ပင်လုံစိတ်ဓာတ်သည်ပင်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ခိုင်မာသော လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် ဖြစ်ပေသည် . . .
အတတ်နိုင်ဆုံးသော လိုက်လျောမှုများ၊ တစ်နည်းအားဖြင့် သတင်းစာများက ပြင်းပြင်း ထန်ထန် ဝေဖန်သည်အထိ အလျှော့ပေးခဲ့ရမှုများရှိခဲ့သည်ကို တွေ့ရသည်။ ယနေ့အချိန်တွင် သမိုင်းကြောင်း သိသူများမှာ အလှမ်းဝေးလာကြပြီဖြစ် . . .
ဖော်ပြပါဆောင်းပါးသည် မြန်မာသံတော်ဆင့် အတွဲ(၁)၊ အမှတ်(၄၈)တွင် ဖော်ပြခဲ့သော စာစုဖြစ်ပါသည်။ ယခု ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)တွင် ကျရောက်သော ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန် လည်ဖော်ပြခြင်းဖြစ်ပါသည်။
အယ်ဒီတာ
မိုင်းကိုင်ညီလာခံ (သို့မဟုတ်) ပင်လုံ အကြို
ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန်အတွက် ၁၉၄၅ခု မေလ ၁၇ ရက်နေ့၌ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ တောင်တန်းဒေသများအတွက် ၁၉၄၆ ခုနှစ် နယ်ခြားဒေသ များဆိုင်ရာ စည်းမျဉ်းဥပဒေကို ရေးဆွဲခဲ့သည်။ တောင်တန်းဒေသများတွင် ပါဝင်သော ရှမ်းမှ စော်ဘွားများ၊ ကချင်ဒေသမှ ဒူးဝါးများ၊ ကရင်ဒေသတွင် စော်ကဲများ၊ ချင်းတောင် တန်းဒေသမှ တောင်အုပ်များ၊ ကရင်နီ (ကယား)မှ စောဖျာများစသည်ဖြင့် တသီးတခြားစီဖြစ်နေသော ဒေသများအုပ်ချုပ်ရေးကို နယ်ခြားဒေသ များဟု ပူးပေါင်းကာ ဘုရင်ခံ၏ ကြိုးကိုင်မှုအောက်တွင် ထားရှိ နိုင်ရေးအတွက် ၁၉၄၆ခုနှစ် နယ်ခြားဒေသ အုပ်ချုပ်ရေး စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။
ရှမ်းစော်ဘွားများကလည်း ဒုတိယ ကမ္ဘာစစ်အပြီးတွင် မိမိတို့၏ပဒေသရာဇ်စနစ်ကို အသွင်ပြောင်းရန်စီစဉ်လာ သည်။ ပထမဦးစွာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အရေး ပိုင်မှတစ်ဆင့် နယ်စပ်ဒေသများဆိုင်ရာ ညွှန်ကြားရေးဝန် မစ္စတာပိယော့စ်ထံသို့ ရှမ်းပြည်အနာဂတ်အတွက် အကြံပေးစီမံ ကိန်းတစ်ခုကို တင်သွင်းလိုက်သည်။ ထိုစီမံကိန်းမှာ သူတစ်နယ် ငါတစ်မင်းအုပ်ချုပ်နေသော ရှမ်းပြည်အား ပဒေသရာဇ် အုပ်ချုပ်ရေးမှ ဧကရာဇ်အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေးပင် ဖြစ်သည်။ သိနီ်္နစော်ဘွား စဝ်ဟုန်ဖကလည်း ၃၄ နယ် ရှိသော ရှမ်းဒေသတွင် အရွယ်အစားအမျိုး မျိုးကွဲပြားနေသဖြင့် နယ်ငယ်ကလေး များကို ပေါင်းပစ်ကာ နယ်ကြီး ၁၂နယ်အထိ ချုံ့၍ပူးပေါင်းရန်၊ ထို(၁၂)နယ်မှ စော်ဘွားများသည် အလှည့်ကျ အဓိပတိ ရွေးချယ်ပြီး အုပ်ချုပ်သွားရန် တင်ပြလာသည်။ ထိုသဟာယသမဂ္ဂမူ ကိုနယ်ငယ်များမှ မြို့စား၊ ငွေခွန် မှူးများက ကန့်ကွက်ကြပြန်သည်။ ဤတွင် တောင်ပိုင်းစော်ဘွား ခွန်ပန်းစိန်က နယ်ငယ်များဘက်မှလိုက်၍ ဆင်ခြေပေးပြီး ဤကိစ္စများအတွက် နယ်ရှင်အားလုံး အစည်းအဝေးတစ်ရပ် ခေါ်ယူရန်နှင့် ရှမ်း ပြည်တောင်ပိုင်း၊ မြောက်ပိုင်း ဗဟိုကျသော မိုင်းကိုင်မြို့တွင် စည်းဝေးကြရန် နယ်ရှင် များအားလုံးကို ဖိတ်ခေါ်ခဲ့လေသည်။
တောင်ပိုင်းစော်ဘွား၏ စာထွက်ပေါ် လာသောအခါ ရှမ်းပြည်တောင်ပိုင်းရှိ နယ်ရှင်များအားလုံးမှာ လှုပ်ရှား လာကြသည်။ ၁၉၄၅ ဒီဇင်ဘာတွင် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ မဟာဒေဝီဈာပနကို ရှမ်းပြည်တောင်ပိုင်းမှ စော်ဘွားများ စုံညီစွာ တက်ရောက်ကြသည်။ ထိုစဉ် တောင်ပိုင်းစော်ဘွားပေးစာကို အထူးစိတ်ဝင်စားစွာ ဆွေး နွေးကြပြီး မိုင်းကိုင်မြို့တွင် အဆောတလျင် တွေ့ဆုံဆွေးနွေးရန် သဘောတူကြသည်။ ဤသို့ဖြင့် မိုင်းကိုင် ညီလာခံသည် ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ဖြစ်ပေါ်လာခဲ့သည်။
မိုင်းကိုင်အစည်းအဝေးတွင် ရှမ်းပြည်နယ်ရှင်များသည် အရေးပါသော ဆုံးဖြတ်ချက်အချို့ကို ချမှတ်နိုင်ခဲ့သည်။ ၎င်းမှာ နယ်ရှင်များအားလုံးကို အမည်ဂုဏ်ပုဒ် မခွဲခြားဘဲစဝ်ဖလုံဟုခေါ်ဆိုရန်နှင့် စဝ်ဖလုံ အားလုံးပါဝင်သော ““စဝ်ဖလုံကောင်စီ”” ကို ဖွဲ့စည်းတည်ထောင်၍ အလုပ်အမှု ဆောင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယခင် ကရှိခဲ့ သော ““ရှမ်းနယ်ရှင်များ ကောင်စီ”” ကို ပြင်ဆင်ဖွဲ့စည်းရန်အတွက် ရှိရင်းစွဲ စည်းမျဉ်းများကို လာမည့်ပင်လုံ ကွန်ဖရင့် တွင် ပြင်ဆင်ရန်ဆုံးဖြတ်ကြပြီး မိုင်းကိုင် အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ မကြာမီလူထု ကိုယ်စားလှယ်များကိုလည်း ဖြည့်စွက်ထည့်သွင်းရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်။ အဓိက ရည်ရွယ်ချက် သည် ဒေသရာဇ်စော်ဘွားများ အချင်းချင်း စုစည်းရန် စည်းရုံးဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော် စုပေါင်း အဖြေရှာမှုကို စတင်အကောင်အထည်ဖော်မှု စတင်ခဲ့ရာလည်းဖြစ်ခဲ့သည်။ တိုင်းရင်းသား စည်း လုံးညီညွတ်မှု အတွက်အဖြေရှာခြင်း မဟုတ်သေးချေ။
စင်စစ်အားဖြင့် တိုင်းရင်းသားသွေး စည်းညီညွတ်ရေးသည် ၁၉၄၆ ဇန်နဝါရီတွင် ကျင်းပသည့် ဖဆပလ အလယ်ပစ္စယံ ညီလာခံကြီးမှ အစပြုကာ အရှိန်ပြင်းလာခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ဖဆပလ အလယ်ပစ္စယံ ညီလာခံကြီးတွင် ခြွင်းချန်ထားသောနယ်မြေများ၏အရေးကို ဆုံးဖြတ်ချက် အမှတ်(၇)အဖြစ် တင်ပြချ မှတ်ခဲ့လေသည်။ ယင်းဆုံးဖြတ်ချက်တွင် ဗြိတိသျှတို့၏ စက္ကူဖြူစာတမ်းပါ ရှမ်း၊ ချင်း၊ ကချင်စသော တောင်တန်းဒေသ များအား မြန်မာပြည်မနှင့်ခွဲထားခြင်းကို ကန့်ကွက် ထားသည်။ ယင်းဒေသရှိ တိုင်းရင်းသား တို့အား မြန်မာပြည်မ လက်ငင်းရရှိ နေသော ပြည်သူ့လွတ်လပ်မှု အခွင့်အရေးများ အားလုံးရရှိစေ ရန်၊ မြန်မာ ပြည်မနှင့် တောင် တန်းဒေသတို့ ပူးပေါင်းရေး၊ မပူးပေါင်းရေးတို့မှာ တောင်ပေါ်သား ခေါင်းဆောင်များ နှင့် မြန်မာပြည်မမှ ကိုယ်စားလှယ်များသို့ နှီးနှောတိုင်ပင်ဆုံးဖြတ်ရန်ဖြစ်ပြီး ဗြိတိသျှ အစိုးရက ဆုံးဖြတ်ရန် မဟုတ် ဟုပါရှိသည်။
ထို့အတူ ဖဆပလအဖွဲ့ချုပ်ကြီးက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုရာ တွင် မြန်မာပြည်မ သာမက တောင်တန်းဒေသများပါဝင်မှ ပြည့်စုံမည်ဟုယူဆကြသည်။ ထို့ကြောင့် တိုင်းရင်းသား အပေါင်းစည်းလုံးညီညွတ် စွာဖြင့် လွတ်လပ်ရေးအရယူရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့်အဖွဲ့သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီဒေသများသို့ သွားရောက်ပြီး တိုင်းရင်းသား လူမျိုးစု များနှင့် တွေ့ဆုံဆွေး နွေးရန်စီစဉ်ခဲ့သည်။ ကချင်အမျိုးသား ဒူးဝါးဆင်ဝါး နောင်သည် ဗိုလ်ချုပ်အောင် ဆန်းထံ သို့စာတစ်စောင်ပေးပို့ ဆက်သွယ်ခဲ့သည်။ ပေါင်ယောင်ရမ်းရွေဂတ် ခေါ် ကချင်လူငယ်တိုးတက်ရေး အဖွဲ့ကို မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များတွင် ဖွဲ့စည်းခဲ့၍ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာနှင့် ပူးပေါင်း၍ လွတ်လပ်ရေးရ ရှိရန်အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်။ ကချင်အမျိုးသား ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်နှင့် ဗိုလ် ချုပ်အောင်ဆန်းတို့သည် ၁၉၄၅ ခုနှစ်၊ ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးမှ စတင်၍ လူထုသတင်းစာ အယ်ဒီတာဦးလှထံမှ တစ်ဆင့်စာဖြင့် ဆက်သွယ်မိကြခြင်း ဖြစ်သည်။
ကချင်တိုင်းရင်းသားများ အနေဖြင့် ဒုတိယကမ္ဘာစစ်အပြီး ပထမဦးဆုံးကျင်းပ သည့် နိုင်ငံရေးလူထု အစည်း အဝေးကြီး ဟုဆိုနိုင်သော ကချင်မနောပွဲကြီးကို ၁၉၄၆ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ထိုမနောပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ကြားခဲ့သော်လည်း ဖဆပလပြည်လုံး ကျွတ်ညီလာခံ ကျင်းပနေချိန်ဖြစ်သဖြင့် မတက်နိုင်ခဲ့ချေ။ မနောပွဲတွင် လုံးဝလွတ်လပ်ရေးနှင့် ကချင်ပြည်နယ်သတ်မှတ်ပေးရေးကို တောင်းဆိုခဲ့သည်။ ကချင်မနောပွဲ ပြီးနောက် ကချင်ခေါင်းဆောင်များနှင့် သခင်နုခေါင်းဆောင်သော ဖဆပလကိုယ် စားလှယ် များသည် ၁၉၄၆ မတ်လတွင် ပင်လုံအစည်းအဝေး၌ ဆုံကြသည်။
အမှန်အားဖြင့် ၁၉၄၆မတ်လ ၂၃ရက် နေ့တွင် ကျင်းပသည့်ပထမပင်လုံ အစည်းအဝေးသည် ဗြိတိသျှတို့ စေ ခိုင်းချက်အရ ကျင်းပခြင်းဖြစ်သည်။ တောင်တန်းဒေသများအား ပြည်မနှင့်ပူးတွဲပါ မသွားစေရန် အတွက် ဗြိတိသျှတို့က ရှမ်းစော်ဘွားများအား ပင်လုံတွင် ညီလာခံကျင်းပခိုင်းခြင်း ဖြစ်သည်။ ထိုညီလာခံတွင် တောင် တန်းဒေသ အကြီးအကဲများစုဝေးစေ၍ တောင်တန်းဒေသများအား သီးခြားအုပ်ချုပ်ရေး တိုးတက်ပေးရန် တောင်းဆိုစေခဲ့သည်။ ပြည်မမှ နိုင်ငံရေးသမားများ ဝင်ရောက် လှုပ်ရှားမလာနိုင်ရန်အတွက် ပင်လုံညီလာ ခံကို ရှမ်းပြည်ဘဏ် ဖွင့်လှစ်ရေးအတွက် စီးပွားရေးဆွေးနွေးပွဲဟု အကြောင်းပြ ကြေညာခဲ့သည်။ သို့သော် ထို ညီလာခံသို့ ချင်းတောင်အုပ်များ၊ ကချင်ဒူးဝါးများ၊ ကရင် နီစော်ဘွားများ အားလုံးတက်ရောက်ရန် စီစဉ်ခဲ့သည်။ လူထုကိုယ်စားလှယ်တစ်ဦး တစ်ယောက်မျှ ဖိတ်ကြားခြင်း မပြုခဲ့ချေ။ ယင်းကဲ့သို့တောင်တန်းဒေသ အကြီး အကဲ များစုဝေး၍ ဗမာပြည်မနှင့် မပူးပေါင်းလိုကြောင်း၊ သီးခြားအုပ်ချုပ်ရေး (ဒိုမီနီယံ) သာအလိုရှိကြောင်း ထုတ်ဖော်ဆန္ဒပြသည်ကို မျက်မြင်တွေ့ရှိစေရန် ဦးအောင်ဆန်း၊ ဦးဘဘေတို့ကို ဖိတ်ကြားခဲ့သော်လည်း အကြောင်းမညီညွတ်၍ မတက်ရောက်နိုင်ခဲ့ချေ။ ထိုသို့ဖိတ်ကြားရာတွင် အဖွဲ့အမည် ဖြင့် ဖိတ်ကြားခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်အမည်နှင့် ဖိတ်ကြားခြင်းဖြစ်သည်။ ဒိုမီနီယံ အုပ်ချုပ်ရေးကောင်းကြောင်းပြည်မတွင် တရား ဟောနေသည့် ဂဠုန်ဦးစောမှာ ထိုနေ့ညတွင်ရောက်ရှိလာရာ ဖဆပလနှင့် ဆက်နွှယ် မှုရှိသည့်ရှမ်း လူငယ် ခေါင်းဆောင် ဦးတင်ဧက““မိတ်ဆွေကြီးဦးစောကဒီကို ကြွရောက် လာခြင်းဟာ ကောင်းသောလာခြင်းဖြစ် မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။တကယ်လို့ ပြည်မမှာရောင်းမစွံတဲ့ ဒိုမီနီယံကိုဒီမှာလာ ရောင်းမယ်ကြံ ရင်တော့ စောစောပြန်တာ ကောင်းပါလိမ့်မယ်၊ ကျွန်တော်တို့ကတော့ လုံးဝလွတ်လပ်ရေးပဲ””ဟု ပြောဆိုလိုက် သည်။ ဖဆပလမှဦးနုနှင့် မန်းဘခိုင်တို့သည် အခြားဒေသသို့ သွားရောက်သည့် ခရီးစဉ်မှ တဆင့် ရောက်ရှိ လာသော်လည်း ရှမ်းစော်ဘွားများက ဦးအောင်ဆန်းနှင့် ဦးဘဘေကို လူပုဂ္ဂိုလ်အရ ဖိတ်ကြားခဲ့ခြင်းဖြစ်သဖြင့် ဦးနုနှင့် မန်းဘခိုင်တို့ကို လက်မခံခဲ့ချေ။ ရှမ်းပြည်လူငယ်များကြားဝင် ဆောင်ရွက်ပေးမှုကြောင့်သာ ညီလာခံ စတင်ပြီး နောက်တစ်ရက်မှသာ တက်ခွင့်ရခဲ့သည်။ ထိုညီလာခံတွင် ကြိုတင်စည်းဝါးရိုက်ထားသည့်အတိုင်း ဗမာပြည်ဘုရင်ခံ ကိုယ်စားတောင်တန်းဝန် စတီဗင်ဆင်က တက်ရောက်ပြီး ဘုရင်ခံ၏သဝဏ်လွှာကို ဖတ်ကြား ရာတွင် ရှမ်းပြည်ဒေသတို့အား အုပ်ချုပ်ရေးတစ်စတစ်စ တိုးတက်ပေးသွားရန် ရည်ရွယ်ကြောင်းပါရှိ သည်။ စော်ဘွား အသင်းဥက္ကဋ္ဌခွန်ပန်းစိန် ကသဘာပတိ မိန့်ခွန်းပြောကြားရာတွင် ဗမာပြည်မအား ဒိုမီနီယံအုပ်ချုပ် ရေးပေးခဲ့လျှင် ရှမ်းပြည်အားလည်း မရှေးမနှောင်းသီးခြား ဒိုမီနီယံအုပ်ချုပ်ရေးပေးရန် အလိုရှိကြောင်း ပြောကြား ခဲ့သည်။ ဂဠုန်ဦးစော၏ ဒိုမီနီယံအုပ်ချုပ်ရေးကောင်းကြောင်း အင်္ဂလိပ်အစိုးရဘက်မှနေ၍ မဲဆွယ်ဟော ပြောမှု ကို ရှမ်းပဒေသရာဇ်များ သဘောကျ ပုံရသည်ကိုတွေ့ရသည်။
၂၈ရက်နေ့အစည်းအဝေးကို ပွဲတော်တွင်း မဏ္ဍပ်ထဲတွင် ကျင်းပခြင်းမဟုတ်ဘဲ အခြားသီးသန့် နေရာတွင် လျှို့ ဝှက်တံခါးပိတ်ဆွေးနွေးကြပြီးချင်း၊ ကချင်ကိုယ်စားလှယ်များပါဝင်ကြသည်။ ထိုအစည်းအဝေး မှ““မြန်မာပြည် ထောင်စု ယဉ်ကျေးမှု အသင်းကြီး””ကို ဖွဲ့စည်းလိုက်ပြီး အသင်းဥက္ကဋ္ဌ မှာ ညောင်ရွှေ စော်ဘွားစဝ် ရွှေသိုက် ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဂဠုန်ဦးစောကို ခန့်ခဲ့သည်။ ဦးနုမှာမူ အမှုဆောင်အဖြစ်သာ ခန့်အပ်ခြင်းခံရ သည်။ သို့သော်ပထမပင်လုံ ညီလာခံသည် မူလကြံ ရွယ်ထားသည်ထက် ပိုမိုကျယ်ပြန့်ခဲ့ပုံရသည်။ ပင်လုံမြို့ ကလေး သည် ရှမ်းပြည်နယ်၏အလယ်ဗဟိုတွင် တည်ရှိပြီး ၃၄ နယ်မှ စော်ဘွားများလာ ရောက်စုဝေးကြသော ကြောင့် ထိုစုဝေးပွဲ၏ ဂယက်မှာ ရှမ်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အကျိုးသက်ရောက်မှုအနေ ဖြင့် နောင်အခါဖြစ်ပေါ်လာမည့် အခြေအနေနှင့် ပတ်သက်၍ စုဝေးဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ခြင်း၊ တွေ့ဆုံ ဆွေးနွေး ခြင်းတို့မှာ အကျိုးရှိသဖြင့် နောင်လာမည့် နှစ်များ တွင်လည်း ယခုကဲ့သို့ညီလာခံမျိုး ကျင်းပရန် ဆုံးဖြတ်ကြသည်။ ထို့ကြောင့် သဘာပတိ တောင်ပိုင်းစော်ဘွားကြီး ခွန်ပန်းစိန်၏ နိဂုံးမိန့်ခွန်းတွင် လာမည့်နှစ် ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် တွေ့ ဆုံကြရန်ပြောကြား ခဲ့သည်။
ထူးခြားချက်တစ်ခုမှာ ပထမပင်လုံ ညီလာခံတွင် ရှမ်းပြည်လူငယ်များနှင့် ဖဆပလအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး ခွင့်ရ ခဲ့ခြင်းပင်ဖြစ်သည်။ ပင်လုံညီလာခ ံကျင်းပချိန်တွင် ရှမ်းပြည်လူငယ ်ကိုယ်စားလှယ်များအစည်း အဝေး ကိုတောင်ကြီးတွင် ကျင်းပရန် ခေါ်ယူထားသည့်အချိန်နှင့် တိုက်ဆိုင် နေပေသည်။ ၎င်းအစည်းအဝေးမှာ ကိုတင်ဧ ခေါင်းဆောင်သော လူငယ်အဖွဲ့ ရွှေတိဂုံအလယ်ပစ္စယံ အစည်းအဝေးသို့ တက် ရောက်ခဲ့သည့် အတွေ့အကြုံကို ပြန်လည် ရှင်းပြရန်ခေါ်ယူထားသည့် အစည်းအဝေး ဖြစ်သည်။ ၂၇ ရက်နေ့တွင် ဦးနုခေါင်း ဆောင်သည့် ဖဆပလအဖွဲ့က လူငယ်များ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဦးနုက ပင်လုံသို့ ရောက်ရှိ လာခြင်းသည် စော်ဘွားများနှင့် တွေ့ဆုံဆွေးနွေးရန်ထက် လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် အဓိက ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဖဆပလသည် ရှမ်းပြည်လူငယ် များနှင့် စည်းလုံးမှုရယူ နိုင်ခဲ့သည်။
ဒုတိယပင်လုံညီလာခံ
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် လန်ဒန်သို့ရောက်ရှိ ပြီးနောက် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့်စတင် ဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း က မြန်မာနိုင်ငံသည် ဒိုမီနီယံအဆင့်အတန်းကို လိုလားခြင်း မရှိ၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို သာရရှိ လိုကြောင်း၊ တိုင်းရင်းသား လူမျိုးစုအားလုံး၊ တောင်တန်းဒေသများ အားလုံးပါဝင်သည့် လွတ်လပ်ရေးကိုသာ လိုလားကြောင်း၊ ယင်းတောင်းဆိုချက်များသည် အမျိုးသား အားလုံး၏ဆန္ဒပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေး အတွက်တစ်နှစ်အတွင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိသျှအစိုးရတို့က ဇန်နဝါရီ ၂၇ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီတို့သည် အဓိကအချက် ကြီး (၈) ချက်ပါဝင်သော အောင်ဆန်း-အက်တလီစာချုပ်ကို လက် မှတ်ရေးထိုးနိုင် ခဲ့သည်။ ယင်းစာချုပ်ပါ အရေးအကြီးဆုံး အချက်တစ်ခုမှာ နယ်ခြားဒေသများနှင့် ဝန်ကြီးဌာန စနစ်ဖြင့် အုပ်ချုပ်သော မြန်မာနိုင်ငံကို ယင်းဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူ ညီချက်အရ၊ ဆောလျင်စွာ ပေါင်းစည်းရေးမှာ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံကိုယ်စားလှယ်များ၏ နှစ်ဦးနှစ်ဖက် သဘောတူပြီး ဖြစ်သော ရည်ရွယ်ချက်ဖြစ်သည်။ ယင်းရည်ရွယ်ချက်နှင့်အညီ စပ်ကူးကာလအတွင်း မိမိတို့ လက်ခံနိုင်မည်ဟု ထင်သော မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းတွဲဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ထင်မြင်ချက်များ ကို ဖော်ထုတ်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည့် ပင်လုံကွန်ဖရင့် သို့မဟုတ် ဤကိစ္စအတွက် ကျင်းပ သော အထူးကွန်ဖရင့်တွင် နယ်ခြားဒေသခေါင်းဆောင် ကိုယ်စားလှယ်များကို မေးမြန်းရမည်ဖြစ်ကြောင်း ဟူ သောအပိုဒ်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး အတွက် ပင်လုံကွန်ဖရင့် သို့မဟုတ် ညီလာခံတစ်ခုတွင် တိုင်းရင်းသားစည်းလုံးမှုမဏ္ဍိုင်အဖြစ် စိုက်ထူပြသကြရ ဦးမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်တို့သည် သွေး ချင်းတို့နှင့်အတူ လွတ်လပ်ရေးရယူ နိုင်ရန် ကြိုးပမ်းခဲ့ရာမှ ပင်လုံညီလာခံကဲ့သို့ထူးခြားလှသည့် တိုင်းရင်း သားစည်းလုံးရေး ညီလာခံကြီးပေါ်ပေါက်လာခြင်းဖြစ်သည်။
၁၉၄၇ ဖေဖော်ဝါရီ ၆ရက်တွင် ပင်လုံ၌ ရှမ်း၊ ကချင်ကိုယ်စားလှယ်များ ပူးပေါင်း အစည်းအဝေးကျင်းပရာထို အစည်းအဝေးက မြန်မာပြည်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရရှိ မည်ဟု ယုံကြည်သဖြင့် ပူးပေါင်းရန်ဆုံးဖြတ် ကြသည်။ ၎င်းဆွေးနွေးပွဲတွင် ကချင်ပြည် နယ် တည်ထောင်ရေး အဆိုကို ထောက်ခံကြောင်းပါရှိသည်။ ဖေဖော်ဝါရီလ ၆ရက် နေ့ညတွင်ချင်း ခေါင်းဆောင်များ ရောက်ရှိလာ၍ ၇ ရက် နေ့တွင် ရှမ်းနှင့်ကချင်တို့၏ သဘောတူညီချက်ကိုတင်ပြရာ လက်ခံခဲ့ ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၀တွင် ကျင်းပခဲ့သည်။ အစည်း အဝေးသို့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့မှဘော်တွမ်လေလည်း တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲ တွင် တောင်တန်းသား ကိုယ်စားလှယ်များဘက်မှ တင်ပြသည့် တောင်းဆိုချက်များတွင် ဖဆပလအစိုးရ အတွက်များစွာ အကျပ်အတည်းများဖြစ် ပေါ်စေခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စိတ်ရှုပ်ထွေးရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ပင်လုံစာချုပ်ကို ပင်ချုပ်၍မရဘဲ ညီလာခံဖျက်ရမည့် အခြေအနေသို့ ရောက် ရှိခဲ့သည်။ နောက်ဆုံးတွင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးပန်းတိုင်ကို အရောက်သွားနိုင်ရန် ညှိနှိုင်းအဖြေရှာနိုင်သဖြင့်သာ ၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆို ရန် သဘောတူညီမှုရရှိခဲ့သည်။
ထိုကဲ့သို့ မြန်မာပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေး အခြေခံသဘောတူညီချက်ကို ရရှိပြီး သည့် ဖေဖော်ဝါရီ (၁၁)ရက်နေ့ညတွင် ညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုထမင်းစားပွဲ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော မြန်မာကိုယ်စားလှယ်များ၊ ဒိုမီနီယံအတွင်း ဝန်ဘော်တွမ်မလေအမှူးပြုသော အင်္ဂ လိပ် အရာရှိကြီးများ၊ အမေရိကန် ကောင်စစ်ဝန်နှင့် ၎င်း၏ဇနီး၊ ကချင်နှင့် ချင်းကိုယ်စား လှယ်များ၊ ရှမ်းစော် ဘွားကြီးများနှင့် ရှမ်းလူထုကိုယ်စားလှယ်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ တက်ရောက်ကြသည်။ ထို ထမင်စားပွဲတွင် ပင်လုံညီလာခံသဘာပတိ တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန်က
–ဒုတိယမြောက် ပင်လုံအစည်း အဝေးကြီးဟာ ရာဇဝင်တွင် မကြုံဖူးသော အစည်းအဝေးကြီးဖြစ်ပါတယ်။ ရှေး အခါ က ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားတို့အချင်းချင်း အထင်အရှား သဘောကွဲလွဲချက်များ ရှိခဲ့ သော်လည်း အခုတော့ ဒီသဘောကွဲလွဲချက်များ မရှိတော့ပါဘူး၊ ဗမာနဲ့ ရှမ်းစသော တောင်တန်း နယ်များ အားလုံးတို့ ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ။ ဤအစည်းအဝေးကြီးမှာ ကျွန်တော် တို့ အချင်းချင်း သွေးကွဲအောင် ခြေထိုးနေသူ တွေရှိနေကြောင်းကို သိပါတယ်။ သူတို့ သွေးခွဲပေမယ့် ကျွန်တော်တို့ မအပါဘူး။ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေး ပန်းတိုင်ကို အသက်နှင့်လဲပြီး ဆွတ်ခူးမယ် ဆိုတာ ယုံကြည်ပါ။ အထူးသဖြင့် ဗိုလ်ချုပ် ကြွရောက်လာပြီး ညီညီညွတ်ညွတ်ဖြစ် အောင်ဆောင်ရွက် ပေးတာ ကိုလည်း ကျေးဇူး တင်ပါတယ်””
ဟု ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ထိုညစာစားပွဲကြီးတွင် မိန့်ခွန်းပြောကြားရာ၌
ယခုအစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ် ပါတယ်။ ကျွန်တော်ဒီကိုရောက်လာတဲ့ ကိစ္စနားလည်တာ တစ်ခုပဲရှိပါတယ်။ ဘာလဲဆိုရင် ဗမာ ပြည်လွတ် လပ် စေချင်တယ်။ ညီညွတ်စေချင်တယ်။ ကြီးပွားစေချင်တယ်။ တိုင်းပြည် ကြီးပွားအောင်၊ ညီညွတ်အောင်၊ ကြီးပွား အောင် ဘယ်လိုလုပ်ရမလဲဆိုတာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစပြီး စဉ်းစား လာခဲ့ပါတယ်။ အခုနားလည် ထားကြဖို့က ယခု ခေတ်ကမ္ဘာကြီးမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည် တစ်ပြည်တည်း အထီးထီး နေနိုင် တဲ့ အခြေမျိုးမရနိုင်ကြဘူး။ တစ်ပြည်နဲ့တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေထိုင်ကြမယ် ဆိုတဲ့အချက်ပါပဲ။ နောက် အချက်က လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ)ဆိုတဲ့ စကားမျိုးကို လက် ကိုင်အသုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ တစ်တိုင်းပြည်လုံးနဲ့ သက် ဆိုင်တဲ့ ကိစ္စမျိုးမှာ ညီညီညွတ်ညွတ်လုပ် ဆောင်ကြရင် ဒါဟာအမျိုးပဲ လို့ယူဆရမှာပဲ ဟုပြောကြားခဲ့သည်။
ဤသို့ဖြင့် ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ နံနက် ၁၀နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကချင်၊ ချင်း၊ ရှမ်း စသော တိုင်းရင်းသားကိုယ်စားလှယ်ကြီးများက သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေးထိုးကြသည်။ ပင်လုံစာချုပ် လက်မှတ်ထိုးရာတွင် ၂၄ ဦးလျာထားသော်လည်း ကချင်ကိုယ်စားလှယ် ဦးဇော်လ(ဗန်းမော်)မှာ အကြောင်း မညီညွတ်၍ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်၂၃ဦး တို့ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
အမှန်အားဖြင့် ၁၉၄၇ ဖေဖော်ဝါရီတွင် ကျင်းပသော ဒုတိယပင်လုံညီလာခံသည် ပထမပင်လုံ ညီလာခံ၏ အဆက် ပင်ဖြစ်သည်။ တောင်တန်းဒေသများအား စုစည်း၍ ဗမာပြည်မနှင့်ခွဲထုတ်ပြီး ချန်လှပ်ထား ရန်ဟူသော နယ်ချဲ့၏အစီအစဉ်ကို ဆက်လက်အကောင်အထည် ဖော်ရန်ဖြစ်သည်။ သို့သော် ရပလ၏စည်းရုံးမှုကြောင့် လည်း ကောင်း၊ ဖဆပလ၏ စည်းရုံးဆောင်ရွက်မှု ကြောင့်လည်းကောင်း ဒုတိယပင်လုံညီလာခံမှာ အသွင် ပြောင်းကာ ဗြိတိသျှတို့ ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော ပင်လုံစာချုပ်ကြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗြိတိသျှအစိုးရကိုယ်စားလှယ် ဘော်တွမ်လေက ဗြိတိသျှပါလီမန်တွင် ပင်လုံ ညီလာခံ၏ အခြေအနေမှန်ကို ဆွေးနွေး တင်ပြရင်းအောက်ပါအတိုင်း ထောက်ခံ ပြောဆိုသွားသည်ကိုတွေ့ရသည်-
ပင်လုံညီလာခံသို့ ကျွန်ုပ်ရောက်ရှိ သည့်အခါ ဦးအောင်ဆန်းနှင့် ဦးတင်ထွဋ်တို့သည် တောင်ပေါ်သား များက ပြည်မနှင့် ပူးပေါင်းရေးကို မူအားဖြင့်လက်ခံထား ပြီးဖြစ်ကြောင်းကို တွေ့ရသည်။ တောင် ပေါ် သားများကလည်း ဒေသဆိုင်ရာကိုယ် ပိုင်အုပ်ချုပ်မှုများနှင့် ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးမည်ဟူသော ကတိများကြောင့် ဝမ်း မြောက်နေကြသည်။ ပင်လုံစာချုပ်မှာ မြန်မာပြည်မနှင့် တောင်ပေါ်သား တို့အကြား ဖြေရှင်းချက် တစ်ရပ်ဖြစ်ပြီး လျှင်အောင် ဆန်းအက်တလီစာချုပ်ကို ကျေနပ်ဖွယ်ရာ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ကျွန်ုပ်ယုံကြည် သည်။ ပင်လုံသဘောတူညီမှုသည် တရားမျှတမှုအပေါ်တွင် အခြေခံကာနှစ်ဦး နှစ်ဖက်၏ဆန္ဒများကို အလေးဂရု ပြုကာဖြေရှင်း ထားခြင်းဖြစ်သည်။ ထို့ပြင် ချင်း၊ ကချင်၊ ရှမ်းအမျိုးသားတို့၏ တရားဝင်ကိုယ်စားလှယ် အစစ် အမှန်များ တက်ရောက်လာကြခြင်းဖြစ်သည်။ ကျွန်ုပ်သည် တောင်ပေါ်သားများ၏ ကိုယ်စားလှယ်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ သည်။ ပင်လုံညီလာခံမှာ တောင်ပေါ်သားများ၏ အမျိုးသား ဆိုင်ရာ အခါတော်ပွဲရက်တွင် ကျင်းပခြင်းဖြစ်ရာ ညီလာခံ မတိုင်မီ၌ ကျွန်ုပ်သည် တောင်ပေါ်သားများနှင့်တွေ့ ဆုံကာ ယင်းတို့၏ သဘောထားများကို တီးခေါက်လေ့လာရန် အခွင့်အရေးများရရှိ ခဲ့သည်။ ကျွန်ုပ်သည် အောင်ဆန်း၏သဘောထား များနှင့် ပတ်သက်၍များစွာ အားရနှစ်သက်မိသည်။ အောင်ဆန်း၏ စေတနာမှာ ရှင်းသည်။ သူ သည် တောင်ပေါ်သားတို့၏ လိုအင်ဆန္ဒများကို လိုက်နာရန်အဆင်သင့် ရှိသည်။ အထူးသဖြင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး အထောက်အကူတို့နှင့် ပတ်သက်၍ ရက်ရောကြောင်း ပြသခဲ့သည်။ အောင်ဆန်း၏ ခေါင်းဆောင် မှုအောက်တွင် တောင်ပေါ်သားတို့သည် မြန်မာပြည်မနှင့် ချစ်ကြည်ပျော်ရွှင်စွာ နား လည်မှုရလိမ့်မည်ဟု ကျွန်ုပ်ယုံကြည် စိတ်ချသည်။ ယခုအချိန်ထိဆိုလျှင်ကျွန်ုပ်တို့ မျှော်လင့်တောင့် တသလို ဒီမိုကရေစီ စိတ်ဓာတ်အပြည့်အဝနှင့် ပင်လုံသဘောတူညီ ချက်ကို နှစ်ဦးနှစ်ဖက်စလုံးက ဆောင်ရွက်ခဲ့ ကြသည်ဟု ကျွန်ုပ်လုံးဝကျေနပ်စွာ ယုံကြည်သည်။
ထိုကဲ့သို့ တိုင်းရင်းသားတို့စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုပင်ဖြစ်ပေသည်။ ထို့ကြောင့် ရှမ်းပြည်နယ်တောင် ပိုင်းနှင့်မြောက်ပိုင်း ဗဟိုတွင်ရှိသည့် ပင်လုံ မြို့တွင် မြန်မာခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသရှိ တိုင်းရင်းသား များ နှင့် တွေ့ဆုံကာ ညီညွတ်မှုရယူခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း တစ်ချိန် က နိုင်ငံတော်၏ အမျိုးသားရေး အသွင် ဖြင့် ကြီးကျယ်ခမ်းနားစွာဆင်ယင် ကျင်းပခဲ့သည်။
တိုင်းရင်းသားများအနေဖြင့် စည်းလုံးခိုင်မာပြီး တိုင်းပြည်တိုးတက်ကြီးပွားရေးဟူသော တူညီသည့် ဦးတည် ချက်ဖြင့် အချင်းချင်းအပေးအယူ မျှတစွာ ဆောင်ရွက်နိုင်မှသာ တူညီသည့် ပန်းတိုင်ကိုရောက် ရှိနိုင်မည်ဖြစ် သည်။ အပေးအယူဟူသည် ချိန်သီးကဲ့သို့ ကိုယ်လွဲှလိုက်သလောက် သာ ပြန်ရောက်လာမည် ဖြစ်ပေသည်။ ကိုယ်က စေတနာပါပါ ကြိုးပမ်းဆောင် ရွက်နိုင်သလောက်၊ တုံ့ပြန်မှုသဘောထားကလည်း ပြန်လည်ရရှိ မည်ဖြစ်သည်။ သို့သော် တစ်ဖက်တည်းအားထည့် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အခြား တစ်ဖက်က လည်း တူညီသော တုံ့ပြန်ချက်ရှိရန်တော့ လိုအပ်ပေသည်။ အရာရာကိုသမိုင်းကြောင်း ပြန်လှန်ရလျှင် မပြီးဆုံးတော့ သည့် အခြေအနေမျိုး ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ ပင်လုံစာချုပ်သည်ပင်လျှင် နှစ် ဖက်လုံးက နစ်နာမှုများ ရှိခဲ့ကြသည်ဟု တစ်ချိန်ကထင်မြင်ခဲ့ကြသော်လည်း စည်းလုံးသည့် ပင်လုံစိတ်ဓာတ်ဖြင့် အချင်းချင်းညှိနှိုင်း အဖြေရှာခဲ့ကြခြင်းဖြစ်သည်။
ဖဆပလ အနေဖြင့် တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေချိန် အင်္ဂလိပ်အစိုးရက တိုင်းရင်း သားစည်း လုံးညီညွတ်မှုကို ဟန့်တားနိုင်လျှင် လွတ်လပ်ရေးပေးရန် အခြေအနေများစွာဝေး ကွာသွားမည် ဟူသော ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်မှုများ တိုင်းရင်းသားများ အတွင်း ဆောင်ရွက်နေချိန်ဖြစ်သည်။ ထိုအခြေအနေ ကို ဗိုလ်ချုပ်အောင်ဆန်းက သိရှိထားသဖြင့် အတတ်နိုင်ဆုံးသောလိုက် လျောမှုများ၊ တစ်နည်းအား ဖြင့် သတင်းစာများက ပြင်းပြင်းထန်ထန် ဝေဖန်သည်အထိ အလျှော့ပေးခဲ့ရမှုများရှိခဲ့သည်ကို တွေ့ရသည်။ ယနေ့အချိန်တွင်သမိုင်း ကြောင်း သိသူများမှာ အလှမ်းဝေး လာကြပြီဖြစ်သဖြင့် အတွင်းအခြေအနေ အသေး စိတ်ကိုလည်း မသိကြတော့ချေ။ မည်သို့ အပေးအယူများ လုပ်ခဲ့ကြသည်ကိုလည်း မလေ့လာ မိတော့ချေ။ ထိုသို့အပေးအယူအလျှော့ အတင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကို တိုင်းရင်းသားအချင်းချင်း ညှိနှိုင်းအဖြေ ရှာခြင်းဖြစ်သည်ဟု သဘော ပိုက်ကာ ဆောင်ရွက်ခြင်းသည်သာ ခိုင်မာတောင့် တင်းသော ပြည်ထောင် စု မြန်မာ နိုင်ငံကြီး ဖြစ်တည်လာရေးအတွက် အဖြေမှန်ဖြစ်ပေသည်။ ပင်လုံစိတ်ဓာတ်သည်ပင်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ခိုင်မာသောလမ်းကြောင်း ကို လျှောက်လှမ်း နိုင်မည်ဖြစ်ပေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


No comments:
Post a Comment