" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 25, 2019

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမအောင်မြင်ဘူးလို့ ကုလကိုယ်စားလှယ်ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2019.01.25
ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
 
မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်မှုအောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပြည့်အဝဆောင်ရွက်မယ်လို့ ကတိပေးထားပေမယ့်၊ အရင်စစ်အစိုးရ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်း လက်ရှိအစိုးရက ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ သွေးခွဲခံထားရပြီး၊ လူမျိုးစုတိုင်းရင်းသား တွေဆိုရင် ခွဲခြား ဆက်ဆံခံနေရကြောင်း၊ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးအတွက် ရပ်တည်လုပ်ကိုင် နေကြပေမယ့်လဲ ဗဟိုအစိုးရနဲ့ တပ်မတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်တာကို ခံနေရတယ်လို့ မစ္စယန်ဟီးလီ ကပြောပါတယ်။ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော်တို့ တဖွဲ့ချင်းအလိုက် အပစ်ရပ်ထားပေမယ့်၊ တိုင်းရင်းသားအချင်းချင်း စစ်ဖြစ်နေသလို၊ အရပ်သားတွေ မလုံခြုံတာ၊ မတည်ငြိမ်တာတွေ၊ တောက်လျှောက်ဖြစ်နေပြီး စိုးရိမ်စရာကောင်းတယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင်၊ အရပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကို သွားလာဆောင်ရွက်ခွင့် မပြုတာက ပိုပြီးစိုးရိမ်စရာဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတချို့နဲ့ ကယားပြည်နယ်မှာ မြန်မာ့တပ်မတော်က အခြေစိုက်စခန်းသစ်တွေ ဆောက်နေတာကိုလဲ မစ္စယန်ဟီးလီက ထောက်ပြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ဖို့ တော်တော်နဲ့ မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ခရီးစဉ်အပြီး ဒက္ကာမြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။ မြန်မာဘက်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေအားလုံး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးအောင် လုံခြုံရေး တပ်ဖွဲ့တွေက ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ၄ ထောင်ကျော် နေထိုင်နေတဲ့ zero line လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြားကို သွားရောက်လေ့လာခဲ့ရာမှာ၊ ရိုဟင်ဂျာတွေကြောက်လှန့်အောင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ထောင်ဖောက်တာတွေ၊ မြန်မာ နိုင်ငံသား မဟုတ်တဲ့အတွက် မြန်မာပိုင်နက်ထဲကနေထွက်သွားကြဖို့ အသံချဲ့စက်နဲ့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်ပြန်ပို့ရေးကိစ္စမှာ စိတ်ရှည်သည်းခံပြီး သတိထားဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့နဲ့၊ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းပေါ် နေရာရွှေ့ပြောင်းမယ့် အစီအစဉ်ကို အလျင်စလို မလုပ်ဖို့လည်း မစ္စယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မစ္စယန်ဟီးလီဟာ၊ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး၊ လာမယ့် မတ်လ ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်စီမှာ အစီရင်ခံစာ တင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်မရတဲ့အတွက် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ၁၁ ရက်ကြာသွားပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */