" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 22, 2019

ICJ အမှု - မြန်မာနဲ့ မစိမ်းတဲ့ ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ ဖိုလီ ဟော့ဂ်

B B C
ဘီဘီစီ မြန်မာပိုင်း
22 နိုဝင်္ဘာလ 2019

ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ဥပဒေ ရေးရာ အဖွဲ့ ကို  ဖိုလီဟော့ဂ် Foley Hoag ဆိုတဲ့ အမေရိကန် ရှေ့နေ အဖွဲ့က ဦးဆောင်မှာ ဖြစ်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီး အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ် ကို မြန်မာက ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ICJ မှာ တရားစွဲဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC က အဖွဲ့ဝင် နိုင်ငံ ဂမ်ဘီယာကို တာဝန်ပေးခဲ့တဲ့နောက်၊ ဂမ်ဘီယာက သူတို့ရဲ့ ဥပဒေရေးရာ အဖွဲ့ကို ဦးဆောင်ဖို့ရာ ဖိုလီဟော့ဂ် ရှေ့နေအဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဖိုလီဟော့ဂ်ဟာ ICJ အပါအဝင်၊ နိုင်ငံတကာ တရားရုံး၊ အနုညာတခုံရုံးတွေမှာ နိုင်ငံတွေကို ကိုယ်စားပြုပြီးရှေ့ နေ လိုက်ပေးတဲ့ နေရာမှာ အထူးပြု ကျွမ်းကျင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဖိုလီဟော့ဂ်ရဲ့ နိုင်ငံတကာမှုခင်းရေးရာ ဌာနရဲ့ အကြီးအကဲ ပေါလ်ရိုင်ခလာ Paul Reichler က သဟေ့ဂ်ကို လာမယ့် ဂမ်ဘီယာ ဥပဒေအဖွဲ့ကို ဦးဆောင်မှာ ဖြစ်တယ်လို့ အမေရိကန် ဘော်စတွန်မြို့မှာ ရုံးချုပ်ထားရှိတဲ့ ဖိုလီဟော့ဂ်က ထုတ်ပြန်ထားပါတယ်။

" ဂမ်ဘီယာ နိုင်ငံ အပေါ် အင်မတန် ချီးကျူး ဂုဏ်ယူပါတယ်။ ရပ်တည် ရှင်သန်ခွင့် အကြီးအကျယ် ခြိမ်း ခြောက်ခံရတဲ့ ရိုဟင်ဂျာတွေ အပေါ် လူသားချင်း စာနာနားလည်ကြောင်း စိုးရိမ်မှုတွေ ပြသတဲ့ အတွက်ပါ။"

"ဒါ့အပြင် လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ကျူးလွန်မှု ဖြစ်တဲ့ ဂျီနိုဆိုက် လုပ်ရပ်တွေ ကမ္ဘာကြီးပေါ်က ဖယ်ရှားနိုင်ရေး လုပ်ဆောင်နေတဲ့ ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအဝိုင်းထဲ ဂမ်ဘီယာ ပူးပေါင်းပါဝင် ရပ်တည်ပြတဲ့ အတွက်လည်း ချီးကျူးသင့်ပါတယ်" ဆိုပြီး ပေါလ်ရိုင်ခလာ က ပြောဆိုတယ်လို့ ဖိုလီဟော့ဂ် ရှေ့နေ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

မြန်မာနဲ့ မစိမ်းတဲ့ ဖိုလီဟော့ဂ်

အဲဒီ အမေရိကန်ရှေ့နေ အဖွဲ့ ဖိုလီဟော့ဂ်ကို နိုင်ငံတကာ တရားရေး မျက်နှာစာမှာ မြန်မာ ကြုံတွေ့ဖူးပါ တယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေး ဆိုင်ရာ အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရှေ့နေအဖွဲ့ဟာ ဖိုလီဟော့ဂ်ပဲ ဖြစ်ပါတယ်။

အဲဒီတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အမှု ကိစ္စဟာ နိုင်ငံတကာ တရားရုံး အထိ ရောက်ခဲ့တာ ဖြစ်ပြီး မြန်မာပြည်တွင်း မှာတော့ စိန့်မာတင်ကျွန်း အငြင်းပွားမှု အဖြစ် လူသိများပါတယ်။

                                     ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားခဲ့တာထဲ စိန့်မာတင်ကျွန်း အရေးလဲ ပါဝင်ခဲ့

အဲဒီတုန်းက တရားရုံးကတော့ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့ အခြေစိုက် ITLOS လို့ အတိုကောက်ခေါ်တဲ့ ပင် လယ်ရေကြောင်း ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး ဖြစ်ပါတယ်။

ITLOS မှာ ဘင်္လားဒေ့ရှ်က မြန်မာကို ၂ဝဝ၉ နှစ်ကုန်ပိုင်းမှာ စတင် တရားစွဲပြီး ၂ဝ၁၂ မတ်လမှာ အဆုံးအဖြတ် ကျလာတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ လျှောက်ထား တောင်းဆိုတာတွေ ရတယ်၊ အမှုမှာ သူတို့နိုင်တယ် ဆိုတဲ့ ပြော ဆိုမှုတွေ ရှိပေမယ့်၊ စာမျက်နှာ ၁၅ဝ ကျော် ရှိတဲ့ တရားရုံး အဆုံးအဖြတ်ဟာ နှစ်နိုင်ငံကြား နှစ်ရှည်လများ မဖြေရှင်းနိုင်၊ သဘောတူမှု အတိအကျ မရ ဖြစ်နေတဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ် ဆိုင်ရာ အငြင်း ပွား၊ ဒွိဟ ဖြစ်စေမှုတွေကို ကျေလည်သွားစေတယ် ဆိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ သုံးသပ်မှုတွေ လည်း ရှိပါ တယ်။

အဲဒီအမှုတုန်းကလည်း ဘင်္ဂလားဒေ့ရှ်ကို ကိုယ်စားပြုတဲ့ ဥပဒေရေးရာအဖွဲ့ကို ဖိုလီဟော့ဂ်ရဲ့ ထိပ်တန်း ရှေ့နေ ပေါလ်ရိုင်ခလာပဲ အဓိက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သဟေ့ဂ်မှာ ဆုံရင် ဂမ်ဘီယာက ဘာတွေ လျှောက်ထားလဲ

ICJ အမှုကို ကြည့်ရင်တော့ ဂမ်ဘီယာက တရားရုံးကို မြန်မာအပေါ် အချက် ၅ ချက် အမိန့်ချမှတ် ပေးဖို့ တောင်းဆိုထားပါတယ်။

(၁) မြန်မာဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်း ဆိုင်ရာ လိုက်နာရမယ့် ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်၊ ဆက်လက် ပျက်ကွက်နေတယ်ဆိုတာ ကြေညာပေးဖို့၊

(၂) မြန်မာအနေနဲ့ ဆက်လက်ကျူးလွန် နေတဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို နှောင့်နှေးမှု မရှိ ချက် ခြင်း ရပ်ပြီး၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်းပါ အချက်တွေကို လေးစား လိုက်နာရမယ် ဆိုပြီး အမိန့်ချဖို့၊

(၃) ဂျီနိုဆိုက် ကွန်ဗင်းရှင်းထဲ သဘောတူထားသလို ကျူးလွန်တဲ့ သူတွေကို နိုင်ငံတကာ တရားသူကြီးတွေ ပါဝင်တဲ့ တရားရုံး၊ ဂျီနိုဆိုက်နဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်စွမ်း ရှိတဲ့ တရားရုံးကနေ အပြစ်ပေး အရေးယူမယ့် အကြောင်း မြန်မာ အနေနဲ့ ခံဝန်ကတိပြုစေဖို့၊

(၄) ဂျီနိုဆိုက် ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုဝင်တွေကို လိုအပ်တာတွေကို မြန်မာက ထောက်ပံဖြည့်ဆည်း ပေးပြီး၊ အဓမ္မ နှင်ထုတ်ခံခဲ့ရသူတွေ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာရေးမှာ ဘယ်လို အကန့်အသတ်မှ မြန်မာဘက်က မထားပဲ လုပ်ဆောင်ဖို့။ ရိုဟင်ဂျာတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစားပြီး၊ နှိမ်ချ ခွဲခြားတာမျိုး၊ ပစ်မှတ်ထား ရန်ရှာတာမျိုးတွေကနေလည်း မြန်မာက အကာအကွယ်ပေး ဖို့။

(၅) ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်တာတွေ ထပ်မံ မပေါ်ပေါက် စေရဘူး ဆိုပြီး မြန်မာဘက်က အာ မခံဖို့ စတဲ့ ၅ ချက် မြန်မာကို အမိန့်ချပေးပါ ဆိုပြီး ဂမ်ဘီယာက ICJ ကို လျှောက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာရဲ့ လျှောက်ထားမှုထဲမှာ ICJ ဘက်က အရေးပေါ် တားဆီးမိန့်တွေ ချမှတ် ပေးဖို့လည်း ပါဝင်ပါတယ်။

အဓိကကတော့ ရိုဟင်ဂျာတွေ အပေါ် စစ်တပ် အပါအဝင် ဘယ်လို လက်နက်ကိုင်တပ်၊ ဘယ်လို အဖွဲ့အစည်း မျိုးကမှ ဂျီနိုဆိုက် အပြုအမူတွေ ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ၊ ရွာတွေ အိမ်တွေကို မီးရှို့၊ လယ်ယာတွေ ကျွဲနွား တွေကို ဖျက်ဆီး၊ အစာအဟာရ ငတ်မွတ် ခေါင်းပါးအောင် လုပ်တာမျိုးတွေကို ချက်ခြင်းရပ်တန့်ရေး အရေးပေါ် အမိန့်တွေ ချမှတ်ပေးပါ ဆိုပြီး ဂမ်ဘီယာက တောင်းဆိုတာ ဖြစ်ပါတယ်။

အဲဒီ အရေးပေါ် တားဆီးမိန့်တွေထဲမှာ အခု ဂျီနိုဆိုက် ကွန်ဗင်းရှင်း ဖောက်ဖျက်မှု စွဲချက်နဲ့ ပတ်သက်နေတဲ့ သက်သေ အထောက်အထားတွေကို ဖျက်ဆီး ဖျောက်ဖျက်တာမျိုး မြန်မာဘက်က မလုပ်ရဘူး ဆိုပြီး တား ဆီးပေးဖို့လည်း ဂမ်ဘီယာက လျှောက်ထားပါတယ်။
အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို ICJ အမှုအကြောင်း ခေါ်ပြီး ရှင်းပြဖို့ရှိ

ဒီဇင်ဘာ ကြားနာပွဲ

ICJ က ဒီဇင်ဘာထဲ ရက်ချိန်းပေးလိုက်တဲ့ ကြားနာပွဲ ၃ ရက်မှာ၊ ICJ အနေနဲ့ အရေးပေါ် တားဆီးမိန့်တွေ ထုတ်ပြန် ပေးရမလား ဆိုတာကို ကြားနာမှာ ဖြစ်ပါတယ်။

နှစ်ဖက် နိုင်ငံတွေက နှုတ်အားဖြင့် သတ်မှတ်ရက်၊ သတ်မှတ် အချိန်တွေမှာ လျှောက်လဲချက်တွေ ပေးရမှာ ဖြစ်ပါတယ်။

သဟေ့ဂ်ကို လွှတ်မယ့် မြန်မာ ကိုယ်စားပြု အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန် မာရဲ့ နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက် အနေနဲ့ ဦးဆောင်မယ်၊ နိုင်ငံတကာ ရှေ့နေတွေလည်း ငှားရမ်း ထားတယ်လို့ မြန်မာ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာက ဘယ် ရှေ့နေအဖွဲ့၊ ဘယ်သူတွေ ပါဝင်မှာလဲ ဆိုတာတော့ ကနဦး ထုတ်မပြော သေးပေမယ့်၊ နိုဝင်ဘာ ၂၃ ရက် နေ့မှာ အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ရှိသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ICJ အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲ ဆိုတာကို ရှင်းပြဖို့ ရှိနေပါတယ်။

အဲဒီ ရှင်းလင်းပွဲကနေ သဟေ့ဂ်မြို့သွား မြန်မာ အဖွဲ့အကြောင်း ပိုပြီး အသေးစိတ်တွေ ထွက်ပေါ် လာနိုင် တယ် လို့ သုံးသပ်မှုတချို့ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */