Thursday, August 28, 2025

ကမ္ဘောဒီးယား ဂျီနိုဆိုက် (၁)

 
ကမ္ဘောဒီးယား ဂျီနိုဆိုက် (၁)
ရဲဟိန်းအောင်

ခမာနီကာလ အခြေအနေ

"ခမာနီ"။ ၁၉၆၀ခုနှစ် ကာလတွေမှာ မင်းသားကြီး နိုရိုဒွန် သီဟာနုက သူ့ အတိုက်အခံတွေကို ပေးခဲ့တဲ့ နာမည်ပါ။ ခမာနီတွေရဲ့ တရားဝင် နာမည်ကတော့ ကမ်ပူးချား ကွန်မြူနစ်ပါတီ ဖြစ်ပြီး၊ ၁၉၇၅ ဧပြီ ၁၇ ရက်နေ့မှာတော့ ခမာနီတွေက ကမ္ဘောဒီးယား တနိုင်ငံလုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 
 
ကမ်ပူးချား ကွန်မြူနစ်ပါတီ အနေနဲ့ ၁၉၇၆ခုနှစ်မှာ ဒီမိုကရက်တစ် ကမ်းပူးချားနိုင်ငံကို ထူထောင်ခဲ့ပြီး ၁၉၇၉ ဇန်နဝါရီလအထိ အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၇ ခုနှစ်ထိအောင် ကမ်ပူးချား ကွန်မြူနစ်ပါတီ ပါတီရဲ့တည်ရှိမှုကို လှို့ဝှက်ချက်အဖြစ်ထားရှိခဲ့ပြီး ဘယ်သူတွေက ခေါင်းဆောင်ဆိုတာကို ပါတီဝင် မဟုတ်သူတွေက သိရှိခဲ့ခြင်း မရှိပါဘူး။ ပါတီရဲ့ ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ “အန်ကာတော်လှန်ရေးတပ်ဦး” လို့ ခေါ်ကြပါတယ်။ 
 
၁၉၇၅ခုနှစ် ခမာနီတွေ အာဏာရပြီးတဲ့ နောက်မှာတော့ မြို့တော် ဖနွမ်ပင်နဲ့ အခြားမြို့တွေမှာ ရှိတဲ့ ပြည်သူ ၂သန်းနီးပါးကို ခမာနီတပ်တွေက စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခိုင်းဖို့ ကျေးလက်ဒေသတွေကို အတင်းအကြပ် ပို့ ဆောင်လိုက်ကြပါတယ်။ 
 
ခမာနီတွေက သူတို့ရဲ့ အစွန်းရောက် မက်စ်-လီနင်နဲ့ မော်စီတုန်း အတွေးအခေါ် အ‌ခြေပြု ပြပြင်ပြောင်းလဲရေး စီမံကိန်းတွေကို စတင် အကောင်အထည်ဖော်ပါတယ်။ ခမာနီတွေက ကမ္ဘောဒီးယားကို ကျေးလက်အခြေပြု လူတန်းစားမဲ့ လူ့ဘောင်အဖြစ် အသွင်ပြောင်းလိုတာပါ။ သူဌေးသူကြွယ်မရှိ၊ ဆင်းရဲသားမရှိ၊ ခေါင်းပုံဖြက်မှုမရှိတဲ့ လူ့ဘောင်ကိုပေါ့။ ဒီလူ့ဘောင်ကို ဖန်တီးဖို့ ငွေကြေး၊ လွတ်လပ်တဲ့ဈေးကွက်၊ ပုံမှန်ပညာရေး၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ နိုင်ငံခြားဝတ်စားဆင်ယင်မှု၊ ဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ ခမာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ခမာနီတွေက ဖျက်သိမ်းပစ်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ၊ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဈေးဆိုင်တွေနဲ့ အစိုးရ အဆောက်အအုံတွေကို ပိတ်ပစ်တာတွေရှိသလို အကျဉ်းထောင်တွေ၊ မြင်းဇောင်းတွေ၊ ပညာပေးစခန်းတွေနဲ့ စပါးကျီတွေ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ 
 
ပုဂ္ဂလိကနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်တွေ မရှိသလို၊ ပုဂ္ဂလိက ဥစ္စာပစ္စည်း ပိုင်းဆိုင်ခွင့်လည်း မရှိပါဘူး။ ဒါ့အပြင် တော်လှန်ရေးနဲ့ ဆက်နွယ်ခြင်း မရှိတဲ့ ဖျော်ဖြေရေးကဏ္ဏတွေကိုလည်း မရှိစေရပါဘူး။ ဇိမ်ခံတယ်လို့ ယူဆရတဲ့ ဘယ်ကိစ္စကိုမဆို ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ကမ်ပူးချား ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေအပါအဝင် တတိုင်းပြည်လုံးက ပြည်တွေအားလုံး သူတို့ရဲ့ ရိုးရာ တော်လှန်ရေးဝတ်စုံ ဖြစ်တဲ့ အမဲရောင် ဝတ်စုံကိုပဲ ဝတ်ဆင်ကြရပါတယ်။ 
 
ဒီမိုကရက်တစ် ကမ်ပူချားရဲ့ အောက်မှာ ပြည်သူတိုင်း ပြည်သူတိုင်းက သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေကို ချိုးဖောက်ခြင်းခံရပါတယ်။ ပြည်သူတွေဟာ သူတို့ကို ခမာနီတွေက ဖွဲ့စည်းပေးထားတဲ့ အစုအဝေးအုပ်စုတွေကနေ အပြင်ကို ထွက်သွားခွင့် မရှိပါဘူး။ ခမာနီတွေက ဘယ်သူကိုမဆို တွေ့ဆုံပြီး ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ခွင့် မပြုပါဘူး။ အကယ်၍များ လူသုံးယောက် စုပြီးတွေ့တာ စကားပြောတာတွေလုပ်ခဲ့ရင်၊ ခမာနီတွေရဲ့ ရန်သူအဖြစ် စွဲချက်တင်ခံရပြီး ဖမ်းဆီးခံရမယ် ဒါမှမဟုတ် သတ်ဖြတ် ခံရမှာပါ။
 
မိသားစုဆက်ဆံရေးကိုလည်း ကြီးမားတဲ့ အပြစ်တင် ဝေဖန်စရာအဖြစ် သတ်မှတ်ထားပါတယ်။ ပြည်သူတွေအနေနနဲ့ ချစ်ခြင်းမေတ္တာ၊ ရီမောစရာ ဟာသတွေနဲ့ ကရုဏာတရားတွေကိုလည်း နည်းနည်းမှ မဖော်ပြနိုင်အောင် တားမြစ်ခံရပါတယ်။ အန်ကာတော်လှန်ရေးတပ်ဦးက ကမ္ဘောဒီးယားပြည်သူတွေအားလုံးရဲ့ မိဘသဖွယ်ဖြစ်ပြီး ဒီတပ်ဦးကိုသာ ယုံကြည်ရမယ်၊ လိုက်နာရမယ်၊ လေးစားရမယ်လို့ ခမာနီတွေက ဆိုပါတယ်။
 
သန့်စင်တဲ့ သာမန်ပြည်သူတွေကသာ တော်လှန်ရေးကို ပါဝင်ဆင်နွှဲဖို့ ထိုက်တန်ပြည့်မီသူတွေဖြစ်တယ်လို့ ခမာနီတွေက ဆိုပါတယ်။ ဒါကြောင့် အာဏာရပြီး သိပ်မကြာခင်မှာပဲ ဗိုလ်ချုပ်လွန်နို ဦးဆောင်ခဲ့တဲ့ ခမာသမ္မတနိုင်ငံ ခေတ်တုန်းက ပြည်သူ့ဝန်ထမ်းတွေ၊ စစ်ဘက်အရာရှိတွေနဲ့ စစ်သားထောင်ပေါင်းများစွာကို မသန့်စင်သူတွေအဖြစ် သတ်မှတ်ပြီး ခမာနီတွေက ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ နောက်သုံးနှစ်ကြာချိန်မှာတော့ သိန်းနဲ့ချီတဲ့ ပညာတတ်တွေ၊ မြို့နေလူတန်းစားတွေ၊ လူနည်းစုတွေဖြစ်တဲ့ ချမ်၊ ဗီယက်နမ်နဲ့ တရုတ်လူမျိုးတွေ အပါအဝင်၊ ခမာနီစစ်သားတွေနဲ့ ပါတီဝင်တွေကိုပါ သစ္စာဖောက်တွေ အဖြစ် သတ်ဖြတ်ခဲ့ပါတယ်။ 
 
ကမ်ပူးချားကွန်မြူနစ်ပါတီအုပ်ချုပ်နေတဲ့ ၁၉၇၆မှာတော့ ၄ နှစ် စီမံကိန်းတခုကို ချမှတ်ခဲ့ပါတယ်။ အဲ့ဒီစီမံကိန်းအရ တနိုင်ငံလုံးအနေနဲ့ ကမ္ဘောဒီယားပြည်သူတွေဟာ တဟက်တာ (၂ ဧကခွဲနီးပါး) ကို ဆန် ၃တန် ထွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလို ဆန်ထွက်နိုင်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ တနှစ်ပတ်လုံးစိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ဒေသအများစုမှာတော့ ခမာနီတပ်တွေက ပြည်သူတွေကို လုံလောက်တဲ့ အစားအစာတွေ၊ အနားယူချိန်တွေ မပေးပဲ အဓမ္မ ခိုင်းစေခဲ့ပါတယ်။ 
 
၁၉၇၇ ခုနှစ်ကုန်ခါနီးမှာတော့ ကမ္ဘောဒီးယားနဲ့ ဗီဘက်နမ် နိုင်ငံကြားမှာ ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သိန်းနဲ့ ချီတဲ့ ပြည်သူတွေဟာ စစ်ပွဲတိုက်ခိုက်ဖို့ စေလွှတ်ခံရပြီး သောင်းချီသေဆုံးကုန်ပါတယ်။ ၁၉၇၈ ဒီဇင်ဘာလမှာတော့ ဗီယက်နမ်တပ်တွေနဲ့ ကမ်ပူးချား အမျိုးသား ကယ်တင်ရေး တပ်ဦးရဲ့ တပ်ဖွဲ့တွေဟာ ကမ္ဘောဒီးယားနိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပြီး မြို့တော် ဖနွမ်ပင်ကို ၁၉၇၉ ဇန်နဝါရီလ ၇ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ခမာနီခေါင်းဆောင်တွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အနောက်ဘက်ကို ထွက်ပြေးခဲ့ပြီး၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ အကူအညီတွေနဲ့ ထိုင်နယ်မြေထဲမှာ သူတို့ရဲ့ တပ်တွေကို ပြန်လည်ထူထောင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ခမာနီတို့ရဲ့ ခုံခံကာကွယ်မှုကို ထောက်ခံခဲ့ပြီး၊ အထွေထွေညီလာခံမှာ နေရာတနေရာရရှိခဲ့ပါတယ်။ ၁၉၇၉ကနေ ၁၉၉၀ အထိ ဒီမိုကရက်တစ် ကမ်ပူးချား အစိုးရကိုသာ ကမ္ဘောဒီယားနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ် ပြုထားခဲ့ပါတယ်။ 
 
၁၉၈၂ခုနှစ်မှာတော့ ခမာနီတွေက မင်းသားကြီး သီဟာနု၊ ကွန်မြူနစ်ခေါင်းဆောင်တဦးမဟုတ်တဲ့ ဆွန်ဆမ် တို့နဲ့ ညွန့်ပေါင်း အဖွဲ့ ဖွဲ့ခဲ့ပြီး သုံးပါတီညွန့်ပေါင်း အစိုးရကို ထူထောင်ခဲ့ပါတယ်။ ဖနွမ်ပင်မှာတော့ ဟန်ဆမ်ရင် ဦးဆောင်တဲ့ ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံ အစိုးရသစ်ကို ဗီယက်နမ်တွေရဲ့ အကူအညီနဲ့ တည်ထောင်ထားပါတယ်။ 
 
ခမာနီတွေဟာ သူတို့ရဲ့ ခေါင်းဆောင်တွေအားလုံး ကမ္ဘောဒီယား တော်ဝင်အစိုးရဘက်ကို ဘက်ပြောင်းတာ၊ အဖမ်းစီခံရတာနဲ့ သေဆုံးတာတွေကြောင့် ၁၉၉၉ မှာတော့ ပြိုပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် ခမာနီတွေရဲ့ အမွေအနှစ်တွေကတော့ အခုချိန်အထိ တင်ကျန်ဆဲပါ။ အဲ့ဒါကတော့ ဒီမိုကရက်တစ် ကမ်ပူးချား အစိုးရလက်ထက်မှာ ကမ္ဘောဒီးယားပြည်သူ ၂သန်းလောက်ဟာ ဆေးကုသမှုမရတာ၊ ဆေးဝါးမရှိတာ၊ ငတ်မွတ်တာ၊ သတ်ဖြတ်ခံရတာ၊ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာတွေကြောင့် သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ခမာနီတွေရဲ့ အုပ်ချုပ်ရေးကာလကို ရှင်သန်ဖြတ်သန်းခဲ့ရသူတွေကလည်း သူတို့ကြုံတွေ့ခဲ့ရတာတွေကြောင့် ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
 
Khamboly Dy ၏ A History of Democratic Kampuchea (1975 – 1979) မှ ဘာသာပြန်ဆိုပါသည်။ 
 
 
 

 












No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */