Tuesday, May 12, 2026

မေးမြန်းခန်း “ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ”(၁) (၂)

 ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

မေလ ၄ ရက်နေ့မှာThe Diplomat သတင်းဌာနကအာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်

နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုကိုယ်တိုင်​တွေ့ဆုံ​မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီး အပိုင်းနှစ်ခု ခွဲခြား ဖော်ပြလိုက်ပါတယ်။

မေး-ခင်ဗျားရဲ့ နောက်ခံဘဝဇာတ်ကြောင်းကို ပြောပြနိုင်မလား။ AAရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာသလဲ ဆိုတာပေါ့။

ဖြေ-စစ်တွေမှာ ကျွန်တော် ဥပဒေကျောင်း တက်ခဲ့ပါတယ်။ ဒါပေမဲ့ကျောင်းမပြီးခဲ့ပါဘူး။ ကျွန်တော်က ကျောင်းသားခေါင်းဆောင် အနေနဲ့ လှုပ်ရှားခဲ့ဖူးတယ်။ ကျွန်တော် ၉ တန်းကျောင်းသား ဘဝတုန်းကမြန်မာစစ်တပ်နဲ့ ပဋိပက္ခ ဖြစ်ဖူးတယ်။ အရမ်း ဆိုးဆိုးရွားရွားတွေတော့ မကြုံခဲ့ပါဘူး။ အဲဒါက ကျွန်တော့်အတွက်တော့ စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပေါ့။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်ကဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကိုစပြီးဖြတ်သန်းဝင်ရောက်ခဲ့တယ်။ပထမဆုံး အကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ အိန္ဒိယရဲ့Operation Leech(မျှော့စစ်ဆင်ရေး)ကြောင့် ရခိုင်တော်လှန်ရေးအင်အားစုတချို့ ပျက်သုဉ်းခဲ့တဲ့ ကာလမှာပါ။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA)တို့လို အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကနေ ကျွန်တော်တို့တွေ အများကြီး သင်ယူခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ အဲဒီ အဖွဲ့အစည်းတွေဟာကျွန်တော်တို့ထင်ထားသလောက် အားမကောင်းခဲ့ဘူးဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ညီညွတ်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ ၂၀၀၆ခုနှစ်ထိအခြေ အနေအရကျွန်တော်တို့ မျှော်လင့်ခဲ့တာက ရခိုင်အစုအဖွဲ့အားလုံး ညီညွတ်နိုင်ရေး ဆိုတာပါပဲ။

အဲဒီနှစ်မှာတော့ ကျွန်တော်က အိန္ဒိယကို တရားမဝင် (အထောက်အထားမဲ့) သွားရောက်ခဲ့တယ်။ မဏိပူရ ပြည်နယ်ကနေ အိန္ဒိယနယ်စပ်ထဲဖြတ်ဝင်ပြီးတဲ့နောက်အင်ဖာမှာ၊ ပြီးတော့ အာသံပြည်နယ်ထဲကဂူဝါဟာတီမှာ ကျွန်တော် နေခဲ့ဖူးတယ်။ အဲဒီကာလမှာထရီပူရကတစ်ယောက်အပါအဝင်ခေါင်း ဆောင်တွေ တော်တော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်။ နောက်တော့ ဂူဝါဟာတီကနေ ဒေလီမြို့တော်ဆီ ကျွန်တော်တို့ ရထားနဲ့ သွားခဲ့တယ်။ ဒေလီမှာ ရက်ပေါင်း ၂၀ နေထိုင်ရင်း ရခိုင်ပြည် အမျိုး သား ညီလာခံကို ဗီကက်စ်ပူရီမှာ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်း ဆောင် ပိုင်းတွေက အရေးမပါတဲ့ ကိစ္စလေးတွေကို အကျယ်ချဲ့ပြီး ငြင်းနေခုံနေခဲ့ကြတယ်။ အဲဒီမှာတင် ကျွန် တော်တို့ လိုလားတဲ့ စည်းလုံးမှုမျိုးကို ဒီနေရာမှာ ရယူဖို့ မဖြစ်နိုင်ဘူးဆိုတာလက်ခံလိုက်ပါတယ်။သူတို့နဲ့ အချိန်ဖြုန်းနေလို့မရမှန်း ကျွန်တော် သတိပြုမိလာတယ်။

နောက်တော့ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေထဲက အဖွဲ့အစည်းတွေကို ချိတ်ဆက်ကြည့်ဖို့ဆိုတဲ့ စိတ်ကူးကကျွန်တော့်ကိုဆွဲဆောင်လာတယ်။ရန်ကုန် တက္က သိုလ်မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ကျွန်တော်တို့ဟာ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)နဲ့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့ပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ဥပဒေတန်း တက်နေရင်းကျွန်တော်ဟာဧည့်လမ်းညွှန်အဖြစ်၊ ကျောက်မျက်ရောင်းသူ တစ်ယောက်အဖြစ် ဆက်အလုပ်လုပ်နေခဲ့တယ်။ အဲဒီအလုပ်တွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေဆီက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ချိတ်ဆက်မိစေပြီး ကျွန်တော့်ရဲ့ ကွန်ရက်ကိုလည်း ပိုဖြန့်ကျက်လာနိုင်စေခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတချို့က သူတို့ဆီမှာ လာလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန် တော်က ကွင်းဆင်းအလုပ်မျိုးကို ပိုပြီး စိတ်ဝင်စားခဲ့တာပါ။

၂၀၀၅ ခုနှစ်မှာ ကျွန်တော် အိမ်ထောင်ကျပြီးနေပြီ။ ရခိုင်ပြည်နယ်အတွက် ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်တွေအကြောင်း ကျွန်တော့် ဇနီးကို ပြောပြခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဒုတိယ ဥက္ကဋ္ဌ ၃ အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့် အစ်ကိုကြီးက KIA နဲ့ အဆက်အသွယ် ရအောင် ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲ ရောက်အောင်သွားဖို့ ကျွန်တော့် Omega လက်ပတ်နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။၂၀၀၆ ခုနှစ်၊ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ကတော့ KIAနဲ့ သဘောထားအယူဝါဒတွေ ဖလှယ်ဖို့၊ သူတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို နှစ်ပတ်လောက်လေ့လာဖို့ဖြစ်ပါတယ်။KIAနဲ့ယုံကြည်မှု တည်ဆောက်ဖို့က ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

အဲဒီတုန်းက KIAဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုယူထားတာပါ။ပြီးတော့ KIA ကို ကချင်နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံရတာတွလည်း ရှိနေတယ်။ အဲဒီ အဆိုပြုချက်အပေါ် KIAထဲမှာလည်း သဘောထားကွဲလွဲတာတွေ ဖြစ်နေတယ်။ ၂၀၀၈ ခုနှစ်မှာ KIAက ကျွန်တော်တို့ဘက်ကို မီးစိမ်းပြလိုက်တယ်။ နောက်တစ်နှစ်မှာ လေ့ကျင့်မှုတွေ စခဲ့ပါတယ်။ ကျွန်တော်တို့က သင်တန်းသား ၅၀ လောက်ထိ ပေးပို့ပြီး စစ်ပညာသင်ယူချင်ခဲ့ပေမယ့် KIAက စုစုပေါင်း၂၆ယောက်ကိုပဲလက်ခံခဲ့ပါတယ်။ ကချင်ပြည်နယ်ဆီ အသွားမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတချို့ဟာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အဲဒီနောက်၂ နှစ်အကြာမှာကျွန်တော်တို့ဟာ ရိုင်ဖယ်သေနတ်အလက်ပေါင်း၂၀၀နဲ့အတူ ကချင်ပြည်နယ်ကနေ ပြန်လာခဲ့တယ်။ စစ်မှုရေးရာ ကိစ္စတွေ အများကြီးကို ကျွန်တော်တို့ သင်ယူခွင့် ရခဲ့တယ်။ကျွန်တော်လည်းစစ်ရေးဗျူဟာတွေ၊ နည်းစနစ်တွေအကြောင်း ကိုယ်တိုင် လေ့လာနေခဲ့ပါတယ်။အဲဒီအတောအတွင်းကျွန်တော်တို့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပညာသင်ယူနေတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်ပြီး လေ့ကျင့်ပေးဖို့ သင့်တော်မယ့် သူတွေကို ရှာဖွေခဲ့ပါတယ်။ (စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကာလ ဖြစ်တာကြောင့်) KIAက အဲဒီ လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေး ကိစ္စတွေကို သိုသိုသိပ်သိပ် ဖြစ်စေချင်ခဲ့တယ်။ ၂ နှစ်အတွင်း ကျွန်တော်တို့ဟာ သင်တန်းသား ၃၀၀ လောက်ကို လေ့ကျင့်ပေးပြီးဖြစ်လာပါတယ်။ရိက္ခာလုံးဝ ပြတ်သွားတဲ့ ကာလမျိုးတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။နောက်တော့နယ်စပ်ကကျောက်စိမ်းလုပ်ငန်းတွေမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်လို့ ရလာတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ဟာ ရွှေတြိဂံ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ဆီကို ကျွန်တော်တို့ရဲ့လူ ၁၉ ယောက်ကို စေလွှတ်ပြီး အဖွဲ့ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့တယ်။ရှမ်းပြည်နယ်ထဲမှာရှိတဲ့ကိုးကန့်နဲ့ ပလောင် အဖွဲ့အစည်းတွေနဲ့လည်း ခင်မင်ရင်းနှီးမှု တည်ဆောက်ယူနိုင်ခဲ့တယ်။ အဲဒီ ဒေသတွေကနေ ကျွန်တော်တို့ လက်နက်တချို့လည်း ရလာခဲ့ပါတယ်။

AAနဲ့ မြန်မာစစ်တပ်ကြား ထိပ်တိုက်တွေ့ခဲ့တာက၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နား၊ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲမှာပါ။ကျွန်တော်တို့လက်ချက်နဲ့ စစ်တပ်ဖက်က ဗိုလ်ကြီးတစ်ယောက် ကျခဲ့တယ်။

​မေး-ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိပေမယ့် AAကတော့ စစ်ရေးအရ အံ့မခန်း အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ခင်ဗျားရဲ့အောင်မြင်မှုတွေ နောက်ကွယ်က လျှို့ဝှက်ချက်ကို ပြောပြပါဦး။

ဖြေ-ပြောပဲပြောပြီး မလုပ်ရတဲ့ ကိစ္စတွေ ရှိတယ်။ ထုတ်မပြောပေမယ့် လုပ်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြီးတော့ ပြောလည်းပြော၊ လုပ်လည်းလုပ်ရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ရခိုင်ပြည်နယ်ဟာ ကျဉ်းမြောင်းသွယ်လျတဲ့ ကုန်းမြေမျိုးပဲ ရှိနေတဲ့ နေရာပါ။ ဒါပေမဲ့ တစ်ချိန်ကတော့ ရခိုင်ပြည်ရဲ့ ဧရိယာဟာ ကျဉ်းကျဉ်းလေး မဟုတ်ခဲ့ပါဘူး။လက်တစ်ဆုပ်စာ နယ်မြေလေးအတွက် ငြင်းခုံနေမယ့်အစားတကယ်တမ်းလုပ်ဖို့ လိုတာတွေကို ကျွန်တော်တို့လုပ်ရမယ်။နယ်မြေအရေးရည်မှန်းချက်တွေအကြောင်း ပြောဆိုနေမယ့်အစား ကိုယ့်မစ်ရှင်အတွက် အာရုံစိုက်ထားတာက ပိုကောင်းပါတယ်။

ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရင်အကြောင်းရင်းတွေအများကြီးပါဝင်ပတ်သက်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ဟာ အင်မတန်ထူးကဲခမ်းနားတဲ့ အောင်မြင်မှု အဆင့်တစ်ခုဆီကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ စိတ်ရှည်ရပါမယ်။ အာရုံလွင့်လို့ မရပါဘူး။ ပြီးတော့ အကန့် အသတ်တွေ ရှိနေတဲ့ အရင်းအမြစ်တွေကိုသေချာစီမံအသုံးချနိုင်ရပါမယ်။

အောင်မြင်မှုတွေအတွက်အဓိကအကျဆုံး အကြောင်းတရားကို ရွေးထုတ်ပြပါ ဆိုရင်တော့ လူထုရဲ့ ထောက်ခံမှုလို့ပဲ ပြောရမှာပါ။ ရခိုင်ပြည်နယ်ထဲက ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။အရင်ကတော့ယုံကြည်မှု ပျက်ပြားမှုတွေက အများကြီး ဖြစ်နေခဲ့တာပါ။အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ကြား ကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်မွတ်ဆလင် အသိုက်အဝန်းက သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း မွတ်ဆလင် အတော်များများဟာ မြန်မာနိုင်ငံကနေ အတင်းအကြပ် မောင်းထုတ်ခံခဲ့ရပါတယ်။ ပုံမှန် အခြေအနေမှာတော့ သူတို့ကို ချဉ်းကပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ သူတို့က မိတ်ဆွေလိုအပ်နေပြီး ကျွန်တော်တို့ဖက်ကလည်း ကျွန်တော်တို့ရဲ့ သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရေမြေအနေအထားက ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ နောက်ထပ် အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်မှာကပိုပြီးတောင့်တင်းတဲ့ အခြေခံ အဆောက်အအုံတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကျတော့ အများကြီး အကန့်အသတ် ရှိတယ်လေ။ ဒါပေမဲ့ ကျွန်တော် တို့ အဲဒီ အရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချနိုင်ခဲ့တယ်။စစ်ပွဲတွေမှာပြောင်မြောက်တဲ့ သတ္တိ၊ ထူးကဲတဲ့ စွမ်းရည်မျိုး ပြသခဲ့တဲ့ ကျွန်တော့် တပ်သားတွေ၊ အရာရှိတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ကျွန်တော်တို့ရဲ့ဌာနချုပ်ဟာရနိုင်သမျှ နည်းပညာတွေ အကုန်လုံးကိုအသုံးပြုခဲ့တယ်။ ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာတွေ အပါအဝင်ပေါ့။ အဲဒီ နည်းပညာတွေကို သုံးပြီး တပ်ဖွဲ့ဝင်တွေကြား ထိရောက်တဲ့ ဆက်သွယ်နိုင်စွမ်းမျိုးတည်ဆောက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော် ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်အဖွဲ့ကတကယ့်ကိုစိတ်ပိုင်းဖြတ်မှု အားကောင်းပြီး အများကြီး ပြင်ဆင်ထားတဲ့သူတွေ အလုံးအရင်း စုဖွဲ့ထားနိုင်မှန်းတွေ့လာတယ်။ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင်ကျွန်တော်ကအလုပ်လုပ်ရုံပါပဲ။

မေး-၂၀၂၅ ကတော့ ရခိုင်ပြည်နယ်ဖက်မှာ နည်းနည်းငြိမ်သက်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်နော်။ AAဟာ ကျောက်ဖြူနဲ့ စစ်တွေတို့မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးကို ရှောင်ပြီး အဲဒီအစား မဟာမိတ် အဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်မဖက်ကို ဝင်ရောက်ခဲ့တယ်။ ဒါက မဟာဗျူဟာ အပြောင်းအလဲ တစ်ခုများလား။

​​ဖြေ-မဟာဗျူဟာအကြောင်း အသေးစိတ် ပြောဖို့ကတော့ လောလောဆယ်မှာ အရမ်းစောလွန်းနေပါသေးတယ်။ အချိန်မတန်သေးပါဘူး။

​မေး-ပြေငြိမ်းရေးကိစ္စ ဆွေးနွေးဖို့ စစ်တပ်ဖက်က ကမ်းလှမ်းမှု တစ်ခုခု ရှိလာရင် AAက ကြိုဆိုလိမ့်မယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေ…

​ဖြေ-နိုင်ငံရေး ဆွေးနွေးမှုနဲ့ တည်ငြိမ်မှု ဆိုတာတွေက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေပါ။ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်။ ဒီသဘောထားမျိုးပဲ ကျွန်တော် ဆွဲကိုင်ထားချင်ပါတယ်။

မေး-လွန်ခဲ့တဲ့ တစ်လလောက်က ရခိုင်ပြည်နယ်ထဲ ကျွန်တော် ရောက်ခဲ့ချိန် ကတည်းက လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၆ ခါလောက် ဖြစ်ခဲ့ပြီးပြီ။ ပုဏ္ဏားကျွန်း မြို့နယ်ထဲမှာ ဗုံးကြဲခံရပြီး လူ ၁၇ ယောက်လောက် သေဆုံးခဲ့တဲ့ နေရာကို ကျွန်တော် ရောက်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြီးပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးတော့ ကြုံလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို တားဆီးဟန့်တားဖို့ ခင်ဗျား ဘာတွေ ပြင်ဆင်ထားသလဲ။

​​​ဖြေ-ပြည်သူတွေရဲ့လုံခြုံမှုကကျွန်တော်တို့ရဲ့ဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ခက်တော့ခက်ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် အရမ်းကြီး အကျိုးသက်ရောက်မှု အားကောင်းတာမျိုးလည်းမဟုတ်သေးဘူး။ လူသားချင်း စာနာမှု ရှုထောင့်ကနေ ကြည့်ရင်တော့ အခြေအနေကတကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသ၍ ကျွန်တော်တို့ အတွက်လည်း နိုင်ငံရေးအရ အဖြေရှာဖို့ အရမ်းခက်ခဲနေမှာပါ။စစ်အစိုးရ (မူရင်းအသုံးအနှုန်းအတိုင်း)က အထက် စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး။

မေး-လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက AAဟာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တရုတ်မှာ ဆွေးနွေးဖြစ်ခဲ့ကြတယ်နော်။ အဲဒီတုန်းက ရခိုင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ် အခြေစိုက် တပ်စွဲတာကို လုံးဝ လက်မခံဘူးလို့ AAက အခိုင်အမာ တောင်းဆိုခဲ့တာကြောင့် ညှိနှိုင်းမှုတွေ ပျက်ခဲ့တယ်။ လက်ရှိမှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုး လုပ်ဆောင်ဖို့ ဆန္ဒရှိပါသလား။

​ဖြေ-ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ လိုလားချက်ပဲ။ အစိုးရဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်းဆက်များ အဆုံးသတ်သည့်ကာလ) မတိုင်ခင် အခြေအနေဆီကို ပြန်သွားချင်ပါတယ်။ လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား အစိုးရဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။

မေး-၂၀၂၃ခုနှစ်တုန်းကစစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲ သွားရောက်ရင်း တော်လှန်ရေး ခေါင်း ဆောင်တချို့နဲ့ ကျွန်တော် တွေ့ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ သူတို့တွေ တော်တော်များများက စစ်အစိုးရဟာ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်မှာ ပြုတ်ကျသွားလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဒါတင်မကဘဲ တချို့ဒေသတွေမှာစစ်တပ်ဟာအားကောင်းကောင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကို ခင်ဗျား ဘာပြောချင်သလဲ။

​​ဖြေ-အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ အရေးကြီးတဲ့အင်အားစုတစ်ခုပါ။ဒါကိုကျွန်တော်တို့ လေးစားပါတယ်။ တခြား အင်အားစုတွလည်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ။ လက်ရှိအခြေ အနေတွေကတော့မှန်းရခက်ပါတယ်။ နောက်ပြီး စစ်အစိုးရ ကျင့်သုံးနေတဲ့ ဗျူဟာတွေကြောင့်နောက် ထပ် သွေးထွက်သံယို ကိစ္စတွေလည်း ရှိလာဦးမှာပါ။




▪︎ ဗိုလ်ချုပ်ထွန်းမြတ်နိုင်​နဲ့ The Diplomat မေးမြန်းခန်း (အပိုင်း-၂)


မေလ ၄ ရက်နေ့မှာ The Diplomat သတင်းဌာနက အာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမ ဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံ ရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီးအပိုင်းနှစ်ခုခွဲခြားဖော်ပြလိုက်ပါတယ်။

မေး-အခုခင်ဗျားတို့နဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက ဆက်ဆံရေးအကြောင်း ပြောကြရအောင်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အစိုးရသစ်ကို ခင်ဗျားက ဂုဏ်ပြုကြောင်း ပြောထားတယ်နော်။ အများစု လက်ခံ ယူဆထားတာက BNPဦးဆောင်တဲ့အစိုးရဟာတစ်ဖက်စောင်းနင်း ရပ်တည်မှုမျိုးကို ရှောင်ပြီး ရခိုင်ပြည်နယ်ကိစ္စမှာ နှစ်ဖက်ဆက်ဆံတဲ့ မူဝါဒမျိုး ကျင့်သုံးနိုင်တယ် ဆိုတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ AAကို ဖိအားပေးရင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးတပ် (RSO)တို့လိုရိုဟင်ဂျာ အဖွဲ့အစည်းတွေကို လက်နက် တပ်ဆင်တာမျိုးတွေ ရှိလာနိုင်တယ် ဆိုတာမျိုးပေါ့။ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ဆီက ဘာတွေကိုများမျှော်လင့်ထားပါသလဲ။

ဖြေ-ကျွန်တော်တို့ မျှော်လင့်တာကတော့ အကျိုးဖြစ်ထွန်းမှုရှိတဲ့ အခြေအနေတစ်ခု ပေါ်ထွန်းလာအောင် ဘင်္ဂလားဒေ့ရှ်နဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသတွင်း အင်အားစု အသီးသီးကို မှားယွင်းတဲ့ စွပ်စွဲပြောဆိုမှုတွေ လုပ်မယ့်အစား လုပ်ပိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုမှုမျိုးပြသရမှာပါ။ရခိုင် ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဖြစ်တည်မှုကိုအသိအမှတ် မပြုဘဲနဲ့တော့ အကျိုးဖြစ်ထွန်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့ ဆိုတာက ခက်ခဲမှာပါ။ နောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့လည်း အကျိုးဖြစ်ထွန်းမှုရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုပါတယ်။

ကျွန်တော်တို့ရဲ့အလေးအထားဆုံးဦးစားပေး ကိစ္စကတော့ ပြည်သူလူထု ကြုံတွေ့နေတဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ဒါပေမဲ့စစ်သွေးကြွ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီးများပြားတဲ့ပြဿနာတွေကိုပဲဖန်တီးပါလိမ့်မယ်။ကျွန်တော်တို့ကတော့ ဖြစ်လာနိုင်သမျှ အခြေအနေ အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါတယ်။

မေး-မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့ပေးနေပါတယ်။ အခုအခါမှာ စစ်တပ်ဟာ ပိုပြီး ရန်လိုလာနိုင်ခြေလည်း ရှိနေတယ်။ RSOနဲ့ ARSAတို့ဟာ မောင်တောမြို့ နယ်နဲ့ အရမ်းနီးကပ်တဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ စခန်းချထားတယ်။AA တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်မျက်နှာနှစ်ခုတပြိုင်တည်းကြုံလာနိုင်ခြေကိုတော့ မေ့ထားလို့ မရဘူး မဟုတ်လား။

ဖြေ-အဲဒီအခြေအနေ ဖြစ်မသွားအောင်တော့ ကျွန်တော်တို့ အစွမ်းရှိသမျှလုပ်မှာပါ။ကျွန်တော်တို့အတွက်ကောင်းနိုင်စရာလည်းမရှိဘူးလေ။ဘင်္ဂလားဒေ့ရှ် အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။

မေး-ခင်ဗျားအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်စချင်နေမယ် ထင်တယ်။

​ဖြေ-ဟုတ်ပါတယ်။နယ်စပ်မျဉ်းရဲ့နှစ်ဖက်စလုံးမှာ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ စောင့်နေတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလူဦးရေအရမ်းထူထပ်တဲ့ နိုင်ငံပါ။နယ်စပ်တလျှောက်မှာလူ့အဖွဲ့အစည်းတွေ အများကြီးက လူဦးရေ အများအပြားနဲ့ နေထိုင်နေကြပါတယ်။ သူတို့ထဲမှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုထားရတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေလည်း ပါဝင်ပါတယ်။လက်တွေ့အရှိတရားတွေကို လက်ခံပေးမယ်ဆိုရင်ဒီကိစ္စတွေကမျက်နှာပျက်စရာ မရှိဘဲ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ကိစ္စတွေ အဆင်ပြေပြေ ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ ဖက်ကလည်း လိုက်လျောညီထွေစွာ တုံ့ပြန်ပါမယ်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကို ကျွန်တော်တို့က ပြန်ခွင့်ပြုပေးပြီးသူတို့ရဲ့စည်းကမ်းကြပ်မတ် ပေးသွားပါ့မယ်။

မေး-ဘင်္ဂလားဒေ့ရှ်မှာလူသားချင်းစာနာမှုစင်္ကြံဖန်တီးမယ်ဆိုတဲ့ကိစ္စကဘယ်လိုလဲ။အမေရိကန်ကရောတကယ်ပဲပါဝင်ပတ်သက်ဖို့စိတ်ဝင်စားရဲ့လား။

​ဖြေ-ကျွန်တော်ကတော့ အမေရိကန်က တကယ်တမ်း စိတ်ဝင်စားနေတယ်လို့ မထင်ပါဘူး။ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGO)တွေနဲ့ တချို့ လူပုဂ္ဂိုလ်တွေ၊ ပြီးတော့တခြား (အမေရိကန် မဟုတ်တဲ့) အင်အားစုတွေကသာဒီပရောဂျက်ကိုစိတ်ဝင်စားတာမျိုးဖြစ်ကောင်းဖြစ်မှာပါ။အဲဒီအစီအစဉ်နဲ့ပတ် သက်ပြီးမီဒီယာတွေမှာအရမ်းမျှော်လင့်တကြီးဖော်ပြတာမျိုးတွေရှိနေပါတယ်။ဒါပေမဲ့ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာကြောင့် ဒီကိစ္စက လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်ပွဲဇုန်ထဲ အတင်းထိုးထည့်တာက လူမဆန်တာပဲလေ။ စစ်ပွဲတွေ ပြီးဆုံးသွားရင်တောင် ဒုက္ခသည်တွေ ပြန်လာနိုင်အောင် သင့်တော်ကောင်းမွန်တဲ့ အနေအထားမျိုး ရှိနေဖို့ လိုပါတယ်။

မေး-ပါကစ္စတန်နဲ့ တူရကီတို့ကရော ဘာကြောင့်များ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံနေတာ ဖြစ်မလဲ။

ဖြေ-ဒါကတော့ စိုးရိမ်စရာ၊ပြီးတော့စိတ်ပျက်စရာ အခြေအနေ တစ်ခုပါပဲ။ ဘင်္ဂလားဒေ့ရှ် အတွက်ရော၊ ကျွန်တော်တို့ အတွက်ပါ အကျိုးမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ BNP အစိုးရ အနေနဲ့ မှန်ကန်တဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကို စတင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတလေမှာ မူဝါဒတွေက မှန်ကန်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်ချိန်မှာ လမ်းလွဲသွားတတ်ပါတယ်။

​မေး-အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ပါကစ္စတန်ကရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချလာမယ်လို့ ခင်ဗျား ထင်သလား။

​ဖြေ-ဒုက္ခသည်တွေကိုအမြတ်ထုတ်တဲ့ကိစ္စတွေ ရှိလာနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အိန္ဒိယနဲ့ တူညီတဲ့ အလေးအနက် စိုးရိမ်မှုတွေက ကျွန်တော် တို့ဆီမှာလည်း ရှိပါတယ်။ဒေသတစ်ခုထဲက စစ်သွေးကြွ သဘောထားမျိုးတွေဟာ ပျံ့နှံ့ကူးစက်သွားပြီး ဒေသရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ကတော့ အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။

မေး-အိန္ဒိယအစိုးရဆီကနေခင်ဗျားဘာတွေ မျှော်လင့်ထားသလဲ။

​​​​ဖြေ-အိန္ဒိယဟာ ဒေသတွင်းမှာ အရမ်းကို အရေးကြီးတဲ့ ပလေယာမျိုးပါ။ အိန္ဒိယနိုင်ငံ ပိုမိုတိုးတက် အောင်မြင်လာဖို့ကို ကျွန်တော်တို့ တကယ်ပဲ လိုလားပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ ပိုပြီးတော့လည်း ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းမှာလည်း ကျွန်တော်တို့က အိန္ဒိယကို အကူအညီပေးဖို့ အသင့်ပါပဲ။

​မေး-စစ်ပွဲရပ်စေဖို့ တရုတ်ဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို AAက ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ဖြေ-ဖိအားပေးတယ် ဆိုတာမျိုးထက် တရုတ်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တည်ငြိမ်နေစေချင်တဲ့ သဘောပါ။ တချို့သူတွေကတော့ ဒါကို ဖိအားလို့ သုံးနှုန်းတာဖြစ်နိုင်ပါတယ်။တရုတ်အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်မှာပါ။ ဒါကတော့ နိုင်ငံတိုင်း အတူတူပါပဲ။

မေး-AAက လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြောကြရအောင်။ ပြီးတော့ AAက အတင်းအကျပ် တပ်သားသစ် စုဆောင်းနေတယ် ဆိုတာမျိုး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်းမျိုးနွယ်စုတွေဆီကနေမကြာခဏထွက်ပေါ်လာလေ့ ရှိပါတယ်။ ခင်ဗျားက ဒါကို ဘာများပြောချင်သလဲ။

​​​ဖြေ-တချို့သူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်လို သုံးနေကြပါတယ်။ စွပ်စွဲချက်တွေရဲ့ အရင်းအမြစ်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် တချို့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဆီကနေ အဲဒီလို စွပ်စွဲမှုတွေ ထွက်ပေါ်လာတယ်ဆိုတာခင်ဗျား တွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူတို့အတွက် အကျိုးရှိနေစေတာကိုး။ ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ဆိုတာက ချင်းလူ့အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ချင်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ချင်းပြည်သူ အများအပြားနဲ့ ကျွန်တော်တို့ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ချင်း အပြန် အလှန် ရိုင်းပင်းကြသလို ရှေ့ဆက်ပြီးလည်း မွတ်ဆလင် (ရိုဟင်ဂျာ) အစုအဖွဲ့တွေနဲ့ပါ ပိုပြီးကောင်းကောင်းမွန်မွန်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ကျွန်တော်တို့က ယုံကြည်မှု တည်ဆောက်နေတာပါ။ ဒါက အချိန်ယူရတဲ့ ကိစ္စမျိုးပါ။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကို အကြောင်းပြုပြီး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ အတင်းအကျပ် တပ်သားသစ် စုဆောင်းတယ်ဆိုတဲ့ ကိစ္စအကြောင်း ပြောပါမယ်။ ရခိုင်ဟာ စစ်ဖြစ်နေတဲ့ ဒေသပါ။ အရေးပေါ် အစီအမံတွေ ကျင့်သုံးတာမျိုး လိုပါတယ်။ တပ်သားသစ် စုဆောင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်း သတိထားပါတယ်။ ပြီးတော့ တာဝန်တွေ၊ လိုက်နာရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း လူသစ်အားလုံးကို ကျွန်တော်တို့ ရှင်းပြပါတယ်။

မေး-မူးယစ်ဆေးဝါး မှောင်ခိုကိစ္စမှာ AAက ပတ်သက်ဆက်နွှယ်မှု မရှိပါဘူးလို့ ခင်ဗျားက ဖြေရှင်းထားတယ်နော်။ဒါပေမဲ့ရခိုင်ပြည်နယ်မှာ ကျွန်တော် ရှိနေချိန် စုဆောင်းယူထားတဲ့ သတင်း အချက် အလက်တွေ အရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်မဖက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်နေတဲ့ အန္တ ရာယ်မျိုးက ဒီမှာရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကတင်မောင်းတောဒေသခံတစ်ဦးဟာ အိန္ဒိယရဲ့ မီဇိုရမ် ပြည်နယ်ထဲမှာ မူးယစ်ဆေး ပမာဏ အများအပြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ရခိုင်ပြည်နယ်အတွက် စိန်ခေါ်မှုကြီး ဖြစ်လာမယ်လို့ ခင်ဗျား မထင်ဘူးလား။

​​ဖြေ-ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ဒါပေမဲ့ စစ်တပ် အုပ်စိုးတဲ့ ကာလနဲ့ ယှဉ်ရင်တော့ အခုအခါ ရခိုင်ပြည်နယ်ထဲကမူးယစ်ဆေးဝါး ပြဿနာဟာ အများကြီးလျော့ပါးသွားပါပြီ။ပြည်မနဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းအများစုကလည်း ပိတ်နေပါတယ်။ လမ်းတလျှောက်မှာလည်း စစ်ဆေးရေး ဂိတ်တွေက အများကြီးပါ။

မြန်မာနိုင်ငံမှာ မူးယစ်ဆေး ထုတ်လုပ်မှုတွေဟာ စက်မှုလုပ်ငန်းအဆင့်မျိုးထိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လတုန်းကဆိုရင် ရှမ်းပြည်နယ်ထဲမှာ ကြုံဖူးသမျှ ပမာဏ အများဆုံးမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး စက်ရုံ ဝန်းကြီးတစ်ခုလုံးကို ဖော်ထုတ်သိမ်းယူခံခဲ့ရပါတယ်။ တကယ်တော့ ဒီလို စက်ရုံကြီးမျိုး လည်ပတ်နေတယ်ဆိုတာ သူတို့တွေ အစောကြီးကတည်းက သိထားပြီးသားပါ။

မူးယစ်ဆေးဝါး ပြဿနာကို ရခိုင်ပြည်နယ်ထဲမှာ အမြစ်ပြတ် ရှင်းလင်းထားပြီးပြီလို့တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဆေးစွဲသူတွေ၊ မူးယစ်ဆေး မှောင်ခိုသမားတွေရှိနေတုန်းပါ။အစုန်အဆန် သွားလာနေတဲ့ ငါးဖမ်းလှေတွေပေါ်မှာ ဘာတွေ တင်လာသလဲ ဆိုတာကို ကျွန်တော်တို့ အကုန်အစင် မသိနိုင်ပါဘူး။ ရန်ကုန်ကနေပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့စ်ဘဇားနဲ့ စစ်တကောင်းတို့ဆီ ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောတွေလည်း ရှိနေပါတယ်။ ပြဿနာကို အမြစ်ကနေ နုတ်ပစ်ဖို့ ဆိုတာကတော့ အချိန်ယူရမှာပါ။

မေး-ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျွန်တော် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် သွားရောက်ခဲ့ပြီး တချို့ ဒေသခံတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာ မဟုတ်တဲ့ ကျေးရွာတွေအပြင် ရိုဟင်ဂျာရွာ တချို့ပါ ARSAရဲ့ ရန်ကိုအချိန်ပြည့် စိုးရိမ် ထိတ်လန့်နေပါတယ်။ ခင်ဗျားရဲ့ အစိုးရဟာ အဲဒီဒေသတွေမှာ အပြည့်အဝ မစိုးမိုးနိုင်သေးဘူး။ဒီတော့အဲဒီနေရာတွေနဲ့ပတ်သက်ပြီးဘယ်လိုစီစဉ်ထားသလဲ။

ဖြေ-ဒီကိစ္စက ထင်သလောက် မလွယ်ပါဘူး။ အခုတော့ ကျွန်တော်တို့ဟာ ဝေးလံသီခေါင်တဲ့ ကျေး လက် ဒေသတွေ၊ အထူးသဖြင့် မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အကူအညီတွေ ပေးထားပါတယ်။ သူတို့ထဲက တချို့ဟာ ARSAနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကျွန် တော်တို့ ကြားနေရတယ်။ ထိတွေ့ တိုက်ပွဲတွေကြောင့် သေကြေပျက်စီးမှုတွေ များပြားခဲ့ပြီး ဒါက လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မောင်တောဒေသက လွတ်မြောက်နယ်မြေ ဖြစ်မလာခင်မှာ စစ် တပ်နဲ့ မူးယစ်ရာဇာ ဒီလ်မိုဟာမက်တို့ဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေမှာအရမ်း အင်တိုက် အားတိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။ အခုတော့ ဒေသခံ လူထုအတွက် ပိုမိုကောင်းမွန်တဲ့ လုံခြုံ ရေး အစီအမံတွေ ထောက်ပံ့နိုင်အောင် အဲဒီဒေသကို ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။

မေး-ဆရာဝန်တွေ နည်းပါးတာ၊ ဆေးဝါးပြတ်လပ်တာတွေက ဆိုးဆိုးရွားရွား ဖြစ်နေပြီး ပြည် တွင်းက စစ်ရှောင်တွေရဲ့ အခြေအနေက အရမ်း အကျပ်ရိုက်နေ …

​ဖြေ-ဒီကိစ္စတွေကိုလည်း ကျွန်တော်တို့ ကိုင်တွယ်နေပြီး ကျန်းမာရေးနဲ့ တခြားဝန်ဆောင်မှု ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ထဲမှာ ဆေးဖက်ဆိုင်ရာ ကိရိယာ ပစ္စည်းတွေ ပိုမို ဝယ်ယူနိုင်ဖို့၊ ဒေသတွင်းကို ဆေးဝါးတွေ ပုံမှန် ဝင်ရောက်နေစေဖို့၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပိုပြီး စည်းရုံး ခန့်အပ်နိုင်ဖို့တွေ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးကောလိပ်တစ်ခုနဲ့ သူနာပြု သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီး အဲဒီ အစီအစဉ်တွေ အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ဒီနှစ်ထဲမှာသူနာပြု ၁၂၀ လောက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ဆီမှာ ဆရာဝန် ၅၀၊ ၆၀ လောက် ရှိနေပြီး နောက်ထပ်လည်း လာရောက်ပူးပေါင်းကြမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ နောက်ခံ အခြေအနေတွေနဲ့ တိုင်းရင်းသား မျိုးနွယ် ကွဲပြားမှုတွေအကြောင်း ကျွန်တော်တို့ ဘာမှ တွေးတောနေမှာ မဟုတ်ပါဘူး။ အိန္ဒိယ ဆရာဝန်တွေ အပါ အ ဝင် ကျွန်တော်တို့နဲ့ လက်တွဲချင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့က ကြိုဆိုမှာပါ။

မေး-ရှေ့လာမယ့် လတွေမှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ ဘာတွေ မျှော်မှန်းထားသလဲ။

ဖြေ-AAရဲ့ မျှော်မှန်းချက်တွေ သက်သက်နဲ့တင် နွေဦးတော်လှန်ရေးရဲ့ ရလဒ်အကြောင်း သုံးသပ်ဖို့ဆိုတာ မလုံလောက်နိုင်ပါဘူး။ ဗမာတွေ အများစု နေထိုင်တဲ့ ပြည်မဒေသက ပြည်သူတွေ၊ သူတို့ရဲ့ ပြ ဿနာတွေနဲ့ ဒေသတွင်းအပြောင်းအလဲတွေစတဲ့ တခြားသော ညွှန်ကိန်းတွေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ သူတို့ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က အပြည့်အဝ လေးစားမှု ရှိပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ဖော်ရွေတဲ့ ဆက်ဆံရေး ရှိနေပြီးစိတ်တူသဘောတူအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ကူညီနေပါတယ်။

မေး-နောက်ထပ် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေမယ်လို့ ထင်သလဲ။

​​ဖြေ-လူထုရဲ့ထိခိုက်နာကျင်မှုတွေအမြန်ဆုံး အဆုံးသတ်ပြီး လက်တွေ့ကျတဲ့၊ အဓွန့်ရှည်တဲ့ ဖြေရှင်းမှုတစ်ခုထွက်ပေါ်နေတာမျိုးမျှော်လင့်မိပါတယ်။မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖြတ်သန်းရမယ့်အဆိုးဆုံး အနေအထားတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ကြိုပြင်ထားရမှာပေါ့။ ။




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */