Thursday, August 22, 2019

ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအစဉ်စပေမယ့် တဦးမှပြန် မရောက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
ထက်အောင်ခန့်
ရခိုင်ပြည်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင် သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဒီကနေ့ စတင်ဆောင်ရွက်ခဲ့ပေမယ့် တယောက်မှ ပြန်မရောက်လာပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေအကြိမ်ကြိမ် ဆွေးနွေးခဲ့သလို၊ မြန်မာတာဝန် ရှိသူတွေကိုယ်တိုင် ဒုက္ခ သည်တွေနဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဒီတကြိမ်လည်း ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ် မအောင်မမြင်ဖြစ်ရပြန်ပါတယ်။ 

ဗွီအိုအေ သတင်းထောက် မမေခနဲ့ ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

ဒုက္ခသည်ကတွေ ဌာနေပြန်ရေးအစီအစဉ်ကို ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး တာဝန်ရှိသူတွေ၊ ဘင်္ဂလာဒေ့ရ်ှအာဏာပိုင်တွေကိုယ်တိုင်လည်း ဒုက္ခသည်တွေကို မနေ့ကထိ ကွင်းဆင်းတွေ့ဆုံတာတွေ လုပ် ခဲ့ပေမယ့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ဒီကနေ့ စတင်တော့ မြန်မာဖက်က လက်ခံရေးစခန်းကို တယောက် မှ ရောက်မလာခဲ့ပါဘူး။ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာတော့ အရင်အဟောင်းရော အသစ်ပါဆိုရင် စုစုပေါင်း ဒုက္ခသည် တသန်းလောက်ရှိမယ်လို့ခန့်မှန်းထားတာပါ။

ဒီအထဲကမှ မြန်မာအစိုးရက စီစစ်ပြီး ဒုက္ခသည် သုံးထောင်ကျော်ကို ပြန်လည်လက်ခံဖို့ သဘောတူ ထားပါ တယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာဖက်ခြမ်း လှဖိုးခေါင် စခန်းမှာ မြန်မာ တာဝန်ရှိသူတွေဖက်က ဒီကနေ တနေ့လုံး စောင့်ဆိုင်းနေပေမယ့်၊ ဒုက္ခသည် တဦးတယောက်မှ စခန်းကို ရောက်မလာသေးဘူးလို့ အဲဒီစခန်းမှာကြိုဆိုဖို့ စောင့်နေတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်ကလှဖိုးခေါင်မှာကျနော်ကထိုင်နေတယ်။ ခုထိဘာမှမလာဘူး။ ၂၃ရက်နေ့လာပေါ့မလာရင် ပြန်မှာပေါ့။ "

မြန်မာနဲ့ ဘင်္ဂလားဒေရ်ှအစိုးရအကြား ဒုက္ခသည်တွေနေရပ်ပြန်ရေးသဘောတူညီချက်ရခဲ့ပြီးတဲ့နောက် ရို ဟင်ဂျာဒုက္ခသည်တွေပြန်လက်ခံရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းက ပထမအကြိမ် ကြိုးပမ်း တုန်းကလည်း မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒုက္ခသည်တွေဖက်ကတော့ သူတို့ကို နိုင်ငံသားအခွင့် အရေး တွေ ပေးဖို့နဲ့၊ သူတို့ မူရင်းနေရာမှ ပြန်လည် အခြေချခွင့် ပေးဖို့၊ ဘေးကင်းလုံခြုံရေးနေထိုင်နိုင်ဖို့ စတာတွေ ရေရောရာရာ မရှိတာကြောင့် မပြန်နိုင်ဘူး လို့ ပြောနေပါတယ်။ ဒါကြောင့်လည်း ဒီတခေါက် နေရပ်ပြန်ရေး အစီအစဉ်တွေ မစခင်မှာ မြန်မာနိုင်ငံခြားရေး ဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး၊ နိုင်ငံသားဖြစ်ခွင့်ရမယ့်အစီအစဉ်နဲ့ နေရာချ ထားရေးအစီအစဉ်တွေကို သွားရောက်ရှင်းပြခဲ့ပါတယ်။ နေရပ်ပြန်ရေးအစီအစဉ်တွေ ပြန်စတဲ့ ဒီနေ့မှာတော့ မြန်မာဖက်က လက်ခံရေးစခန်းကို တဦးမှ ရောက်မလာခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ နှစ်ဖက် အစိုးရတာဝန်ရှိသူတွေဖက်ကတော့ တရားဝင်ထုတ်ပြန်တာမရှိသေးပေမယ့်၊ ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ ဒုက္ခသည် ရဲ့ စိတ်ဆန္ဒသဘောအတိုင်းဖြစ်ဖို့လိုပြီး၊ ဒီအတွက် အစိုးရတွေအနေနဲ့ ဒုက္ခသည်တွေနဲ့ ထိစပ်ပြီး ယုံကြည်မှု တည်ဆောက်ရေးလုပ်ဖို့ အရေးကြီးတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ လူ့ ဂုဏ် သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာပြန်နိုင်ဖို့ လိုမယ်လို့ မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါး ပိတ် ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ တာဝန်ယူဆောင်ရွက်နေတဲ့ UNHCR တာဝန် ရှိသူတဦးကတော့ ခုအချိန်အထိကို မြန်မာနိုင်ငံကိုပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မရှိသေးဘူး လို့ပြော ပါတယ်။ မြန်မာဖက်က စီစစ်ပြီး ပြန်ပို့ထားတဲ့ ဒုက္ခသည်စာရင်းအတိုင်း အဲဒီ ဒုက္ခသည်တွေက သူတို့ကိုယ် တိုင်တွေ့ဆုံမေး မြန်းတာတွေလုပ်နေပြီး၊ သူတို့ရဲ့ဆန္ခကိုပါ မေးမြန်းနေတာဖြစ်တယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ် အောင်မြင်ဖို့ဆိုရင်တော့ ကြားကနေ အဖွဲ့တခုက လုပ် ကိုင်ပေးမှသာ အဆင်ပြေနိုင်မယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

"ဟိုဘက်ကလည်းတောင်းဆိုချက်တွေရှိတယ်။ ဒီဘက်ကလည်းပေးနိုင်မှာ မဟုတ်ဘူး။ဒီကြားထဲမှာ အဲကိစ ္စကိုညှိရမှာဘဲ။ စိတ်ချရမယ့် အာမခံချက် ပေးရမယ်။ ကုလကိုအားကိုးနေတာချည်းတော့မဟုတ်ဘူး။တတိယအဖွဲ့ကကြား ထဲကရပ်ပြီး အာမခံချက်ပေးရ လိမ့် မယ်။ "

ရခိုင်မြောက်ပိုင်း ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားခဲ့ကြတာပါ။ ၂၀၁၇ ခုနှစ်ဖြစ်စဉ်မှာ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ကြောင့် ဒေသတွင်းပဋိပက္ခကြီးထွားခဲ့တယ်လို့ မြန်မာအစိုးရက အပြစ် တင် ပေမယ့်၊ နိုင်ငံတကာကတော့ အစိုးရစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင့် ဒုက္ခသည်တွေ ထွက် ပြေး ကြရတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အဲဒီဖြစ်စဉ်တွေမှာ တာဝန်ရှိသူတဲ့အာဏာပိုင်တွေကို အရေးယူဖို့ တိုက်တွန်းနေသလို၊ အမေရိကန်ပြည်ထောင်စုက ဒီဖြစ်ရပ် အတွက် မြန်မာစစ်ဖက်ခေါင်းဆောင် တွေကို အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထား ပါတယ်။

မြန်မာအစိုးရဖက်ကတော့ ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တွေ လို့ပဲ သုံးပြီး၊ ဒုက္ခသည်တွေနဲ့ နိုင်ငံတကာက သုံးနှုံးတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့်လည်း ဒီ ဒုက္ခသည်တွေကို စီစစ်ပြီး ပြန်လည်လက်ခံသွားမယ်လို့တော့ နိုင်ငံတကာကို ကတိပေး ထား ပါတယ်။ ဒါပေမယ့်လည်း ရခိုင်မြောက်ပိုင်းဒေသမှာ အခုလို ရိုဟင်ဂျာဒုက္ခသည်အရေးအပြင်၊ ဒီနှစ် ဆန်း ကစလို့ ဖြစ်လာတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား စစ်ရေးပဋိပက္ခတွေဖြစ် တဲ့ နေအတွက် ဒုက္ခသည်တွေဖက်ကလည်း နေရပ်ပြန်ရေးကို ပိုလို့ စိုးရိမ်နေကြတာတွေ့ရပါတယ်။

ဒုက္ခသည် သုံးထောင်ကျော်လုံးကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှဖက်က အားလုံးပြင်ဆင်ခဲ့ပေမယ့်လည်း၊ အခုလို ရိုဟင်ဂျာတွေဖက်က ပြန်ဖို့ ငြင်းဆန်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က တုံ့ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ကအခြေအနေအပေါ်မှာ ပွင့်လင်းမှုမရှိ ဘူးဆိုပြီး မြန်မာအစိုးရကို သူက အပြစ်တင်ခဲ့သလိုပဲ၊ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ဘင်္ဂလားဒေ့ရ်ှဖက်က သတင်းထောက်အချို့ကို မြန်မာ ရခိုင်ပြည်နယ်ဖက်ကအခြေအနေဖက်ကို ကိုယ်တိုင်ကြည့်ရှုနိုင်ဖို့ ထပ်မံကမ်းလှမ်းပြောဆိုခဲ့ပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */