" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 4, 2019

နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည် ( ဘာသာပြန် )

နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၁)

(Financial Review မှာ ပါတဲ့ အမေရိကန် လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ရဲ့ 'How Aung San Suu Kyi broke the world's hearts' ဆောင်းပါးကို ဘာသာပြန်ပါသည်။

 
ကျတော် ဒေါ်အောင်ဆန်းစုကြည်ကို စတွေ့တဲ့အချိန်တုန်းကတော့ သူဟာ အားလုံးအတွက် မျှော်လင့်ချက်ရောင် ခြည်ပေါ့။ ၂၀၁၂ နိုဝင်ဘာလထဲမှာ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက သူ့အိမ်မှာ တွေ့ကြတာ။ စစ်အစိုးရက ဆယ်စုနှစ် နှစ်ခုစာလောက် သူ့ကို အဲ့ဒီအိမ်မှာပဲ အကျယ်ချုပ် ချထားခဲ့တာ။

ဘာရက်အိုဘားမား ရယ် ဟီလာရီကလင်တန်ရယ် ဒဲရစ်မစ်ချယ်ရယ် ဒေါ်စုရယ် တစ်စားပွဲတည်းထိုင်ပြီး စကားပြောခဲ့ကြပါတယ်။ ဒဲရစ်မစ်ချယ်ကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အမေရိကန်သံအမတ်ကြီး အဖြစ် ပူပူ နွေးနွေးခန့်အပ်ခံထားရတာပေါ့။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စုဟာ တင့်တယ်ကျော့ရှင်းတဲ့ ကိုယ်ဟန်အနေ အထားရှိပြီး ဖြူစပြုနေပြီဖြစ်တဲ့ ဆံပင်မှာ ပန်းတစ်ပွင့်ပန်ထားပါတယ်။ သူ့နောက်က စာအုပ် စင်ပေါ်က ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ စာအုပ်တွေကို ကြည့်ပြီး သူတစ်ယောက်ထဲနေခဲ့ရတဲ့ အချိန်တုန်းက ဒီ စာအုပ်တွေ ဖတ်ပြီးကုန် ဆုံးခဲ့ရတဲ့ နာရီပေါင်းများစွာကို ကျတော် စိတ်ကူးနေမိခဲ့ပါတယ်။


တည်ငြိမ်လေးနက်စွာပြုံးနေတဲ့ မဟတ္တမဂန္နီ ရဲ့ ဓာတ်ပုံက ကျတော်တို့ကို ငုံ့ကြည့်နေပါတယ်။

အဲ့ဒီတွေ့ဆုံပွဲဟာ သမိုင်းထဲက လူသုံးယောက်အတွက် တကယ့်လျှမ်းလျှမ်းတောက် အချိန်အခါပါပဲ။ အိုဘားမားဟာ မကြာသေးခင်ကပဲ သမ္မတ ဒုတိယသက်တမ်းကို နိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက နိုင်ငံခြားရေး ဝန်ကြီး က လင်တန် ဟာလည်း နောက်သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်တော့မယ့်အချိန်။ ၂၀၁၀ နိုဝင် ဘာတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတဲ့ ဒေါ်စု ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရပြီးခါစ အချိန်။ တချိန်တုန်းက လူစုလူဝေး လုပ်ဖို့ ခွင့်မပေးခဲ့တဲ့တိုင်းပြည် မှာ အိုဘားမားရဲ့ ကားတန်းကို သောင်းနဲ့ချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုနုတ်ဆက်ခဲ့ကြပါ တယ်။ အိုဘားမား ဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်စုကို နိုင်ငံရေးထဲ ပါဝင်လာစေခဲ့ တဲ့ ၈၈ အရေးအခင်း ကာလ မှာ ဒီမိုကရေစီအတွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ပစ်သတ်ပြီး မကြာ ခင်မှာပဲ ရန်ကုန်တက္ကသိုလ်ကြီးကို စစ်အစိုးရက ပိတ်ထားခဲ့ပါတယ်။ ခုချိန်မှာတော့ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့တဲ့ တံတိုင်းကြီးကို ဖြိုချလိုက်သလိုပဲ ခံစားရပါတယ်။

လွှတ်တော်ထဲမှာ သူ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ စစ်တပ်ကိုရင်ဆိုင်တာတွေ လွှတ် တော်ရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ကို လေ့လာသင်ယူနေတာတွေကို ဒေါ်စုက ဂုဏ်ယူ စွာနဲ့ ပြောပြနေပါတယ်။ ဒါတွေဟာ သူတည်ဆောက်လိုတဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ် တွေပဲလေ။ ၁၉၄၀ နှစ်များဆီက မြန်မာပြည်လွတ်လပ်ရေးရအောင် တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်စုဟာ အကျယ်ချုပ်ကျခံနေရတဲ့ ကာလတွေ အတွင်းမှာ အလွန် သြဇာကြီးတဲ့ အမှတ်သင်္ကေ တတစ်ခုဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့ သူရဲကောင်း ၊ မြန်မာပြည်သူတွေရဲ့ မျှော် လင့် ချက် ဖြစ်ခဲ့ပါတယ်။ သူကတော့ အဲ့လို သူရဲကောင်း ဖြစ်လာတာကို သိပ်စိတ်မဝင်စားသလိုပဲ ပြောဆိုပါတယ်။”ကျမက အမြဲတန်း နိုင်ငံရေးသမားပါပဲ။” လို့ အိုဘားမားကို သူ က ဗြိတိသျှလေယူလေသိမ်း အင်္ဂလိပ်စကားနဲ့အခိုင်အမာ ပြောပါတယ်။

ဒေါ်စုအိမ်က အစည်းအဝေးအပြီးမှာတော့ အိုဘားမားရဲ့ ကားတန်းကြီးဟာ ဒေါ်စုထောက်ခံသူတွေ ကြားထဲ က နေ ဖြတ်မောင်းသွားခဲ့ပါတယ်။ လူအများကြီးဟာ ဒေါ်စုပုံပါတဲ့ ပိုစတာတွေလည်း ကိုင်ထားကြပါတယ်။ အိုဘားမားဟာ ကျတော့်အတွက်မှတ်မှတ်သားသားဖြစ်စေခဲ့တဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်။

“ပုံရိပ်တွေသာ မှေးမှိန်သွားတာ ငါ့ပုံလည်းတစ်ချိန်တုန်းကတော့ အဲ့လိုပဲ ပိုစတာတွေပေါ်မှာ ရှိခဲ့ဖူးတယ်။”

အိုဘားမားရဲ့ စကားဟာ ဒေါ်စုအတွက် အဲ့ဒီအချိန်တုန်းကတော့ မမှန်ကန်ခဲ့သလိုပါပဲ။ ဒေါ်စု ဟာ Vaclav Havel တို့ Lech Walesa တို့ Nelson Mandela တို့လောက်ကို ဂုဏ်သိက္ခာမြင့်မားခဲ့တာ။ ၁၉၈၈ အရေးအခင်းကတည်း က နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့တဲ့ ဒေါ်စု ဟာ စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်တာတွေ၊ နေအိမ်အကျယ်ချုပ်တွေ၊ အသက်အန္တရယ်ပြုမှု့တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ သူ့ရဲ့ သတ္တိတွေ၊ ရဲရင့်ပြတ် သားစွာ ပြောဆိုရဲတာတွေ၊ ဇွဲလုံ့လတွေကြောင့် ၁၉၉၁ မှာ နိုဗလ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရတာ နဲ့အတူ သူဟာလည်း ကမ္ဘာ့အထင် ရှားဆုံး အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

“တစ်ခုတည်းသော တကယ့်အကျဉ်းထောင်ဟာ အကြောက်တရားဖြစ်ပြီးတော့ အဲ့ဒီအကြောက် တရားက လွတ် မြောက်ခြင်းသာလျှင် မှန်ကန်သော လွတ်မြောက်မှု့ဖြစ်တယ်။” ဆိုတဲ့ သူရဲ့ ရေးသားမှု့ဟာ အထင်ကရ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အိုဘားမားရဲ့ စကား မှန်ကန်ခဲ့ပါတယ်။၂၀၁၆ ဧပြီမှာ ဒေါ်စုရဲ့ ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးဒေါ် စုကိုယ်တိုင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခဲ့ပါတယ်။ ဒေါ်စုရဲ့ အစိုးရအဖွဲ့ဟာ ပြည်သူတွေ ရဲ့ လွတ်လပ်မှု့တွေ သတင်းစာ၊ စာပေ လွတ်လပ်မှု့တွေကို ချုပ်ချယ်လာခဲ့ရုံမက ကုလသမဂ္ဂလူ့ အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးကိုယ်တိုင်က လူမျိုးရှင်းလင်းမှု့အတွက် ဥပမာ ပဲလို့ မှတ်ချက်ပေးရလောက်အောင် ဆိုးရွားတဲ့ ကျူးလွန်မှု့ကြီးကို ကျူးလွန်ခဲ့ပါတယ်။ တချို့တွေကတော့ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှု့လို့ စွတ်ဆွဲကြပါတယ်။ ၂၀၁၇ ကစပြီး ရိုဟင်ဂျာလူမျိုး ခုနစ်သိန်းကျော်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလား ဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးခဲ့ရပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ရောဂါဘယ တွေ ထူပြော တယ်၊ ကလေးတွေဟာ အဟာရ ကောင်းကောင်းမရဘူး၊ ပညာလည်း မသင်ရသလောက်ပါပဲ။

တချိန်တုန်းက ဗမာပြည် (စစ်အစိုးရက ၁၉၈၉ မှာ မြန်မာပြည်လို့ နာမည်ပြောင်းခဲ့ပါတယ်) လို့ခေါ်တဲ့ မြန်မာပြည်ဟာ ရူပ်ထွေးတဲ့ သမိုင်းကြောင်းနဲ့အတူ အလွန် ရူပ်ထွေးတဲ့ နိုင်ငံတစ်ခုပါ။ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အခြေအနေကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနေတဲ့ နိုင်ငံနယ်နိမိတ် ရှိပါတယ်။ နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှလက်အောက်၊ နောက် ဂျပန်လက်အောက် မှာ နေလာခဲ့တဲ့ မြန်မာပြည်ဟာ ၁၉၄၈ ခုနစ်မှာ ဗြိတိန်ကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး မြန်မာပြည်ဟာ ပြည်ဟာ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

တိုင်းပြည်အတွင်းမှာရှိတဲ့ အမျိုးမျိုးသော တိုင်းရင်းသားတွေနဲ့ ဗမာစစ်တပ် နဲ့ တိုက်လိုက်ကြတဲ့ ပြည်တွင်း စစ်ဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ပြည်တွင်းစစ်ရယ်လို့ ပြောစမှတ်ပြုကြရပါတယ်။ မြန်မာပြည်မှာ ၆၅ ရာခိုင်နှုန်းသော လူဦးရေဟာ ဗမာလူမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဗမာမဟုတ်တဲ့ လူမျိုးပေါင်း တစ်ရာ ကျော်ရှိပါတယ်။ အဲ့ဒီထဲက တစ်ဒါဇင်ကျော်ကျော်ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင် ထားကြပါတယ်။ ဗမာစစ်တပ်ဟာ ၁၉၆၂ ကစပြီး တိုင်းပြည်ကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီးတစ်ဖုံ အုပ်ချုပ်လာခဲ့ပါတယ်။ ၂၀၁၁ မှာတော့ စစ် တပ်ဟာ ဖြေလျှော့မှု့တွေလုပ်လာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်၊ အတော်အသင့်လွတ် လပ်တဲ့ ရွေးကောက်ပွဲ တွေ ကျင်းပ ပေးတယ်၊ နောက်တက်လာတဲ့ အစိုးရကလည်း အင်တာနက် တွေ ကမ္ဘာ့ စီးပွားရေးတွေ နဲ့ မြန်မာပြည်ကို ဆက်သွယ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ ပြည် ဟာ ဘယ်တုန်းကမှ လုံးဝငြိမ်းချမ်းရေးမရခဲ့သလို နယ်စပ်တွေ အားလုံးကိုလည်း မထိမ်းချုပ်နိုင်ခဲ့ပါ ဘူး။

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့အခြေအနေဟာ နှစ်ပေါင်းများစွာ ပြသနာတစ်ခု အ ဖြစ် ရှိနေခဲ့ပါတယ်။ရခိုင်ပြည်နယ်ဟာ မြောက်ဖက်မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ အနောက်ဘက်မှာ ဘင်္ဂလာပင် လယ်အော် တိုနဲ့ ထိစပ်နေပါတယ်။ မြန်မာပြည်ကလူတော်တော်များများကတော့ ရိုဟင်ဂျာတွေဟာ ဘင်္ဂ လာဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလီ တွေလို့ သတ်မှတ်ကြပြီး မြန်မာပြည်ရဲ့ လူမျိုးစု အ ဖြစ် မသတ်မှတ်ကြပါဘူး။ ၁၉၈၂ ဥပဒေကလည်း ဒီအတိုင်းပဲ သတ်မှတ်ပါတယ်။ ၁၉၈၂ ဥပဒေအရ ဗြိတိ သျှလက်ထက်မှ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့သူတွေကို နိုင်ငံသားအဖြစ် လက်မခံပါဘူး။ စစ်အစိုးရ ဟာ ဒီဥပဒေကို ကိုင်စွဲပြီး ရိုဟင်ဂျာအားလုံးကို နိုင်ငံသားအဖြစ် လက်မခံခဲ့ပါဘူး။ ၁၉၇၀ နှောင်းပိုင်းမှာ တစ် ကြိမ် ၁၉၉၀ အစောပိုင်းမှာ တကြိမ် စစ်အစိုးရဟာ စစ်ဆင်ရေးတွေ ဆင်နွှဲပြီး ရိုဟင်ဂျာ သုံးသိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတော်တော်များများဟာ တောင်အာရှဒေသ အဆက်အနွယ်တွေကို မုန်းတီးကြပါတယ်။ မုန်းတီးရတဲ့အကြောင်းရင်းတွေထဲမှာ ဗြိတိသျှတွေ အုပ်စိုးစဉ်အခါကအိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ခဲ့ တဲ့မြန်မာ နိုင်ငံမှာ အိန္ဒိယသားတွေကို လုပ်ပိုင်ခွင့်အာဏာပေးထားတာလည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါ တယ်။ အတော်များများ မြန်မာဗုဒ္ဓဘာသာတွေ ကလည်း အာဖဂန်နစ္စတန်လို အင်ဒိုနီးရှားလို သဘောထား တင်းမာတဲ့အစ္စလာမ် အယူဝါဒ က (တစ်ခါတစ်လေမှာ ဆော်ဒီအာရေးဗီးယား ရဲ့ငွေကြေးအကူအညီနဲ့ ) ဗုဒ္ဓ ဘာသာကို လွှမ်းမိုး နေရာယူ သွားမှာကိုလည်း ကြောက်ကြပါတယ်။ (ဒေါ်စုကိုယ်တိုင် အဲ့လိုဖြစ်မှာ ကြောက် တယ်ဆိုတဲ့အကြောင်း ကျတော့်ကို ဖွင့်ပြောဖူးပါတယ်။) လူနည်းစုဖြစ်တာတစ်ကြောင်း၊ မွတ်စလင် တွေဖြစ် နေ တာတစ်ကြောင်း၊ အိန္ဒိယအဆက်အနွယ်ဖြစ်နေတာတစ်ကြောင်း ကြောင့် ရိုဟင်ဂျာတွေဟာ သုံးဆ လောက်ပိုပြီး အန္တရယ် ကြုံနေရပါတယ်။ နှစ်ပေါင်း တော်တော်ကြာ စစ်အစိုးရရဲ့ ထောင်ချ ခံခဲ့ရတဲ့ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ မဝေေ၀နု က တော့ ဒါတွေအားလုံးဟာ အာဏာကြောင့် လို့ကျတော့်ကိုပြောပါတယ်။

၂၀၁၂ မှာ အိုဘားမား နဲ့ ဒေါ်စု မတွေ့ခင် လပိုင်းအလိုလောက်မှာ ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်ကို မွတ်စလင်တွေက ရခိုင်ပြည်နယ်မှာ မဒိန်းကျင့်တယ်ဆိုတဲ့ စွတ်စွဲချက် ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရခိုင်ဗုဒ္ဓ ဘာသာတွေက ရိုဟင်ဂျာတွေအိမ်တွေကို မီးရိူ့ပြီး တိုက်ခိုက်မှု့တွေ ပြုလုပ်ခဲ့ပါတယ်။ အကျိုး ဆက် အနေနဲ့ ရိုဟင်ဂျာ တစ်သိန်းလောက် ဟာ စုတ်ပြတ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲ ရောက်ကုန်ကြတာပါပဲ။ အဲ့လိုနဲ့ ခန့်မှန်းခြေ တစ်ဒသမတစ် သန်းလောက်လူဦးရေရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဆိုးသ ထက်ဆိုးလာပါတော့တယ်။ ၂၀၁၆ နှောင်းပိုင်းနဲ့ ၂၀၁၇ အစောပိုင်းလောက်မှာ ဖြစ်ပွားတဲ့ ရိုဟင်ဂျာ လက် နက်ကိုင် တွေရဲ့ တိုက်ခိုက်မှု့ကြောင့် စစ်တပ်ရဲ့ လိုတာထက်ပိုပြီး အကြီးအကျယ် နှိမ်နင်းတာ ခံခဲ့ရပါ တယ်။ အကျိုးဆက်အနေနဲ့ ကြောက်စရာကောင်းလှတဲ့ အကြမ်းဖက်မှု့တွေ ခံစားခဲ့ရတယ်ဆိုတဲ့ စွပ်စွဲ ချက် တွေကြားမှာပဲ ရိုဟင်ဂျာ ခုနစ်သိန်း လောက်ဟာ ဘင်္ဂလာဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ဒီအကြမ်းဖက်သတ်ဖြတ်မှု့တွေ ရပ်တန့်အောင် ဒေါ်စု အနေနဲ့ ဘာမှ သိပ်မလုပ်ခဲ့ပါဘူး။ ပြင်ပကလူတွေ အနေနဲ့တော့ ဒေါ်စုရဲ့ ဒီလိုအကြင်နာကင်းမဲ့တဲ့ လျစ်လျူရှု့မှု့ဟာ သစ္စာအဖောက်ခံရတယ်လို့ ခံစားရပါ တယ်။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးသင်္ကေတအဖြစ် တည်ရှိခဲ့တဲ့ ဒေါ်စုလိုမျိုး ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီလို အကြမ်းဖက်မှု့တွေကို ရပ်ကြည့်နေသလား။ အနောက်နိုင်ငံက နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက သူ့အပေါ်မှာ အပြစ်ပုံကြပါတယ်။ တစ်ချိန်တုန်းက ဒေါ်စုကို ဆုပေါင်းများစွာ ချီးမြင့်ခဲ့တဲ့ အဖွဲ့ပေါင်းစုံ က လည်း ခုချိန်မှာတော့ သူတို့ပေးထားတဲ့ ဆုတွေကို ပြန်ရုပ်သိမ်းကုန်ကြပါတယ်။

ဒေါ်စုကတော့သူ့ရပ်တည်ချက်ကို မပြောင်းလဲခဲ့ပါဘူး။

“သူ့ကို သူရဲကောင်းဖြစ်စေခဲ့တဲ့ ခေါင်းမာ မှု့က ပဲ သူ့ကို ဆွဲချသွားတာ။ သူက ချီးမြင့်မှု့တွေ ဆု တွေကို သဘော ကျပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူထင်တာက သူမှန်တယ် သူတို့တွေ အားလုံးမှား တယ်ပေါ့။” ဒေါ်စုနဲ့အတူ အလုပ်လုပ်ဖူးတဲ့ အနောက်တိုင်းသံတမန် တစ်ဦးက ကျတော့်ကို ပြောပြပါတယ်။

အိုဘားမားအစိုးရအဖွဲ့မှာ လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရှစ်နှစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ကာလအတွင်းမှာ ကျတော် ဒေါ်စုနဲ့ နေရာပေါင်းစုံမှာ မကြာခဏ ဆုံခဲ့ဖူးတယ်။ ရန်ကုန်က သူ့အိမ်မှာလည်းတွေ့ ဖူးတယ်။ လွှတ်တော်မှာ လည်းတွေ့ဖူးတယ်။ နေပြည်တော်က သူ့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးခန်းမှာလည်းတွေ့ဖူးတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာလည်း ဆုံဖူးတယ်။ ဒေါ်စု ရဲ့ လူ့အခွင့်အရေး အ တွက် ကြိုးပမ်းမှု့ကတကယ် လို့ ကျတော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီချိန်တုန်းက တော့ ဒေါ်စုဟာ သူ ပြောတာကို၊ သူ့ကို လူတွေယုံကြည်လာအောင် စွဲဆောင်နိုင်တဲ့နေရာမှာ တကယ်တော်ပါတယ်။ အနောက် နိုင်ငံတော်တော်များများကလည်း သူ့ကို ကယ်တင်ရှင် အဖြစ် ပစ်ခတ်ပြီး သိက္ခာတင်ပေးခဲ့ကြ ပါတယ်။

နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၂)
အဖေ့သမီး

ဒေါ်စုနဲ့ မြန်မာပြည်မှာ သူ့ရဲ့အနေအထား ကို နားလည်ဖို့အတွက် အဓိကသော့ချက်တစ်ခုက သူ့မိသား စုပါ။ သူဟာ အဖေ့သမီးပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၁ မှာ ခေတ်သစ်ဗမာ့တပ်မတော်ကို တည်ထောင် ခဲ့ပါတယ်။ သူဟာ ဂျပန်တွေရဲ့အကူအညီနဲ့ ဗြိတိသျှ တွေကို တိုက်ထုတ်ခဲ့ပပါတယ်။ တစ်ခါ ဗြိတိသျှတွေ အကူအညီနဲ့ပဲ ဂျပန်တွေကို တိုက်ထုတ်ပြန်ပါတယ်။ အဲ့ဒီနောက်မှတော့ မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိ သျှတွေနဲ့ ဆွေးနွေးခဲ့ပြန်ပါတယ်။ တိုင်းပြည်ဟာ လွတ်လပ်ရေးရဖို့နီးကပ်လာတာနဲ့အတူ ဗိုလ်ချုပ်အောင် ဆန်း ကိုလည်း တိုင်းရင်း သားတွေ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကို စည်းရုံးသိမ်းသွင်းနိုင်မယ့် တစ် ယောက်တည်းသော ပုဂ္ဂိုလ်အဖြစ် ရူ့မြင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၁၉၄၇ ခုနစ် မှာ အသက် ၃၂ နှစ် သာ ရှိသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ်။ မော်စီတုန်း၊ ဂျာဝါဟာလာနေရူး တို့ လိုမဟုတ်ပဲ အောင်ဆန်းရဲ့ ဂုဏ်သက္ခာဟာ အာဏာကြောင့် မမှေးမှိန်သွားခဲ့ပါဘူး။ ဘယ်လောက်ပဲ ပြည် တွင်းစစ်တွေဖြစ်ဖြစ်၊ အာဏာရှင်တွေတက်လာလာ၊ ဆင်းရဲ့မွဲတေမှု့တွေ ကြုံကြုံ မြန်မာပြည်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မဖောက်ပြန်တဲ့သူပျောက် ဆုံးသွားတဲ့ လွတ်လပ်ရေး ကတိ တွေရဲ့ပြရုဂ် အဖြစ် အမြဲ တည်ရှိနေပါတယ်။

သူ့အဖေ လုပ်ကြံခံရတုန်းက ဒေါ်စု ဟာ နှစ် နှစ်အရွယ်ပဲရှိပါသေးတယ်။ သူ အိန္ဒိယမှာကျောင်းတက်တယ်။ နောက် အင်္ဂလန်က Oxford တက္ကသိုလ်မှာ ဆက်တက်တယ်။ အဲ့ဒီမှာပဲ သူ့အမျိုးသား Michael Aris နဲ့ တွေ့ခဲ့တာ။ သူတို့မှာ သားနှစ်ယောက်ရှိတယ်။ ဒေါ်စု ကလည်း ဗမာ့စာပေ အထူးပြုနဲ့ အင်္ဂလန်မှာပဲ ပါရဂူ ဘွဲ့ယူဖို့ စီ စဉ် ထားခဲ့ပါတယ်။ နိုင်ငံရေးထဲကို ပါဝင်လာရမယ်လို့ မမျှော်လင့် ထားပါဘူး။ ၁၉၈၈ မှာ လေ ဖြတ်ဝေဒနာခံစား ရတဲ့ သူ့အမေ ဒေါ်ခင်ကြည်ကို ပြုစုဖို့ ဒေါ်စု မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ အဲ့ဒီ ချိန် မှာပဲ မြန်မာပြည်ဟာ ဖိ နှိပ်မှု့မျိုးစုံခံရ အပြင် ငွေစက္ကူတွေကို တရားမဝင်ကြေငြာလိုက်တဲ့အတွက် ပြည် သူတွေဟာ နေ့ချင်းညချင်း မွဲတေသွားတာတွေပါ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့လို ဒုက္ခမျိုးစုံကို မခံမရပ်နိုင်ဖြစ် လာတဲ့ ကျောင်းသား တွေဟာ မြေပေါ်မြေအောင် လှုပ်ရှားမှု့တွေလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ အစိုးရက လည်း ကျောင်းသားတွေရဲ့ လှုပ်ရှားမှု့တွေကို အပြင်းအထန် နှိမ်နှင်းခဲ့ပါတယ်။ တက္ကသိုလ်တွေ ပိတ်ပစ် တယ်။ ကျောင်းသားတွေကို လမ်းပေါ်မှာ ပစ်သတ်တယ်။ ဒဏ်ရာရ တဲ့ ဆန္ဒပြသူတွေကို ရန်ကုန်ဆေးရုံကြီး ကို ပို့ဆောင်ကြပါတယ်။ ဒေါ်စု မိခင်ဟာလည်း အဲ့ဒီမှာပဲ ကုသ နေတာဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ရက် စက် ကြမ်းကြုပ်စွာ နှိမ်နင်းမှု့တွေကို ဒေါ်စု မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး မြန်မာပြည်ပြန်ရောက်နေတာကို သိသွားတဲ့ ကျောင်း သားတွေဟာ ဒေါ်စုကို သူတို့လှုပ်ရှားမှု့မှာပါဝင်ဖို့ စည်းရုံးခဲ့ကြပါတယ်။ နောက်ပိုင်း အဲ့ဒီကျောင်းသား ခေါင်း ဆောင်တွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလို့ လူသိများလာပါတယ်။ အဲ့ဒီ အချိန်တုန်းက ဒေါ်စုအိမ်သွားတွေ့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုအောင် ဒင် ကတော့ ကျတော့်ကို ခုလိုပြောပါတယ်။

“သူက တော်တယ်။ ကျတော်တို့ပြောပြတာတွေကို ဂရုတစိုက်နားထောင်တယ်။ ကျတော်တို့ တွေ့ဖူးခဲ့တဲ့ နိုင်ငံ ရေးသမားတွေနဲ့လုံးဝမတူဘူး။ သူ့မှာ ဘာကိုယ်ကျိုး အတွက် ဆိုတာမှ မရှိဘူး။ သူ့တိုင်းပြည်ကို သူ ချစ် တယ်ဆိုတာ တစ်ခုပဲရှိတယ်။”

ဒေါ်စုဟာ ရွှေတိဂုံဘုရားလူထုစည်းဝေးပွဲမှာ မိန့်ခွန်းပြောဖို့ သဘောတူခဲ့ပါတယ်။

“အဲ့လောက်လူတွေ အများကြီးလာလိမ့်မယ်လို့ ကျတော်တို့ မထင်ခဲ့ဘူး။” ကိုအောင်ဒင် က အဲ့ဒီနေ့ကို အမှတ်ရသွားဟန် ပြုံးရင်းပြန်ပြောပြပါတယ်။ အဲ့ဒီနေ့က လူ ငါးသိန်းကျော်လောက် သူမမိန့်ခွန်းကိုနားထောင် ခဲ့ကြပါတယ်။ သူ့အဖေရဲ့ ပုံရှေ့မှာ ရပ်ရင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်း ဆိုခဲ့ပါတယ်။ အဲ့ဒီ မိန်းခွန်းထဲမှာပဲ သူဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ရှားဆုံးလို့ ပြောရမယ့် စကား ကိုပြောခဲ့ပါတယ်။

“ကျမအနေနဲ့ ဖေဖေ့ရဲ့သမီးလုပ်နေပြီးတော့ ခေါင်းရှောင်နေလို့မဖြစ်ပါဘူး။ ဒီအရေးအခင်းဟာ တကယ် တော့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲလို့ဆိုရင်လည်း ဖြစ်ပါတယ်။”

ဒီလှုပ်ရှားမှု့ကြီးကို စတင်ခဲ့တာက ကျောင်းသားတွေဖြစ်ပြီး ဒေါ်စု ဟာ ဒီလှုပ်ရှားမှု့ရဲ့ သူရဲကောင်းဖြစ် သွားပါတယ်။

စစ်အစိုးရဟာ ဒီလှုပ်ရှားမှု့တွေကို အပြင်းအထန်နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြသူတွေကို ရိုက် နှက်၊ ဖမ်းဆီး တာတွေလုပ်ခဲ့တဲ့အပြင် တချို့တွေဆိုရင် အသက်ပါပေးခဲ့ကြရပါတယ်။ ၁၉၈၉ ဧပြီလမှာ ကိုအောင်ဒင် လည်းအဖမ်းခံခဲ့ရပြီး တိုက်ပိတ် အကျဉ်းချခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်စုဟာ အာဏာရှင် အစိုးရရဲ့ အဓိက အတိုက်အခံခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ စစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဒေါ်စုဟာ တိုင်းပြည်အနှံ့မိန့်ခွန်းပေါင်းထောင်ကျော် ပြောကြားခဲ့ ပါတယ်။ ဓနုဖြူမြို့မှာ စစ်သားတွေဟာ သေနတ်မောင်းတင်ကာ သူ့ကို တည့်တည့်ချိန်ရွယ်ပြီး ထွက်သွားဖို့ အမိန့်ပေးပါတယ်။ ဒေါ်စုဟာ ပစ်မိန့်ရထားပြီးသားဖြစ်တဲ့ စစ်သားတွေရဲ့ရှေ့ကို တည့်တည့်လျှောက် သွား ပြီး သူ့ကို ဖြတ်သွားခွင့်ပေးဖို့ ရဲ့ဝင့်စွာ တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စစ်သားတွေလက်လျော့ ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ထပ်ပြီးလုပ်ကြံခံရတာမျိုး အဖြစ်မခံခဲ့ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်စုရဲ့ NLD ပါတီ အပြတ်အသတ် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ငြင်းဆန်ခဲ့သလို အာဏာလည်း လွှဲမပေးခဲ့ပါဘူး။ နောက် နှစ် နှစ်ဆယ်လောက် အတွင်းမှာ ဒေါ်စု ဟာ သူ့ရဲ့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာပဲ အကျယ်ချုပ်ကျခံ ရင်း အချိန်တော်တာ်များများကို ဖြတ်သန်းခဲ့ရပါတယ်။ စစ်အစိုးရဟာ သူ့ကို အမျိုးမျိုးပုံဖျက်၊ သိက္ခာကျအောင်ဝါဒ ဖြန့်ပါတယ်။ မကောင်းတဲ့မိန်းမအဖြစ် ပုံဖော်ခဲ့သလို အနောက်တိုင်းရဲ့ လက်ကိုင်တုတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဒေါ်စုရဲ့နာမည်ကို ခေါ်ရင်တောင် ပြစ်မှု့တစ်ခုအဖြစ်သတ်မှတ် ထားတဲ့ အချိန်မှာ ပြည်သူတွေက သူ့ကို ချစ်စနိုးနဲ့ “အမေ” လို့ခေါ်ကြပါတယ်။ မြန်မာပြည် ပြင်ပမှာဆိုရင်လည်း သူ့ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု့တွေကြောင့် အားလုံးရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။ စစ်အစိုးရက သူ့ကို အင်္ဂလန် ပြန်ဖို့ အခွင့်အရေးပေးပေမယ့် သူ လက်မခံ ငြင်းဆန် ခဲ့ပါတယ်။

နောက်တစ်ချိန်မှာ အမေရိကန်သံအမတ်ကြီးဖြစ်လာမယ့် ဒဲရစ်မစ်ချယ် ဟာ ဒေါ်စုနဲ့ ၁၉၉၅ ခုမှာ ပထမဆုံး တွေ့ ဆုံခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက ဒဲရစ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Democratic Institute မှာ အလုပ်လုပ်နေခဲ့ပါတယ်။ ဒဲရစ်ဟာ သူ့ကို အင်းယားကန်စောင်းက သူ့အိမ်မှာ တွေ့ဆုံခဲ့တာ ပါ။ ဒေါ်စုအိမ်တည်ရှိရာ အင်းလျားကန်ပတ်လည်မှာ တခြားထင်ရှားတဲ့သူတွေရဲ့ အိမ်တွေလည်းရှိပါတယ်။ အဲ့ဒီထဲမှာ ဒေါ်စုကို ဖမ်းဆီးဖို့အမိန့်ပေးခဲ့တဲ့ စစ်အာဏာရှင်ဦးနေဝင်းရဲ့အိမ်လည်းပါဝင်ပါတယ်။ ဒဲရစ်က အဲ့ဒီတုန်းက အတွေ့အကြုံကို ခုလိုပဲ ပြန်ပြောပြပါတယ်။

“သူစိတ်ဝင်စားတဲ့ ဒီမိုကရေစီ ကို ကျတော်တို့လည်း စိတ်ဝင်စားတယ်။ ကျတော်တို့ကိုယ်တိုင်လည်း သူ့ လှုပ်ရှားမှု့ရဲ့ တစ်စိတ်တစ်ဒေသလို့ ခံစားမိအောင် ဒေါ်စုလုပ်နိုင်ခဲ့တယ်။ အင်မတင် ကြံ့ခိုင်တဲ့ လူတစ် ယောက်ဟာ အလွန်ဝမ်းနည်းစရာကောင်းပြီး ပျက်လုပျက်ခင်ဖြစ်နေတဲ့ နိုင်ငံတစ်ခုကို အစွမ်းကုန် ကယ် တင် ဖို့ ထမ်းသိမ်းဖို့ ကြိုးပမ်း နေတာလို့ ကျတော် ခံစားခဲ့ရတယ်။ သူနဲ့တွေ့ခဲ့တဲ့ လူတော်တော် များများ ဟာလည်း ငါတို့သူ့ကို ဘယ်လိုကူညီရမယ်၊ ငါတို့သူ့ကိုကူညီကို ကူညီရမယ် လို့တွေးတောမိကြတာ ချည်းပဲ လို့ ကျတော်ထင်တယ်။ ”

ကျမတို့ကို မေ့မသွားပါနဲ့ လို့ ဒေါ်စု သူ့ကို ပြောခဲ့တယ်။
“ ခု ကျမက အကျယ်ချုပ်ကနေ လွတ်ခါစ ဆိုတော့ အားလုံးက အာရုံစိုက်နေကြတာပေါ့။ ဒါပေမယ့် ခနနေ ရင် ဒီအာရုံစိုက်ခံရမှု့က လျော့သွားတော့မှာ။”

သူမ ပြောတာမှန်ပါတယ်။ ၁၉၉၀ တဝိုက်မှာပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ဒီမိုကရေစီ လှိုင်းလုံးကြီးဟာ မြန်မာပြည် ကိုတော့ မရောက်ခဲ့ပါဘူး။ ၁၉၉၉ မှာ သူ့အမျိုးသားဟာ ဆီးကျိတ်ကင်ဆာ နဲ့ ဗြိတိန် မှာပဲ ကွန်လွန်ခဲ့ပါတယ်။ မကွယ်လွန်ခင် သူ့ဇနီးနဲ့ နောက်ဆုံးတွေ့ပါရစေဆိုတဲ့ ဒေါက်တာအဲရစ် ရဲ့ နောက်ဆုံးဆန္ဒကို စစ် အစိုးရက ငြင်း ဆန်ခဲ့ပါတယ်။ ဒေါ်စုကလည်း သူ့ခင်ပွန်းနဲ့တွေ့ဖို့ တိုင်းပြည်က မထွက်ခွာခဲ့ပါဘူး။ ၂၀၀၃ ခုနစ်မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကနေပြန်လွတ်လာပါတယ်။ စစ်အစိုးရဟာ လူ ၁၀၀၀ လောက်ပါတဲ့ လူအုပ်နဲ့ ဒေါ်စုရဲ့ ယဉ်တန်းကို ဝိုင်းဝန်းတိုက်ခိုက်စေခဲ့ပါတယ်။ ဒေါ်စုကိုယ်တိုင်ကတော့ ဒီတိုက်ခိုက်မှု့ ကနေ သီသီလေး လွတ်ခဲ့ပေမယ့် ဒါဇင်နဲ့ ချီတဲ့ လူတွေ အသတ်ခံခဲ့ရပါတယ်။ ဒေါ်စုကိုယ်တိုင်လည်း ထပ်ပြီး အကျယ်ချုပ် ချခံရပြန်ပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ခုနစ် အတွင်းမှာ သူ့မိသားစုကိုဆုံးရူံးခဲ့တယ်၊ သူ့လွတ်လပ်ခွင့်လည်းဆုံးရူံးခဲ့တယ်၊ နောက် ဆုံး သာမာန်လူတစ်ယောက်ရဲ့ အခွင့်အရေးတွေတောင်ဆုံးရူံးခဲ့ပါတယ်။ သူ့ဇာတ်လမ်းဟာ ဇာတ် သိမ်းကောင်းပါ့မလား ဆိုတာလည်း သူ မသိခဲ့ပါဘူး။ သူ့အဖေတည်ထောင်ခဲ့တဲ့ စစ်တပ် က သူ့ကို အချိန်မရွေးသတ်ပစ်နိုင်တယ်ဆိုတာလည်း သူ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူ့ရဲ့အားကိုးရာက သူ့နှလုံး သားကြံ့ခိုင်မှု့ပါပဲ။ အဲ့လို စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် သူ့အဖေဟာ သူ့အတွက်ဘယ်လောက် အရေး ပါလဲ ဆိုတာ တစ်ခါက သူပြောပြဖူးပါတယ်။

“ကျမ ညဆို အောက်ကိုဆင်းလာပြီး လမ်းလျှောက်တယ်။ ပြီးရင် ဖေ့ဖေ့ဓာတ်ပုံကို မော့ကြည့်ရင်း ဖေဖေနဲ့ သိပ်နီးကပ်သွားသလိုပဲခံစားရတယ်။ ဖေဖေ…. ဖေဖေနဲ့သမီးက တစ်ဖက်…..သူတို့က တစ်ဖက်။”

နိုဝင်ဘာ ၂၀၁၀ မှာ အစိုးရ သူ့ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ မြန်မာ ပြည်အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ရော အနောက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးတိုး တက်အောင် ဆောင်ရွက်နေပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ နံမည်ကောင်းပြန်ရဖို့ပထမဆုံးခြေလှမ်းတွေ လှမ်းနေတဲ့ အချိန်ပေါ့။ ဒေါ်စုကတော့ စိုးရိမ်နေဆဲပါပဲ။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာဒေါ်စု နဲ့ တွေ့ဖို့ မြန်မာပြည်ကို သွားခဲ့ပါတယ်။ တကယ်လို့အစိုးရဟာ သူ့လုံခြုံရေးအတွက် အာမမခံဘူးဆိုရင် သူ ရွေးကောက်ပွဲဝင်မပြိုင်ဘူးလို့ ဒေါ်စုက Kevin Rudd ကိုပြောပါတယ်။ ဒါပေမယ့် အစိုးရကနောက်ပိုင်းမှာ ဒေါ်စုရဲ့ လုံခြုံရေးကို အာမခံကြောင်း စာထုတ်ပေးပါတယ်။ သူအသတ်ခံရမှာကို စိတ်ပူနေတာ လို့ Rudd က ကျတော့်ကို ပြန်ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပါတယ်။ နိုင်လည်း နိုင်ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင်

“ကဲ….ဘာပြောချင်လို့လဲ။” ဒေါ်စုက အခို့တရို့အပြုံးလေးနဲ့ ကျတော့်ကို ပြောပါတယ်။ ဒါကတော့ ၂၀၁၃ နွေရာသီပါ။ ကျတော်ဟာ သမ္မတ အိုဘားမားရဲ့ စာကို ဆောင်ကျဉ်းပေးဖို့ မြန်မာပြည်ကို ရောက်နေတာပါ။ မဖွင့်ရ သေးတဲ့ စာအိပ်ဖြူလေးက ကျတော်နဲ့ ဒေါ်စုကြားက စားပွဲပေါ်မှာ တင်လျက်ပါပဲ။ နေပြည်တော်က လွှတ်တော် ရုံးခန်းတစ်ခုထဲမှာ ကျတော်တို့တွေ့ကြတာပါ။ အိုဘားမားက ဦးသိန်းစိန်ကို ဘဲဥပုံသမ္မတရုံး ခန်း မှာ ဧည့်ခံကြိုဆိုတာကို အတိုက်ခံခေါင်းဆောင်တစ်ဦးအနေနဲ့ သူ သဘောမကျပါဘူး။

ကျတော်မြန်မာနိုင်ငံကို လာတဲ့ရည်ရွယ်ချက်တစ်ခုက အိုဘားမားအစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်း လဲရေးကို ဆက်လက်အားပေးနေမှာဖြစ်ကြောင်း သတင်းစကားပါးဖို့ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင် ဖြစ်ထွန်းလာဖို့က သူ့အပေါ်မှာ မှီခိုနေတယ်လို့ ဒေါ်စုကိုယ်တိုင်ရော မြန်မာနိုင်ငံ သားအများစု ရော ယုံကြည်ကြပါတယ်။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှု့ဖြစ်စဉ်ထဲရောက်နေပါပြီ။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ ဒေါ်စုကြောင့်၊ ဒေါ်စုကိုထောက်ခံနေတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု့တွေ ကြောင့် ဆိုတာထက် ပိုပါတယ်။ ၂၀၀၈ ခုမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး နာဂစ်ကြောင့် မြန်မာပြည်မှာ လူ ပေါင်းသိန်းချီ သေဆုံးခဲ့ရပါတယ်။ အဲ့လိုသဘာဝကပ်ဆိုးတွေကြုံလာတဲ့အခါမှာ မြန်မာအစိုးရဟာ ထိထိ ရောက်ရောက်တုံ့ပြန်နိုင်စွမ်းမရှိဘူးဆိုတာ သိသာစေခဲ့ပါတယ်။ တစ်ခါ မြန်မာရဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေ လည်းဖြစ်၊ အရှေ့တောင်အာရှနိုင်ငံတွေလည်းဖြစ်တဲ့ ဗီယက်နမ်၊ စင်္ကာပူတို့ရဲ့ တိုးတက်ပြောင်းလဲမှု့ဟာ တစ်နိုင်ငံတည်းထီးထီးကြီးနေတာထက်စာရင် ပြင်ပနိုင်ငံတွေနဲ့ ကူးလူးဆက်သွယ် တာဟာ ပိုကောင်းတယ် ဆိုတဲ့ အမြင်ကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ နောက်ပြီး တရုတ်အပေါ်မှာ မှီခိုနေရတာကို မြန်မာပြည်သူတွေ သဘောမကျတော့ဘူး ဆိုတာကလည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးတွေကို မျှော်မှန်းထားတာထက် ပိုပြီး မြန်မြန်လုပ်ဆောင်ခဲ့ပါ တယ်။ စစ်တပ်က ရည်ရွယ်ထားတာထက်တောင် ပြုပြင်ပြောင်းလဲရေးလုပ်တာတွေက မြန်ကောင်းမြန်ခဲ့ ပါတယ်။ ၂၀၁၂ အစောပိုင်းမှာပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးနီးကို လွှတ်ပေးခဲ့ပါ တယ်။ ပြည်ပကို ထွက်ပြေးနေရတဲ့မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ကြိုဆိုခဲ့တယ်။ အစိုးရဟာ လွတ်လပ် စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ အဖွဲ့အစည်းတွေဖွဲ့ခွင့် တွေကို အသိအမှတ်ပြု၊ လေးစား စ ပြုလာပါပြီ။ တစ်ဒါ ဇင်လောက်ရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာကလည်း အတော်လေး ခရီးရောက်နေပါပြီ။ အဲ့လိုလုပ် ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန် နဲ့ တခြားနိုင်ငံ တွေ ဟာ မြန်မာနိုင်ငံအပေါ်မှာ ကန့် သတ်ပိတ်ဆို့ထားတာတွေကို စပြီး ဖြေလျော့ပေးခဲ့ကြပါတယ်။

မြန်မာပြည်အခြေဆိုက် နိုင်ငံရေးစိစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ Richard Horsey က ကျတော့်ကို ခုလိုပြော ပြပါတယ်။

“ဦးသိန်းစိန်ကို ဒေါ်စု မကျေနပ်တာတွေထဲကတစ်ခုက သူလုပ်မယ်လို့ စိတ်ကူးထားတဲ့ဟာတွေအားလုံးကို ဦးသိန်းစိန်က လုပ်သွားတာကိုပဲ။ အနောက်နိုင်ငံတွေနဲ့ပြေလည်ဖို့လုပ်ဆောင်သူဟာ သူပဲဖြစ်ရမယ်၊ ဒီလို ပြုပြင်ပြောင်းလဲရေးတွေလုပ်တာလည်း သူပဲဖြစ်ရမယ် လို့ ဒေါ်စုရည်မှန်းထားတာ။ ဟော.. ခုတော့ ဒီ ဦး သိန်းစိန်ဆိုတဲ့ လူ ပေါ်လာပြီး သူလုပ်မယ်လို့စိတ်ကူးထားတာတွေအားလုံးလုပ်သွားပြီး အမှတ်တွေ အ များ ကြီး ယူသွားတာ လေ။”

ဒါပေမယ့် ဦးသိန်းစိန်အစိုးရ ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ကြီးမားတဲ့ အမည်းစက်ကြီး ကတော့ အစိုးရ ရဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ပုံပါပဲ။ ၂၀၁၃ ခုနစ် ဒေါ်စုနဲ့မတွေ့ခင် ကျတော် သမ္မတအကြံပေး ဦးစိုးသိန်းနဲ့ အရင်တွေ့ခဲ့တယ်။ ကျတော် သူ့ကို ရိုဟင်ဂျာအရေး ပြောတဲ့အခါမှာ သူက တင်းမာမှုတွေ ဖြေလျှော့ဖို့ အစိုးရရဲ့ အစီအစဉ်တွေကို အသေးစိတ်ပြောပြတယ်။ နယ်စည်းမခြားဆရာဝန်များ အဖွဲ့ လိုမျိုး အဖွဲ့တွေကို လူ သားချင်းစာနာထောင်ထားတဲ့ အကူအညီတွေပေးဖို့ ခွင့်ပြုမယ်၊ လူတစ်ဦးချင်းစီကို နိုင်ငံသားလျှောက်ထားနိုင်ဖို့ ခွင့်ပြုမယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ဆက်မခေါ်တော့မှသာ နိုင်ငံသားကဒ်ထုတ်ပေးမယ်။ ဒီအချက်ကိုတော့ ရိုဟင်ဂျာတော်တော်များများက လက်ခံလိမ့်မယ်မထင်ဘူး။

“အခြေအနေတွေက သိပ်ရူပ်ထွေးတယ်။ ဒေသခံရခိုင်တွေနဲ့ မြန်မာပြည်ကလူတွေရဲ့ အမြင်ကို ကျတော်တို့ ပြောင်းလဲမှာမဟုတ်ဘူး။” ဦးစိုးသိမ်း က ကျတော့်ကို ဒီလိုပြောပါတယ်။

ဒေါ်စုနဲ့တွေ့ဆုံတဲ့အခါမှာလည်း အိုဘားမားအစိုးရဟာ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ထွန်း ကားဖို့၊ စစ်တပ်ကို အရပ်သားအစိုးရလက်အောက်မှာထားရှိရေးအတွက် အခြေခံဥပဒေပြုပြင်ပြောင်း လဲရေး အ ကောင်အထည်ပေါ်ဖို့ ဆက်လက် ထောက်ခံနေမှာ ဖြစ်ကြောင်း ကျတော် သူ့ကိုပြောပြခဲ့ပါတယ်။ ဒါ့အပြင် တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ဟာ လည်း အရေးကြီးကြောင်း အလေးထားပြောခဲ့ပါတယ်။ ပြီးတော့ အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ အစု လိုက် အပြုံလိုက်ထွက်ပြေးနေရတာကိုလည်း စိုးရိမ်ကြောင်းပြောခဲ့ပါတယ်။

“ကျမတို့ ဒါတွေလုပ်မှာပါ။ ဒါပေမယ့် ပထမဆုံး အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ရမယ်။” သူမအတွက်တော့ လူ့အခွင့်အရေးကိစ္စဟာ သူလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်နဲ့ ခွဲခြားမရဘူးလို့ ယုံကြည်နေပါတယ်။ “ကျမ တို့ ဒီမိုကရေစီမရပဲ လူ့အခွင့်အရေးဆိုတာလည်း မရနိုင်ဘူး။”

လုပ်ငန်းခွင် အစည်းအဝေးတွေမှာဆိုရင် ဒေါ်စုဟာ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ စည်းစနစ်ကျတဲ့ ကိုယ်နေဟန် ထား ရှိပါတယ်။ ကိုယ်ကို ခပ်မတ်မတ်ထိုင်လေ့ရှိတယ်၊ လှုပ်ရှားမှု့တိုင်းမှာအင်အားကို ခြွေတာပြီး သတိနဲ့ လှုပ်ရှားတယ်။ ဒါပေမယ့် သာမန် အာလပသလာပ ပြောကြတဲ့အခါမှာတော့ သူဟာ တကယ့်ကို သက် တောင့် သက်သာ ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ရွေတဲ့ အိမ်ရှင်တစ်ယောက်ဖြစ်သွားတော့တာပါပဲ။ အိုဘာမားမွေး ထားတဲ့ ခွေးတွေ အကြောင်းလည်းပြောဖြစ်ကြတယ်။

“သူ့ခွေးတွေက ကျမခွေးထက် ပိုလိမ္မာ တာသေချာတယ်။”

ဒေါ်စုဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တယ်၊ ပေါ့ပ် သီချင်းတွေကိုလည်း ကြိုက်တယ်။ သံအမတ်ကြီး မစ်ချယ်လ် နဲ့ ကျတော်က သူတောင်းထားတဲ့ Glory ဆိုတဲ့ DVD ယူလာပေးတာကို သူ သဘောကျနေပါ တယ်။ အဲ့ဒီ DVD က အမေရိကန်ပြင်တွင်းစစ်တုန်းက မထင်မရှားလူမည်းတပ်စိတ် တစ်စိတ်ရဲ့အကြောင်း ကို ရိုက်ထားတာ။

ဒေါ်စုဟာ ကျတော်တွေ့ဖူးတဲ့လူတွေထဲမှာ ကျတော်မျှော်လင့်ထားတဲ့အတိုင်း ကျတော့်ကို အထင်ကြီး လေး စားစေတဲ့ လူနည်းနည်းလေးထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ပါတဲ့တခြားသူတွေ က တော့ အင်္ဂလန်ဘုရင်မကြီး၊ ကတ်စ်ထရို နဲ့ ဒလိုင်းလားမား တို့ဖြစ်ကြပါတယ်။ သူ့ရဲ့နန်းဆန်တဲ့ အမူအရာ၊ သိက္ခာရှိတဲ့ မြန်မာဝတ်စုံ၊ Oxford အင်္ဂလိပ်လေယူလေသိမ်း၊ အမြဲပန်ထားလေ့ရှိတဲ့ ပန်းလေးတစ်ပွင့် စတာ တွေက သူ့ကို မြင်သူတကာ သတိထားမိစေတဲ့ တမူထူးခြားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်အောင် ပံ့ပိုး ကူ ညီနေကြပါတယ်။ သူဟာ အရှေ့ကမ္ဘာနဲ့အနောက်ကမ္ဘာ၊ အုပ်ချုပ်ရေးမှာ အတွေ့အကြုံမရှိဘူး ဒါပေမယ့် အင်မတန် တော်တယ်၊ထက်မြတ်တယ်၊ ချုပ်နှောင်ခံရခြင်းနဲ့လွတ်လပ်မှု့ စတဲ့ စတဲ့ မတူညီတဲ့ ပတ်ဝန်း ကျင်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ ခေါင်းမာတယ် ဒါပေမယ့် စိတ်မြန်လက်မြန်ရှိတယ်ဆိုတဲ့ အချက်ကလည်း ဒါကို အားဖြည့်ပေးပါတယ်။ သူကျော်ဖြတ်ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကြောင့် သူဟာ ခေါင်းမာတယ် ဒေါ သလည်းကြီးတယ် ဆိုတာ သိပ်အံ့သြစရာမဟုတ်ဘူးလို့ ကျတော် တွေးမိပါတယ်။ များပြားလှတဲ့ သူ့ရဲ့ စံနှုန်း တွေကြားထဲမှာ တစ်ခုခုကိုရှင်းရှင်းလင်းလင်းတိတိကျကျ ချမှတ်ဖို့ ပျက်ကွက်တာဟာ တခြားသူ တွေအနေနဲ့ သူတို့ယုံကြည်ချက်တွေကို ဒေါ်စုအပေါ်ပုံချဖို့၊ ဒေါ်စုလျှောက်တဲ့လမ်းကြောင်းဟာ သူတို့ လျှောက်တဲ့လမ်းကြောင်းပဲလို့ အထင်ရောက်အောင် ခွင့်ပြုသကဲ့သို့ ဖြစ်စေခဲ့ပါတယ်။

**********************************
နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၃)


၂၀၁၅ မှာ တစ်ခါ ကျတော်မြန်မာပြည်ကို သမ္မတအိုဘားမားရဲ့ ကိုယ်စားလှယ်အနေနဲ့ ထပ်ရောက်ပြန်ပါ တယ်။ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လအနည်းငယ် အလိုလောက်ပေါ့။ ကျတော်မြန်မာပြည်ကို သွား ရတဲ့အ ကြောင်းရင်းကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် နဲ့ ရရှိလာမယ့်ရ လဒ်ကို အသိအမှတ် ပြုအောင် အစိုးရကို တိုက်တွန်းပြောဆိုဖို့ဖြစ်ပါတယ်။

နေပြည်တော်အစိုးရအဆောက်အဦးတွေထဲက ဘောလုံးကွင်းလောက်ကျယ်တဲ့ ရုံးခန်းတွေထဲမှာ မြန်မာ အရာရှိကြီးတွေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးခဲ့ပါတယ်။ ကျတော့်ရဲ့ မြန်မာပြည်ကို ပထမဆုံးခရီးစဉ်က အာ ရဗ်နွေဦး ပြီးကာစကာလပေါ့။ ခုတစ်ခါလာတဲ့ချိန်မှာတော့ အမေရိကန်နဲ့ အီဂျစ်၊ ထိုင်းတို့ကြား ဆက်ဆံရေး အကြောင်းကို မေးပါတယ်။ ဒီတိုင်းပြည်နှစ်ခုက မကြာသေးခင်ကပဲ စစ်တပ်အာဏာသိမ်းမှု့တွေကြုံခဲ့ရ တာ လေ။ သမ္မတဦးသိန်းစိန်ကတော့ ကျတော့်ရဲ့ ရိုဟင်ဂျာတွနဲ့ပတ်သတ်ပြီးတောင်းဆိုမှု့တွေအပေါ်မှာ စိတ်မ သက် မသာဖြစ်နေပုံရပါတယ်။ ဒါပေမယ့် တခြားအာဏာရပါတီခေါင်းဆောင်တွေလိုပဲ ရွေးကောက်ပွဲရလဒ် ကို အသိအမှတ်ပြုပါ့မယ်လို့ ကတိပေးပါတယ်။ ရွေးကောက်ပွဲမှာ သူရူံးမယ်ဆိုတာတော့ သေချာသ
လောက် နီးနီးပါပဲ။

ရန်ကုန်က သူ့အိမ်မှာတော့ ဒေါ်စုဟာ စိတ်လှုပ်ရှားပြီး စိတ်ဓာတ်လည်းတက်ကြွနေပါတယ်။ သူဟာ နိုင်ငံ အနှံ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေ တက်ရောက်ခဲ့ပါတယ်။ မိန့်ခွန်းတွေလည်းပြောခဲ့ပါတယ်။ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ အများကြီးဝင်ပြိုင်တယ် ဆိုပေမယ့် တကယ် တမ်း တော့ ဒီရွေး ကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲပါပဲ။ ဒီအချက်ကိုလည်း သူက လျို့ဝှက်မထားပါဘူး။ ဒေါ်စုဟာ အိုဘားမားမဲဆွယ်ခဲ့တုန်းက ကျတော်တာဝန်ယူခဲ့တဲ့ ပြန်ကြားရေး နဲ့ ဆက်သွယ်ရေးအပိုင်း ကို တော် တော်စိတ်ဝင်စားနေခဲ့ပါတယ်။

“ ရှင်တို့လူတွေ အကုန်လုံး အတိုင်အဖောက်ညီညီနဲ့ ပြည်သူကို message တစ်ခုထဲပေးတယ်ဆိုတာ သေ ချာအောင် ဘယ်လိုလုပ်လဲ။” သူက ကျတော့်ကို မေးပါတယ်။ သူနဲ့ကျတော် မဲဆွယ်ကာလမှာ ကိုယ့်လူတွေ ဘယ်လို အတိုင်အဖောက်ညီညီ လှုပ်ရှား ကြမလဲဆိုတာနဲ့ ပတ်သတ်ပြီး နည်းလမ်းတွေ ဆွေးနွေးခဲ့ကြ ပါတယ်။

ဒေါ်စု အနေနဲ့ အဓိက စိတ်ပူတာ တစ်ခုက လာမယ့်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု အနေနဲ့ လွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်၊ မသတ်မှတ် ဆိုတာကိုပါပဲ။ သူ့အနေနဲ့တော့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့မထင်ပါဘူး။ ဘာလို့လဲဆို စစ်တပ်ဟာ ခုချိန်ထိ အခြေခံဥပဒေ ပြင်ဆင်ဖို့ကို ငြင်းဆန်နေတုန်းမို့လို့ပါ။ ကျတော်တို့အနေနဲ့လည်း လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးကောက်ပွဲတွေပါလို့ အပြည့်အ၀ သတ်မှတ်မှာမဟုတ်ပါဘူး။ အဓိကအားဖြင့်တော့ ၁၉၈၂ ဥပဒေအရ ရိုဟင်ဂျာတွေ မဲပေးဖို့ ကန့် သတ်ခံထားရလို့ပါ။

ရွေးကောက်ပွဲနေ့က အခြေအနေကတော့ မြန်မာပြည်က Human Rights Watch အဖွဲ့မှာ နှစ်ပေါင်းများစွာ အ လုပ်လုပ်ခဲ့တဲ့ David Mathieson ကျတော့်ကို ပြောသလိုပါပဲ။ အားလုံးဟာ “ ကဲ ဘာမှတ်လဲ… ငါတို့ လုပ်နိုင် ခဲ့ပြီ။” ဆိုတဲ့ ခံစားချက်နဲ့ အားလုံးပျော်ရွှင်နေကြပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ တရားဝင်မကြေ ငြာသေးခင်မှာကိုပဲ လူတွေဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံနေကြပါပြီ။ ကား ဟွန်းသံ တွေလည်း ဆူညံနေ တာပါပဲ။ သူတို့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ကို အလဲထိုးနိုင်မယ့် မဲ တစ်ပြားကို ပေးနိုင်ခဲ့ပြီလေ။ NLD ပါတီဟာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပါတယ်။ လွှတ်တော်ထဲမှာ နေရာအများဆုံး အနိုင်ရခဲ့တယ်ဆို ပေမယ့် စစ်တပ်ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းကြောင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့တော့ အခွင့်အရေးမရခဲ့ ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရာထူးယူနိုင်ဖို့ ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေး နွေးမှု့တွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စုအတွက် သေချာ ပြင်ဆင်ရေးဆွဲထားတာ လို့ ပြောနိုင်တဲ့ ( မြန်မာနိုင်ငံသားမဟုတ်တဲ့သားသမီးရှိသူကို သမ္မတအဖြစ်ခန့်အပ်ခြင်းမရှိစေရ။) ပုဒ်မ တစ်ခု ကြောင့် ဒေါ်စု သမ္မတမဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာ NLD ပါတီဟာ ဒေါ်စု ကို အာဏာပေးဖို့ နိုင်ငံတာ် အတိုင် ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ ရာထူးကို တီထွင်ခဲ့ပါတယ်။ အဲ့လို အာဏာရလာပြီဆိုပေမယ့်လည်း ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေအရ အရပ် သားအစိုးရဟာ စစ်တပ်ကို မထိမ်းချုပ်နိုင်ပါဘူး။ ကာကွယ်ရေး၊ နယ်စပ်ရေး ရာ နဲ့ပြည်ထဲရေးဝန်ကြီးဌာန တွေဟာ စစ်တပ်လက်အောက်မှာပဲ ရှိပါတယ်။ အဲ့ဒီဌာနတွေကပဲ ရိုဟင်ဂျာ တွေ အပေါ်မှာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းငါးဆယ်လောက်ကာလအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာ လွှဲပြောင်းပေးတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို အံ့သြစရာ ဒီမိုကရေစီဖြစ်စဉ်မျိုး မရှိတော့တဲ့ က မ္ဘ္ဘာကြီးမှာ မြန်မာပြည်ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်ဟာ အံ့သြစရာတစ်ခုပါပဲ။

နိုင်ငံတော်အတိုင်ပင်ခံ


၂၀၁၆ နွေရာသီမှာ ကျတော် ဒေါ်စုနဲ့ ထပ်တွေ့တယ်။ ခုတော့ သူကအာဏာရအစိုးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီ ဆိုတော့ နေပြည်တော်က ကြီးမားလှတဲ့ အစိုးရအဆောက်အအုံကြီးတစ်ခုမှာ ရုံးထိုင်နေပါပြီ။ သူ နိုင်ငံတော် အတိုင် ပင်ခံ စစဖြစ်ချင်းမှာပဲ အိုဘားမား အစိုးရ က သူ့ကို နိုင်ငံတော်အတွက် အနာဂတ်ရည်မှန်းချက်ချမှတ်ဖို့ အကြံ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ အကြံပေးချက်ကို နားမထောင်ပဲ နေပြည်တော်မှာပဲ ပြင်ပကလူတွေနဲ့သိပ်အတွေ့မခံပဲ တစ်သီးတစ်သန့် စံမြန်းနေပါတော့တယ်။ သူ့အကြံပေးတစ်ယောက် ကတော့ ကျတော့်ကိုပြောတယ်။

“လူထုက ကျတော်တို့ အပြောထက် အလုပ်အပေါ်မှာပဲ ဆုံးဖြတ်မှာပါ။”

ဒေါ်စုဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နမူနာ အတိုင်း တိုင်းရင်းသားလူမျိုးစု တွေကို စည်းရုံးဖို့ ကြိုးစား ပါတယ်။ ပထမဆုံး အပစ်အခတ်ရပ်စဲ မယ် နောက် ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ နောက်ဆုံးမှာတော့ တိုင်း ရင်း သားတွေ အားလုံး ပြည်ထောင်စုက ခွဲမထွက်ပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နိုင်မယ့် ဖဒ်ရဲယ် ပြည်ထောင်စု စနစ် ကို သွားမယ်ပေါ့။ ယိုယွင်းပျက်ဆီးနေတဲ့ မြန်မာ့စီးပွားရေး ကိုလည်း ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့စတင်ကိုင် တွယ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံသံယံဇာတ တွေနဲ့ အာဏာကို ထိမ်းချုပ်ဖို့အတွက် မြန်မာ့ စီးပွားရေးကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ပုံဖော်ခဲ့ကြပါတယ်။ အရင်က ဒေါ်စုဟာ အမေရိကန်ပြည် ထောင်စုရဲ့ ပိတ်ဆို့မှု့တွေကို အကြာကြီး ထောက်ခံခဲ့ပါတယ်။ ခု သူ အာဏာရလာချိန်မှာတော့ ဒီလိုပိတ် ဆို့မှု့တွေကြောင့် တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ ပြည်ပရင်းနှီးမြှပ်နှံမှု့တွေ ဝင် လာဖို့ခက်တယ်ဆိုတာကို သတိ ထားမိလာပါတယ်။ သူသဘောတူမယ်ဆိုရင် အိုဘားမားအစိုးရဟာ ပိတ် ဆို့မှု့တွေ ဖွင့်ပေးဖို့ အသင့်ရှိကြောင်းကျတော်သူ့ကိုပြောခဲ့ပါတယ်။ အစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် ဆက် ဆံမှု့ဟာ လူသားချင်းစာနာမှု့ဆိုင်ရာ အကျပ်အ တည်း (humanitarian crisis) ဖြစ်နေရုံသာမက မြန် မာပြည် ရဲ့ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ကိုပါ ခြိမ်း ခြောက်လာနိုင်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ စိတ်ပူ ပါကြောင်း ကျတော် သူ့ကို ပြောခဲ့ပါတယ်။ ဒီကိစ္စကို လေ့လာပြီး အကြံပြုချက်တွေ ပေးဖို့ ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ကို တာဝန်ပေး ဖွဲ့စည်းထားတဲ့အကြောင်း သူက ပြောပါတယ်။

“ကျမ ဒီကိစ္စကိုသာ အလေးအနက်မထားဘူးဆိုရင် ရှင့်ကို တာဝန်မပေးဘူးလို့ ကိုဖီအာနန်ကို ကျမပြော ထားတယ်။”

ကျတော် အမြဲ လေးစားရတဲ့ စံပြဒေါ်စုရဲ့ အရင်လေသံအတိုင်း သူက ရခိုင်အမျိုးသမီးတွေနဲ့ ရိုဟင်ဂျာအမျိုးသမီး တွေ တွေ့ဆုံစကားပြောလို့ရအောင်လည်း စီစဉ်ထားကြောင်းပြောပါတယ်။ ကျတော်တွေ့ဖူးတဲ့ မြန်မာအစိုးရအရာရှိတွေနဲ့ မတူတာက ဒေါ်စုဟာ ရိုဟင်ဂျာ တွေကို ဘယ်တော့မှ ဘင်္ဂါလီ လို့ မခေါ် တာ ပါပဲ။ (ဒါပေမယ့် ရိုဟင်ဂျာလို့လည်း မသုံးနှုန်းပါဘူး။ အဲ့ဒီအစား ရခိုင်ပြည်နယ်က မွတ်စလင် များလို့သာ သုံးနှုန်းပါတယ်။)

ကျတော်နဲ့ ရုံးအဆောက်အအုံအပြင်ဘက်ထိ လမ်းလျှောက်လိုက်လာရင်း သူက အလုပ်တာဝန်တွေ အ ကြောင်း၊ မာဂရက် သက်ချာကို ဥပမာ ယူနေကြောင်းပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာဟာ ယောကျာ်းသားတွေကြီးစိုးတဲ့ နိုင်ငံရေးလောကမှာ နေ့မအားညမနား နာရီပေါင်းများစွာ အ လုပ် လုပ်ခဲ့သူပါ။ဒေါ်စုက ကျတော့်ကို လာမယ့် အမေရိကန် ရွေးကောက်ပွဲအကြောင်းလည်းမေးပါတယ်။ ကျတော်ကတော့ ဟီလာရီ ကလင်တန် သမ္မတ ဖြစ်လာရင်လည်း မြန်မာနိုင်ငံကို ဆက်ပြီး အာရုံစိုက် မယ့် အကြောင်းပြန်ပြောလိုက်ပါတယ်။

“ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်သူနိုင်မယ် ဆိုတာ ရှင်သိလို့လား။” သူက ကျတော့်ကို ဆူတဲ့လေသံနဲ့ ပြန်ပြောပါတယ်။

နောက် ရက်သတ္တအနည်းငယ်အကြာ ၂၀၁၆ ခု စက်တင်ဘာ မှာ သူ ဝါရှင်တန်ကို ရောက်လာတဲ့အချိန် မှာ တော့ အိမ်ဖြူတော် က မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု့တွေကို ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒုတိယ သမ္မတ Joe Biden အိမ်မှာလုပ်တဲ့ မနက်စာ စားပွဲမှာ ဒေါ်စုက အမေရိကန်လွှတ်တော်အမတ် ခေါင်းဆောင် တွေကို မြန်မာပြည်ဟာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်နိုင်ပြီ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒေါ်စုရဲ့ အလွန် တော်တဲ့ နိုင်ငံရေးစွမ်းရည်ကို ကျတော် တွေ့လိုက်ရပါတယ်။ သူက လွှတ်တော်အမတ် အများစုရဲ့ ခေါင်း ဆောင်ဖြစ်တဲ့ Mitch McConnell ကို သူ့ရဲ့မြင်းတွေ အကြောင်းမေးပါတယ်။ နယူယောက်အမတ် Joe Crwoley ကိုတော့သူ့အမေ အကြောင်းမေးပါတယ်။ ဒါပေမယ့် Tennessee က လွှတ်တော်အမတ် Bob Corker ကိုကျတော့ မြန်မာအစိုးရရဲ့ ကလေးလူကုန်ကူးမှု့နဲ့ ပတ်သတ်ပြီး အမေရိကန်က မြန်မာကို အပြစ် တင်ခဲ့တာကို အေးတိအေးစက်လေသံနဲ့ပဲ စကားပြောပါတယ်။

“ကျမတို့ကလေးတွေ ကို ကျမတို့ဟာ ကျမတို့ ဂရုစိုက်ပါ့မယ်။”

အကြာကြီး စကားပြောပြီးတဲ့နောက်မှာ ဒေါ်စု က အထက်ပါအတိုင်း နောက်ဆုံးပြောပြီး စကားစ သပ်လိုက် ပါတယ်။ ဒေါ်စုအနေနဲ့အနောက်နိုင်ငံတွေရဲ့ အကူအညီကိုတော့ လက်ခံချင်တယ်။ ဒါပေမယ့် တိုင်းပြည် အချုပ်အချာ နဲ့ ပတ်သတ်လို့တော့ နည်းနည်းမှ အထိမခံပေ။

ပိတ်ဆို့မှု့တွေ ရုပ်သိမ်း ဖို့အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြစ်ခဲ့ ပါ တယ်။ ရိုဟင်ဂျာတွေအပေါ်မှာ အကြမ်းဖက်မှု့တွေကြောင့် တချို့ကလည်း ဒီဆုံးဖြတ်ချက်ကို အပြစ်တင်ကြ ပါ တယ်။ အောက်တိုဘာလမှာ အသစ်ပေါ်ပေါက်လာတဲ့ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် (ARSA) အဖွဲ့က မြန်မာနယ်ခြားစောင့်စခန်း သုံးခုကို ဝင်ရောက်တိုက်ခိုက်ပါတယ်။ ဒီတိုက်ခိုက်မှု့ကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှု့တွေ ထပ်လုပ်ဦးမလားဆိုတဲ့စိုးရိမ်မှု့တွေလည်း ပေါ် ပေါက်လာပါတယ်။ အငိုက်မိသွားတဲ့ ဗမာစစ်တပ်ဟာ အကြီးအကျယ်အင်အားသုံးပြီး တိုက်ခိုက်မှု့ တွေ လုပ်ပါတော့တယ်။ အဲ့လို ဗမာစစ်တပ်ရဲ့ တိုက်ခိုက်မှု့တွေကြောင့် ရိုဟင်ဂျာ သုံးသောင်းလောက်ဟာ နေ ရပ်ကိုစွန့်ခွာ ထွက်ပြေးကြရပါတယ်။ ပိတ်ဆို့မှု့တွေ ရုပ်သိမ်းလိုက်တာဟာ စစ်တပ်ကို လုပ်ချင်ရာလုပ်ဖို့ အခွင့်ပေးလိုက်သလိုဖြစ်သွားတယ်လို့ Washington DC မှာရှိတဲ့ Human Rights Watch ရုံးက Sarah Margon က ကျတော့်ကို ပြောပါတယ်။ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ မဝေေ၀နု လိုမျိုး တခြားသူ တွေကလည်း ကျတော့်ကို ဒီအတိုင်းပဲ ပြောကြပါတယ်။

သူတို့ပြောတဲ့ သဘောကို ကျတော်နားလည်ပါတယ်။ ဒါပေမယ့် ကျတော့်အနေနဲ့ တော့ ပိတ်ဆို့မှု့တွေဟာ တ ကယ်ရော ထိရောက်ရဲ့လားဆိုတာ သံသယရှိပါတယ်။ ဝါရှင်တန် ဟာ ပိတ်ဆိုမှု့တွေကို ယေဘူယျ အား ဖြင့်လိုတာထက်ပိုပြီး ဖောဖောသီသီ သုံးနေတယ်လို့ ကျတော် ယုံကြည်တယ်။ မကောင်းတဲ့သူတွေကတော့ ဒီပိတ်ဆို့မှု့တွေကို ဘယ်လိုရှောင်ပြီး ကိုယ်ကျိုးရှာရမယ်ဆိုတာ အမြဲ လုပ်တတ်ကြတယ်။

ပိတ်ဆို့မှု့တွေကြောင့် မဆိုင်တဲ့သူတွေသာ နစ်နာကုန်ကြတာ။ မြန်မာပြည်မှာဆိုရင်လည်း လူဆိုးတွေသာ မူးယစ်ဆေးဝါးတွေ၊ ပတ္တမြားတွေ ကျောက်စိမ်းတွေ ရောင်းဝယ်ဖောက်ကား ရင်းနဲ့ ချမ်းသာကုန်ကြတာ၊ သာမာန်ပြည်သူတွေကတော့ ဘယ်ရင်းနှီးမြှပ်နှံမှု့မှ မလာတဲ့ စီးပွားရေးကြောင့် ပိုပြီးဆင်းရဲသွားရတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု့ကြောင့် မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေနဲ့ပတ်သတ်ပြီး ဘာလူ့ အခွင့်အရေးကိစ္စမှ ဂရုမစိုက်တဲ့ တရုတ်ရဲ့ လက်ထဲကို ရောက်သွားပါတယ်။

၂၀၁၇ သြဂုတ်လမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ဟာ ရခိုင်အရေးကို ဖြေရှင်းဖို့ အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီကော်မရှင်ရဲ့အကြံပြုချက်တွေထဲမှာ ရိုဟင်ဂျာတွေအပေါ်မှာ ကန့်သတ်ထား တဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့၊ နိုင်ငံသားဖြစ်ရေးအတွက် ရှင်းလင်းတဲ့လမ်းကြောင်းတွေ ချမှတ်ပေး ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေကိုသာ သေချာလိုက်လုပ်ပေးမယ်ဆိုရင် ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးနဲ့ တရားဝင်မှု့ဟာ အများကြီးတိုးတက်လာစရာရှိပါတယ်။ ဒါပေမယ့် ဒီအစီရင်ခံဟာ ထုတ်ပြန်ပြီး နှစ်ရက်အကြာမှာပဲ ARSA လက်နက်ကိုင်အဖွဲ့က ရဲစခန်း ၃၀ ကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ ဒီတိုက် ခိုက် မှု့မှာ လုံခြုံရေးဝန်ထမ်း ၁၂ ယောက်အပါအဝင် စုစုပေါင်း ၇၁ ယောက်သေဆုံးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ မြန်မာစစ်တပ် က အဆင်သင့်ဖြစ်နေပါပြီ။

“နောက်တစ်ခါ ပိုပြီးကြီးတဲ့ တိုက်ခိုက်မှု့မျိုးဖြစ်လာရင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စစ်တပ် က ကိုးလလောက် စဉ်းစားပြီးပြီလေ။”

နိုင်ငံရေး စိစစ်လေ့လာသူ Richard Horsey က ကျတော့်ကို ပြောတယ်။

“ဒီတစ်ခါတော့ အပြင်းအထန်ပြန်တိုက်ဖို့ သူတို့ဆုံးဖြတ်ပြီးပြီလေ။ တကယ်လို့ ARSA အဖွဲ့ဝင်တွေ ရွာထဲ ဝင်ပုန်းတယ်မို့လား။ ဟုတ်ပြီ အဲ့ဒါဆို ဘယ်ရွာမှ မရှိစေရဘူး။”

၂၀၁၇ ဆောင်းဦးမှာ မြန်မာစစ်တပ်ဟာ အများအားဖြင့်အကာအကွယ်မဲ့နေတဲ့ ရိုဟင်ဂျာတွေကို ပြုတ်ပြုတ် ပြုန်းအောင် စစ်ဆင်ရေးဆင်နွှဲ ချေမှုန်းခဲ့ပါတယ်။ ဒီ ချေမှုန်းမှု့ထဲမှာ အုပ်စုလိုက်မဒိမ်းကျင့်တာတွေ၊ လိင် ပိုင်းဆိုင်ရာစော်ကားမှု့တွေ၊ တရားမဲ့သတ်ဖြတ်မှု့တွေ၊ ရာနဲ့ချီတဲ့ ရွာပေါင်းများစွာကို ဖြတ်ဆီးပစ်တဲ့ နည်း လမ်းတွေ ပါဝင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့ ကို တုန့်ပြန်တာဆိုတာထက် ပိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည့်ကျပ်နေတဲ့ ဒုက္ခသည် စခန်းတွေဆီကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ခုနစ်သိန်းထဲမှာ ကလေးငယ် လေးသိန်းပါဝင်ပါတယ်။

စစ်တပ်ဟာ ဒီတိုက်ခိုက်မှု့တွေကို ရပ်တန့်ခိုင်းဖို့တရားဝင်အခွင့်အာဏာမရှိတဲ့ ဒေါ်စုကို အရှက်ခွဲချင်တာ၊ သိက္ခာကျစေချင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ရိုဟင်ဂျာတွေကို စာနာထောက်ထားတဲ့ အရိပ်အရောင်တစ်စက်မှ မပြခဲ့တဲ့အပြင် ကူညီဖို့လည်း သိပ်မကြိုး စား ခဲ့ပါဘူး။ စစ်တပ်ရဲ့လုပ်ရပ်တွေကို အပရိကဖြစ် မှေးမှိန်သွားစေမယ့် မှတ်ချက်ချပြောကြား မှု့တွေပြု လုပ်ခဲ့ ပါတယ်။ နိုင်ငံတွင်းက ပြသနာတွေကို နိုင်ငံတကာက ဝင်ပါစရာမလိုဘူးဆိုတဲ့ သဘောထားရှိတဲ့ မြန်မာ စစ်တပ်ကို အကာအကွယ် ပေးတဲ့ ဒိုင်းသဖွယ်တောင် ဖြစ်လာခဲ့ပါတယ်။

“သူက ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ပျက်ကွက်ခဲ့ယုံတင်မကဘူး စစ်တပ်ရဲ့ လုပ်ရပ်တွေ အစီအမံတွေ ကို တောင် ထောက်ခံအားပေးနေသေးတယ်။” မဝေေ၀နုက ကျတော့်ကိုပြောပါတယ်။ လူ့အခွင့်အရေး ဆို တာကို တွင်တွင်ကြီးပြောခဲ့ပေမယ့်၊ ရိုဟင်ဂျာခေါင်းဆောင်တွေကိုလည်း ကောင်းကောင်းသိပေမယ့် နိုင်ငံ တော်အတိုင်ပင်ခံဖြစ်ကတည်းက ဘယ်ရိုဟင်ဂျာ နိုင်ငံရေးခေါင်းဆောင်နဲ့မှ တွေ့ဆုံတာမျိုးမလုပ်ခဲ့ဘူး လို့ မဝေေ၀နု က ဆက်ပြောပါတယ်။

မဝေေ၀နုရဲ့ဖခင်ဟာလည်း ရိုဟင်ဂျာခေါင်းဆောင်တွေထဲက တစ်ယောက်ပါပဲ။ “ကျမတို့သာ အာဏာရ ရင် ဒီပြသနာတွေအကုန်လုံးကို ဖြေရှင်းမှာပါ။” လို့ မဝေေ၀နုရဲ့အဖေကို တစ်ချိန်တုန်းက ဒေါ်စု ပြောခဲ့ဖူး ပါတယ်။

(ဆက်ရန်)

--------------------------------------------------------------------------------------------------------------

နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၄)

 
(Financial Review မှာ ပါတဲ့ အမေရိကန် လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ရဲ့ 'How Aung San Suu Kyi broke the world's hearts' ဆောင်းပါးကို ဘာသာပြန်ပါသည်။ မူရင်းဆောင်း ပါးမှာ အ တော်ရှည်လျားတဲ့အတွက် အပိုင်းခွဲပြီး တင်ခွင့်ပြုပါ။)

မှေးမှိန်သွားတဲ့ကြယ်တစ်ပွင့်

ကျတော် ဇန်နဝါရီလ ထဲမှာ မြန်မာပြည်ကို တစ်ခေါက်ထပ်သွားခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့မြင်ကွင်းမှာ မှန်နဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံးကြီးတွေကို မြင်တွေ့ရပါတယ်။ လေယဉ်ကွင်းကနေမြို့ထဲကိုလာတဲ့ လမ်းဟာလည်း ပြည့်ကျပ်နေတာပါပဲ။ အနောက်ကမ္ဘာကို တံခါးဖွင့်ပေးလိုက်တဲ့အတွက် ရလဒ်တွေပေါ့။ ဒါပေမယ့် ရိုဟင်ဂျာ ပြသနာရဲ့ အကျိုးဆက်ကိုလည်း အခန်းလွတ်တွေ အများကြီးဖြစ်နေတဲ့ မြို့ထဲက ကျ တော်တည်းတဲ့ ဟိုတယ်က သက်သေပြနေပါတယ်။ စီးပွားရေးပိတ်ဆို့မှု့တွေကို ရုပ်သိမ်းပေးလိုက်ပြီဆို ပေမယ့် ရိုဟင်ဂျာတွေအ ပေါ်အကြမ်းဖက်မှု့သတင်းတွေကြောင့် အနောက်တိုင်းက တိုးရစ် တွေ ရင်းနှီးမြှပ်နှံ့မှု့တွေ ခမ်းခြောက်ကုန်ပါတယ်။ ကျတော် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့ကနေ ဖြတ် လျှောက်သွားဖြစ်တယ်။ အိမ်မှာ ဘယ်သူမှရှိမနေပါဘူး။ဒေါ်စုဟာ နေပြည်တော်မှာပဲ အနေများပါတယ်။ အိမ်ရှေ့က လုံခြုံရေး စခန်းမှာတော့ရဲသားတစ်စု ခေါက်ကုလားထိုင်လေးတွေနဲ့ ထိုင်ကာ စကားပြောနေကြ ပါတယ်။ လမ်းဘေးမှာတော့ ခွေးလေခွေလွင့်တွေ သွားလာနေကြပါတယ်။ ခြံရှေ့မှာ NLD ဆိုင်းဘုတ်နဲ့ ဒေါ်စုရဲ့ ဓာတ်ပုံချိန်ဆွဲထားပါတယ်။

အဲ့ဒီလမ်းထဲမှာရှိပြီး ဘရုတ်ကလင်းက ကော်ဖီဆိုင်တွေထက် မလျော့တဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ချင်းလူမျိုး လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ Cheery Zahau နဲ့စကားပြောဖြစ်ကြပါတယ်။ ချင်းတွေဟာ မြန်မာ နိုင်ငံမှာ အနှိမ်ခံ ခရစ်ယန်လူနည်းစု တစ်စုလည်းဖြစ်ပါတယ်။ ခုလို သူနဲ့ကျတော် တွေ့ပြီး စကားပြောလို့ရ တာဟာ လွတ်လပ်မှု့ရဲ့ သင်္ကေတလို့ပြောလို့ရပါတယ်။လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ခုလို စကားပြောတာကို က တရားမဝင်ပါဘူး။ Cheery Zahau ကတော့ မြန်မာပြည်ရဲ့လွတ်လပ်လာမှု့နှုန်းထားနဲ့ ရိုဟင်ဂျာတွေရဲ့ လူအခွင့်အရေးကိစ္စကို အထူးပဲ စိုးရိမ်နေပါတယ်။ ဒေါ်စုရဲ့ လူ့အခွင့်အရေးဆိုပြီးကြွေးကြော် မှု့တွေရဲ့ နောက်ကွယ်ကို အနောက်နိုင်ငံတွေ သေချာမစုံစမ်းမလေ့လာခဲ့ဘူးလို့ သူက စောဒကတက်ပါတယ်။

“ရှင်တို့အစိုးရက မေးခွန်းခက်ခက်တွေ မမေးခဲ့ဘူးလေ။ EU လည်းအတူတူပဲ။ ကျမတို့ တိုင်းရင်းသားတွေ လည်း မမေးခဲ့ဘူး။ ဘယ်သူမှ မမေးခဲ့ကြတာ။” သူကတော့ ဒေါ်စုရဲ့အဓိက ရည်ရွယ်ချက်ဟာ လူ့အခွင့် အရေးဗန်းပြပြီး သူကိုယ်တိုင် အာဏာလိုချင်လို့ လို့ Cheery က ယုံကြည်နေပါတယ်။ ခုတော့ဒေါ်စုဟာ အ ရင် ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ နဲ့အာဏာအတွက်အပေးအယူ တွေလုပ်နေပြီလို့လည်း သူက ယုံကြည် ပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး ခုချိန်ထိ သြဇာညောင်းနေတုန်းပါပဲ။

“ဗိုလ်ချုပ်သန်းရွှေ နဲ့ ဒေါ်စုက တကယ်တော့ ကုလားထိုင်ပြိုင်လုနေကြတာ။ တိုင်းပြည်တိုးတက်ဖို့မဟုတ် ဘူး။ အဲ့ဒီကုလားထိုင်ပေါ်ထိုင်ပြီး တိုင်းပြည်အာဏာ လိုချင်လို့။” သူက ဆက်ပြောပါတယ်။

ကျတော် အဲ့လိုမျိုး မှတ်ချက်ပေးမှု့ခပ်ဆင်ဆင် တွေကို ရန်ကုန် နေရာအနှ့ံ့မှာ ကြားခဲ့ရပါတယ်။ ၈၈ အရေး အ ခင်းကစပြီး သူ့ဘ၀ ကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ပေးဆပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဟောင်း ကိုအောင်ဒင် ကတော့ တချိန်တုန်းက ဒေါ်စုကို အမာခံ ထောက်ခံအားပေးခဲ့တဲ့ လူမှု့အဖွဲ့အစည်း တွေဟာ ခုချိန်မှာ ဒေါ်စု အစိုးရရဲ့ လျစ်လျူရှု့တာ ခံနေရပြီလို့ ပြောပါတယ်။

၈၈ အရေးအခင်းမှာ ဒေါ်စုရဲ့ ကျောင်းသားကိုယ်ရံတော် ဖြစ်ခဲ့တဲ့ ကိုအောင်ဇော်ဟာ နောက်ပိုင်းမှာ ပြည်ပ ကို ထွက်ပြေးပြီး ထင်ရှား ပြီးလွတ်လပ်တဲ့ ဧရာဝတီ သတင်းစာ ကို ထုတ်ဝေခဲ့ပါတယ်။ ဒေါ်စု လွှတ်တော် ကိုယ်စား လှယ်အဖြစ်အရွေးခံရတဲ့ ၂၀၁၂ ဝန်းကျင် အချိန်လောက်မှာ တခြားသူတွေလိုပဲ ကိုအောင်ဇော် လည်း အကောင်းဘက်ကို မျှော်လင့်ရင်း ပြည်တော်ပြန်ခဲ့ပါတယ်။ ခုတော့ အဲ့ဒီအကောင်းဘက်ကို မျှော် လင့်ချက်တွေဟာ ေ၀ဝါးစ ပြုနေပါပြီ။

“ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတောင် ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့သေးတယ်။” လို့သူက ကျတော့်ကိုပြောပါတယ်။

ပြီးခဲ့တဲ့တစ်ရက်ကပဲ ရိုဟင်ဂျာသတ်ပွဲ ကို သတင်းရေးခဲ့တဲ့ Reuters သတင်းထောက်နှစ်ယောက်ကို ချမှတ် ထားတဲ့ ထောင်ဒဏ် ကို တရားရုံးက ဆက်လက်အတည်ပြုခဲ့ပါတယ်။ (နောက်ပိုင်းတော့ အဲ့ဒီသ တင်း ထောက် နှစ်ယောက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်လာပါတယ်။)

တချို့တွေကတော့ စစ်တပ်ဟာ သူတို့သြဇာပြန်တည်ဆောက်ဖို့ကြိုးစားနေတယ်၊ ဒေါ်စုကိုလည်း နေပြည် တော်မှာ အာဏာအတွက် အပေးအယူလုပ်ရင်းအချိန်ဆွဲထားကြတယ်၊ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ လွတ်လပ် ခွင့်ဟာနောက်ပြန်ဆုတ်နေတာ လို့ပြောကြပါတယ်။နှစ်ပေါင်းများစွာ ဒေါ်စုကို သူ့အိမ်ထဲမှာ အကျယ်ချုပ်ချထားပြီးတဲ့ နောက်မှာ “အခုတော့ နေပြည်တော်မှာ အကျယ်ချုပ်ချထားတယ်လေ။” လို့ ကို အောင်ဇော်က နောက်နောက်ပြောင်ပြောင်ပြောပါတယ်။ ဒေါ်စုနဲ့ နီးစပ်သူတွေကတော့ သူဟာ အခြေခံ ဥပဒေပြင်ဆင်ဖို့ ဦးသန်းရွှေနဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးနေတယ်လို့ထင်ကြေးပေးကြပါတယ်။ ဒါပေမယ့် တချို့ ကတော့ ဒေါ်စုဟာ တဖြည်းဖြည်းနဲ့ ပဒေသရာဇ်ဆန်လာတယ်လို့ ယူဆကြပါတယ်။ ဆုံးဖြတ်ချက် တွေကို သူတစ်ဦးတည်းကပဲ ချမှတ်တယ်၊သူ့အနားမှာ ရှိတဲ့အကြံပေးဆိုသူတွေကလည်း သူ့ဆီရောက်ဖို့ သတင်းတွေကို ကန့်သတ်ထားကြတယ်လို့ဆိုပါတယ်။ ကျတော်နဲ့ စကားပြောဖြစ်ခဲ့သူ တစ်ယောက်မက ဆီကပြန်ကြားတာတော့ နယ်ဆင်မင်ဒဲလား ဟာ သူရဲကောင်း၊ နိုင်ငံရေးသမား ဖြစ်ခဲ့ပေမယ့် ဒေါ်စုကတော့ ဘုရင်မ ဆန်လာတယ်ဆိုတာပါပဲ။

ရန်ကုန်မြို့ရဲ့ ကျပ်ပိတ်နေတဲ့ ကားလမ်းတွေနဲ့ မတူ ခြားနားစွာပဲ နေပြည်တော်ရဲ့ တနလာၤနေ့မနက် ခင်း မှာတောင် လေဆိပ်က က အထွက် ၂၀ လမ်းသွားလမ်းမကြီးတွေဟာ ခြောက်ကပ်နေပါတယ်။ လမ်းမကြီး ရဲ့ဘေးမှာ ကွန်ကရစ် ပွဲကြည့်စင်တွေ ဆောက်လုပ်ထားပုံက စစ်အစိုးရဟာ မြောက်ကိုရီးယားစတိုင် စစ် ရေးပြပွဲတွေလုပ်ဖို့ တစ်ချိန်တုန်းက စိတ်ကူးရှိခဲ့ပုံပါပဲ။ ဒီနေပြည်တော်ကို စစ်အစိုးရက လျှို့ဝှက်တည် ဆောက်ခဲ့ပြီး ၂၀၀၆ ခုနစ်ရောက်မှ ရုတ်တရက် ကြေငြာခဲ့တာပါ။

ကျတော် ဒေါ်စုခန့်အပ်ထားတဲ့ အမျိုးသားလုံခြုံရေးအကြံပေးလည်းဖြစ်၊ရင်နှီးမြှပ်နှံမှု့ နဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဦးသောင်းထွန်းနဲ့ တွေ့ခဲ့ပါတယ်။ သံအရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးသောင်းထွန်းကတော့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးကို တဖြည်းဖြည်းပြောင်းလဲ နေပြီဖြစ် ကြောင်းအလေးထားပြောပပါတယ်။ မကြာမှီရက်ပိုင်းအတွင်းမှာပဲ အထွေထွေအုပ်ချုပ်ရေးဌာနဟာ စစ်တပ် လက်အောက်ကနေ အရပ်သား အစိုးရလက်အောက် လွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါဟာ သေးငယ် ပေမယ့် မြင်သာထင်သာတဲ့ အကျိုးရလဒ်ဖြစ်ကြောင်းပြောပါတယ်။တခြား ဒေါ်စုရဲ့ အကြံ ပေးတွေကတော့ ဒေါ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ သူရည်မှန်းထားတဲ့အရာတွေလုပ်ဖို့ ပိုပြီး အခွင့်သာလာလိမ့်မယ်၊ ဒါကြောင့်မို့လို့ အချိန်စောင့်နေတာလို့ပြောပါတယ်။

ကျတော် ဦးသောင်းထွန်းကို ရိုဟင်ဂျာကိစ္စမေးပါတယ်။ ဦးသောင်းထွန်းက ရိုဟင်ဂျာတွေကို ဒုက္ခသည် စခန်းတွေကနေ ပြန်လာဖို့ ကြိုဆိုကြောင်း၊ ဒါပေမယ့် ပြန်လာမယ့်သူတွေဟာ မြန်မာနိုင်ငံကဖြစ်ကြောင်း သတ်သေပြဖို့လိုတယ်လို့သူကပြောပါတယ်။

“ခင်ဗျားတို့ အမေရိကန် တောင်ပိုင်းမှာလည်း ဒီလိုအခြေအနေကြုံရတာပဲမို့လား။ လာချင်တယ်ဆိုရင် ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့။ တက္ကဆက်မှာ သူတို့ပြောကြတာရှိတယ်လေ။ “သူတို့အားလုံးစုပြုံပြီးဝင်လာတာကိုတော့ လက်ခံလို့မဖြစ်ဘူး။ ဒါကြောင့် ငါတို့ တံတိုင်းဆောက်ဖို့လိုမယ်။ ဒါပေမယ့် တချို့ကိုတော့ ဒီမှာ အလုပ်ခိုင်းဖို့အတွက်လိုအပ်တယ်။” ”

ရခိုင်ပြသနာကို ဒီလိုမျိုး ကိုယ့်ဟာကို ဘာသာပြန်ချင်သလိုပြန်နေတာမျိုး ကျတော် မကြာခဏကြားဖူးပါ တယ်။ စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်၊ ၂၀၁၈ မှာ ရခိုင်ကိစ္စစုံစမ်းဖို့ ဒေါ်စု ဖွဲ့စည်းပေးထားတဲ့ ကော်မ ရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် နဲ့ ကျတော် ထိုင်ပြီး စကားပြောခဲ့ပါတယ်။ သူကလည်း ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်ကြောင်း စွပ်စွဲချက်တွေဟာ ဘင်္ဂလာဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်တွေ ဇာတ်လမ်း ဆင်ပြီးပြောတဲ့ အပြောတွေပေါ်မှာသာ အခြေခံထားတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့တခြား အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်ထဲဝင်ပြီး စုံစမ်းခွင့်မပေးလို့ ဒီလိုဇာတ် လမ်းတွေကို အခြေခံပြီး ပြောနေရတာ ဆိုတဲ့အချက်ကိုတော့ လျစ်လျူရှု့ထားပါတယ်။

“ဒီပြသနာက တော်တော်ရူပ်ထွေးပါတယ်။ အဖြူအမဲဆိုပြီး ခွဲပြောလို့ ရတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒီပြသ နာက ARSA တပ်ဖွဲ့တွေ စတိုက်လို့ဖြစ်ရတာ။ သူတို့ကို တန်ပြန်တိုက်ခိုက်ရင်း လူတွေအများကြီး ဘင်္ဂလာဒေ့ရှ် ဘက်ကို ထွက်ပြေးရတာတွေ ဖြစ်ကုန်တာ။” လို့ သူကပြောပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးအတွက် တာဝန်ရှိတဲ့ သူကတော့ လူမှု့ကယ်ဆယ်ရေးနဲ့ပြန် လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်မြတ်အေး ပါ။ ခေါင်းမှာရွှေရောင်သရဖူဆောင်းထားတဲ့ နတ်သမီးတစ်ပါးက ကောင်မလေးတစ်ယောက်ကို ရေထဲကနေ ဆယ်နေဟန် (မေခလာနတ်သမီး က မဟာဇနက္ကမင်းသားကို ရေထဲကဆယ် နေတဲ့ပုံကိုပြောတာဖြစ်ပါလိမ့်မယ်) ရေးဆွဲထားတဲ့ ပန်းချီကားကြီးနဲ့ အလှဆင်ထားတဲ့ ခန်းမ ကျယ်ကြီးထဲမှာ ကျတော်တို့ ထိုင်ပြီးဆွေးနွေးကြပါတယ်။ ဝန်ကြီးကတော့ မြန်မာအစိုးရဟာ ဒုက္ခသည်တွေ ကို ပြန်ခေါ်ဖို့ ဆုံး ဖြတ်ထားတဲ့အကြောင်းပြောပါတယ်။ ဒါပေမယ့်သူက သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို စာရင်းလုပ်ပြပါတယ်။ တချို့ရခိုင်တွေဟာ မွတ်စလင်တွေပြန်လာမှာကို မလိုလားကြဘူး၊ ဘင်္ဂလားဒေ့ရှ် နဲ့ဆက်ဆံရေးကလည်းသိပ်မကောင်းဘူး၊ ပြန်လည်လက်ခံရေးစခန်း နှစ်ခုပဲ လောလောဆယ် အလုပ်လုပ် နေတယ်၊ ခုချိန်ထိ ရိုဟင်ဂျာ ၂၀၀ လောက်ပဲ ပြန်လာသေးတယ်။ တခြားသူတွေပြန်လာဖို့ လုံခြုံရေးက စိတ် မချရသေးကြောင်း ကျတော် ပြောတဲ့အခါမှာတော့ သူက “အတူယှဉ်တွဲနေထိုင်ဖို့” တို့ “စိးပွားရေးတိုး တက် ဖို့” တို့ လိုအပ်တဲ့အကြောင်း လျှောက်ပြောပါတယ်။ ကျတော်က လူဦးရေသိန်းပေါင်းများစွာ အတွက် ပြန် လည်နေရာချထားရေးအစီအစဉ်ကို မေးတဲ့အခါမှတော့ ဆက်မပြောလိုတော့ဟန်နဲ့စကားလွှဲသွားပါတယ်။

ရေကြီးတာတွေ မုန်တိုင်းတိုက်တာတွေ စတဲ့ သဘာ၀ ဘေး အန္တရာယ်တွေကြားမှာ သူ့ဌာနက ဘယ်လို အလုပ် လုပ်ခဲ့တာတွေကို ကိုးကားရင်း “ကျတော်တို့အကောင်းဆုံးကြိုးစားမှာပါ” လို့ သူကပြောပါတယ်။

တိတ်ဆိတ်ပြီး နေရာလွတ်တွေပြည့်နေတဲ့ ကားပါကင် ဆီကို ကျတော် လမ်းလျှောက်ထွက်လာပါတယ်။ နေပြည် တော်ဟာ တိတ်ဆိတ်ခြောက်သွေ့နေတာပါပဲ။ အရာရှိကြီးတွေဟာလည်း စစ်တပ်ဆောက်ပေးခဲ့တဲ့ အစိုးရ ရုံးတွေ အိမ်တွေထဲမှာ ရောက်နေကြပြီဆိုတော့ ဘယ်အရာရှိကိုမှ အပြင်မှာ မမြင်ရပါဘူး။

အေးစက်တဲ့ အမှန်တရားတစ်ခုကတော့ လူမျိုးရေးရှင်းလင်းမှု့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ် တင်ဝေဖန်မှု့ကို ခံနေရပေမယ့်၊ ဒေါ်စုကတော့ နိုင်ငံတွင်းမှာ ပန်းပန်လျက်ပါပဲ၊ သူ့ရဲ့ နိုင်ငံရေးလုပ်ဆောင် ချက်တွေကိုလည်း ပြောင်းလဲမယ့်အရိပ်အယောင်မရှိပါဘူး။

(ဆက်ရန်)

------------------------------------------------------------------------------------------------------------------------------
နိုင်ငံတကာရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၅ (နိဂုံး))

(Financial Review မှာ ပါတဲ့ အမေရိကန် လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ရဲ့ 'How Aung San Suu Kyi broke the world's hearts' ဆောင်းပါးကို ဘာသာပြန်ပါသည်။)

တကယ်တော့ ကျတော် ဒေါ်စုရဲ့စဉ်းစားတွေးတောပုံကို မြင်ပါတယ်။ သတိထားပြီးရှေ့ကိုတိုးမယ်၊ အရင်လူ ဟောင်းတွေနဲ့လည်း ပြေလည်အောင်ဆက်ဆံမယ်၊ စစ်တပ်အနေနဲ့ အရပ်သားအစိုးရအုပ်ချုပ်ရေးကို အသားကျလာအောင်လုပ်မယ်၊ စီးပွားရေးကျယ်ကျယ်ပြန့်ပြန့်တိုးတက်အောင်လုပ်မယ်၊ လှေလူးအောင် မလုပ် ဘူး။ မြို့ကြီးပြကြီးတွေပေါ်ကလူတွေရဲ့ ဒေါ်စုအပေါ်မှာ မကျေနပ်ချက်တွေကိုပဲ ကြည့်ပြီးမဆုံးဖြတ်သေးဖို့ ကိုအောင်ဇော်က ကျတော့်ကို သတိပေးပါတယ်။ နယ်ဘက်က လူတွေရဲ့ ဒေါ်စုအပေါ်ထောက်ခံမှု့ကမ လျော့ သွားသေးပါဘူး။ “နယ်ဘက်က လူတွေက ပိုပြီး စိတ်ရှည်ကြတယ်။” လို့ ကိုအောင်ဇော် က ကျတော့် ကိုပြောပါတယ်။ နစ်ပေါင်းများစွာကြာညောင်းခဲ့တဲ့ ဒေါ်စုရဲ့ တော်လှန်ရေးခရီးစဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စိတ်ရှည် တာထက် ပိုပြီး တတ်နိုင်ပါတယ်။

ဒေါ်စုပြောင်းလဲသွားသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ သူ့ပတ်ဝန်းကျင်ကမ္ဘာကြီးကတော့ ပြောင်းလဲနေ ပါပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် မြန်မာပြည်ကိုဒီမိုကရေစီစနစ်ပြောင်းရတာ ပိုလွယ်ချင်လွယ် လိမ့် လို့ ဦးသောင်းထွန်းကပြောပါတယ်။ သူပြောတာမှန်ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်တုန်းကဆိုရင် ကမ္ဘာမှာ ဒီမိုကရေစီစနစ် ရဲ့ ခေတ်ကောင်းပါ၊ တရုတ်ပြည်ကြီးကလည်း ခုလောက် ခြေတံလက်တံရှည်ပြီး သြဇာမကြီးသေးပါဘူး၊ မြန်မာရဲ့ အိမ်နီးနားချင်း အိနိ္̔ဒယမှာလည်း ဟင်ဒူ အမျိုးသားရေးဝါဒ မထွန်းကား သေးပါဘူး၊ အဲ့ဒီတုန်းက နိုင်ငံတကာအရေးတွေမှာ သြဇာအရှိဆုံးက အမေရိကန်ပါ၊ အကြမ်းဖက်တွေရဲ့ ခြိမ်ခြောက်မှု့လည်း သိပ်မရှိသေးပါဘူး။ လူမှု့ကွန်ရက်တွေလည်း အဲ့ဒီတုန်းက မရှိသေးပါဘူး။

တရုတ်ရဲ့မြန်မာအပေါ်မှာ လွှမ်းမိုးမှု့က ကြီးထွားလာပါတယ်။ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ရဲ့ အစိတ်အပိုင်းတစ် ခုလည်းဖြစ်၊ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကြီးဆုံးပရောဂျက် တစ်ခုလည်းဖြစ်တဲ့ ပရောဂျက် ကတော့ ရခိုင်ရေ နက်ဆိပ်ကမ်းစီမံကိန်း ပါ။ တရုတ်ပြည်ဟာ သူ့ရဲ့အမြဲလိုအပ်ချက်တစ်ခုဖြစ်တဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ဖြည့်တင်းဖို့အတွက် ပိုက်လိုင်းတွေတည်ဆောက်မှု့ဟာလည်း မြန်မာအပေါ်ထားတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တစ်ခုပါပဲ။ အဲ့ဒီပိုက်လိုင်းတွေထဲက တစ်ခုဟာ ရခိုင်ပြည်နယ်ကို ဖြတ်ပြီးတည်ဆောက် ထား ပါတယ်။ ဒါဟာလည်း အဲ့ဒီဒေသမှာနေထိုင်တဲ့သူတွေကို စစ်တပ်အနေနဲ့ ဘာကြောင့်အကြမ်းဖက်ရသလဲဆို တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းဟာ တရုတ်အတွက် အခွင့်အရေးတစ်ခုပါပဲ။ အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင် မှု့ကို ခံနေရတဲ့မြန်မာဟာ ရင်းနှီးမြှပ်နံှမှု့တွေအတွက် တရုတ်ကို အားကိုးရပါတယ်။ ပြီးတော့ ကုလသမဂ္ဂမှာ အ ကာအကွယ်ပေးဖို့အတွက်လည်း တရုတ်ကိုပဲ အားကိုးရပြန်ပါတယ်။

“အနောက်ဘက်က ကျတော်တို့မိတ်ဆွေတွေက ကျတော်တို့ကို လက်မခံဘူးဆိုရင် ကျတော်တို့လည်း တ ခြားရှာရတော့မှာပေါ့။” လို့ ဦးသောင်းထွန်းက ပြောပါတယ်။ တရုတ်ပြည်ရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အ ကြောင်းပြချက်နဲ့သူ့နိုင်ငံထဲက မွတ်စလင် လူနည်းစုကို အကြွင်းမဲ့ အာဏာရှင်ပုံစံ ဆက်ဆံမှု့ကလည်း မြန်မာအ တွက် နမူနာ ယူစရာဖြစ်နေပါတယ်။ အနည်းဆုံး လူဦးရေတစ်သန်းလောက်ရှိတဲ့ ဝီဂါ (Uighur) လူ မျိုးတွေဟာ တရုတ်အစိုးရက အစွန်းရောက်ဝါဒတိုက်ဖျက်ရေးသင်တန်း လို့ခေါ်တဲ့ စခန်းတွေမှာ ပိတ်လှောင် ခံနေရပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ကတော့ ရှင့်ကျန်းပြည်နယ်က ဒီစခန်းတွေဟာ ထောင် တွေ နဲ့တူတယ်လို့ဆိုပါတယ်။ဝီဂါလူမျိုးတွေဟာ တူရကီအဆက်အနွယ်တွေဖြစ်ပြီး အများအားဖြင့် အစ္စ လာမ် ဘာသာဝင်တွေဖြစ်ကြပါတယ်။

တရုတ်ပြည်ဟာ အထိမ်းအကွပ်မဲ့ အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ဆိုရင် Facebook ကတော့ အထိမ်း အကွပ်မဲ့ ပွင့်လင်းမှု့ရဲ့အန္တရာယ်ကို ပြန့်နှံ့စေခဲ့ပါတယ်။ ကျတော်ရန်ကုန်မှာ မြန်မာပြည်ရဲ့ဖွံ့ဖြိုးစ နည်း ပညာ ကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ဒိန်းမတ်လူမျိုး စီးပွားရေးသမား Jes Kaliebe Petersen နဲ့ စကားပြောဖြစ် တယ်။ ၂၀၁၄ ခုမှ စပြီးလုပ်ခဲ့တဲ့ ဆက်သွယ်ရေးနည်းပညာ ပြုပြင်ပြောင်းလဲရေးဟာ မြန်မာနိုင်ငံကို ဘယ် လောက်ပြောင်းလဲစေခဲ့ကြောင်းသူက ရှင်းပြပါတယ်။ အရင်က လူဦးရေ ရဲ့ အနည်းငယ်သော အစိတ်အပိုင်း လောက်သာ အင်တာနက် အသုံးပြုလို့ရနေခဲ့ရာကနေ ငါးနှစ်အတွင်းမှာ မြန်မာပြည်လူဦးရေရဲ့ ၉၀ ရာခိုင် နှုန်းနီးပါးဟာ အင်တာနက် သုံးလို့ရနေပါပြီ။ လူတွေမှာကွန်ပျူတာ မရှိကြပါဘူး။ အားလုံးနီးနီးဟာ လက် ကိုင် ဖုန်းထဲက facebook app နဲ့ အင်တာနက်ကို သုံးကြပါတယ်။ ရလဒ်ကတော့ အမုန်းစကား တွေ မတရား သဖြင့် ပြန့်နှံ့လာတာပါပဲ။ အရင်တုန်းက အစိုးရမီဒီယာမဟုတ်တဲ့ ပြင်ပလောက ကို သိပ်အဆက်အ သွယ်မ ရှိပဲ နေလာရာကနေ တလောကလုံးကို ဆက်သွယ်လို့ရပြီလို့ အထင်ရောက်သွားတဲ့ အခြေအနေ တစ်ခုကို စဉ်းစားကြည့်စမ်းပါ။ တစ်ကယ်တော့ သတင်းအ ချက်အလက်ချည်းပဲ သက်သက်ဟာ အကြောက်တရား ဖြန့်ဖြူးလိုသူတို့ရဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ သူတို့ဖြန့်တဲ့သတင်းတွေဟာ များသောအားဖြင့် မမှန်ပါဘူး။ တိုင်းရင်းသားလူနည်းစု တွေ အထူးသဖြင့် ရိုဟင်ဂျာတွေဟာ ဒီအမုန်းစကားတွေရဲ့ သားကောင်ဖြစ်ခဲ့ ရတယ်လို့ Petersen က ပြောပါတယ်။

အတိတ်ကိုပြန်ကြည့်ရင်း အိုဘားမားအစိုးရဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှု့တွေမဖြစ်အောင် တားဆီး ဖို့ အစီအမံတွေ ပြုလုပ်နိုင်မလားလို့ တွေးတောမိတိုင်း ကျတော် ရင်နာမိပါတယ်။ ခု လက်ရှိ အမေရိကန် အစိုးရအနေနဲ့ မြန်မာနဲ့ပတ်သတ်ပြီး ကိုင်တွယ်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးတွေ နည်းသွားတာကိုလည်း ကိုယ်ချင်း စာမိပါတယ်။ မြန်မာအပေါ်မှာ ပိတ်ဆို့မှု့တွေ ကန့်သတ်မှု့တွေ လုပ်ပြန်ရင်လည်း မြန်မာဟာ တရုတ်နဲ့ ပိုပြီးနီးစပ်သွားမယ်။ မြန်မာအစိုးရနဲ့ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံမှု့တွေ လုပ်ပြန်ရင်လည်း မြန်မာ အစိုးရကို အားပေးအားမြှောက်လုပ်ရရောက်ဦးမယ်။ ဒါပေမယ့် ခု သမ္မတ Trump ကတော့ မြန်မာအစိုးရနဲ့ အဆက် အဆံလည်းမလုပ်ဘူး၊မြန်မာအစိုးရအကြောင်းလည်းမပြောဘူး၊ ရိုဟင်ဂျာအကြောင်းလည်း အများ ရှေ့မှာ မပြောဘူး၊ ဒေါ်စုနဲ့လည်း တစ်ခါမှ စကားမပြောဖူးပါဘူး။ Trump ရဲ့ မွတ်စလင် နဲ့ ပတ်သတ်တဲ့ပြောစ ကား တွေ၊ တရားမဝင်ရွှေ့ ပြောင်းအခြေချမှု့တွေနဲ့ ပတ်သတ်ပြီး ပြောစကားတွေဟာ နေပြည်တော်က လူတွေ အဖို့ သံယောင်လိုက်ပြောစရာ စကားတွေဖြစ်နေပါတယ်။ နောက်ပြီး Trumpအစိုးရရဲ့ ဒုက္ခသည်တွေ အပေါ် မှာ တံခါးပိတ်ဝါဒ ကျင့်သုံးလာတာကလည်း နေရပ်စွန့်ခွာတဲ့သူတွေကို လက်ခံတဲ့နေရာမှာ အရင်က ဦးစီး ဦးဆောင်ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပုံရိပ်ကိုလည်း ထိခိုက်ခဲ့ပါတယ်။ မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကိုယ် တိုင်တောင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton ရဲ့ စ ကား ကို သံယောင်လိုက်ပြီး အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) ကို ငြင်းဆန်ခဲ့ပါတယ်။ ICC ဟာ မြန်မာပြည်က လူမျိုးရေးရှင်း လင်းမှု့ တရားခံတွေကိုအပြစ်ပေးရာ တရားရုံးဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ မြန်မာရယ်၊ အစ္စရေး ရယ် အမေရိကန်ရယ်ကို ICC မှာတရားမစွဲသင့်ဘူးလို့သူက ဆိုပါတယ်။

အမျိုးသားရေးဝါဒ၊ အာဏာရှင်စနစ်ကျယ်ပြန့်လာမှု့၊ အရင်လို လူတစ်ဦးချင်းစီရဲ့လွတ်လပ်မှု့ကိုတန်ဖိုးထား တဲ့ အုပ်ချုပ်ရေးမရှိတော့တဲ့ အမေရိကန်ပြည်ထောင်စု၊ အကြမ်းဖက်ဝါဒကို ကြောက်ရွံ့မှု့၊ လူမှု့ကွန် ရက် တွေ က မှိုင်းတိုက်ခံထားရတဲ့ လူ့အဖွဲ့အစည်း စတဲ့ ပြသနာတွေကို ကျော်လွှားဖို့ ဒေါ်စုမှာ သိပ်ဆန္ဒမရှိပါ ဘူး။ ဂျွန်လ တုန်း က ဒေါ်စုဟာ ဟန်ဂေရီရဲ့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် Viktor Orban နဲ့ တွေ့ဆုံခဲ့ပြီး မွတ်စလင်ပြောင်း ရွှေ့အခြေချသူတွေကိစ္စကို ကိုင်တွယ်ဖို့ လူသိရှင်ကြားမဟာမိတ်ပြုခဲ့ပါသေးတယ်။

မြန်မာ့အနာဂတ်

ဒေါ်စုနဲ့ ပထမဆုံးစတွေ့ဖူးပြီး ၇ နှစ်အကြာခု ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဘာလိုချင်တာလဲဆိုတဲ့ မေးခွန်း ကျတော့်မှာ ကျန်ခဲ့ပါတယ်။ သူ သမ္မတဖြစ်ချင်တာ၊ ထိုင်ခုံပေါ်မှာ ထိုင်ချင်တာကတော့ သံသယဖြစ် စရာမလိုပါဘူး။ ဒါပေမယ့် ဘာလို့ သမ္မတဖြစ်ချင်တာလဲ၊ ဘာလို့ ထိုင်ခုံလိုချင်တာလဲ။

အဖြေတစ်ခု ကတော့ ဗုဒ္̕ဓဘာသာမြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအနေနဲ့ သူရပိုင်ခွင့်ရှိတဲ့ အာဏာလိုချင်တယ်၊ ရာဇပုလ္လင်အတွက် ကိုယ်ကျိုးစွန့်ခဲ့တဲ့ အမွေခံအဖြစ်သူ့အနာဂတ်ကို အကောင်အထည်ဖော်ချင်တယ်။ အဲ့ဒီအဖြေသာ အမှန်ဆိုရင် ဒီမိုကရေစီ ဆိုတာ သူ့ပုဂ္ဂလိကရည်မှန်းချက်အတွက် ခုတုံး သဘောပဲ။ သူသာ ရိုဟင်ဂျာတွေဘက်က ရပ်တည်မယ်ဆိုရင် လက်ရှိသူ့ရဲ့နိုင်ငံရေးသြဇာ ကျဆင်းပြီး သူ့ရည်မှန်းချက်လည်း မရောက်နိုင်တော့ပါဘူး။

အကောင်းဘက်ကတွေးထားတဲ့ နောက်ထပ် အဖြေတစ်ခုကတော့ သူဟာ တကယ်ပဲ စိတ်ရင်းအမှန်နဲ့ တိုင်း ပြည်ကို ဒီမိုကရေစီစနစ်ပြောင်းလဲချင်တယ်၊ စစ်တပ်ကိုလည်း အရပ်သားအစိုးရထိမ်းချုပ်မှု့အောက်မှာ ထားချင်တယ်၊ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးရချင်တယ်၊ ပြည်သူပြည်သားတွေ ပုံမှန်တိုး တက် ကြီး ပွားပြီး လူမျိုးရေးရှင်းလင်းမှု့ဆိုတာ စိတ်တောင်မကူးတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်ချင်တယ်။ ဒါတွေသာ သူ့ရဲ့တကယ်စိတ်ရင်းအမှန်ဆိုရင်တော့ စိတ်ရှည်မှု့တွေ၊ မနှစ်မြို့စရာ အပေးအယူတွေလိုပါတယ်။

အဖြေနှစ်ခုလုံးကတော့ သူ့ဟာနဲ့သူ ဖြစ်နိုင်တာပဲလို့ ကျတော်ယုံကြည်ပါတယ်။ ကျတော်သူနဲ့ သိကျွမ်းခဲ့တဲ့ နှစ်တွေမှာ ဒေါ်စုကို စံပြ အနေနဲ့ရော အာဏာလိုချင်တဲ့သူတစ်ယောက်အနေနဲ့ရော မြင်တွေ့ခဲ့ရပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစိရေးရဲ့အရေးပါပုံကို တွင်တွင်ပြောလေ့ရှိတဲ့၊ အကြမ်းမဖက်ရေးနဲ့တွေ့ ဆုံဆွေး နွေးရေးကို ဦး စားပေးတဲ့၊ သူရဲကောင်းတစ်ဦးမဟုတ်ဘူး၊ ရူပ်ထွေးပြီးထွန်းသစ်စ ဒီမိုကရေစီနိုင်ငံတစ်ခုက နိုငံရေးပါတီတစ်ခုကို ဦးဆောင်ဖို့ကြိုးစားနေတဲ့နိုင်ငံရေးသမားတစ်ဦးသာဖြစ်တယ်လို့ ခဏခဏပြောတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ကျ တော် ဒေါ်စုကို အမှတ်ရမိပါတယ်။

အဲ့လိုပဲ တခြားတဖက်မှာလဲ သူ့လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင် မရမက စကားလမ်းကြောင်း တတ်တဲ့၊ သူအကျယ်ချုပ်ကျနေတုန်းက သူ့ကိုထောက်ခံအားပေးခဲ့တဲ့ မိတ်ဆွေတွေကို အလွယ်တကူ လျစ် လျူရူ့ပစ်ရက်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း အမှတ်ရမိပါတယ်။ ဒေါ်စုဟာ တရားဥပဒေ စိုးမိုး ရေးတို့ လူ့အခွင့်အ ရေးတို့ တွင်တွင်ပြောပေမယ့် သိပ်အလေးအနက်မရှိလှတာ၊ အချုပ်အခြာအာဏာတည် တံ့ ခိုင်မြဲရေးဆိုတဲ့စကား နဲ့ အဆုံးသပ်လေ့ရှိတာတွေကိုလည်း ကျတော် သတိထားမိပါတယ်။ နောက် ဆုံး တစ်ခေါက် ကျတော်တို့ စကားပြောဖြစ်ကြတုန်းက ဗြိတိန်ဘုရင်မကြီးအကြောင်းရိုက်ထားတဲ့ The Crown ဆိုတဲ့ ဇာတ်လမ်း တွဲကိုသူစိတ်ဝင်စားကြောင်းပြောခဲ့တာကိုလည်း အမှတ်ရပါတယ်။

လူတစ်ဦးတစ်ယောက်တည်းအပေါ်မှာ မျှော်လင့်ချက်တွေ ပုံထားရင် ဘယ်လိုဖြစ်တတ်သလဲဆိုတာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ဈန်လျောခြင်း အဖြစ်က သင်ခန်းစာ ပါပဲလို့ Human Rights Watch အဖွဲ့က David Mathieson ကပြောပါတယ်။ သူဟာ နှစ်ပေါင်းများစွာ ဒေါ်စုကိုထောက်ခံအားပေးခဲ့သူပါ။ လူတစ်ယောက်မှာ ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ သမိုင်းတွေရှိရှိ တိုင်းပြည်တစ်ခုလုံးကို အဲ့ဒီလူတစ်ယောက် တည်းရဲ့ ပုခုံးပေါ်မှာတင်ဖို့ဆိုတာ လေးလံလွန်းလှပါတယ်လို့ သူက ဆိုပါတယ်။ သူပြောတာမှန်တယ် လို့ ကျ တာ်ထင်ပါတယ်။ ကျတော်တို့အနောက်နိုင်ငံတွေဟာ ရူပ်ထွေးတဲ့ တိုင်းပြည်တွေရဲ့ နိုင်ငံရေးပြသနာ တွေကို ဇာတ်လိုက်တစ်ယောက်ကို ဗဟိုပြုပြီး ကပြလို့ရတဲ့ ရိုးရှင်းတဲ့ ပညာပေးပြဇာတ် တွေ အဖြစ်ရူ့မြင် တတ်ကြပါတယ်။ ဒါဟာ တကယ့် မဟာအမှားပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်ခါတုန်းက… “အာဏာလက်လွှတ် ရမည် ကိုကြောက်ရွံ့ခြင်းသည် အာဏာလက် ကိုင်ထားသူတို့အားဖောက်ပြန်စေပြီး အာဏာ၏ဒာဏ် ချက် ကိုကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့အားဖောက်ပြားစေသည်။” လို့ရေးသားခဲ့ဖူးပြီး သူ ကိုယ်တိုင် လမ်းလွဲသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အပြစ်ကင်းသူတစ်ယောက် ပြန်မဖြစ်စေတော့ ပါဘူး။

မြန်မာပြည်ရဲ့အခြေအနေဟာ လုံးဝကြီးမျှော်လင့်ချက်မဲ့သွားတမျိုးတော့မဟုတ်ပါဘူး။ ဒါဟာ ကျတော်တို့ရဲ့ မျှော်လင့်ချက်တွေကို လူတစ်ယောက်တည်းပေါ်မှာပဲ ပုံထားတာမျိုးမဟုတ်ပဲ၊ လူအများအပေါ်မှာ မျှော်လင့်ချက် ထားမှု့အပေါ်မူတည်ပါတယ်။ တချိန်တုန်းက ဒေါ်စု ကိုယ်စားပြုခဲ့တဲ့ တန်ဖိုးတွေကို ခုချိန်မှာ သူချထား ခဲ့တဲ့မီး တိုင်ကို လက်ဆင့်ကမ်းခဲ့ကြတဲ့သူတွေဆီမှာ တွေ့နေရပါပြီ။ NLD လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ နိုင်ငံ ရေးအကျဉ်းသားအဖြစ်ထောင်ထဲမှာ ကိုးနှစ်နေခဲ့ရသူ ဒေါ်ဇင်မာအောင်ကတော့ ဒေါ်စုရဲ့ ဥပမာဟာ “နောက်လာ နောင်သားတွေအတွက် သတင်းစကားဖြစ်ပါတယ်။ တိုင်းပြည်သမိုင်းမှာ များပြားလှတဲ့ ပဋိပက္ခ တွေကြားမှာ ပြ သနာတွေကို အင်အားသုံးပြီး ဖြေရှင်းတာမျိုး ကျမတို့ မလိုချင်ပါဘူး။” လို့ပြောပါ တယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ပိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပေမယ့် ဒေါ်ဇင်မာအောင်နဲ့ ခပ်ဆင် ဆင်အမြင်တော့ ရှိကြပါတယ်။ မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သင်ဇာရွှန်းလဲ့ရည် ကတော့ “ဒေါ်စုဟာ အပြောနဲ့ အလုပ်မညီဘူး။ သူပြောခဲ့တာတွေကို သူမလုပ်ဘူး။ ကျမတို့ ရင်ကွဲရတာပေါ့။” လို့ပြော ပါတယ်။ “သူ့စကားတွေကိုယုံကြည် မိတဲ့ ကျမတို့ ဒါကိုလက်မခံနိုင်ပါဘူး။ ကျမတို့အနေနဲ့ ခိုင်မာတဲ့စည်း မျဉ်းရှိသူ၊ ဘယ်လိုအခြေအနေပဲရောက်ရောက် ဆက်ပြီး ချီတက်နေတဲ့ သူမျိုး ဖြစ်အောင် လုပ်နေပါတယ်။ လူ့အခွင့်အရေး ကာကွယ်သူ တစ်ယောက်အနေနဲ့ ကျမတို့ ဒီလိုပဲ ဖြစ်ရမယ်လေ။”

ကျတော်နဲ့ တွေ့တဲ့သူ အားလုံးနီးနီးကတော့ မြန်မာပြည်ဟာ နှစ်ပေါင်း ၅၀ လောက် ဖိနှိပ်မှု့အမျိုးမျိုး ကိုခံ လာရတဲ့အတွက် ထောင်းထောင်းကြေနေကြောင်း၊ အဲ့ဒီဘဝကလွတ်မြောက်ဖို့ဟာ အချိန်အကြာကြီး ကြိုး စားရမှာ ဖြစ်ကြောင်းပြောကြပါတယ်။ သမိုင်းပညာရှင် သန့်မြင့်ဦး ကတော့ လွတ်လပ်ရေးရပြီးကတည်းက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ညံ့လာတဲ့အကြောင်း၊ ဒါဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ စိတ်ပိုင်းဆိုင် ရာပြသနာ ဖြစ်နေကြောင်းကျတော့်ကိုပြောပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ တခြားတစ်ယောက် ကတော့ မြန်မာလူထုဟာ ၁၉၈၈ ပြီးကတည်းက ရှင်လျက်နဲ့သေနေတဲ့ ဓာတ်ခွဲခန်းထဲက ကြွက်တွေလို ဖြစ်နေတယ်လို့ ပြောပါတယ်။ ကျတော်နဲ့ စကားပြောတဲ့သူ တော်တော်များများ ပြောကြသလိုပဲ နှစ်ပေါင်း များစွာ ဖိနှိပ်ချုပ်ချယ်ထားမှု့က ဒေါ်စုကို ဘယ်လောက်တောင် ထိခိုက်ပျက်ဆီးသွား စေသလဲဆိုတဲ့ အ ချက်ကို ကျတော်တို့ ပေါ့ပေါ့တွေးလို့တော့မရ ပါဘူး။

အကောင်းဆုံးမျှော်လင့်ချက် ကတော့ ကျန်ရှိတဲ့ သူ့သက်တမ်းမှာ ဒေါ်စုဟာ အပြည့်အစုံမဟုတ်တောင် ခုထက်တော့ ပိုပြီး တိုးတက်တဲ့၊ ဒဏ်ရာဒဏ်ချက်တွေကနေ သက်သာလာတဲ့ ဒီမိုကရေစီ လူ့အဖွဲ့ အစည်းအတွက်ပေါင်း ကူတံတား ဖြစ်လာဖို့ပါပဲ။ ဒါပေမယ့်လည်း လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒ တွေ ခေါင်းထောင် လာတဲ့ ခုခေတ်ကြီးမှာ၊ လူမျိုးကြီးဝါဒရဲ့ ဒုက္ခမျိုးစုံအပေးခံခဲ့ရတဲ့ မြန်မာပြည်လို နိုင်ငံမျိုးမှာ ဒီလိုဖြစ်လာဖို့က သိပ်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မာရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ်ထင်လဲလို့ လူအခွင့်အရေး လှုပ်ရှားသူ Cheery Zahau ကို ကျတော် မေးကြည့်ပါတယ်။ ဒါဏ်ရာဒါဏ်ချက်တွေဟာ ဘယ်လောက်တောင် နက်ရှိုင်း နေကြောင်း၊ သူ့လူမျိုးတွေဖြစ်တဲ့ ချင်းခရစ်ယန်တွေကတောင် မွတ်စလင်လူနည်းစုအပေါ် ဘယ်လို အမြင်မကြည်ကြောင်းတွေ သူ ပြောပြပါတယ်။

“ကျမကို ချင်း တရားဟော ဆရာတစ်ယောက်က ခေါ်မေးတယ်။ ‘Cheery နင်ဘာလို့ ရိုဟင်ဂျာတွေကိုဒီလောက် ထောက်ခံနေတာလဲ။ သူတို့ က မွတ်စလင်တွေလေ။’ ကျမကလည်း ပြန်ပြောလိုက်တယ်။ ‘ဟုတ် တယ်လေ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူတို့က လူသားတွေပဲလေ။’ အဲ့ဒီတော့ သူက ဆီးရီး ယားမှာ မွတ်စလင်တွေက ခရစ်ယန်တွေကိုသတ်နေတာ နင် မသိဘူးလားလို့ မေးပါတယ်။”

Cheery က သူ့ရဲ့ ကိုးလကိုယ်ဝန်ကို လက်နဲ့ ပွတ်ရင်း ခနနားပြီး ဆက်ပြောပါတယ်။

“ဆီးရီးယားမှာ ISIS က ခရစ်ယန်တွေကို သတ်တာနဲ့ ရခိုင်က ရိုဟင်ဂျာတွေ သူတို့ရွာမှာ ဆင်းရဲမွဲတေဒုက္ခ ရောက် နေတာ ဘာဆိုင်လို့လဲ။” သူ့အသံက ဒေါသသံ ပါနေပါတယ်။

“လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျမတို့ အချိန်မှီပြန်ပြီးကုစားဖို့ တကယ်လိုနေပြီ။ လူမျိုးရေးပဋိပက္ခတွေ ကြောင့် ၊ နိုင်ငံရေးအမြင်မတူလို့၊ ကိုးကွယ်တဲ့ဘာသာမတူလို့၊ ယဉ်ကျေးမှု့မတူလို့၊ ပြောတဲ့ဘာသာစကား မတူလို့ နှိပ်ကွပ် ခံရတာတွေကြောင့် ကျမတို့တိုင်းပြည် တော်တော်ကို ပျက်စီးယိုယွင်းနေပြီ။ အောင်ဆန်း စုကြည်လို၊ ၈၈ မျိုးဆက်ကျောင်းသားတွေလို ဗမာလူမျိုးတွေကတော့ နိုင်ငံရေးအတွက် ဖိနှိပ်ခံရလို့ ဒါဏ် ရာ ဒါဏ်ချက်တွေ ပြည့်နေတယ်။ ကျန်တဲ့နိုင်ငံသားတွေကလည်း ဆင်းရဲမွဲတေလွန်းလို့ နင်းပြားဖြစ်နေ တယ်။ အကုန်လုံးက ဒါဏ်ရာဒါဏ်ချက်တွေနဲ့ချည်းပဲ။ ကျမတို့ မကုစားရသေးဘူး။ ဒါကြောင့်မို့လို့ ကျမတို့ တိုင်းပြည် တိုးတက်လာဖို့၊ ဒါဏ်ရာဒါဏ်ချက်တွေ ကုစားနိုင်ဖို့ လမ်းကြောင်းတစ်ခုအနေနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရဖို့အရေးကြီးတယ်လို့ ကျမထင်တယ်။”

Cheery ရဲ့စကားတွေကို ဟိုးအရင် ငယ်ငယ် က ဒေါ်အောင်ဆန်းစုကြည်ကတော့သဘောတူပါလိမ့်မယ်။ ခုလက်ရှိ ဒေါ်စုက တော့ သဘောတူတယ်ဆိုရင်တောင် ထုတ်ပြောမှာ မဟုတ်တော့ပါဘူး။

(ပြီး)

Lu Min Han Face book မှကူးယူသည်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */