆိုတာ ထည့်ပြောသွားပါတယ်။
“ပြန်လာသူ အားလုံးအတွက် ပိုပြီးအဆင်ပြေ စေမယ့် အခြေအနေကို စစ်မှန်တဲ့ နိုင်ငံံရေးဆန္ဒနဲ့ ဖန်တီးရေး ကျမတို့ ဆက်ပြီး ကြိုးပမ်းသွားဖို့ အခိုင်အမာရှိပါတယ်။ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို သက်ဆိုင်သူအားလုံးရဲ့ ဟန်ချက်ညီအားထုတ်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သိပ်မကြာခင် အနာဂတ်မှာ စတင်နိုင်ပြီးတော့ လက်တွေ့ကျပြီး ရေရှည် ခိုင်မာမယ့် အဖြေကိုလည်း ရရှိနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”
နေရပ်ရင်းပြန်ရေးကို ဟန့်တားနှောင့်ယှက်ဖို့ ARSA အဖွဲ့ရဲ့ သတ်ဖြတ် ခြိမ်းခြောက်မှုအပါအဝင် အတားအဆီးအမျိုးမျိုး ရှိနေ တဲ့ကြားမှာပဲ Cox’s Bazar က ဒုက္ခသည် ၄၀၀ ကျော် ကိုယ့်အစီစဉ်နဲ့ကိုယ် မြန်မာနိုင်ငံဘက် ပြန်လာကြတာ၊ ဟိန္ဒူဘာသာဝင် ၄၀၀ နီးပါးက သူတို့ပြန်ချင်တယ်ဆိုပြီး ပြောနေတာ ကြာပြီဖြစ်ပေမယ့် ပြန်ဖို့စီစဉ်နိုင်တဲ့ အခြေအနေ မရောက်သေးတာတွေကို လည်း သံအမတ် ဒေါ်အိအိတင်က ဒုက္ခသည်ညီလာခံအတွင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
Link : Here

No comments:
Post a Comment