Sunday, February 10, 2019

နယူးယောက် ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ပထမနေ့

VOA
ဗွီအိုအေသတင်းဌာန 
ကျော်အောင်လွင်
၀၉ ဖေဖော်ဝါရီ၊ ၂၀၁၉
APTOPIX Bangladesh UN Myanmar Human Rights

ရိုဟင်ဂျာမူဆလင်အရေးနဲ့ပတ်သက်ပြီးပြောဆိုကြတဲ့ ၂ ရက်ကြာဆွေးနွေးပွဲတခုကို အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့မှာ မနေ့ကစပြီး ကျင်းပနေပါတယ်။ ဒီအခန်းအနားကို ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ဗွီဒီယိုကတဆင့်အမှာစကားပါးခဲ့ပါတယ်။ ရိုဟင်ဂျာအရေး အဓိက ထားပြီး ပြောဆိုနေကြတဲ့ ဒီအခန်းအနားက ထူးခြားချက်တချို့ကို ကိုကျော်အောင် လွင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူနည်းစုတွေကို အကာအကွယ်ပေးရေးနဲ့ တာဝန်ခံမှုရှိရေးဆိုတဲ့ ခေါင်းစဉ် နဲ့ ရိုဟင်ဂျာလွတ် မြောက် ရေး ညွန့်ပေါင်းအဖွဲ့ကကျင်းပတဲ့ ၂ ရက်ကြာဆွေးနွေးပွဲကို နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ကျင်းပနေတာပါ။ ဒီ အခန်းအနားရဲ့ ရည်ရွယ်ချက်ကတော့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံ က တိုင်းရင်းသားတွေ အဖိနှိပ်ခံနေ ရတာကို အကာအကွယ်ပေးရေးနဲ့ ဖိနှိပ်ရက်စက်မှုတွေမှာတာဝန်ရှိ တဲ့သူတွေကို အရေး ယူနိုင်ဖို့ကိစ္စတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် တိုက်တွန်းတောင်းဆိုဖို့ပါပဲ။

 ဒီအခန်းအနားမှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာဥပဒေရေးရာကျွမ်းကျင်သူ၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူ၊ လူ့အ ခွင့်အရေးလှုပ်ရှားသူနဲ့ မြန်မာ့အရေးလေ့လာလှုပ်ရှားသူ တချို့ တက်ရောက်ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာကိစ္စကိုပြောဆိုဖို့အရေးက အခက်အခဲတခုအနေနဲ့ နေ့စဉ်ရင်ဆိုင်နေ ကြောင်း ဆွေးနွေးပွဲမှာ ပင်တိုင်ပြောဆိုသူ တဦးဖြစ်တဲ့ KNU ကရင် အမျိုးသား အစည်းအရုံးရဲ့အကြံပေး နော်မေဦးက ရှင်းပြပါတယ်။

“ရိုဟင်ဂျာတွေကြုံနေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာပြောဆိုဖို့ ဆိုတာက မဖြစ်နိုင် သလောက်ပါပဲ။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဘာမှမပြောဘဲနေလား၊ ထုတ်ပြောမလား ဆိုတဲ့ ကိစ္စက လူတိုင်းအတွက် စိန်ခေါ် ချက်တရပ်ဖြစ်နေ ပါတယ်။ ပြောမယ်ဆိုရင်တော့ ပြောတဲ့သူဟာ ချက်ချင်း ပစ်မှတ်တခု ဖြစ်လာလိမ့်မယ်ဆိုတာက လူတိုင်း သိနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကနေ့တိုင်းကြုံနေရတဲ့ကိစ္စပါ။”

ဒီဆွေးနွေးပွဲမှာ ဥက္ကဋ္ဌတဦးအဖြစ် တာဝန်ယူတဲ့သူကတော့ သမ္မတဟောင်းဦးသိန်းစိန် လက်ထက်က ငြိမ်း ချမ်းရေး ညှိနှိုင်းမှုရဲ့ အကြံပေးပုဂ္ဂိုလ်တဦးလည်းဖြစ်၊ ဥရောပဆိုင်ရာ မြန်မာ့ရေးရာရုံးရဲ့ဦးဆောင် ညွှန်ကြား ရေးမှူးလည်းဖြစ်တဲ့ ဦးဟန်ယောင်ဝေ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးလည်းဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့ရဲ့အဓိက ပြောဆိုသူ တဦးလည်းဖြစ်တဲ့ ဒေါက်တာဇာနည်ကတော့ လူမျိုးတုန်းသတ်ဖြတ် မှုတွေ ကို တားဆီးနိုင် အောင် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအတွင်းစီးပွါးရေး ရင်းနှီးမြုပ်နှံမှုတွေ မလုပ်နိုင် အောင် တားမြစ်ရမယ်လို့ဆိုပါတယ်။

“ဗြိတိန်၊ သြစတေးလျှ၊ ဂျာမနီ၊ ပြင်သစ်နဲ့တခြားနိုင်ငံတချို့ဟာ ကမ္ဘာတဝှမ်းက သူတို့ရဲ့ စီးပွါးကွန်ယက်ထဲ မှာ ရှိတဲ့ ကုမ္ပဏီပေါင်း ၆၀၀ ကို မြန်မာနိုင်ငံအတွင်း စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုတွေလုပ်ကြဖို့ မကြာခင် တုန်း ကပဲ အားပေးတိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံသူတွေလာပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး ဆောင် ရွက်ဖို့ နားလည်မှု သဘောတူစာချွန်လွှာတခုချုပ်ဆိုပြီး လုပ်နေကြတာပါ။ ဒါကို ကျနော်တို့က ရပ် သွားအောင် လုပ်ဖို့လိုပါတယ်။လူမျိုးတုန်း သတ်ဖြတ်မှုကို ကျနော်တို့က ရပ်တန့်လို့မရပါဘူး။ လူမျိုး တုန်း သတ်ဖြတ်မှုက ဘဏ္ဍာရေးလည်းဖြစ်ပါတယ်။ ဒီဘဏ္ဍာ ရေးကို ရပ်တန့်ပစ်မှ ဖြစ်မှာပါ။”

နယူးယောက်မြို့က ရိုဟင်ဂျာအရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ အင်ဒီယားနားပြည်နယ် ကနေ လာခဲ့ကြ သူမြန် မာ တချို့ကတော့ အခန်းအနားတက်ရောက်ခွင့်မရလို့ မကျေ မနပ်ဖြစ်နေကြပါတယ်။ သူတို့ကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက် တဲ့သူတို့ရဲ့ အမြင်တွေ ကို တင်ပြဖို့လာခဲ့တာလို့ အင်ဒီယားနားပြည်နယ်က ကိုကျော်သက်က ရှင်းပြပါတယ်။

“လွန်ခဲ့တဲ့သုံးရက်ကတည်းကပေါ့နော်၊ ကျနော်တို့ နာမည်တွေနဲ့ Register တွေကို ယူထားလိုက်ပြီးတော့မှ မတင်မကျပေါ့ဗျာ-လာလို့ရတယ်ဆိုတဲ့ အနေအထားမျိုးအထိ ပြောတဲ့အခါကျတော့ ကျနော်တို့ လာခဲ့တယ်  ပေါ့နော်။ ကျနော်တို့ ဖို့ဝိန်းကနေပြီးတော့ ငါးယောက် တက်လာတယ်။ နယူးယောက်က တယောက်ပေါ့ နော်။ ကျနော်တို့လည်း အခု ဝင်လည်းဝင်ရော ကျနော်တို့ကို အထဲကို ပေးအဝင်မခံဘူး။ ရဲတွေကို ခေါ် လိုက်ပြီးတော့ ကျနော်တို့ကို မောင်းထုတ်တယ်။ ဒီရိုဟင်ဂျာအရေးအခင်းနဲ့ပတ်သက်ပြီးတော့ တကယ့် အဖြစ်အပျက်တွေကို ကျနော်တို့ ရှင်းပြချင်တယ်။ ငါတို့ ဒီဟာအတွက် လာခဲ့တာပါဆိုတာ။ ကျနော်တို့ကို လက်မခံတာက လုံခြုံရေးအတွက်လို့ ပြောတယ်။

ဖြစ်ရပ်မှန်အရကတော့ ကျနော်တို့က ရှင်းပြချင်တာ။ ရိုဟင်ဂျာဆိုတာကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူမျိုးစုထဲမှာ မပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာမွေးတဲ့ ဘင်္ဂလီ အနေနဲ့ တော့ စစ်တပ်ကနေ အခုလို အ တင်းမောင်းထုတ်တယ်၊ ဒီ့အတွက်ကြောင့် သူတို့တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားနေရတယ်ဆိုတာ ကတော့ ဒါကတော့ လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် မတရားဘူး။ သူတို့တွေက တကယ်ကိုပဲ မြန်မာ ပြည်မှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြန်နေချင်တဲ့သူတွေဆိုရင် ဒါက သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေကို ပေးသင့်တယ်ဆိုတာကို ရှင်းပြဖို့ ကျနော်တို့ သွားတာ။ ဒါပေမယ့် သူတို့က အဲလို ရှင်းပြခွင့်လည်း မပေးဘူး။


ဒီဖြစ်ရပ်ကို ကျနော်တို့ စတိတ်မဲန့်ထုတ်မယ်။ ဒီလိုသာ တဖက်သတ်ဆန်ဆန်နဲ့ ဆက်လုပ်နေမယ်ဆိုရင် နယ်စပ်မှာရှိတဲ့ကိစ္စတွေဟာ ဘယ်လိုမှ ပြေလည်လာမှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့က စတိတ်မဲန့် ထုတ်ရမယ်။”

မနေ့ကကျင်းပတဲ့ ပထမနေ့ဖွင့်ပွဲအခန်းအနားရဲ့အစပိုင်းမှာ ကုလသမဂ္ဂရဲ့မြန်နိုင်ငံ လူ့ အခွင့်အရေးဆိုင် ရာအထူး ကိုယ် စားလှယ် မစ္စယန်ဟီးလီကလည်း ဗွီဒီယိုကတဆင့် အမှာစကားပြောဆိုခဲ့ပါတယ်။ ၂ ရက် ကြာကျင်းပမယ့် ရိုဟင်ဂျာ အရေးဆွေးနွေးပွဲမှာ ဟောပြောသူသုံးဆယ်ကျော်ပါဝင်ကြပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */