" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 23, 2017

တော်လှန်ရေးတပ်ဦးမှ ရခိုင်ပြဿနာ ဖခင်အောင်ဆန်းမှ သမီးအောင်ဆန်း

The Voice Journal
The Voice Weekly Journal
by Sep 23, 2017
 
တော်လှန်ရေးတပ်ဦး
ဖခင်အောင်ဆန်း၏ ခေါင်းဆောင်မှု


အမှန်စင်စစ် ဖက်ဆစ်တော်လှန်ရေး မတိုင်မီကပင် ‘ဖတပလ’ ၏ မူလလမ်းစဉ်မှာ ‘တော်လှန်ရေးတပ် ဦးစာချုပ်’ (ပြည်သူ့အရေးတော် ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ သဘောတူချမှတ်ထားသော လမ်းစဉ်) ပင်ဖြစ်သည်။ ဤလမ်းစဉ်မှာ ယခုလို …။

၁။ မဟာမိတ်တို့ထံမှ အကူအညီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖက်ဆစ်ဂျပန်ကို ပူးပေါင်းတော်လှန်မည်။

၂။ ဤအတွင်း နယ်ချဲ့အင်္ဂလိပ်ထံမှ ‘စစ်ကြီးပြီးသောအခါ ဗမာပြည်ကို လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ကတိပြုကြေညာရန် အရေးဆိုမည်။
၃။ ဤသို့ကြေညာလျှင် ဖက်ဆစ်ဂျပန်များ လုံးဝကျဆုံးသည် အထိ မဟာမိတ်များနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်မည်။

၄။ မကြေညာလျှင် လွတ်လပ်ရေးစစ်ပွဲကြေညာ၍ နယ်ချဲ့အင်္ဂလိပ် ကို သီးခြားတော်လှန်တိုက်ပွဲဝင် ရမည် ဖြစ် သည်။

ဖက်ဆစ်တော်လှန်ရေးပြီးခါစတွင် ဖတပလဗဟိုအာဏာပိုင်ကိုးဦးလုံးဆုံ၍ ဆိုခဲ့ပါ ‘တော်လှန်ရေးတပ်ဦး စာချုပ်’ ကို ပြန်လည်ဆွေးနွေးကြသည်။ ဤတွင် သခင်သန်းထွန်းက ‘ဆိုဗီယက် ရုရှားအပါအဝင် မဟာ မိတ်အဖွဲ့များက ဖက်ဆစ်များကိုတိုက်ခိုက်၍ အောင်ပွဲများခံလျက်ရှိသဖြင့် ဖက်ဆစ်များ လုံးဝကျဆုံး သည်အထိ မဟာမိတ်များ စစ်အောင်ရေးအတွက် ခြွင်းချက်မရှိ လုံးဝပူးပေါင်းကူညီရမည်။ စစ်ကြီးပြီးဆုံး သောအခါ အတ္တလန္တိတ်ချာတာ၊ တီဟီရန် ကြေညာချက်များအရ လက်အောက်ခံကိုလိုနီနိုင်ငံများ ငြိမ်းချမ်း စွာ လွတ်လပ်ရေးကို ရရှိကြမည်ဖြစ် သည်။ ထို့ကြောင့် မဟာမိတ်များ စစ်အောင်နိုင်ရေးအတွက် ‘ခြွင်းချက်မ ရှိ လက်နက်ချရေး’ (Unconditional Surrender) ၊ ‘ခြွင်းချက်မရှိ ပူးပေါင်းကူညီရေး’ (Unconditional Cooperation) သာ လမ်းမှန် ဖြစ်သည်’ဟုတင် ပြသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်ဗဟိန်း အပါ အဝင် ကျန်ရှစ်ဦးလုံးကမူ ‘တော်လှန်ရေးတပ်ဦးလမ်း စဉ်’ အတိုင်း ဆက်လက်ကျင့်သုံးလုပ်ဆောင်ရန် တင်ပြ ကြသည်။

ဤမှာပင် သခင်သန်းထွန်းက ခရီးရောက်မဆိုက် အစည်းအဝေးတက်ရသဖြင့် ခရီးပန်းလာသည်ကို အ ကြောင်း ပြ၍အစည်းအဝေးကို နောက်တစ်နေ့သို့ ရွှေ့ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနှင့် သခင်ဗဟိန်းတို့ကိုလည်း သူ့အိမ်သို့လိုက်ပြီး အနားယူစားသောက်ရန် ဖိတ်ကြားခဲ့သည်။ နောက်တစ်နေ့ အစည်း အဝေးပြန်စသော အခါ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းသွားတော့သည်။ သခင်စိုးကိုယ်တိုင်က သခင် သန်းထွန်းလမ်းစဉ်ကို လက် ခံသွားသည်။ သခင်ဗဟိန်းကလည်း ဝင်ထောက်ခံသည်။ သူတို့သုံးဦးလုံးမှာ ကွန်မြူနစ်ပါတီကိုယ်စားလှယ်များဖြစ်ရာ တော်လှန်ရေးတပ်ဦးစာချုပ်တွင် ရပ်ခံထားသော ဆိုရှယ်လစ်ပါ တီနှင့် ဆန့်ကျင်ဘက်လိုဖြစ်နေတော့သည်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းကပင် ပါတီနှစ်ခုကြား ကြား အဖြေကို ရှာဖွေပေးလိုက်သည်။ ယခုလို …။

“လက်နက်ကိုင်တော်လှန်ရေး လုံးဝမလိုဆိုသော အယူအဆမှာ အစွန်းမလွတ်သော အယူအဆသာဖြစ်သည်။ ထို့အတူ လက်နက်ကိုင်တော်လှန်ရေးကို ဦးစားပေး၍ အရာရာစဉ်းစားလုပ်ဆောင်မှုသည်လည်း အစွန်းမလွတ်သော အယူအဆပင်ဖြစ်သည်။ ထိုအစွန်းနှစ်ဖက်မှ လွတ်သောလမ်းစဉ်သာ မှန်ကန်သည်။ ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးမှရသော လူထုအုံကြွမှုအရှိန်ကိုယူ၍ ပထမတွင် လူထုတိုက်ပွဲကို ဦးစား ပေးကာ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲသင့်သည်။ မရသည့်အဆုံးတွင်မှ လက်နက်ကိုင်တော် လှန်ရေး တိုက် ပွဲသို့ သွားသင့်သည်။”

ဤသည်ပင် ကျဉ်းထဲကျပ်ထဲတွင် နှစ်ဖက်လက်ခံနိုင်လောက်မည့် ကြားအဖြေကို ရှာဖွေပေးနိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဟု ဆိုချင်ပါသည်။

ရခိုင်ပြဿနာ
သမီးအောင်ဆန်း၏ ခေါင်းဆောင်မှု


ဦးဗဆွေ (ဝန်ကြီးချုပ်ဟောင်း) ၏ စာအုပ်ကြီးကို တစ်ညနှင့် တစ်နေ့လယ် ဖတ်လိုက်ရရာ ပြီးသွားသည်။ ၁၉ ရက်နေ့တွင်တော့ မနက် ၉ နာရီခွဲကတည်းက တီဗီရှေ့ထိုင်နေရသည်။ မနက် ၁၀ နာရီ ဆိုလျှင် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းလာပေတော့မည်လေ။ ရခိုင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော NLD အစိုးရ ရင်ဆိုင်နေရသော ပြဿနာများစွာထဲမှ အန္တရာယ်အကြီးဆုံးဖြစ်ဖွယ်ရှိသည်။

စင်စစ် ရခိုင်အရေးမှာ ကိုလိုနီသမိုင်းနှင့် ဆက်စပ်နေသလို ပထဝီနိုင်ငံရေးပြဿနာလည်း ဖြစ်သည်။ ပြဿ နာ၏ တကယ့်အစစ်အမှန်မှာ နယ်မြေပြဿနာဖြစ်သည့်တိုင် တစ်ဖက်ကမူ ဘာသာရေးပြဿ နာဖြစ်သ ယောင်၊ လူ မျိုးရေးပြဿနာဖြစ်သယောင် ကျုံးသွင်းလျက်ရှိသည်။ ဤသို့ကျုံးသွင်းနေသည့်ထဲသို့ (အသိမဲ့စွာနှင့်ဖြစ်စေ ရည် ရွယ်ချက်ရှိရှိနှင့်ဖြစ်စေ) တည့်တည့်ကြီးတိုးဝင်နေကြသော အင်အားစုများလည်း ပြည် တွင်း တွင် ရှိသလောက်ရှိသည်။ ထိုထက် တိုင်းပြည်၏ ရေရှည်အနာဂတ်ထက် ရွေးကောက် ပွဲအနိုင်ရရေး သာကြည့်တတ်သော ‘နောင်ခါလာ နောင်ခါဈေး’၊ ရေတိုဖြေရှင်းနည်းများလောက်သာ အာရုံကျတတ်သော ခပ်ညံ့ညံ့နိုင်ငံရေးခေါင်းဆောင်ဆိုသူများ၏ ရှုပ်ကွက် လုပ်ကွက်ကြောင့် နိုင်ငံတကာမှ အထင်လွဲမှားမှု များ လည်း ရှိသလောက်ရှိနေသည်။ ထိုမျှမက ‘စစ်ဘက် အရပ်ဘက် ဆက်ဆံရေး’ ၏ သိမ်မွေ့ပုံနှင့် အရေးပါပုံ  ကို မလေးနက်ကြသော ရယ်ဒီကယ်သမားများ၊ လစ်ဘရယ်အမြင်သည်သာ တစ်ခုတည်းသော အမှန်ဟု ထင်နေကြသော ခေတ်မီချင်သူများ တည်ဆဲအစိုးရ၏ နိုင်ငံရေးရန်သူများကလည်း ရှိသလောက်ရှိနေသည်။

ဤမျှ ရှုပ်ထွေး၊ နက်နဲ၊ သိမ်မွေ့၊ ခက်ခဲလှသော ‘အမယ်ဘုတ် သူ့ချည်ငင်’ ပြဿနာကြီးကို ဒေါ်အောင် ဆန်းစုကြည်တစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမည်နည်း။ စာရေးသူ သိချင်နေသည်။ ဟော လာပါပြီ …။ မိခင်ဘာသာစကားမဟုတ်သော်လည်း သူမ၏အသံက ဗမာနားနှင့် နားစွဲလွယ်၍ ဂရုတစိုက်နားထောင် တော့ သိပ်မဆိုး …။ အပြည့်အဝမဟုတ်တောင် မှန်းဆလို့ရသည်။

– မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာရဲ့ စစ်ဆေး၊ စိစစ်တာတွေကို ကြောက်နေမှာ မဟုတ်။ လုပ်စရာရှိတာ လုပ်သွားမယ်။

– လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများအားလုံးကို ရှုတ်ချတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအား လုံး ကို တိတိကျကျ လိုက်နာဖို့ ညွှန်ကြားပြီးဖြစ်။

– ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုမှုတွေကို အချိန်တိုအတွင်း အကောင်အထည်ဖော်မယ်။ သို့သော်၈၂နိုင်ငံသား ဥပဒေ ပြင်ဆင်သုံးသပ်ရေးအတွက်ကား အတိအကျဖော်ပြချက်မပါ။

– ထွက်ပြေးတိမ်းရှောင်သူတွေကို စိစစ်ပြီး လက်ခံမယ်။ ဒီကိစ္စမှာ အားလုံးပါဝင်ပူးပေါင်းဖို့လိုမယ်။

– မြန်မာနိုင်ငံကို ဘာသာရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုး၊ နိုင်ငံရေးအယူအဆပေါ်မှာ အခြေခံပြီး ခွဲခြမ်းထားတဲ့ နိုင်ငံမျိုး မဖြစ်စေချင်…။

ဆိုခဲ့ပါအချက်များကို သတိပြုမိသည်။ ပေးထားသည့် အရပ်ရပ်အခြေအနေတွင် အကောင်းဆုံးကြား အ ဖြေတစ်ရပ်ကို ဆွဲထုတ်ပြနိုင်လိုက်သည်ဟု မြင်သည်။ မြန်မာနိုင်ငံသားအများစု၏ ထောက်ခံမှုကို ရလိမ့် မည်ထင်သည်။ မြန်မာနိုင်ငံအပေါ် ရိုးသားစွာ အထင်လွဲနေသူများအတွက်လည်း စဉ်းစားစရာ ရပါလိမ့်မည်။ မရိုးသားသော ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်များအနေနှင့်မူ သူတို့လိုချင်တာမရ၍ ကျေနပ်ကြမည်မထင်။ မ တတ်နိုင် …။ ဖခင်အောင်ဆန်းက အမျိုးသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သလို သ မီးအောင်ဆန်းသည်လည်း … ရနိုင်သမျှ ပြည်တွင်းပြည်ပ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးကို ထိန်း သိမ်းနိုင်ပါလိမ့်မည်။

ကျော်ဝင်း
၁၉ စက်တင်ဘာ၊ ၁၇

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */