Sunday, February 10, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ထိ ရှိလာ

RFA
2019.02.09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်

 ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ ဒုက္ခသည် ၇၀၀၀ ကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေ စိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဒီနေ့ပြောလိုက်ပါတယ်။


 အဲဒီအထဲက လူဦးရေ ၂၀၀၀ ဝန်းကျင်ဟာ သူတို့ရဲ့မူလကျေးရွာတွေမှာ စားဝတ်နေရေးအခက်အခဲနဲ့ ရင် ဆိုင် နေကြရသလို တစ်ချို့ကလည်း နီးစပ်ရာဆွေမျိုးအိမ်တွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

လူဦးရေ ၅၅၀၀ ခန့်ကတော့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေ မှာ ရှိတဲ့ ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်မှာ သွားရောက်ခိုလှုံနေရပါတယ်။

အဲဒီဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၇၀၀၀ ခန့်ဟာ ကယ်ဆယ်ရေးစခန်းတွေ၊ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအ နီးက သူတို့ရဲ့မူလကျေးရွာတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ အကူအညီပေးနေသူတွေ ကပြောပါတယ်။

"ကျွန်တော်တို့က နီးရာခိုလှုံနေတဲ့သူတွေကို အချက်အလက်ကောက်ယူရာမှာ အခက်အခဲရှိတယ်။ ခန့် မှန်းလို့မရ ဘူးပေါ့နော်။ ဒါပေမဲ့ စခန်းတွေကို ရောက်ရှိနေတဲ့ ဦးရေကျတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက် ကအထိ ကျွန် တော်တို့အဖွဲ့က ကွင်းဆင်းကောက်ယူချက်အရ ဆိုလို့ရှိရင် ၅၄၈၀ ကျော်လောက်ရှိနေပြီလို့ သိရတယ်။ နောက်တစ်ခုကကျတော့ ဒီပဋိပက္ခတွေအတွင်းမှာ ဒုက္ခရောက်နေကြတဲ့ ရွာတွေရှိ တယ် ဗျ။ အဲဒီရွာတွေမှာကျတော့ ကျွန်တော်တို့ ခန့်မှန်းခြေအရ ဆိုလို့ရှိရင်တော့ လူဦးရေ ၂၀၀၀ ဝန်းကျင် လောက်ရှိမယ်လို့တော့ ခန့်မှန်းရပါတယ်"

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသွားတာဖြစ်ပါတယ်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ဒေသခံတွေဟာ တိုက်ပွဲ ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေရှိသလို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်း မရှိတော့တာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရသူ ပိုများ လာနေတာ ဖြစ်ပါတယ်။

အခုလဆန်းပိုင်းမှာလည်း မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာအုပ်စုက ကုန်းရွာက လူဦးရေ ၂၀၀ နီးပါးရှိတဲ့ ရွာလုံးကျွတ်ဟာ သစ်တုံးနားခွဆုံကျေးရွာကို အပြီးတိုင်ပြောင်းရွှေ့လာကြပါတယ်။

အဲဒီရွာအနီးမှာ နှစ်ဘက်စစ်ရေး လှုပ်ရှားမှုတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ပြောင်းရွှေ့လာကြ တာ လို့ သစ်တုံးနားခွဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေကပြောပါတယ်။

"အိမ်ထောင်စုက ၂၉ စုပါ။ ကျား ၁၀၂၊ မ ၉၂ ပါ။ စုစုပေါင်း ၁၉၂ ဦးပါ။ အဲဒီအထဲမှာ ကလေးတွေလည်း ပါပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက သူတို့ရွာကို ဝင်သွားပါတယ်။ နောက်ထပ်လည်း ဝင်လာနိုင် တယ်ဆိုပြီး စိုးရိမ်မှုနဲ့ အပြီးတိုင် ပြောင်းရွှေ့လာတာလို့ သူတို့ကပြောပါတယ်"

အဲဒီရွာဟာ မောင်တောမြို့နယ်အတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး လုံခြုံရေးအခြေအနေတွေကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ဖို့တင်ပြထားတဲ့ ရွာဖြစ်တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သူတို့ကို သစ်တုံးနားခွဆုံကျေးရွာမှာပဲ အပြီးသတ် နေရာချထားပေးတော့မယ်လို့ မောင်တောမြို့နယ် အုပ် ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောပါတယ်။

"ဘေးပတ်ဝန်းကျင် တစ်အုပ်စုတည်းရွာတွေက သစ်တုံးနားခွဆုံကို အရင်ကတည်းက ပြောင်း လာကြ တာ။ သူတို့လည်း ပြီးခဲ့တဲ့နှစ်ကတည်းက ပြောင်းလာဖို့ တောင်းဆိုနေတာ။ အခု ပြောင်းလာတဲ့ရွာဆိုရင် ခမောင်းဆိပ်နဲ့ ၁၃ မိုင်လောက်ဝေးတယ်။ သူတို့ကို သစ်တုံးနားခွဆုံမှာပဲ နေရာချမှာ"လတ်တလော မှာ သူတို့အတွက် ဆန်တွေနဲ့ အမိုး အကာတွေကို ထောက်ပံ့ပေးထားတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အချိန်ကြာမြင့်လာတာနဲ့အမျှ ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင် ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အသုံးအဆောင်နဲ့ အမိုးအ ကာလို အပ်ချက်တွေ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)က ပြောပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ အချိန် ၂ ပတ်အတွင်း ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားသူဦးရေ ၇၀ လောက်အထိ ရှိခဲ့ပြီး အဲဒီအထဲက လူဦးရေ ၂၀ လောက်ဟာ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ကုသမှု ခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ်မှာ ငြိမ်းချမ်းရေး အ တွက် အစိုးရက ဦးဆောင်ကြိုးပမ်းဖို့ လိုတယ်လို့ ပြောပါတယ်။

"ဒီလိုအဖြေရှာတဲ့အခါမှာလည်းပဲ အစိုးရအနေနဲ့ အပေါ်ကနေပြီး ဘာလုပ်ပါ ဘာလုပ်ပါလို့ ခိုင်းတာမ ဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ပထမဦးဆုံး ဆွေး နွေးရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ဒီဒေသရဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်နိုင်လိမ့် မယ်လို့ ကျွန်တော်တို့ပါတီရဲ့ သဘောထားက ဒီလိုရှိပါတယ်"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲဟာ ပိုမိုပြင်း ထန် လာ နေသလို စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာလည်း နေရပ်ပြန်နိုင်ခြင်း မရှိကြသေး ပါဘူး။ ရခိုင်ဒေ သခံတွေဘက်ကတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စစ်ရေးနဲ့ အဖြေရှာနေ မယ့် အစား တွေ့ဆုံညှိနှိုင်းရေးနဲ့သာ အဖြေရှာကြဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ လက်ရှိစစ်ပွဲတွေ ရပ်ဆိုင်းရေးကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုတာမရှိသေးပါဘူး ခင်ဗျာ။


ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */