" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 19, 2019

CEDAW ညီလာခံ မြန်မာအစီရင်ခံစာပြုစုမှုအပေါ် သုံးသပ်ချက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉၇၅ ခုနှစ်က CEDAW ညီလာခံကျင်းပနေစဉ် (ခရက်ဒစ်- UN)

CEDAW ခေါ် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အလုံးစုံ ပပျောက်ရေး ၇၂ ကြိမ်မြောက် ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ မနေ့က စလို့ မတ်လ ၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလာမယ့် သောကြာနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ ဂျနီဗာမြို့ ကုလသမဂ္ဂရုံးမှာ CEDAW အမျိုး သမီးများအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီက မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေး မှာဖြစ်ပါတယ်။ အဲဒီအတွက်ပေးပို့တဲ့ မြန်မာနိုင်ငံ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင် အမျိုးသမီးတွေအကြမ်းဖက်ခံရမှုအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာစွတ်စွဲချက်တွေကို အရင်လိုပဲလက် မ ခံတုန့်ပြန်ထားတာတွေ့ရပါတယ်။ ဒီအစီရင်ခံစာပြုစုမှုအခြေအနေနဲ့ မြန်မာနိုင်ငံ ကလက် မှတ် ထိုး ထားတဲ့ CEDAW သဘော တူညီချက်ပါ လိုက်နာမှုတွေနဲ့ ပတ်သက်လို့ ( Gender Equality Network) GEN ကျား-မ တန်းတူအခွင့်အရေးကွန်ယက် ညွန်ကြားရေးမှုး မမေစံပယ်ဖြူကို ကိုသားညွန့်ဦး မေးမြန်း ထားပါတယ်။
 
ကိုသားညွှန့်ဦး။ ။ မြန်မာဘက်ကတင်တဲ့ အစီရင်ခံစာက မြန်မာအစိုးရသက်သက်ပဲလား။ မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့ တင်တာလား။

မမေစံပယ်ဖြူ။ ။ “ဒီတခေါက်တော့ မြန်မာအစိုးရရဲ့ပြည်ထောင်စု အစီရင်ခံစာက ဝန်ကြီးဌာနတွေပဲ အဓိက ပြင် ဆင်ပြီးရေးသားပြီးတင်တယ်။ ကျမတို့ အမျိုးသမီးအဖွဲ့တွေတော့ ဒီတခေါက်မပါဘူးရှင့်။”'

ကိုသားညွှန့်ဦး။ ။ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့အခါမှာ အစိုးရဘက်ကပဲတင်တာတွေ့တယ်။ ပြည်ပက ဆိုလို့ရှိရင်တော့ ဒီ Human Rights Watch တို့ နောက် တခြားအဖွဲ့အစည်းအချို့တင်တာတွေ့တယ်။ ဒါမဲ့ ပြည်တွင်းက မြန်မာအဖွဲ့အစည်းတွေ ပြည်တွင်းက CSO တွေ တင်တာမတွေ့ဘူး ခင်ဗျ။

မမေစံပယ်ဖြူ။ ။ ဒီဟာကတော့လေ Interim Report ပေါ့နော်။ အဓိကကတော့ Interim Report ရဲ့ သဘောတရားက ဒီသဘောက ၄ နှစ် တကြိမ် ပြင်ရတဲ့ အခါမှာ ၂ နှစ်ပြီးတဲ့အခါမှာ နောက်ဆုံးတင်ခဲ့တဲ့ အစီရင်ခံစာအပေါ် တည်သော ကော်မတီက ဝေဖန်သုံးသပ်အကြံပြုထားတဲ့ အချက်တွေရှိတယ်လေ။ အဲ့ထဲ က အစိုးရအနေနဲ့ ဘာတွေ ပိုပြီးတော့ သူတို့ လုပ်ထားပြီးပြီလဲ။ ပြောင်းလဲတိုးတက်တာ တွေရှိသလား ဆို တာ အစီရင်ခံရတာကိုး။ ဒီ Interim Report မှာတော့ ကျမတို့က မပြင်ဘူးလို့ နဂိုထဲက စဉ်းစားထားတာ ပါပေါ့နော်။”

ကိုသားညွှန့်ဦး။ ။ လက်တွေ့အားဖြင့်ရော ဒီအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်လို့ အစိုးရ ဘက်ကတာဝန် ယူ ဆောင်ရွက်မှုတွေနဲ့ ကျေနပ်အားရစရာရှိပါသလားခင်ဗျ။'

မမေစံပယ်ဖြူ။ ။ပြောရမယ်ဆိုရင်တော့ ကျမတို့ ၂ နှစ်အတွင်းမှာ ထူးခြားတဲ့ ပြောင်းလဲမှုတော့ သိပ်ပြီးအများကြီး မဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေ အပေါ်အကြမ်းဖက်မှုတား ဆီးကာကွယ်ရေး ဥပဒေမူကြမ်းရှိတယ်လေ။ ကျမတို့ အဲ့ဒီမူကြမ်းကို ရေးဆွဲနေတာ အခုဆို ၅ နှစ်ထဲရောက်နေပြီပေါ့။ သိပ်ကျေနပ်အားရလောက်အောင် ဆောင်ရွက်နိုင်တဲ့ဟာ ဦးစားပေးနိုင်တဲ့ အနေအထားတော့ မရှိဘူး ဆို တာ တွေ့ရတယ်။”

ကိုသားညွှန့်ဦး။
။ကချင်ပြည်နယ်မှာဆိုလို့ရှိရင် ကချင်ဆရာမလေးတွေ သတ်ခံရတဲ့ကိစ္စ ရှမ်းပြည်နယ်မှာလဲ အလားတူအခြေအနေ၊ အခု ရခိုင်ပြည်နယ်မှာလဲ နိုင်ငံတကာကနေ ပြင်းပြင်းထန်ထန်စွပ်စွဲနေတဲ့ လိင်ပိုင်း ဆိုင်ရာစော်ကားမှုတွေရှိတယ်။ ဒါပေမယ့် ဖြေရှင်းချက်မှာတော့ ရခိုင်ပြည်နယ် ကိစ္စကိုတော့ အဓိကထားဖြေရှင်းပါတယ်။ ကျနော်တို့ ခြုံပြီးတော့ ဖတ်ရသလောက်ကတော့ အရင် မြန်မာအစိုးရကတုံ့ပြန်တဲ့ ပုံစံအ  တိုင်းပဲ သူတို့ နိုင်ငံတကာ စွပ်စွဲချက်တွေကို လက်မခံတဲ့ပုံစံတွေ့ရပါတယ်ခင်ဗျ။ ဒါ မမေစံပယ်ဖြူရဲ့အမြင်သိ ချင်ပါ တယ်။'

မမေစံပယ်ဖြူ။ ။ ပြောရမယ်ဆိုရင်တော့ပေါ့နော်… ကျမတို့က အခြေအနေအမှန်ကို လေ့လာ သုံးသပ်ဖို့နဲ့ အခြေ အနေအမှန်ကို သတင်းအမှန်ပေါ့လေ အဲ့ဒါတွေကို တင်ပြဖို့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ထည့်သွင်းရေးသားဖို့ လိုအပ်နေတယ်လို့ အဲ့လို သုံးသပ်ပါတယ်။ မြေပြင်အခြေအနေမှာ ဘာတွေဘယ် လိုဖြစ်ခဲ့လဲ ဘယ်လိုအခြေအနေတွေရှိလဲ ဆိုတာကိုတော့ ဒီအစိုးရအနေနဲ့ပေါ့နော်.. အဓိက အမျိုးသမီး အရေးလုပ်ဆောင်တဲ့သူတွေ ပြီးတော့ လူမှုရေးအဖွဲ့တွေနဲ့ပေါ့လက်တွဲပြီးတော့ သတင်းအခြေအနေ အမှန် ကိုပေါ့၊ သိနိုင်အောင်တင်ပြနိုင်အောင်ပေါ့၊ ကြိုးစားမယ်ဆိုရင်တော့ ကြိုးစားလို့ ရတဲ့နည်းတွေ အများကြီးပဲ ရှိတယ်ပေါ့လေ။ ဒါမဲ့ လောလော ဆယ်မှာ အခြေအနေအရပ်ရပ်ကြောင့်ပေါ့နော် အဲ့ဒါ မဖြစ်လာနိုင်သေးတဲ့ အနေအထားပေါ့။

ကိုသားညွှန့်ဦး။
။မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဆိုပြီးတော့ ဒီလိုအစိုးရကနေ လုပ်တဲ့အခါမှာ ဥပ မာ GEN တို့လိုမျိုး အဖွဲ့အစည်းမျိုးတွေ CSO အဖွဲ့အစည်းတွေပါ ဖိတ်ခေါ်ဆောင်ရွက် နေတာရှိပါတယ်။ အဲ့ဒါ တကယ်ပဲ အစိုးရအနေနဲ့ အရပ်ဖက် ဒီအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားရ စရာကောင်းပါသလား။

မမေစံပယ်ဖြူ။
။ အဲ့တော့ အရင် အစိုးရတွေလက်ထက်ပေါ့၊ အရင်တုန်းကထက် အခြေအနေ ထက်စာ ရင်တော့ ဘာပဲဖြစ်ဖြစ် ကျမတို့မှာ ဝင်ရောက်ပါဝင် ပြောဆိုဆွေးနွေးနိုင်တဲ့ space တခု ရလာနိုင်တာ ကတော့ အမှန်ပါပဲ။ ဒီအစိုးရလက်ထက်ကျမှ ကျမတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတို့ ဘာတို့ မှာလေ တရားဝင်ပါခွင့်ရလာတာပေါ့နော်။ ဒါပေမယ့်လည်း space နဲ့ ပြောရေးဆိုခွင့်ရှိလာတယ် ဆိုပေမဲ့ တကယ့် လက်တွေ့မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ပဲဖြစ်ဖြစ် မူဝါဒတွေ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ပဲဖြစ်ဖြစ်ကတော့ ကျမတို့မှာ အခက်အခဲတွေ limitation ပေါ့ အဓိကကတော့ အများကြီးရှိနေပါသေးတယ်။ အပြစ်မြင်တဲ့ သဘောမျိုးနဲ့ပြောလိုတာတော့မဟုတ်ဘူးပေါ့နော်။ အရင်က ထက် စာရင် အမျိုးသမီးအဖွဲ့တွေနဲ့ပူးပေါင်း ဆောင်ရွက်မှုတွေ အမျိုးသမီး အဖွဲ့တွေရဲ့အသံကို နားထောင် မှုနဲ့ ဒီ space တွေကို ပိုပြီးတော့ ပေးလာတာမှန်ပေမဲ့လည်း တကယ့်လက်တွေ့မှာ သိသာထင်သာတဲ့ ရ လဒ်တွေရအောင်တော့ပေါ့နော် လုပ်နိုင်ဖို့အတွက်တော့ ကျမတို့မှာ Barriers တွေ အများကြီးရှိနေ ပါသေး တယ်ရှင့်။

သောကြာနေ့ ဂျနီဗာမှာပြုလုပ်မယ့် ကုလသမဂ္ဂဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံဖက်က ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်တတ်ရောက်မယ်လို့သိရပါတယ်။ မြန်မာ့အရေး ဆွေးနွေးပွဲ အ တွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Human Rights Watch နဲ့ Fortify Rights တို့ကလည်း အစီရင်ခံစာတွေ ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပို်င်း ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေး ငယ်တွေအခြေအနေနဲ့ပတ်သက်လို့ တင်သွင်းလာတဲ့ အစီရင်ခံစာတွေကို CEDAW ကော်မတီအနေနဲ့ သုံးသပ်သွားမယ်လို့ ကုလသမဂ္ဂက ကြေညာထားပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ July လ CEDAW စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။ လက်ရှိ ၁၈၉ နိုင်ငံပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အမျိုးသမီးများအခွင့်အရေးတွေနဲ့ပတ်သက်လို့ စာချုပ်ပါအချက်အလက်တွေ ကိုလိုက်နာခြင်းရှိ မရှိ ကမ္ဘာတဝှမ်းကလူ့အခွင့်အရေးကျိမ်းကျင်ပညာရှင် ၂၃ ဦးပါ CEDAW ကော်မတီက နိုင်ငံတွေကိုအလှည့်ကျ ပြန်လည်သုံးသပ်တာဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */