" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 9, 2018

ကြေးမုံသတင်းစာပါ မောင်မုဒိတာ၏ NVC ကဒ် ဆိုင်ရာ ဆောင်းပါး အပေါ် သုံးသပ်ချက် by U Kyaw Min






၂၀၁၈ မေလ ၉ရက် ကြေးမုံသတင်း စာမှ မောင်မုဒိတာ၏ ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရသည်။ ယင်းတွင် “မြန်မာ နိုင်ငံတွင်း အစဉ်အဆက်နေထိုင်သူ မှန်ကန်ပါက မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာ ရန်နှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော နိုင်ငံသားစီစစ်ရေး ကဒ်ပြား (သို့မဟုတ်) မှတ်ပုံတင် လက်မှတ်၊ သက်သေခံကဒ်ပြား စသည့် ကဒ်ပြားလက်မှတ် တမျိုးမျိုး ရယူကိုင်ဆောင် ရရှိရန် လိုအပ်ပါသည်။” ဟု ပါရှိပါသည်။

မြန်မာနိုင်ငံသည် ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်။ နိုင်ငံ၏ ပထမဦးဆုံး အခြေခံဥပဒေမှာ နိုင်ငံသားတစ် မျိုးတည်းသာ ရှိရမည်ဟု ပါရှိပါသည်။ ယခု မောင်မုဒိတာသည် ဥပဒေအရ လက်မှတ် တမျိုးမျိုး ကိုင်ဆောင် ရမည်ဟု ပြောခြင်းသည် နောက်ပိုင်း တစ်ပါတီ အာဏာရှင်စနစ်ခေတ်မှ ဥပဒေများ ဖြစ်နိုင်သည်။ တည်ဆဲ ဥပဒေအရ အမျိုးသားမှတ်ပုံတင် (သက်သေခံ ကဒ်ပြား) ၊ ယာယီ သက်သေခံ ကဒ်ပြား (White Card) များ ထုတ်ပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင် အမျိုးသားမှတ်ပုံတင်များ သိမ်းယူပြီး White Cardများ ထုတ်ပေးခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် White Card (၇) သိန်းခန့် ပြန်လည် အပ်နှံရန် အမိန့်ထုတ်ခဲ့ပြီး (၅) သိန်း နီးပါး ပြန်လည် ရရှိခဲ့သည်။ ယာယီသက်သေခံကဒ်ပြား အပ်နှံလျှင် ဥပဒေအရ အမျိုးသားမှတ်ပုံတင် ထုတ်ပေးရမည်ဟု ပါရှိသော်လည်း ယခု NVC ( National Verification Card) ၊ နိုင်ငံသား စီစစ်ခံရမည့်သူများ ကိုင်ဆောင်ရန် သက်သေခံ ကဒ်ပြား ကိုင်ဆောင်ရမည်ဟု ပြောဆိုနေသည်။ ၎င်းသည် နိုင်ငံတော် သမ္မတ အမိန့်အရဟု ဆိုသော်လည်း ၎င်းအမိန့်စာကို ထုတ်ပြန်ထားခြင်း မတွေ့ရှိရပါ။

NVC ကို မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုး မဟုတ်သူများ နှင့် နယ်စပ်ဒေသတွင် နေထိုင်သူများ အနက် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများ နှင့် နိုင်ငံသား စီစစ်ရန် လိုအပ်သူများ အား ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊မဟုတ် စီစစ်နိုင်ရန် စီစစ်ဆဲကာ လအတွင်း မြန်မာနိုင်ငံတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်၍ ထုတ်ပေး ခြင်းဖြစ်သည်ဟု မောင်မုဒိတာက ရေးထားသည်။ ၎င်းတွင် မေးခွန်းထုတ်စရာ များစွာ ရှိနေပါသည်။

(၁) တိုင်းရင်းသား ဘယ်သူလဲ၊ ဘယ်နှစ်မျိုးရှိလဲ၊ ၁၄၄မျိုး၊ ၁၃၅မျိုး၊ ၁ဝ၁မျိုး စသည်ဖြင့် စာရင်းကွဲပြား ပြသ သည်ကို ဘယ်လိုစဉ်းစားရမည်နည်း။ တိုင်းရင်းသား ၁၃၅မျိုးတွင် မပါသော လူမျိုးအားလုံးကို NVC ထုတ်ပေးခြင်း မတွေ့ရပါ ။

(၂) နယ်စပ်ဒေသမှာ နေထိုင်သူ မည်သည့် လက်မှတ်မျှ မရှိသူများဟု ပါရှိရာ နယ်စပ်ဒေသတွင် လွတ်လပ် ရေးရပြီးသည်မှာ နှစ်ပေါင်း(၇ဝ) ရှိပါပြီ၊ အားလုံးကို ယခင်ဥပဒေများအရ နိုင်ငံသား မဖြစ်ထိုက်သူများဟု သတ်မှတ်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်များ မထုတ်ပေးဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ထား ခဲ့ခြင်းမှာ စဉ်း စားရန် အချက်တစ်ချက် ဖြစ်ပါသည်။ ယခုမှ ဥပဒေအရ မဟုတ်ဘဲ မိမိဆန္ဒအလျောက် နိုင်ငံ သား မရထိုက်သူဟု သတ်မှတ်ပြီး ထုတ်ပေးပြီးဖြစ်သော နိုင်ငံသားဆိုင်ရာ အထောက်အထားများကို သိမ်း ယူခြင်းကို တရားမျှတသည်ဟု ပြောနိုင်ပါမည်လား။ နိုင်ငံသား ဖြစ်ခြင်းသည် အခြေခံအကျဆုံး အခွင့် အရေး ဖြစ်ရမည်။ ၎င်းကို NVC ကိုင်ဆောင်စေခြင်းဖြင့် အဆင့်လျှော့ပါက မြန်မာနိုင်ငံက လက်မှတ်ရေးထိုး ထား သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် အခြား Convention များနှင့် ဆန့်ကျင်နေ မည် ဖြစ်သည်။

(၃) နိုင်ငံသား စီစစ်ရန် လိုအပ်သူများဟု ဆောင်းပါးမှာ ပါရှိပြန်သည်။ မည်သူတို့သည် နိုင်ငံသား စီစစ်ခြင်းခံ ရ မည့်သူများဟု သတ်မှတ်ထားသော ဥပဒေရှိပါသလား။ ရှိခဲ့လျှင် လွတ်လပ်ရေးရပြီး ယခုနှစ်ပေါင်း (၆ဝ/၇ဝ) ကျော် လွန်လာပြီးမှ အဘယ်ကြောင့် နိုင်ငံသားစီစစ်ခံရမည်ဟု ပြောဆိုနေရသနည်း။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေတို့နှင့်အညီ နိုင်ငံသားဖြစ်ပြီးသူများသည် ၁၉၇၄ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးနောက်ပိုင်းတွင် ဆက်လက်၍ နိုင်ငံသားအခွင့်အရေး ရရှိခဲ့ သည်။ ၁၉၉ဝ ခုနှစ် ရွေး ကောက်ပွဲမှာ မဲထည့်ခွင့်၊ အရွေးခံခွင့်များ ရရှိခဲ့သည်။ မဆလ ခေတ် ကောင်စီ ရွေးကောက်ပွဲ အဆင့်ဆင့်မှာ ပါ ဝင်ခွင့်ရရှိခဲ့သည်။ ထိုသူများသည် ၂ဝ၁ဝ နိုင်ငံတော်ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ရရှိခဲ့ခြင်းသည် ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတို့နှင့်အညီ တင်းပြည့်နိုင်ငံသားများဖြစ်၍ ဖြစ်ရပေမည်။ ဥပဒေ အဓိပ္ပါယ်ကို ယခင် တမျိုး ယခု တမျိုး အဓိပ္ပါယ် ဖွင့်ဆိုနေခြင်း ဖြစ်နေသည်။

NVCနှင့် ပက်သတ်၍ ယခင်က လဝက ဝန်ကြီးနှင့် လဝက ဌာနတို့မှ ပြုလုပ်သော ရှင်းလင်းချက်များတွင် အ ထောက်အထားရှိသူများ နောက်ဆုံး အိမ်ထောင်စု စာရင်းရှိသူများကပင် ကိုင်ဆောင်ရန် မလိုဟု ပါရှိသည်။ အိမ်ထောင်စုစာရင်းများတွင် အမျိုးသားမှတ်ပုံတင်နံပါတ်များ၊ ယာယီသက်သေခံကဒ်ပြား (White Card) နံပါတ်များ ပါရှိသည်။ ၎င်းစာရင်းနှင့် ကဒ်ပြားများကို ရခိုင်ပြည်နယ်တွင် နစက ဌာနက (၆)လ တစ် ကြိမ် အနှစ် (၂ဝ) နီးပါး စီစစ်အတည်ပြုထားပြီးလည်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင်း အခြေစိုက် နေ ထိုင်သော ထောက်အထားပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ် ၃၃ (၁) အရ နိုင်ငံခြားသားများကို ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးခြင်း မပြုနိုင်။ သို့ဖြစ်ပါ၍ အမျိုး သားမှတ်ပုံတင် ယာယီသက်သေခံကဒ်ပြားနှင့် အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) သည် မြန်မာနိုင်ငံတွင်း နေထိုင်ကြောင်း အထောက်အထားဖြစ်သည့် အပြင် နိုင်ငံသား အထောက်အထား လည်းဖြစ်သည်ဟု သုံး သပ်ရသည်။ ယခု အထောက်အထား မရှိသူများဟု စွပ်စွဲနိုင်ရန် ယခင်က မှတ်ပုံတင် အထာက်အထား အားလုံး သိမ်းယူခြင်းဟု သုံးသပ်နေရသည်။

ယာယီသက်သေခံကဒ်ပြားများကို နိုင်ငံသားဖြစ်မှု သံသယရှိသူများအား ထုတ်ပေးခဲ့သည်ဟု ရှင်းလင်း ခဲ့သော အာဏာပိုင်များကြောင့် ယနေ့ရခိုင်ပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေး ပြသနာများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

မောင်မုဒိတာက “ မြန်မာနိုင်ငံတွင် ယခင်က ထုတ်ပေးခဲ့သော ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့ သူ အများစုတို့သည် ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာဝင်များဖြစ်သဖြင့် ထိုသူ တို့အား တစ်ဖက်နိုင်ငံ နိုင်ငံသားများနှင့် ခွဲခြားနိုင်ရန်နှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများဖြစ်ကြောင်း သက်သေခံနိုင်ရန် NVC ထုတ်ပေးခြင်းဟု” ဆိုထားသည်။

ဒီနေရာမှာ စဉ်းစားရမည်မှာ (၁) နယ်စပ် ဒေသများတွင် လူမျိုးတူစုများစွာ ရှိနေသည် အားလုံးကို NVC ထုတ်ပေးနေပါသလား။ (၂) နိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားနိုင်ရန် ၁၉၄ဝ ခုနှစ် နိုင်ငံခြားသား မှတ်ပုံတင် ဥပဒေနှင့် ၁၉၄၈ ခုနှစ် ၎င်း၏ နည်းဥပဒေ ရှိပြီးဖြစ်သည်။ နိုင်ငံခြားသားများကို ယင်းတို့နှင့်အညီ မှတ်ပုံတင် ထားပြီး ဖြစ် သည်။ နိုင်ငံသားဖြစ်သူများကို တစ်ဖက်နိုင်ငံမှ လူများနှင့် ရုပ်ရည် တူညီလင့်ကစား ၁၉၄၉ ခု မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေနှင့် ၎င်း၏ ၁၉၅၁ ခုနှစ် နည်းဥပဒေများနှင့် အမျိုး သားမှတ်ပုံတင် ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးထားခြင်း ဖြစ်သည်။ ဥပဒေဆိုသည် ရည်ရွယ်ချက် ရှိစမြဲဖြစ်သည်။ အထက်ဥပဒေများသည် နိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားနိုင်အောင် ပြဌာန်းခဲ့ပြီး သက် ဆိုင်ရာ မှတ်ပုံတင်ကဒ်ပြားများ ထုတ်ပေးခြင်းဖြစ်ပါသည်။ ခွဲခြားနိုင်အောင် NVC ထုတ်ပေးရန် လိုအပ် မည်ဟု မထင်မြင်ပါ။

အမျိုုးသား မှတ်ပုံတင် နည်းဥပဒေ အပိုဒ် (၂) ဃ နှင့် င တို့အရ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနှင့် ယာယီ သက်သေခံ ကဒ်ပြားတို့သည် အဆင့်အတန်း အတူတူ ဖြစ်သည်။ နိုင်ငံခြားသားကို ထုတ်ပေးသော လက် မှတ်များ မဟုတ်ပါ။ သို့ဖြစ်၍ ၎င်းတို့အား သိမ်းယူပြီးနောက် NVC မဟုတ်ဘဲ NSC နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးသင့်သည်။

ရခိုင်ပြည် မြောက်ပိုင်းမှ လူ (၇) သိန်းခန့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု ပြောဆိုနေကြရာ ၎င်းတို့ ပြန်လည် ဝင်ရောက်လာပါက ယာယီကြားစခန်းမှာ နေရမည်။ NVC ကိုင်၍ နိုင်ငံသား အဆင့်အတန်း ခွဲခြားခံရမည်။ မိမိ၏ မူလနေရာရင်းတွင် နေထိုင်ခွင့်မရ အထူးသဖြင့် မောင်တောမြို့နယ် တောင်ဘက်ခြမ်းမှ လူဦးရ(၃)သိန်း ခန့်ကို ၎င်းတို့၏ မူလနေရာတွင် နေရာချမပေးဘဲ မူဆလင်ကင်းစင် နယ်မြေအဖြစ် ထားရှိ ရန် ရခိုင်ပြည်နယ်အစိုးရမှ ဆုံးဖြတ် သက်မှတ်ထားခြင်းတို့သည် ထွက်ပြေးသူများ ပြန်လည်ဝင်ရောက် လာရေးအတွက် အဟန့်အ တားများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ထို့အပြင် ဒေါက်တာအေးချမ်းဆိုသူက ရခိုင်အမျိုးသားများ ပြန်လည်နေရာချထားရေး ကော်မတီတစ်ခု ဖွဲ့ စည်းပြီး အနယ်နယ်အရပ်ရပ်က ရခိုင်များကို မောင်တောဒေသသို့ ခေါ်ဆောင်လာနေသည့် သတင်းက လည်း ထိုဒေသမှထွက်ပြေးသူ ရိုဟင်ဂျာများကို ပို၍ စိတ်အနှောက်အယှက်ဖြစ်စေသည်။ နိုင်ငံတော် အစိုးရ မှ စဉ်းစား သုံးသပ်အပ်သော အချက်တစ်ချက် ဖြစ်ပါသည်။

ဗြိတိသျှတို့ ရခိုင်ပြည်နယ်ကို သိမ်းယူသည့်နှစ်တွင် လူဦးရေ စာရင်း ကောက်ခံခဲ့ရာ မူဆလင် လူဦးရေသည် စုစုပေါင်း လူဦးရေ၏ သုံးပုံ တစ်ပုံ ရှိခဲ့သည်။ ခိုင်လုံသော အထောက်အထား ဖြစ်သည်။ ဖျောက်ဖျက်၍ မ ရနိုင်ချေ။ ထိုဒေသမှ မူဆလင်များသည် မိန်းမများများယူသည်၊ ကလေးများ သောက်သောက်လဲမွေးသည် ဟူသော ယနေ့အခါ၏ စွပ်စွဲချက်ကို အတည်ယူလျှင် နှစ်ပေါင်း (၂ဝဝ) ရှိသွားပြီ၊ မူဆလင် လူဦးရေသည် ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံ မက များပြားရန်ရှိသည်။ သို့သော် နိုင်ငံတော်မှ ထုတ်ပြန်သော စာရင်း ဂဏန်းများ အရ ယနေ့အထိပင် မူဆလင်လူဦးရေ သုံးပုံတစ်ပုံသာ ဖြစ်နေသည်။ ထို့ကြောင့် ရခိုင်ပြည် လူဦးရေ စုစုပေါင်းမှ သုံးပုံတစ်ပုံမျှသော မူဆလင်များကို အထောက်အထားစီစစ်ပြီး တင်းပြည့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးလျှင် လက်ရှိပြသနာ ပြေလည်သွားမည်ဟု ယူဆပါသည်။ ၁၈၂၃ ခုနှစ် မတိုင်ခင် နိုင်ငံနယ်နိမိတ်အတွင်း အခြေစိုက်နေထိုင်ခဲ့သူများသည် ဥပဒေအရ တိုင်းရင်းသား၊ နိုင်ငံသားများ ဖြစ်၍ ဤသို့ အကြံပြုခြင်း ဖြစ်ပါသည်။

NVC သည် ယနေ့အထိ တစ်နိုင်ငံလုံးတွင် (၆၁၉၆ဝ) ခု ထုတ်ပေးပြီး ရခိုင်ပြည်နယ်တွင် (၁၅၄၂၄) ခု ထုတ်ပေးပြီးဖြစ်ကြောင်း မုဒိတာ၏ ဆောင်းပါးမှာ ပါရှိသည်။ ၎င်းအနက် နိုင်ငံသားကဒ် ရရှိသူ (၉၁)ဦး နှင့် နိုင်ငံသားပြုခွင့်ရသူ (၅၂၅)ဦး စုစုပေါင်း (၆၁၆)ဦး ရှိကြောင်း ဆောင်းပါးမှာ ပါရှိသည်။ ဤတွင် နိုင်ငံသား ရရှိသူ ဦးရေအလွန် နည်းပြီး နိုင်ငံသားအဆင့်လည်း နှစ်မျိုး ဖြစ်သွားသည်။ ရိုဟင်ဂျာများသည် ယခင် ဥပဒေအရ နိုင်ငံသားအဆင့် တစ်မျိုးတည်းသာ ရှိခဲ့၍ ယခုအဆင့် နှစ်မျိုးသုံးမျိုး ဖြစ်ရမည်ကို စိုးရိမ်နေကြောင်း တွေ့ရ သည်။

ဆောင်းပါးရှင်က NVC ကိုင်ဆောင်သူများ၏ တာဝန်များနှင့် အခွင့်အရေးများကိုလည်း ဖော်ပြထားသည်။ အခွင့် အရေးတွင် ပထမတစ်ခုမှာ နိုင်ငံသားစီစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့် ရှိသည်။ နိုင်ငံတော်က ဆုံး ဖြတ်ပေးသည့် နိုင်ငံသား အဆင့်အတန်းနှင့် အညီ အခွင့်အရေးများ ရရှိမည်။ မကြာခင်ကာလအထိ နိုင်ငံသားအခွင့် အ ရေး များ ရရှိခဲ့ခြင်းနှင့် နိုင်ငံသားအထောက်အထားများ လက်ဝယ်ရှိနေသူများသည် နိုင်ငံခြားသားများကဲ့သို့ နိုင် ငံသားခံယူရန် လျှောက်ထားရခြင်းကို ခွဲခြားဆက်ဆံခြင်းမျိုးဟု ခံစားနေရသည်။ ဒုတိယ အခွင့်အရေး တစ်ခုမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပေးထားသော ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့် ရှိမည်။

ယာယီခရီးသွားလာခွင့်လက်မှတ် ပုံစံ (၄) ဖြင့် ခရီးသွားရမည် ဖြစ်သည်။ ၎င်းသည် ယခင် နဆက အဖွဲ့က အနှစ် (၂ဝ) နီးပါး ကျင့်သုံးခဲ့သော လူမျိုးခွဲခြားရေး စနစ် (Apartheid စနစ်)ဟု ရိုဟင်ဂျာများက ရှုမြင်နေသည်။ Apartheid စနစ်ကို ကုလသမ္မဂ္ဂက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုဟု သက်မှတ်ထားကြောင်း သိ ရသည်။ ပုံစံ (၄) သည်လည်း နိုင်ငံခြားသားများ ခရီးသွားခွင့် ပုံစံသာ ဖြစ်သည်။

 လွတ်လပ်စွာ သွားလာခွင့် ဆိုသည် ဘယ်မှာနည်း။

ထို့အပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသား အခွင့်အရေးများ ရရှိခဲ့သည့်အပြင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၅ (ခ) မှာ ဤဥပဒေ အသက်ဝင်သည်နေ့ နိုင်ငံသား ဖြစ်ပြီးသူများသည် ဆက်လက် နိုင်ငံသားဖြစ်မည်ဟု ပါရှိရာ ရခိုင်မှ မူဆလင်များ (ရိုဟင်ဂျာများ)ကို ထိုစဉ်က နိုင်ငံသားဟု သက်မှတ်ခဲ့သဖြင့် ၁၉၉ဝ ခုနှစ်အထိ နိုင်ငံသားအခွင့်အရေးများ ရရှိခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိခဲ့သည်။ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ အရ နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါ ဝင်ခွင့် ရရှိခဲ့သည်။ ထိုသူများ ယခု NVC ကိုင်ဆောင်ရမည်ဟု နိုင်ငံတော်မှ ပြောဆို ခြင်းကို ပြန်လည် သုံးသပ်ပြင်ဆင်မည်ဟု ထိုဒေသမှ မူဆလင်များက မျှော်လင့်နေသည်။ ထူးခြားသည်မှာ ရခိုင်ပြည်နယ်တွင် ယခင်နိုင်ငံတော် မှတ်တမ်းများအရ နိုင်ငံခြားသားဖြစ်ခဲ့သူများ ယနေ့တိုင်းရင်း သားဖြစ် နေပြီး တိုင်းရင်းသားဖြစ်ခဲ့သူများကို နိုင်ငံ သားမဟုတ်သူများ NVC ကိုင်ဆောင်ရမည့် သူများဟု သက် မှတ်ခြင်း ဖြစ်ပါသည်။

ရိုဟင်ဂျာများ၏ အိမ်ထောင်စု စာရင်းများတွင် နိုင်ငံသား လူမျိုးနေရာတွင် ရိုဟင်ဂျာဟု နဝတ၊ နအဖ အစိုးရ လက်ထက်အထိ ပါရှိခဲ့သည့်အပြင် ပြန်လည်လက်ခံရေး စာရင်းများတွင်လည်း အလားတူ ပါရှိသည်။ ထိုဒေသမှ မူဆလင်အများစုတွင် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများ၊ အခွန်ပေးဆောင်မှု ဆိုင်ရာ စာရွက် စာတမ်းများ၊ ဝန်ထမ်းလက်မှတ်များ၊ ပင်စင်စာအုပ်များ၊ ပါတီကောင်စီဝင် ခန့်စာများလည်း ရှိသည်။ ၎င်း သည် မြန်မာနိုင်ငံတွင် အစဉ်အဆက်နေထိုင်လာသော အထောက်အထားများဖြစ်ပြီး ၎င်းတို့ကို အခြေခံ၍ နိုင်ငံသားစီစစ်မှု ပြုလုပ်သင့်သည်ဟု ဒေသခံ မူဆလင်များ ပြောဆိုနေကြောင်း တွေ့ရှိရသည်။ NVC သည် အထောက်အထား တစ်စုံတစ်ရာမရှိသူအတွက်သာ ဖြစ်သင့်ပေသည်။

ရခိုင်နှင့် အရှေ့ ဘင်္ဂလားသည် အင်္ဂလိပ်မတိုင်ခင် ရာစုနှစ်ပေါင်းများစွာ နိုင်ငံတစ်ခု အုပ်ချုပ်ရေးတစ်ခုတည်း ဖြစ်ခဲ့၍ ယနေ့ ရခိုင်တွင် ရှိနေသော တိုင်းရင်းသားဆိုသူ အားလုံးတို့သည် ရခိုင်နှင့် ဘင်္ဂလား နှစ်နေရာစ လုံးတွင် လွတ်လပ်စွာ အခြေစိုက် နေထိုင်ခဲ့သည်။ လွတ်လပ်ရေး ရရှိသောအခါ ဘင်္ဂလားဘက် ရှိသူများ ပါကစ္စတန်နိုင်ငံသားဖြစ်၍ မြန်မာဘက် ရှိသူများသည် မြန်မာနိုင်ငံသားများ ဖြစ်သွားသည်။ ၎င်းတွင် ရိုဟင် ဂျာများလည်း ပါရှိသည်။ ရိုဟင်ဂျာသည် တစ်ဦးချင်း နိုင်ငံသားဖြစ်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ ကရာချီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပါကစ္စတန်ခေါင်းဆောင် အလီဂျီနာ တို့၏ သဘော တူညီချက်အရ လူမျိုးစုအ လိုက် မြန်မာနိုင်ငံတိုင်းရင်းသားများ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်၏ ၁၉၄၇ ခုနှစ် လွှတ်တော်ရွေး ကောက်ပွဲမှာ ရိုဟင်ဂျာများ ပါလာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးမှာပါ ပါရှိခဲ့သည်။

ရခိုင်တွင်ရှိခဲ့သော နိုင်ငံခြားသားများသည် ၁၉၄၂ ခု လူမျိုးရေး ပဋ္ဋိပက္ခကြောင့် ပြန်သွားသည့်အပြင် အင်္ဂလိပ်နှင့်အတူ ပြန်သွားသူများလည်း ရှိသည်။ ဦးနေဝင်း၏ ပြည်သူပိုင်ခတ်မှာ ပြန်သွားသူ များလည်း ရှိပြန်သည်။ ယနေ့ကျန်ရစ်သူများမှာ ရာဂဏန်းမျှသာ ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရက ရခိုင်ပြည်နယ်မှ နိုင်ငံရေး သြဇာ ထူထောင်လိုသူ အစွန်းရောက်များ၏ တောင်းဆို မှုများကို လိုက်လျောနေခြင်းကြောင့် ယနေ့ ရခိုင်နယ်စပ်ပြသနာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ နိုင်ငံတော်၏ ပေါ်လစီသည် လူမျိုးစု နှစ်စုပေါ်မှာ မှန်ကန်ရန် မျှတရန် ဘက်လိုက်မှုမရှိရန် မိမိနှင့် မတူ သည် ကို ရန်သူဟု မမြင်ရန် အရေးကြီးပေသည်။ မတူညီမှုကြားမှ ညီညွတ်မှုကို တည်ဆောက်ခြင်း သည်ပင်လျှင် ဒီမိုကရေစီဖြစ်ပါသည်။

NVC သည် နိုင်ငံသားအခွင့်အရေး ရရှိရေးအတွက် ပထမခြေလှမ်းဖြစ်သည်ဟု ဆို၏။ NVC ကိုင်၍ နိုင်ငံ သား စီစစ်မခံပါက နိုင်ငံသားအခွင့်အရေး ရရန်မရှိဟု ဆောင်းပါးမှာ မောင်မုဒိတာက ရေးခြင်းသည် လွန်လွန်ကျူးကျူး အတင်းအကျပ် ပြောဆိုခြင်း ဖြစ်သည်။ အမှန်စင်စစ် ရိုဟင်ဂျာများသည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နိုင်ငံသားအဖြစ် နိုင်ငံတော်မှ မှတ်ပုံတင်ထားပြီးသူများ ဖြစ်သည်။ သက်ဆိုင်ရာ ဥပဒေများ အရ နိုင်ငံသားများကိုထုတ်ပေးခဲ့သော လက်မှတ်များကိုလည်း ထုတ်ပေးပြီးသူများ ဖြစ်ကြသည်။ဒေသ တစ် ခု တည်ငြိမ်အေးချမ်းရေး သဟဇာတကျကျနေထိုင်နိုင်ရေး တို့သည် လူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားဖြစ်ရေးအပေါ်မူတည်ပါသည်။ လူ မျိုးစု အားလုံးအတွက် ကစားကွင်းသည် တူညီစွာ ညီညာပြေ ပြစ်နေရမည်။ တိုးတက်သော တည်ငြိမ်သော လူ အခွင့်အရေးလေးစားသော နိုင်ငံများတွင် နိုင်ငံသား တစ် မျိုး တည်းသာ ရှိသည်။ နိုင်ငံသား လက်မှတ်တွင် လူမျိုး၊ ဘာသာ ပင်မရှိပါ။

ဘင်္ဂလားရောက် ရိုဟင်ဂျာများကိုလည်း နိုင်ငံသားစီစစ်ပြီးမှ ပြန်လည်ခေါ်ဆောင်လာနိုင်သည့် နည်းစနစ် (Machenism)တစ်ခု ရှိသင့်သည်။ မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ဖူးသူဟု ပြောဆိုပြီး ခေါ်လာလျှင် ဆက်လက် ပြသ နာ ရှိနေဦးမည်။ ယခုပြန်ခေါ်လာမည့် တစ်ရက် လူ (၃ဝဝ) နှုန်းသည် နှစ်ပေါင်း ဒါဇင် ချီ၍ ကြာမည့် နည်းစနစ် ဖြစ်နေသည်။ ဤတွင် နိုင်ငံသားဖြစ်သူများကို အမြန်ဆုံးနည်းဖြင့် အားလုံးကို ခေါ်ယူလာပြီး နေရာရင်းမှာ နေရာချထားရေးသည် အရေးကြီးဆုံးဖြစ်သည်။

နိုင်ငံသားစီစစ်ရေးသည် ယခင် အကြိမ်ပေါင်းများစွာ စီစစ်ခဲ့ပြီးသည်ကို မလုံလောက်ဘူး ဆိုပါလျှင် NVC ကို အခြေခံ၍ စီစစ်ခြင်း မပြုဘဲ ရခိုင်မြောက်ပိုင်းမှ မူဆလင်များ(ရိုဟင်ဂျာများ) ၏ အမျိုးသားမှတ်ပုံတင်၊ ယာယီ သက်သေခံ ကဒ်ပြား၊ အိမ်ထောင်စု စာရင်းများ၊ အခြား လဝက မှတ်တမ်းများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ တင်ပြနိုင်သော စာရွက်စာတမ်း အထောက်အထားများကို အခြေခံ၍ စီစစ်ပေးခြင်းပင်လျှင် နိုင်ငံတော်နှင့် ပြည်နယ် တိုးတက်တည်ငြိမ်ရေးအတွက် အကြောင်းခံတရားဖြစ်နေကြောင်း အကြံပြု ရေးသားအပ်ပါသည်။






No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */