Monday, March 24, 2025

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁-၄

ဧရာဝတီ
by မောင်မောင်စိုး
26 July 2019
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်တို့၏ ပြဿနာ

မြောက်ဦးစစ်တမ်းအား မိမိစတင်ပြုစု ကွင်းဆင်းရေးသားသည့် အချိန်မှာ ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်တို့၏ ပြဿနာ ပေါက်ကွဲ ထွက်ရန် တာဆူနေချိန်ဖြစ်သည်။ မိမိ စာအုပ်ရေးသားပြီး ထုတ်ဝေရန် ပြင်ဆင်နေချိန်မှာပင် ပြဿနာက ပေါက်ကွဲ ထွက်ပေါ်ခဲ့သည်။ ယခုအချိန်တွင် ထိုပြဿနာသည် နိုင်ငံတကာ၏ အာရုံစိုက်ခံနေရပြီး နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်နေစေသည့် ပြဿနာတရပ် ဖြစ်နေပေပြီ။ မြန်မာနိုင်ငံအားလည်း နိုင်ငံတကာ ဖိအားများအောက် ရောက်ရှိသွားစေခဲ့သည့် ပြဿနာလည်း ဖြစ်လာခဲ့တော့သည်။

ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည်များ အလုံးအရင်းဖြင့် ထွက်ခွာခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသည့် နိုင်ငံတကာ၏ ပြင်းထန်သည့် စွပ်စွဲမှုများကို ကြုံတွေ့ခဲ့ရသည်။ သူတို့ အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းနှင့် ပတ်သက်၍ တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးကြောင့် ဖြစ်သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သကဲ့သို့ အင်းဒင်ရွာ၌ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု သတင်း ပေါ်ထွက်လာမှုကြောင့်လည်း စွပ်စွဲမှုများ ပိုမိုပြင်းထန်စေခဲ့သည်။ အင်းဒင်ရွာ အဖြစ်အပျက် ဖြစ်ပွားခဲ့ ခြင်းသည် ငြင်းပယ်၍ မရသည့် အချက်ဖြစ်ခဲ့သည်။

သို့သော် ၂၀၁၇၊ သြဂုတ်လ ၂၄ ရက်နေ့ ညမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခင်းကို စတင်ခဲ့သည်မှာ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ပြီး အစိုးရနှင့် မြန်မာနိုင်ငံသား အများအပြားက ဘင်္ဂါလီဟု ခေါ်ဆိုကြသူများဖြစ်သည်ကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အစီရင်ခံစာအား မြန်မာအစိုးရက လက်ခံသည်ဟု ကြေညာသည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညတွင် တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော် တပ်ရင်းဌာနချုပ်တခု အပါ ရဲစခန်း ၃၀ ကျော်ကို သြဂုတ်လ ၂၄ ရက်နေ့ညနှင့် သြဂုတ် ၂၅ ရက်နေ့ မနက်တို့တွင် ၎င်းတို့က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းသည် ၎င်းတို့တွင် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းတရပ်၊ စည်းရုံးမှု ရှိသော၊ ကွပ်ကဲကြီးကြပ်နေသော အဖွဲ့အစည်းတရပ် ရှိနေသည်ကို ဖော်ပြသကဲ့သို့ ၎င်းအဖွဲ့အစည်းသည် ကိုဖီအာနန်၏ အစီရင်ခံစာကို လက်မခံကြောင်း ပြသရာလည်း ရောက်သည်ဟု ဆိုရပေမည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောဒေသမှ ၎င်းတို့ အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းသည် တပ်မတော်၏ ပြင်းထန်သော၊ ရက်စက်သော စစ်ဆင်ရေးများကြောင့်သာ ဖြစ်သည်ဟု တဖက်က ပုံဖော် နေသကဲ့သို့ မှန်ကန်ခြင်း ရှိ မရှိ ဆန်းစစ်ရန် လိုအပ်သည်။ အင်းဒင် ပြဿနာ ဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါ ဘူးသီးတောင်၊ မောင်တောဒေသ မွတ်ဆလင်တို့၏ ပုန်ကန်ထကြွမှုကို တုန့်ပြန်မှုအပေါ် တပ်မတော်က နှိမ်နင်းသည့် စစ်ဆင်ရေး ကာလအတွင်း ပြင်းထန်မှုများ ရှိသည်ကို ငြင်းပယ်ရန် မရှိပေ။

သို့သော်လည်း အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းသည် ထိုအကြောင်း သက်သက်ကြောင့်ဟု ယူဆရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် မွတ်ဆလင်များ အစုအလိုက်အပြုံလိုက် ထွက်ခွာခြင်းသည် စစ်ဆင်ရေး ကာလ ၁၀ ရက်အတွင်း ထွက်ခွာခြင်းထက် စစ်ဆင်ရေးအပြီး နောက်ပိုင်း တလအတွင်း ထွက်ခွာခြင်းက ပို၍ များပြားသည်ကို တွေ့ရသည်။ ထိုသို့ ထွက်ခွာခြင်းသည် ARSA အကြမ်းဖက်အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းများ၊ မော်လဝီဆရာများ၏ ဖိအားပေး ထွက်ခွာစေခြင်းကြောင့် ဖြစ်သည်ဟု မြေပြင် သတင်းများအရ သိရှိရသည်။

ဤသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်းသည် ၎င်းတို့၏ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဆိုသည်ကို နောက်ပိုင်းတွင် ပို၍ ပုံပေါ် လာစေခဲ့သည်။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ လူဦးရေ သိန်းဂဏန်းတချို့ နယ်စပ်ဖြတ်ကျော် ထွက်ခွာခြင်းဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း၌ အာရုံစိုက်စရာကိစ္စကြီး တခု ဖြစ်လာစေခဲ့သည်။ ထိုသို့ ထွက်ခွာသည့် လူဦးရေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့အစိုးရနှင့် UN က လူဦးရေ ၇ သိန်းခန့် ရှိသည်ဟု ထုတ်ပြန်ထားပြီး မြန်မာအစိုးရက ၅ သိန်းကျော်ခန့် ရှိသည်ဟု ထုတ်ပြန်သည်။ အဆိုပါ ကိန်းဂဏန်းများ ကွဲလွဲမှုသည်လည်း အငြင်းပွားဖွယ် အကြောင်းအရာ တရပ် ဖြစ်နေဆဲဖြစ်သည်။

ထိုပြဿနာ ပေါ်လာပြီးနောက် မြန်မာအစိုးရ၏ ရပ်တည်မှုမှာ နေရပ်စွန့်ခွာသွားသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ညှိနှိုင်း၍ ပြန်လည် လက်ခံရေးဖြစ်သည်။ ယခင် နှစ်ကြိမ် အောင်မြင်စွာ လက်ခံနိုင်သကဲ့သို့ ယခု တတိယအကြိမ်တွင်လည်း အောင်မြင်စွာ လက်ခံနိုင်လိမ့်မည်ဟု မှတ်ယူထားခဲ့သည်။ မြန်မာ အစိုးရသည် သမားရိုးကျ စဉ်းစား ဆောင်ရွက်ထားခဲ့သည်ဟု ဆိုရမည်။

တဘက်က နိုင်ငံရေးရည်မှန်းချက်ကို လျှော့တွက်ထားခဲ့သည် သို့မဟုတ် ဖြစ်လာမည့် အလားအလာကို တွက်ဆ ဆောင်ရွက်ရာတွင် လိုအပ်ချက် ရှိခဲ့သည်ဟု ဆိုရမည်။ ထို့အပြင် မြန်မာအစိုးရသည် ပြဿနာ ဖြေရှင်းနိုင်ရန် ကော်မတီ၊ ကော်မရှင်များစွာ ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့ရလဒ် ထွက်ပေါ်အောင် ဆောင်ရွက်သည့် သို့မဟုတ် နိုင်ငံတကာက လက်ခံနိုင်အောင် ဆောင်ရွက်နိုင်သည့် အပိုင်းတွင် အားနည်းခဲ့သည်ဟု ဆိုရမည်။

အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူတို့တွင် “ရိုဟင်ဂျာ” အမည်ဖြင့် အဖွဲ့အစည်း များစွာ ရှိသော်လည်း ၎င်းတို့အကြားတွင် ကွန်ရက်တခုဖြင့် ချိတ်ဆက်ထားနိုင်ခဲ့သည် သို့မဟုတ် အဖွဲ့အစည်းကြီး တရပ်အဖြစ် ဖွဲ့စည်းထားနိုင်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညတွင် တိုက်ခိုက်မှုများ စတင်ခဲ့စဉ်က ပေါ်ထွက်လာခဲ့သော ARSA အကြမ်းဖက် အဖွဲ့အစည်း၏ တိုက်ခိုက်မှုနှင့် လှုပ်ရှားမှုများသည် နောက်ပိုင်းတွင် မှေးမှိန်သွားသည်။ ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက်အပြုံလိုက် ရောက်ရှိသွားပြီးနောက် ဒုက္ခသည်အရေးသည် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုနှင့် စာနာ ထောက်ခံမှု ရရှိလာပြီးနောက် ၎င်းတို့ပုံရိပ်ကို ထိခိုက်စေနိုင်သည့် ARSA အကြမ်းဖက်အဖွဲ့၏ အခန်းကို လျှော့ချခဲ့သည်။

၎င်းတို့သည် လက်တံတခုကို ရုပ်သိမ်းသွားခဲ့သည်ဟု ဆိုရမည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်ကို နိုင်ငံတကာရှိ ၎င်းတို့အား ထောက်ခံသည့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ OIC နှင့် UN အဖွဲ့အစည်းများမှ တဆင့် နိုင်ငံရေးပြဿနာ အဖြစ် ပုံဖော်ရန် ပြောင်းလဲ ဆောင်ရွက်လာသည်ဖြစ်ရာ အကြမ်းဖက်တိုက်ခိုက်မှု လက်တံကို ရုပ်သိမ်းလိုက်သည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် လက်နက်ကိုင် တိုက်ခိုက်မှုကို မတွေ့ရတော့ဘဲ၊ နိုင်ငံတကာ မျက်နှာစာမှ နိုင်ငံရေးအရ ထိုးဖောက်လာသည်ကိုသာ တွေ့ရတော့သည်။

နေရပ်ထွက်ခွာ လာရပြီး ယာယီတဲငယ်များနှင့် နေထိုင်နေရသော ဒုက္ခသည် မိသားစုများအပေါ် နိုင်ငံတကာ၏ စာနာမှုများ သက်ရောက်လာသည် ဖြစ်ရာ နိုင်ငံတကာ မျက်နှာစာတွင် ထိုးဖောက်လာနိုင်သည်ဟု ဆိုရမည်။

ပြဿနာတွင် မြန်မာအစိုးရ၊ ရခိုင်ပြည်သူများနှင့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်တို့အကြားတွင် ကြည့်မြင်ချဉ်းကပ်ပုံ အခြေခံ အားဖြင့် ကွာခြားသည်။ မြန်မာအစိုးရဘက်က ကြည့်မြင်ပုံမှာ နိုင်ငံသားဖြစ်မှုပေါ်တွင် အခြေတည်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်က မြန်မာပြည်ကို စတင်သိမ်းပိုက်သည့် ကာလမတိုင်မီ မြန်မာပြည်တွင် ရှိသော လူမျိုးများအား တိုင်းရင်းသား လူမျိုးများ၊ မူလဘူတ နိုင်ငံသားများအဖြစ် သတ်မှတ်သည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး နောက်ပိုင်း ပြောင်းရွှေ့ဝင်ရောက် လာသူများအား မူလဘူတ တိုင်းရင်းသားများ၊ နိုင်ငံသားများအဖြစ် မသတ်မှတ်ဘဲ နိုင်ငံခြားသားများအဖြစ် သတ်မှတ်သည်။ ၎င်းတို့၏ သုံးဆက်မြောက် မျိုးဆက်ရောက်မှသာ နိုင်ငံသားအဖြစ် သတ်မှတ်သည်။

ယခု “ရိုဟင်ဂျာ” ဟု မိမိကိုယ်မိမိ ခေါ်ဆိုပြီး မနုဿဗေဒအားဖြင့် စစ်တကောင်းသား ဘင်္ဂါလီများဟု သတ်မှတ်ခံရသူများအားလည်း အင်္ဂလိပ်တို့ ဝင်ရောက်လာပြီးမှ ရခိုင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန် လည်းကောင်း၊ အင်္ဂလိပ်တို့၏ ကိုလိုနီယန္တယားတွင် အသုံးပြုရန် လည်းကောင်း ခေါ်ဆောင်လာသူများအဖြစ် သတ်မှတ်သည်။ သို့ဖြစ်ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း လုပ်ဆောင်ရန် ကြည့်မြင် ဆောင်ရွက်သည်။

ဒေသခံ ရခိုင်တိုင်းရင်းသား ပြည်သူများကလည်း ထိုသို့ပင် ကြည့်မြင်သည်။ ထို့အပြင် ၁၉၇၁ ခုနှစ်၊ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခွဲထွက်စဉ်က စစ်မက်ဘေးကြောင့် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံသား အများအပြားသည် အိန္ဒိယနှင့် ရခိုင်သို့ ပြေးဝင်လာကြရာ နောက်ပိုင်း ကာလမှ ရခိုင်ဒေသသို့ ခိုးဝင်လာသူ အများအပြားရှိသည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများအား ပြန်လည် လက်ခံရာတွင် နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရန် လိုသည်ဟု ယူဆကြသည်။

ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီတို့၏ ကြည့်မြင်ချဉ်းကပ်မှုမှာ ၎င်းတို့သည် ၇ ရာစုခန့်က သင်္ဘောဖြင့် ခရီးနှင်၍ ရခိုင်သို့ ရောက်လာကြသူများဖြစ်သည်ဟု ဆိုကြ၏။ ၎င်းတို့သည် “ရိုဟင်ဂျာ” ဟု ခေါ်သော လူမျိုးများ ဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတမျိုးအနေဖြင့် အခွင့်အရေးများ ရသင့်သည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ ၎င်းတို့အား စိစစ်မှုမရှိဘဲ လက်ခံရန်နှင့် “ရိုဟင်ဂျာ” ဟူသော လူမျိုးတမျိုး အဖြစ် လက်ခံရန် တောင်းဆိုကြသည်။ ၎င်းပြင် ၎င်းတို့အများစု နေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသအား ၎င်းတို့အတွက် အန္တရာယ်ကင်းဇုန် (Safe zone) သတ်မှတ်ပေးရန် တောင်းဆိုကြသည်။

သို့သော် လက်တွေ့တွင် ထိုကြည့်မြင်ချဉ်းကပ်မှုအား သုံးသပ်ကြည့်ရာတွင် ၎င်းတို့အနေနှင့် ၇ ရာစုကတည်းက အခြေစိုက်လာခြင်း ဆိုသည်နှင့် ပတ်သက်၍ ခိုင်လုံသည့် သမိုင်း အထောက်အထား မတွေ့ရပေ။ ရခိုင် မြို့ပြနိုင်ငံများ၏ အထောက်အထားများ ကြွယ်ဝစွာ ကျန်ရှိနေသေးသည့် ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာ” သမိုင်းအထောက်အထားများ မတွေ့ရပေ။ ယနေ့ ဘူးသီးတောင်၊ မောင်တောဒေသတွင် လူဦးရေအများစု ဖြစ်နေသော်လည်း ၎င်းတို့၏ မူလဘူတဟု ယူဆရန် ခက်ခဲသည်။

ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာအများစုကြီးမှာ ရခိုင်အမည်၊ မြန်မာအမည်နှင့်သာ ဖြစ်ပြီး ဘင်္ဂါလီ အမည်နှင့် ကျေးရွာ မရှိသလောက် နည်းပါးသည်။ ၁၉၄၂ ခုနှစ် အရေးအခင်းကာလ အထိ ရခိုင်များ နေထိုင်ခဲ့ပြီး ထိုအရေးအခင်းကာလ အတွင်း ရခိုင်တို့ သတ်ဖြတ်ခံရပြီး နယ်မြေစွန့်လွှတ်ခဲ့ရသည့် ဒေသ ဖြစ်သည်ကို တွေ့ရသည်။ ထို့အပြင် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုံးမှာလည်း ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ကြည့်မြင်ချဉ်းကပ်မှု ခြားနားခြင်းသည် ပြဿနာကို ဖြေရှင်းရန် လွန်စွာ ခက်ခဲနေစေသည်ကို တွေ့ရပေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာအစိုးရသည် ခံစစ်ဘက်မှ ဖြစ်သည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး ကော်မရှင်တို့တွင် မြန်မာအစိုးရ ချေပချက်များသည် အရာမရောက် ဖြစ်နေသည်။ လူ့အခွင့်အရေးကို ရှေ့တန်းတင်သော ဥရောပ နိုင်ငံများက ကုလသမဂ္ဂတွင် ပို၍ အကဲဆတ်သည်ကို တွေ့ရသည်။ အမေရိကန်ကတော့ တရုတ်နှင့် အင်အားချိန်ခွင်လျှာညှိ၍ ထိန်းထိန်းသိမ်းသိမ်း ရပ်တည်သည်။ ပြဿနာတွင် ဘာသာရေးကွဲပြားမှုကလည်း အကြောင်းတချက် ဖြစ်နေပေရာ OIC နိုင်ငံများ၏ ထောက်ခံမှုကိုလည်း မြန်မာနိုင်ငံ ရရှိရန် မဖြစ်နိုင်ပေ။ သို့သော် ထိုအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် တင်သည့် အရေးကြီးသည့် အဆိုများကို မြန်မာဘက်မှ ရပ်၍ ဗီတိုအာဏာ သုံးပေးနေသူမှာ တရုတ်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ၎င်းတို့၏ အကျိုးစီးပွားများကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်းတို့၏ ရေရှည် သေနင်္ဂဗျူဟာ ရည်မှန်းချက်များ အရသော်လည်းကောင်း တရုတ်သည် နောင်တွင်လည်း မြန်မာ အရေးနှင့် ပတ်သက်၍ မြန်မာဘက်မှ ရပ်တည်၍ ဗီတိုအာဏာ ဆက်လက် အသုံးပြုဖွယ်ရှိသည်။ သို့သော်လည်း ကုလသမဂ္ဂတွင် မြန်မာ အစိုးရ၏ တင်ပြချက်များက အရာမထင် ဖြစ်နေဆဲ ဖြစ်သည်။

မြန်မာအစိုးရအတွက် နောက်ထပ် ဖိအားတခုမှာ အင်အားအလွန်အကျွံ အသုံးပြုသည့် စစ်ဖက် ခေါင်းဆောင်များအား စစ်ရာဇဝတ်မှုဖြင့် အရေးယူရန် တင်ပြမှုဖြစ်သည်။ နိုင်ငံတကာ လှုပ်ရှားသူများက နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံး ICC သို့ တင်ရန် ကြိုးစားလာကြသည်။ မြန်မာသည် ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည်ကို အကြောင်းပြု၍ ဖိအားပေး လှုပ်ရှားမှု ရှိသည်။ မြန်မာအစိုးရက နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်း၍ လည်းကောင်း၊ တပ်မတော်ကလည်း စစ်တိုင်းမှူး အပါအဝင် စစ်ဖက်ခေါင်းဆောင် တချို့ကို အရေးယူပြသည့် အပြင် စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့၍ လည်းကောင်း နိုင်ငံတကာဖိအားကို တုန့်ပြန်သည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတကာဖိအားကား မလျော့ပေ။ အမေရိကန် စစ်တပ်နှင့် ပတ်သက်၍လည်း ICC ၏ အရေးယူမှု အပေါ် အမေရိကန်တို့က လက်မခံဘဲ ပြင်းပြင်းထန်ထန် တုန့်ပြန်ထားသည်ဖြစ်ရာ မြန်မာနှင့် ပတ်သက်သည့် ICC ၏ ဆောင်ရွက်မှုမှာ ယခုအချိန်ထိ ဖိအားပေးမှုတခုထက် ပိုဖွယ်ရာ မရှိပေ။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေ အောက်၌ မြန်မာပြည်တွင် အစိုးရနှင့် တပ်မတော်ကြား ကွဲပြားသော လုပ်ပိုင်ခွင့်များ ရှိနေသည်ဖြစ်ရာ တပ်မတော်အပေါ် ဖိအားပေးမှုသည် အစိုးရအပေါ် ရောက်မလာနိုင်ဟု ယူဆရသည်။ အစောပိုင်းကာလက ရခိုင်မြောက်ပိုင်းအရေးတွင် အစိုးရက ဘာမှမပြောဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပမှ ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့ကျသွားသည်ကို တွေ့ရသည်။

သို့သော် အင်းဒင်ကျေးရွာ လူသတ်မှုအား ဖော်ထုတ်သည့် ရိုက်တာသတင်းထောက် ၂ ဦးကို မြန်မာအစိုးရ၏ ဖမ်းဆီးမှုမှာ မြန်မာအစိုးရ၏ အားနည်းချက် ဖြစ်သွားခဲ့သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာဖိအားကို အပိုဆောင်း ထပ်မံခံခဲ့ရသည်။ နှုတ်ဆိတ်နေသော ဂျပန်သည်ပင်လျင် ရိုက်တာ သတင်းထောက်များကို လွှတ်ရန် ဝင်ရောက်ပြောဆိုလာသည်ကို တွေ့ရသည်။ သတင်း လွတ်လပ်ခွင့်မရှိဟု ပို၍ ထောက်ပြစရာ ဖြစ်သွားခဲ့သည်။ မြန်မာအစိုးရအတွက် သတိထားဖွယ် ဖြစ်ပေသည်။

ထို့အပြင် မြန်မာအစိုးရ အနေဖြင့် ပြဿနာကို ဖြေရှင်းရာတွင် ပြည်တွင်း၌လည်း အားနည်းချက် တခုရှိနေသည်။ ပြဿနာသည် ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့် ပြဿနာ ဖြစ်သည် ဆိုသော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာဖြစ်သည်။ လက်တွေ့တွင်လည်း ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို ပြည်မသို့ အဝင်မခံပေ။ ပြည်မသို့ ဝင်ပါက ခိုးဝင်များအဖြစ် ဖမ်းဆီးပြီး ရခိုင်ပြည်နယ်တွင် ပိတ်ဆို့ထားရှိကာ ဖြေရှင်းရန် ကြိုးစားနေသည်ကို တွေ့မြင်နေရသည်။ ဤသို့ ဖြေရှင်းနေရာ ရခိုင်တို့အတွက် ၎င်းတို့ ဒေသတွင်းတွင် လက်ငင်းရင်ဆိုင်ရသော ပြဿနာအဖြစ် လွန်စွာ အလေးထားသည်။

ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရသည် ကော်မတီ၊ ကော်မရှင် ၁၀ ခုကျော် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုကော်မတီ၊ ကော်မရှင်များတွင် ရခိုင်လူထု အများစုကို ကိုယ်စားပြုနိုင်သော ANP ပါတီ မပါဝင်သကဲ့သို့ အဆိုပါ ANP ပါတီနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခြင်းလည်း မရှိပေ။ သို့ဖြစ်ရာ ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်များကို ANP ပါတီနှင့် ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှု မရရှိသည့်အပြင် ရခိုင်လူထု၏ ဆန့်ကျင်မှုပင် ခံနေရသည်ကို တွေ့မြင်နေရသည်။

ကိုဖီအာနန်၏ အစီရင်ခံစာတွင် ပါဝင်သည့် ပြဿနာကို ဖြေရှင်းရာတွင် နှစ်ဖက် လူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ ပါဝင်ရမည်ဆိုသည့် အခြေခံမူကို ကိုင်တွယ်ဆောင်ရွက် ရာတွင် အားနည်းချက် ရှိနေသည်ဟု ဆိုရမည်။ နိုင်ငံတကာ ဖိအားကို ခံနေရချိန်တွင် ပြည်တွင်းအားကို မစုစည်းနိုင်သည်မှာ ကြီးမားသော အားနည်းချက် တရပ်ဟု ဆိုရပါမည်။

၎င်းတို့အား “ရိုဟင်ဂျာ” လူမျိုးများအဖြစ် အသိမှတ်ပြုပြီး အစစ်ဆေးမရှိ ပြန်လည်လက်ခံရေး၊ ၎င်းတို့အတွက် အန္တရာယ်ကင်းဇုန် Safe zone သတ်မှတ်ပေးရေး ရည်မှန်းချက်သည် ဒုတိယ “ကိုဆိုဗို” ဟု ဆိုနိုင်ပေသည်။ ၎င်းတို့၏ တောင်းဆိုချက်ကို လက်ခံ၍ အကောင်အထည် ဖော်လိုသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်သည်ဟု ဆိုရမည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိ ဒုက္ခသည် ပြန်ပို့ရေးကို ဆိုင်းငံ့ထားပြီး ဒုက္ခသည်များအတွက် အန္တရာယ် ကင်းသည့် နယ်မြေတခု လိုအပ်သည်ဟု ဆိုလာနေသည်။

ဤအယူအဆသည် ဘင်္ဂလားဒေ့ရှ်တွင် ရပ်တန့်၍ မနေပေ။ အမေရိကန် အောက်လွှတ်တော်အထိ ရောက်လာသည်ကို တွေ့ရသည်။ ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်၌ နိုင်ငံခြားရေးရာ ကော်မတီ အာရှ ပစိဖိတ်ရေးရာ ကော်မတီခွဲဥက္ကဋ္ဌ မစ္စတာ ဘရက်ရှာမန်က မြန်မာ အစိုးရသည် မွတ်စလင်များ နေထိုင်ရာ ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်း ပေးသင့်သည်ဟုပင် ပြောဆိုလာသည်ကို တွေ့ရသည်။ အန္တရာယ်ကင်းဇုန်ဟူသော အယူအဆသည် ပုံစံမျိုးစုံဖြင့် နိုင်ငံတကာတွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

နိုင်ငံတကာက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာကို ကြည့်မြင်ရာ၌ သမိုင်းဆိုင်ရာပြဿနာ၊ နိုင်ငံသားဖြစ်မှု ပြဿနာအဖြစ် ကြည့်မြင်သည်ထက် ပစ္စက္ခ လူ့အခွင့်အရေး ပြဿနာ သက်သက်သာ ကြည့်မြင်နေသည်ကို တွေ့ရသည်။ ပြဿနာကို မြန်မာအစိုးရ ဖြေရှင်းလိုသည့် ပုံစံအား နိုင်ငံတကာက လက်ခံလာစေရန် များစွာ ရှင်းလင်းပြောဆိုရန် လိုအပ်နေသည်။

သို့သော် မြန်မာ၏ ပြဿနာနှင့် ပတ်သက်၍ တရုတ်တို့၏ ရပ်တည်မှုကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂတိ့ု ဖြေရှင်းလိုသည့် ပုံစံမှာလည်း ထစ်ငေါ့နေသည်။ ၎င်းတို့စိတ်ကြိုက် ဖြေရှင်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် ပြဿနာတွင် ကုလသမဂ္ဂ၏ ရပ်တည်မှုမှာ ကြားနေရပ်တည်မှု မဟုတ်ပေ။ ထို့ကြောင့် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ အကြား ပြေလည်မှု မရှိပေ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ ယန်ဟီးလီအား မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ထားသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ ကြားဝင် ဖြေရှင်းသည့်အခန်း ပျောက်နေသည်။

၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံ အရေးအခင်းတွင် ကုလသမဂ္ဂက ကြားဝင် ဖြေရှင်းသည့် ပုံစံမျိုး ယခုမတွေ့ရနိုင်ပေ။ တကယ်တမ်းဆိုလျှင် ကုလသမဂ္ဂသည် ကမ္ဘာပေါ်ရှိ ပြဿနာ ဖြစ်ပွားနေသည့် နိုင်ငံများအကြား ဘက်မလိုက်ဘဲ၊ ကြားဝင်ဖြေရှင်းသည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ရန် လိုအပ်သော်လည်း မြန်မာပြည်တွင် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမရှိ။ သို့ဖြစ်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးသည် တရုတ်နှင့် အနောက်အုပ်စု၊ OIC တို့၏ အင်အား ချိန်ခွင်လျှာပေါ်တွင် တည်နေသည်။

သို့ဖြစ်၍ ဤပြဿနာသည် အစ္စရေးနိုင်ငံ ထူထောင်သည်ကို လက်မခံဘဲ နယ်မြေ စွန့်ခွာထွက်သွားခဲ့ကြသည့် ပါလက်စတိုင်း ပြဿနာကဲ့သို့ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဖြေရှင်းမရသည့် ပြဿနာလည်း ဖြစ်သွားနိုင်သည်။

ချုပ်၍ ဆိုရလျှင် ပြဿနာကို အခြေခံ ချဉ်းကပ် ကြည့်မြင်ပုံ မတူကြသည် ဖြစ်ရာ ချက်ခြင်းလက်ငင်း ဖြေရှင်းရန် ခက်ခဲသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ AA နှင့် စစ်ရေးပဋိပက္ခ ထိပ်တက်နေ၍ ယခု ပြဿနာသည် မှေးမှိန်နေသည်ဟု ထင်ရသော်လည်း အန္တရာယ်ကင်းဇုန် အမည်တပ်ထားသည့် ဒုတိယ ကိုဆိုဗို ဖန်တီးရန် နည်းမျိုးစုံနှင့် စိုင်းပြင်းနေသည်ကို မပြတ် သတိရှိရန် လိုအပ်သည်။

တချိန်တည်းတွင် နိုင်ငံတကာ၏ နားလည်မှု ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတကာ အင်အားချိန်ခွင်လျှာကို မပြတ် သတိပြုရန် လိုအပ်နေသည်။ မိမိဖက်မှ ရပ်ခံပေးသော တရုတ်သာမက၊ ကြားနေအခန်းတွင် ရှိနေသော အိန္ဒိယ၊ ဂျပန်စသည့် နိုင်ငံကြီးများ၏ ထောက်ခံမှု ပိုမိုရရှိရန် လိုအပ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် ဥရောပ နိုင်ငံများ၏ စာနာနားလည်မှု ရရှိရေးအတွက် ကြိုးပမ်းရန်လည်း လိုအပ်သည်။

တရုတ်နှင့် အင်အား ချိန်ခွင်လျှာညှိနေသည့် အမေရိကန်နှင့် တတ်နိုင်သမျှ နားလည်မှု တည်ဆောက်ရန် လိုအပ်သည်။ အာဆီယံ နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ဟူသည့် အာဆီယံမူကို ဆုပ်ကိုင်ပြီး အာဆီယံ နိုင်ငံများနှင့် နားလည်မှု ရရှိရေး ကြိုးစားသွားရန် လိုအပ်သည်။ လက်ရှိ ပြဿနာတွင် နိုင်ငံတကာ၏ အလေးထားမှုနှင့် ပါဝင်ပတ်သက်မှုကို မရှောင်လွှဲနိုင်သည် ဖြစ်ရာ နိုင်ငံတကာ၏ သဘောထား ရပ်တည်မှု များအား မလွှဲမရှောင်သာ အထူးအလေးထားရန် လိုအပ်နေပေသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လဆန်း တရုတ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် ဒုက္ခသည်ပြဿနာကို အမြန်ဆုံးဖြေရှင်းရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ သို့သော် တကယ်တမ်း ကိုင်တွယ်ဖြေရှင်းရမည်မှာ မြန်မာ အစိုးရကိုယ်တိုင်သာ ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည်များအား စိစစ် လက်ခံရေး၊ ပြန်လည် ဝင်ရောက်လာသူများအား သင့်တော်သည့် အုပ်ချုပ်မှု ထားရှိရေးနှင့် ၎င်းတို့အား ရခိုင်တွင် ပိတ်လှောင်ထားသည့် မူဝါဒ ပြန်လည်ဆန်းစစ်ရေး စသည့် ဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

ထို့အပြင် အဆိုပါ ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်ကို အလေးထား ဂရုပြုရန် လိုအပ်နေပေသည်။

 
အပိုင်း(၂)
ကချင်ပြည်နယ် လိုင်ဇာတွင် သင်တန်းဆင်းပြီး ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသော AA အင်အားမှာ ၄၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည် / Arakan Army Info Desk


အစိုးရ၊ တပ်မတော်နှင့် AA ကြား စစ်ရေးပဋိပက္ခ

ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေသည် မိမိ မြောက်ဦးစစ်တမ်း စတင်ရေးသားသည့် ၂၀၁၇ ခုနှစ်နှင့် မတူတော့ဘဲ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပေါက်ကွဲ ထွက်လာသည်ဟု ဆိုရမည်။ ပြင်းပြင်း ထန်ထန် ပေါက်ကွဲ ထွက်လာသည်မှာ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး မျှော်လင့်သည်ထက် ပိုမို ပြင်းထန်ခဲ့သည်ဟု ဆိုရမည်။
 
၂၀၁၅ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိသည့်အနက် NCA လက်မှတ် ရေးထိုးခဲ့သည့် ALP/ALA (ရခိုင် လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေး တပ်မတော်) ANC/AA (ရခိုင်အမျိုးသားကောင်စီ/ ရခိုင်တပ်မတော်) တို့မှာ စစ်အင်အားလောက် လောက်လားလား တိုးတက်လာခြင်း မရှိဘဲ အဓိက နိုင်ငံရေးအရ ဦးတည်လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်ခဲ့သည်။ ၂၀၁၈/၂၀၁၉ ခန့်တွင် စစ်အင်အား လောက်လောက်လားလား ရှိလာပြီးလက်နက် ကိုင် ပုန်ကန်တိုက်ခိုက်မှု အရှိန် မြှင့်တင်နိုင်ခဲ့သည်မှာ ULA/AA (ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်) ဖြစ်လာခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် လူ ၂၈ ယောက်ခန့်ဖြင့် KIA ဌာနချုပ် လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သည့် AA သည် စတင်ဖွဲ့စည်းစဉ်က မလောက်လေး မလောက်စား အဖွဲ့အစည်းငယ် တခုဟု အများက မှတ်ယူခဲ့ကြသည်။ သို့သော် AA သည် ၂၀၁၄ ခုနှစ် ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံမှစတင်၍ လူသိများလာပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ရခိုင်တွင် ရေပမ်းစားသော အဖွဲ့အစည်းတရပ် ဖြစ်လာခဲ့သည်။ AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ပုဂ္ဂိုလ်ရေး ကျော်ကြားလာမှု၊ ရေပမ်းစားမှုမှာလည်း AA အား ပိုမို၍ လူသိများလာစေခဲ့သည်။ ထို့အတူ AA သည် ရခိုင်လူငယ်ထုအတွင်း ရေပမ်းစားပြီး သြဇာရှိသော အဖွဲ့အစည်းအဖြစ် တစတစ နေရာရ လာခဲ့တော့သည်။

ကချင်နှင့် ရှမ်းမြောက်တို့ တရုတ်မြန်မာ နယ်စပ်တွင် ၎င်း၏မဟာမိတ် များဖြစ်သော KIA/TNLA/MNDAA တို့နှင့် ပူးတွဲစစ်ရေး လှုပ်ရှားနေသော AA ၏ ရခိုင်ပြည်နယ်တွင်း စစ်ရေးလှုပ်ရှားမှု များကို ၂၀၁၅ ခုနှစ်မှ စ၍ တွေ့ရှိလာရသည်။ သို့သော် တိုက်ပွဲငယ်တချို့ ဖြစ်ပြီး သတင်းပြန်လည် ပျောက်သွားခဲ့သည်။ မည်သို့ဆိုစေ AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် စတင်လုပ် ဆောင်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ်ကာလများက ဖွဲ့စည်းခဲ့သည့် ALP/ALA သည် KNU ၏ အကူအညီနှင့် ထိုင်းနယ်စပ်တွင် လည်းကောင်း၊ AIO/AIA (ရခိုင်လွတ်လပ်ရေးအဖွဲ့/ရခိုင်လွတ်လပ်ရေးတပ်မတော်) သည် KIA ၏ အကူအညီဖြင့် တရုတ်နယ်စပ်တွင် လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ကြပြီး လူရာဂဏန်းများ စုဖွဲ့ လက်နက် တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ တောလမ်းမှ ပြန်လည်ချီတက်ခဲ့ကြရာ ချင်းပြည်နယ်အရောက် တွင် တပ်မတော်၏ ချေမှုန်းမှုကို ခံခဲ့ကြရသည်။

AA သည် ၎င်းဖြစ်ရပ်မှ သင်္ခန်းစာ ကောင်းစွာယူထားပုံ ရသည်။ ယခင် ALP/ALA၊ AIO/AIA တို့ကဲ့သို့ လူရာဂဏန်း လေ့ကျင့် လက်နက်တပ်ဆင် ပြီးရုံမျှနှင့် ရခိုင်သို့ ပြန်လည်ချီတက်ခြင်း မပြုခဲ့ပေ။ လေ့ကျင့်ပြီးသား လူသူ၊ လက်နက်များကို နည်းအမျိုးမျိုးသုံး၍ ရခိုင်သို့ ပို့ပုံရသည်။ နည်းအမျိုးမျိုး ဆိုသည်၌ မြို့ပေါ်တွင် လျှို့ဝှက်စွာ ဖြတ်သန်း သယ်ဆောင်၍ လည်းကောင်း၊ ပြည်ပမှ ဖြတ်သန်း၍ လည်းကောင်း နည်းအမျိုးမျိုး သုံးဟန်တူသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နယ်စပ်အနီး လူ ၅၀၀၀ ခန့်အထိ လေ့ကျင့်ပြီးစီးသော AA သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နည်းလမ်း အမျိုးမျိုးသုံး၍ ရခိုင်သို့ လေ့ကျင့်ပြီး စစ်သည်များနှင့် လက်နက် ပို့ဆောင်ခြင်းကို အချိန်ယူ လုပ်ဆောင်ခဲ့ပုံ ရသည်။ ၂၀၁၅ နောက်ပိုင်း ၂၀၁၆ /၂၀၁၇ တို့တွင်လည်း AA ၏ လှုပ်ရှားမှုတချို့အား ရခိုင်ပြည်နယ်တွင် ရံဖန်ရံခါ သတင်းထွက်ပေါ်သည်ကို ကြားသိရသည်။ ALP/ALA ဌာနချုပ် စခန်းအား AA က သိမ်းယူသည် ဟူသည့် သတင်းများလည်း ကြားသိရသည်။ ၂၀၁၈ ခုနှစ် တန်ဆောင်တိုင် ကာလတွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ် အတွင်းရှိ ရှင်းလက်ဝ တဝိုက်တွင် AA အင်အား ၃၀၀၀ ခန့် တွေ့ရသည်ဟု မြေပြင်သတင်းများအရ ကြားသိရသည်။

အရှေ့ဘက် တရုတ်နယ်စပ်တွင် လေ့ကျင့်ထားသော လူသူအင်အား ထောင်နှင့်ချီ၍ အနောက်ဖက် အိန္ဒိယ နယ်စပ်သို့ လျှို့ဝှက်စွာ သယ်ယူပို့ဆောင်နိုင်ခြင်းသည် AA ၏ အရေးပါသော စွမ်းဆောင်ချက်ဟု ဆိုရမည်။

AA သည် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း အခြေစိုက်ခြင်းမှာ ပလက်ဝမြို့နယ်အတွင်း၌ ရခိုင်နှင့်မျိုးနွယ်စုများ အများအပြား နေထိုင်ခြင်း၊ ပလက်ဝမြို့နယ်အတွင်း ချင်းအပါအဝင် တခြား တိုင်းရင်းသားများ ရှိသော်လည်း မြို့နယ်အတွင်း “ဈေးစကား” ဟု ခေါ်သော ဘုံဘာသာစကားမှာ ရခိုင်ဘာသာစကား ဖြစ်နေခြင်း၊ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် အတွင်းတွင် ရခိုင်ရွာများ ရှိနေခြင်း၊ ထိုရခိုင်ရွာများတွင် ယခင် ရခိုင် လက် နက်ကိုင် ပုန်ကန်မှု များအတွင်း ပါဝင်သော ရဲဘော်ဟောင်းများ အခြေချ နေထိုင်ခြင်း စသည့် အား သာချက်များကြောင့် ဖြစ်နိုင်သည်။

ထို့အပြင် အိန္ဒိယ နယ်စပ်တွင် အခြေစိုက်နိုင်ခြင်းသည် အိန္ဒိယအစိုးရ မည်သို့ သဘောထားသည်နှင့် သက်ဆိုင်ပုံရသည်။ မြန်မာပိုင် တမူးနှင့်နာဂနယ် အတွင်း အိန္ဒိယ အစိုးရအား ပုန်ကန် တိုက်ခိုက်နေသည့် ကသည်းနှင့် နာဂသူပုန်များ ရှိနေခြင်းကို တုန့်ပြန်ရန် အိန္ဒိယနယ်စပ်တွင် AA လှုပ်ရှားမှုအား မျက်နှာ လွှဲနေသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် တရုတ်နှင့် နီးစပ်သော AA အား အိန္ဒိယမှ ဆွဲဆောင်လိုခြင်းလည်း ဖြစ်နိုင်သည် ဆိုသည့် ဖြစ်နိုင်ချေများကို ထည့်သွင်း စဉ်းစားရန်လိုသည်။

ထို့အပြင် တောင်ဘက် ဆင်းလာပါက ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက် သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်၊ မြုံ ထောင်ဟူသည့် “ထောင်” ၄ ထောင်ရှိသည်။ “ထောင်” ဟူသည့် အနက်အဓိပ္ပာယ်မှာ နယ်ပယ်ဖြစ်သည်။ အဆိုပါ “ထောင်” များမှာ ဘင်္ဂလားဒေ့ရှ် နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်များဖြစ်ပြီး ရခိုင်မျိုးနွယ်စုများ ဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ မြို စသည့် လူမျိုးများ နေထိုင်သည့်ဒေသများ ဖြစ်သည်။

အဆိုပါ “ထောင်” များရှိ ရခိုင်မျိုးနွယ်စု များနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်တို့ သွေးသားတော်စပ်မှု ရှိသည်။ အလားတူ AA တပ်ဖွဲ့တွင်း ပါဝင်သည့် ရခိုင်တိုင်းရင်းသားများနှင့်လည်း သွေးသားတော် စပ်မှုရှိရာ AA အတွက် အထောက်အပံ့ ဖြစ်နိုင်သည့် အချက်တချက် ဖြစ်သည်။

ထို့အပြင် အဆိုပါ “ထောင်” ၄ “ထောင်” တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအား ပုန်ကန် တိုက်ခိုက်နေသည့် “ရှန်တီဗာဟင်းနီ” ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့ ရှိသည်။ အဆိုပါ လက်နက်ကိုင် အဖွဲ့သည် သံမ ဏိ သက်ရှည်သော အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အဆက်ဆက်နှင့်လည်း ဆက်နွှယ် ပတ်သက်မှု ရှိခဲ့သည်။ အပြန်အလှန် ကူညီမှုများ ရှိခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ 


ထိုသို့သော အခြေအနေများ အောက်တွင် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ စတင် ခြေကုပ် ယူလာခဲ့သည်ဟု ဆိုရမည်။ AA သည် ARSA နှင့်ဆက်နွှယ်မှု ရှိသည်ဟု အစိုးရနှင့် တပ်မတော်က စွပ်စွဲထားသော်လည်း AA က ငြင်းချက် ထုတ်ထားသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားရာ နယ်မြေများမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အထူးသဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်က တရုတ်နယ်စပ်နှင့် ဆက်စပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုတွင် အပစ်ရပ် ကြေညာခဲ့သည့် နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း၌ စစ်ရေးပဋိပက္ခ မြင့်တက်ခဲ့သည်။

စစ်မက်ဖြစ်ပွားရာ နယ်မြေမှာလည်း ပလက်ဝမြို့နယ်သာမက၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့သို့ပါ ကျယ်ပြန့်သွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရ၏ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန္နဝါရီလမှ မေလအထိ ထိတွေ့မှု (တိုက်ပွဲဖြစ်ပွားမှု) အကြိမ်ပေါင်း – ၂၀၆ ကြိမ်
AA အလောင်းရ – ၁၀၀ နီးပါး
AA အရှင်ဖမ်းမိ – ၄၈ ဦး
မိုင်းဖြစ်စဉ် – ၂၁ ကြိမ်
ကျဆုံး ရဲတပ်ဖွဲ့ဝင် – ၃၁ ဦး
ဒဏ်ရာရရဲတပ်ဖွဲ့ဝင် – ၃၂ ဦး
ပျောက်ဆုံးရဲတပ်ဖွဲ့ဝင် – ၆ ဦး
အရပ်သားသေဆုံးမှု – ၂၀ ဦး
အရပ်သား ဒဏ်ရာရမှု – ၄၃ ဦးတို့ ဖြစ်သည်။

အစိုးရ ထုတ်ပြန်ချက်တွင် တပ်မတော်သား ထိခိုက်ကျဆုံးမှု မပါဝင်ပါ။ တပ်မတော်အနေဖြင့် သီးခြား ထုတ်ပြန်ခြင်း မရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်စေလို၍ ထုတ်ပြန်ခြင်းမပြုဟု ဆိုပါသည်။

AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်၊ ရက်ပေါင်း ၁၃၀ (ပထမအကြိမ် စစ်တိုင်း ၅ ခု၌ အပစ်ရပ်ထားသည့် ကာလ) အတွင်း ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု အောက်ပါအတိုင်း ဖြစ်သည်။
မိနစ် ၃၀ အထက် ကြာမြင့်သည့် တိုက်ပွဲ – ၁၆၀ ပွဲ
မိနစ် ၃၀ အောက် ကြာမြင့်သည့်တိုက်ပွဲ – ၂၀၀ ပွဲ
၂၀၁၉ မေလ ၁ ရက်မှ ၂၃ ရက်အထိ တိုက်ပွဲကြီးငယ် – ၄၈ ပွဲ

ထို့ကြောင့် ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်မှ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲကြီးငယ် ၄၀၀ ခန့်အထိ ဖြစ်ပွားခဲ့ပြီး တရက်လျင် ပျမ်းမျှအားဖြင့် တိုက်ပွဲ (ထိတွေ့မှု) ၃ ကြိမ်ခန့်အထိ ဖြစ်ပွားသည်ဟု ဆိုရပါ မည်။ နှစ်ဖက်ကျဆုံးမှု အား အတိအကျ မသိရှိနိုင်သော်လည်း မြေပြင် သတင်းများအရ တဖက်စီ၌ ကျဆုံး၊ ဒဏ်ရာရရှိသူများမှာ ရာဂဏန်း တချို့အထိ ရှိနိုင်သည်ဟု သုံးသပ်ရပါသည်။ ရခိုင်ပြည်နယ်၌ ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်လများတွင်လည်း တိုက်ပွဲများ မရပ်တန့်ဘဲ၊ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး တချို့နေ့များတွင် တရက်တည်း တိုက်ပွဲ ၄ ပွဲခန့်အထိ ဖြစ်ပွားနေသည်ကို ကြားသိနေရသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း AA နှင့် တိုက်ပွဲများ ဖြစ်ပွား လာသောအခါ မူလက နပခ လက်အောက်ခံ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) ၃ ခု၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ တို့မှ တပ်ရင်းတပ်ဖွဲ့များ အပြင် ၂၀၁၉ ခုနှစ် ကုန်ပိုင်းတွင် တပ်မတော်က တပ်မ ၂ ခု ထပ်မံဖြည့်တင်း စစ်ဆင်ခဲ့ပြီး လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများ အသုံးပြုခဲ့သည်။ အစိုးရကလည်း ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း ရဟတ်ယာဉ် အသုံးပြုခွင့်ပေးကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

အစောပိုင်း ကာလတွင် ဂျက်လေယာဉ်အသုံးပြု တိုက်ခိုက်ခြင်းများကို တွေ့ရှိရသည်။ အစိုးရနှင့်တပ် မတော် သဘောထားမှာ ရခိုင်ပြည်နယ်တွင် မူလက လက်နက်ကိုင် အဖွဲ့မရှိသည့် အဖြူရောင်နယ်မြေ ဖြစ်သဖြင့် လက်နက်ကိုင် အဖွဲ့တခု အခြေစိုက်ခြင်းကို လက်မခံနိုင်ဘဲ “သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး” ကို မလွဲမသွေ ပြုလုပ်ရမည်ဟု သဘောထားသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း တိုက်ပွဲများ ကျယ်ပြန့်လာသောအခါ တပ်မတော်သည် တပ်မ တခုမှ ၂ ခုအထိ ထပ်မံဖြည့်တင်းခဲ့သည်ဟု မြေပြင် သတင်းများက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ဘက်မှ ပိတ်ဆို့ဝိုင်းပတ်ရန် တပ်မ အနည်းဆုံး တခု ထပ်မံစေလွှတ်သည်ဟု မြေပြင် သတင်းများအရ သိရှိရပါသည်။ သို့သော် စစ်ရေး လျှို့ဝှက်ချက်များကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေး များတွင် တပ်မ တော် အမှန်တကယ် အသုံးပြုနေသော စစ်အင်အားကို သိရှိရန် မလွယ်ပါ။

အလားတူပင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် လှုပ်ရှားနေသော AA တပ်ဖွဲ့အင်အားမှာလည်းပဟေ ဠိသဖွယ် ဖြစ်သည်။ မြေပြင် သတင်းများအရ လည်းကောင်း၊ ရန်ကုန် သံတမန်ရပ်ကွက် သတင်းများအရ လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသော AA အင်အားမှာ ၄၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

မူလက ပလက်ဝမြို့နယ် အိန္ဒိယနယ်စပ်တွင် လှုပ်ရှားရာမှ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း စသည့် မြို့ နယ် ၇ မြို့နယ်အထိ ဖြန့်ကျက် လှုပ်ရှားပြီး တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရသည်။ ၎င်းတို့၏တပ် ဖြန့်ကျက်နိုင် စွမ်းအားကြောင့် AA ၏ အင်အားမှာ ထောင်ဂဏန်းတချို့ ရှိနိုင်သည်ဟု တွက်ဆချက်က မမှားနိုင်ဟုဆိုရမည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ သိသိသာသာ မြင့်တက်လာသည့် ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းအထိ ၆ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သော AA ၏ တိုက်ပွဲဖော်နိုင်စွမ်းနှင့်လက် နက်ခဲယမ်း ထောက်ပံ့နိုင်စွမ်း ရှိနေသေးသည်။ ထို့အတူ ရိက္ခာထောက်ပံ့နိုင်စွမ်း ရှိသည်မှာလည်း အံ့အားသင့်ဖွယ် ဖြစ်သည်။ ထို့အပြင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ နှစ်လယ်အထိ AA သည် တရုတ်နယ်စပ်တွင် နောက်ထပ် လူအင်အား တသောင်းနီးပါးခန့်ကို လေ့ကျင့်ပြီးစီးခဲ့သည်ဟု မြေပြင်သတင်းများအရ ကြားသိရသည်။

ရခိုင်ပြည်နယ်တွင် တရားဝင် ANP ပါတီ၏ တရားဝင်လှုပ်ရှားမှုများ မထိရောက်သဖြင့် ရခိုင်လူငယ်များ၏ တိမ်းညွှတ်မှုသည် လက်နက်ကိုင်စွဲသည့် AA ဘက်သို့ တိမ်းညွှတ်မှု များလာပုံရသည်။ အစိုးရနှင့် တပ်မတော်ကလည်း တရုတ်နယ်စပ်သို့ သွားရောက်သည့် ရခိုင်လူငယ်များကို ကန့်သတ်လာသည်။ ၂၀၁၈ ခုနှစ်မှစ၍ တောင်ကြီးနှင့် ကျိုင်းတုံအကြားရှိ သံလွင်တံတားတွင် ရခိုင်မှတ်ပုံတင်ကိုင်ဆောင် သူများ၏ သွားလာခွင့်အား တားဆီးပိတ်ပင်ခဲ့ပြီး ရခိုင်လူငယ်များ ရှမ်းအရှေ့သို့ သွားလာခွင့် ပိတ်ပင်ခဲ့သည်။ ရခိုင်လူငယ်များ AA ၏ မဟာမိတ်ဖြစ်သည့် မိုင်းလားနှင့် “ဝ” ဒေသသို့ မသွားရောက်နိုင်ရန် ရည်ရွယ်ပုံ ရသည်ဟု ဆိုရမည်။

ULA/AA ၏ လမ်းစဉ်မှာ ရခိုင်အမျိုးသားရေးကို ရှေးရှုသည့် ရက္ခိတလမ်းစဉ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ကြွေးကြော်သံမှာ “မုန်တိုင်းကို ဖြတ်သန်းကြ” ဟူ၍ ဖြစ်သည်။ ၂၀၂၀ တွင် အာရကန်အိပ် မက် (ရခိုင့်အိပ်မက်) ဟု ကြွေးကြော်ထားသည်။ သို့ဖြစ်ရာ AA အနေနှင့် ၂၀၁၉ တွင် ပြင်းပြင်းထန် ထန် လုံးပမ်းပြီး ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ ၎င်းတို့၏ အခြေခံစခန်း တည်ဆောက်ရန် ရည်ရွယ် သည်ဟု ဆိုရမည်။

၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်တွင် AA တပ်ဖွဲ့များသည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း ဆက်သွယ်ရေး ကားလမ်းတလျှောက်နှင့် ကားလမ်းဝဲယာ၊ အထူးသဖြင့် အဆိုပါ ကားလမ်း မြောက်ခြမ်းတွင် တိုက်ပွဲများ၊ လှုပ်ရှားမှုများ ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ ဤသို့ ဆက်သွယ်ရေး လမ်းကြောင်းတလျှောက် အပြင်စည်းတွင် ဝင်ရောက် လှုပ်ရှားနေခြင်းသည် အဆိုပါ ဆက်သွယ်ရေး လမ်းကြောင်း မြောက်ဖက်ခြမ်း တောင်ကြောများနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အကြားတွင် AA အနေဖြင့် ခြေကုပ်စခန်းများ တည်ဆောက်နိုင်ရန် ကြိုးစားနေပုံရသည်ဟု ဆိုရမည်။

လက်ရှိ စစ်ရေးအနေအထားမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးနှင့် ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းရေး ရည်မှန်းချက် ထားရှိပြီး နပခ စစ်တိုင်းလက်အောက်ခံ တပ်များအပြင်၊ တပ်မတချို့အား အင်အားဖြည့်တင်း သုံးစွဲလျက် ရှိသည်။ ထို့အပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူကို အားဖြည့်သုံးစွဲ ထားသည်။ မိုးတွင်းကာလ၌ အဆိုပါ ပစ်ကူများ သုံးစွဲခြင်း၌ အကန့်အသတ်ရှိမည် ဖြစ်သော်လည်း ပွင့်လင်းရာသီ၌ အပြည့်အဝ သုံးစွဲနိုင်ပေမည်။

ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ အပစ်အခတ် ရပ်စဲထားပြီး ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်လည်း စစ်ဆင်ရေးများမရှိဘဲ မြန်မာပြည် တဝှမ်းလုံး၌ ရခိုင်၌သာ စစ်ဆင်ရေး ပြုလုပ်နေရသည် ဖြစ်၍ လိုအပ်ပါက ခြေလျင်၊ ခြေမြန်တပ်များ ထပ်မံ ဖြည့်စွက်နိုင်စွမ်း ရှိသည်။ ထိုနည်းတူ လေကြောင်းဖြင့် တပ်ပြောင်း တပ်ရွှေ့လျင်မြန်စွာ ပြုလုပ်နိုင်သည့် အစွမ်းရှိသည်။ အားနည်းချက်မှာ ဒေသခံလူထု၏ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု နည်းပါးခြင်းဖြစ်သည်။

AA ၏ လက်ရှိ စစ်ရေးလှုပ်ရှားမှုမှာ ပြောက်ကျား စစ်ဆင်မှုဖြစ်ပြီး နေရာယူ စစ်ဆင်ခြင်း မရှိသေးပါ။ AA အနေနှင့် လူထုထောက်ခံမှု အတော်များများ ရရှိထားရာ ပြောက်ကျား စစ်ဆင်ရာတွင် အားသာမှု ရှိသည်။ နောက်ပိုင်း၌ တောတောင်ထူထပ်သည့် အတွင်းပိုင်းတွင် အခြေခံစခန်း တည်ဆောက်လာပါက မလွှဲမရှောင်သာ နေရာယူစစ်များ တွေ့မြင်လာရနိုင်သည်။

တရုတ်နယ်စပ်တွင် လေ့ကျင့်ပြီး အင်အား တသောင်းခန့်အထိ ရှိသည်ဟု မြေပြင်သတင်းများက ဆိုသော်လည်း တပ်အင်အား ဖြည့်တင်းမှု အကန့်အသတ် ရှိနေသေးသည်။ သို့သော် AA ၏ အားသာ ချက်မှာ ဒေသခံလူထု၏ ထောက်ခံမှု ရရှိခြင်းဖြစ်သည်။ ရခိုင်၏ ထူးခြားချက်မှာ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား ပါဝင်သည့် လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီလူ့အဖွဲ့အစည်း နှစ်ရပ်သာရှိပြီး ဗမာအပါ အခြား တိုင်းရင်းသားများ နေထိုင်မှု မရှိသလောက် နည်းပါးသည်။

ဤသို့ဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၁၉ ခုနှစ် နှစ်ဝက်ပိုင်းအထိ အစိုးရနှင့် တပ်မတော်တို့၏ ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး၊ အဖြူရောင် နယ်မြေအတွင်း လက် နက်ကိုင်များ ခြေမချနိုင်ရေး စစ်ဆင်ရေးများနှင့် AA ဘက်က အခြေချစခန်း တည်ဆောက်ရေး ဆိုသည့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော လမ်းကြောင်း ၂ ရပ် ထိပ်တိုက် ရင်ဆိုင်နေကြပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပေတော့သည်။
 

အပိုင်း ၃
မောင်မောင်စိုး
3 August 2019
in သူ့အတွေး သူ့အမြင်

ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းတခု / ဧရာဝတီ


စစ်ရေးပဋိပက္ခနှင့် စစ်ဘေးဒုက္ခသည်


စစ်ဘေး ဒုက္ခသည်များကို စစ်ဘေးရှောင်များ၊ ၎င်းတို့ ခိုမှီရာ စခန်းများကို စစ်ဘေးရှောင် စခန်းများဟု ခေါ်ကြသည်။ တိုက်ပွဲများ ဖြစ်ပွါးမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားရာ ဒေသမှ လူထုသည်လည်း စစ်ဘေးသင့်ခံရသည်၊ ကျည်သင့်ခံရသည်၊ လက်နက်ကျည် ထိမှန်မှုရှိသည်၊ မိုင်းနင်းမိသည်လည်း ရှိသည်၊သေဆုံး ဒဏ်ရာရမှုများ ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်အထိ စစ်တွေမြို့ အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ ပြုစုထားသော စာရင်းများအရ အရပ်သားထိခိုက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

အရပ်သား သေဆုံးသူ- ၄၀ မှ ၄၅ ဦးအကြား (စိစစ်ဆဲ)



အရပ်သား ပျောက်ဆုံးသူ- ၁၅ ဦး

အရပ်သား မိုင်းထိသေဆုံးသူ- ၁၂ ဦး

အရပ်သားဖမ်းဆီးခံရသူ- ၁၂၀ ဦး

ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ ရောက်သူ- ၄၅ ဦး

ရန်ကုန်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ရသူ- ၅ ဦး

ဒဏ်ရရသူများထဲမှ သေဆုံးသူ- ၃ ဦး

ဒဏ်ရာရသူများထဲမှ အသက်ရှင်သူ- ၄၂ ဦးတို့ ဖြစ်သည်။ 


သို့ဖြစ်ရာ စစ်ဘေးသင့်ရာ ဒေသမှ ပြည်သူများသည်လည်း စစ်နှင့်ဝေးရာ မြို့ပြများဆီသို့ လည်းကောင်း၊ မြို့ပြနှင့်နီးရာသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြရသည်။ တချို့က သီးသန့် စစ်ဘေးရှောင် စခန်းဖွင့်၍ လည်းကောင်း၊ တချို့က ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံ၍လည်းကောင်း နေထိုင်ကြသည်။ စစ်ဘေးရှောင်နှင့် ပတ်သက်၍ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၇ နယ်တွင် စစ်ဘေးရှောင်စခန်း ၁၀၃ ခု၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် စခန်း ၅ ခု၊ စုစုပေါင်း ၁၀၈ ခု ရှိသည်ဟု ၂၀၁၉ မေလတွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင် ခံရုံး ၃ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရက ထုတ်ပြန်ထားသည်။ အစိုးရက ထုတ်ပြန်သည့် စစ်ဘေးရှောင် အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မြောက်ဦးမြို့နယ်- ၉၉၈၀ ဦး

၂။ ဘူးသီးတောင်မြို့နယ်- ၈၁၃၆ ဦး

၃။ ရသေ့တောင်မြို့နယ်- ၆၈၃၅ ဦး

၄။ ကျောက်တော်မြို့နယ်- ၂၇၂၂ ဦး

၅။ မင်းပြားမြို့နယ်- ၂၄၁၁ ဦး

၆။ ပုဏ္ဏားကျွန်းမြို့နယ်- ၁၇၃၁ ဦး

၇။ ပေါက်တောမြို့နယ်- ၁၃၄ ဦး

၈။ ပလက်ဝမြို့နယ်- ၁၀၈၂ ဦး

စုစုပေါင်း ၃၃၀၃၁ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

Rakhine Ethnics Congress က ပြုစုထားသည့် ၂၀၁၉ ဇွန်လ ၁၆ ရက်နေ့အထိ ရှိသော မြို့နယ်အ လိုက် စစ်ဘေးရှောင်စခန်း အရေအတွက်နှင့် စစ်ဘေးရှောင်ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြို့နယ် စစ်ဘေးရှောင်စခန်း စစ်ဘေးရှောင်လူဦးရေ

၁။ ပုဏ္ဏားကျွန်း ၅ ခု ၁၆၅၀ ဦး

၂။ ကျောက်တော် ၃ ခု ၂၂၅၀ ဦး

၃။ မြောက်ဦး ၂၃ ခု ၁၀၁၉၆ ဦး

၄။ မင်းပြား ၂ ခု ၉၅၃ ဦး

၅။ စစ်တွေ ၂ ခု ၁၀၀ ဦး

၆။ ရသေ့တောင် ၁၄ ခု ၃၀၀၉ ဦး

၇။ ဘူးသီးတောင် ၅ ခု ၁၅၉၉ ဦး

၈။ မောင်တော ၂ ခု ၆၂၆ ဦး

စုစုပေါင်း ၅၉ ခု ၂၀၃၈၃ ဦး။

စစ်ဘေးရှောင် စခန်းသို့ မရောက်ဘဲ ဆွေမျိုးသားချင်းများ၏ နေအိမ်တွင် မှီခို၍ မြို့နယ်အလိုက် စစ်ဘေးရှောင် နေသူ ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြို့နယ် စစ်ဘေးရှောင်လူဦးရေ

၁။ ပုဏ္ဏားကျွန်း ၃၉၅၂ ဦး

၂။ ကျောက်တော် ၂၂၁၁ ဦး

၃။ မြောက်ဦး ၈၂၁၁ ဦး

၄။ မင်းပြား ၂၃၈၇ ဦး

၅။ ရသေ့တောင် ၄၈၇၁ ဦး

၆။ ဘူးသီးတောင် ၄၂၉၃ ဦး

၇။ မောင်တော ၁၉၈ ဦး

စခန်းပြင်ပရှိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၆၁၂၃ ဦး၊ စခန်းရောက် စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၀၃၈၃ ဦးနှင့် စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၄၆၅၀၆ ဦး ဖြစ်သည်။

အဆိုပါ စာရင်းနှစ်ခုအရ ကွဲလွဲမှု အနည်းငယ် ရှိနေသော်လည်း ၂၀၁၉ ခုနှစ် ဇွန်လအထိ ရခိုင်ပြည် နယ်ရှိ မြို့နယ်များနှင့် ပလက်ဝမြို့နယ် တို့တွင် စစ်ဘေးရှောင် ၄ သောင်းခန့် ရှိသည်ဟု ဆိုရပါမည်။ သို့သော် စစ်ဘေးရှောင် လူဦးရေစာရင်းကို ပုံသေသတ်မှတ်၍ မရပေ။ ရွာအနီး တိုက်ပွဲဖြစ်၍ စစ်ဘေး ရှောင်လာပြီးမှ မိမိရွာ ဝန်းကျင်၌ တပတ်၊ ၁၀ ရက်ခန့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါက ရပ်ရွာသို့ ပြန်သွားလေ့ရှိသည်။ တဖန် တိုက်ပွဲအသစ် ဖြစ်ပွားသည့် ရပ်ရွာများမှ ထပ်မံ စစ်ဘေးရှောင် လာလေ့ရှိသည်။ သို့ဖြစ်ရာ စစ်ဘေးရှောင် လူဦးရေ စာရင်းကို အသေမှတ်ယူ၍ မရပေ။

ရခိုင်ပြည်နယ်တွင် စစ်ပွဲနှင့်အတူ စစ်ဘေး ဒုက္ခသည်များ ပေါ်ပေါက်လာသည်။ ၎င်းတို့ကို ဦးစွာ ကူညီခဲ့ကြသူ များသည် မြို့အလိုက် မြို့မိမြို့ဖများနှင့် မြို့ပေါ်ရှိ အရပ်ဖက် အဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့ စည်းထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့များ ဖြစ်သည်။ အဆိုပါအဖွဲ့များသည် မြို့ပေါ်တွင် ထမင်းထုပ် ကောက်ခံ၍ လည်းကောင်း၊ ဆန်နှင့်အလှူငွေ ကောက်ခံ၍လည်းကောင်း စစ်ဘေးရှောင်များအား ကူညီပေးခဲ့ကြသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ICRC နှင့် WFP တို့ကလည်း မြို့အလိုက် ဖွဲ့စည်းထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရိက္ခာ၊ သောက်သုံးရေ၊ တကိုယ်ရေသုံး ပစ္စည်းများ၊ အိမ်သာနှင့် ယာယီ အဆောက်အအုံများ ဆောက်လုပ်လှူဒါန်း ခဲ့သည်။ သို့သော်လည်း ဒေသခံ အာဏာပိုင်များ၏ အကန့်အသတ်များ ရှိနေ၍ အပြည့်အဝ ကူညီမှု ပေးနိုင်ခြင်း မရှိဟု သိရသည်။

ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက ထွေအုပ်မှတဆင့် ကူညီမှုတချို့ ပြုလုပ်ခဲ့သော်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့်သာ ပြုလုပ်ခဲ့ပြီး မြို့မိမြို့ဖများ၊ အရပ်ဖက် အဖွဲအစည်းများနှင့် ချိတ်ဆက်မှု အားနည်းနေကာ လူတဦးတရက် လျင် ၃၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့နိုင်သဖြင့် လုံလောက်မှု မရှိပေ။ ပြည်ထောင်စုအစိုးရ ပေါ်လစီဖြစ်သော ပြည်နယ်အစိုးရ၊ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချိတ် ဆက်၍ ပူးပေါင်းကူညီနိုင်မှု အားနည်း နေသေးသည် သို့မဟုတ် လုံးဝချိတ်ဆက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ပြည်နယ်အစိုးရက စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ရန် လျာထား စီစဉ်ခဲ့သော်လည်း စစ်ဘေးရှောင်များ၏ ဆန္ဒနှင့်မကိုက်၍ စစ်ဘေးရှောင်များက နေထိုင်ရန် ငြင်းဆိုနေသည်ကို တွေ့မြင်နေရသည်။ စစ်ဘေးရှောင်များ အနေနှင့် စစ်ဘေးကြောင့် ရပ်ရွာကို စွန့်ပြေးခဲ့ရသော်လည်း အိုးအိမ် အသုံးအဆောင်များ ထားခဲ့ရခြင်း၊ ကျွဲ၊ နွား၊ ဝက် စသည့် အိမ်မွေး တိရစ္ဆာန်များ ထားခဲ့ရခြင်းကြောင့် ရွာစောင့်များ ချန်ထားခဲ့ပြီး တိုက်ပွဲငြိမ်သည်နှင့် ရပ်ရွာသို့ ပြန်လည် သွားရောက်ကြည့်ရှုရန် ရွာနှင့် မနီးမဝေးတွင်သာ စစ်ဘေးရှောင် စခန်း တည်ဆောက်လိုကြသည်။

ပြည်နယ်အစိုးရ စီစဉ်သည့် စစ်ဘေးရှောင်စခန်း တည်ဆောက်မည့် နေရာများမှာ ၎င်းတို့ ကျေးရွာများနှင့် ဝေးကွာလွန်း၍ မနေလိုကြပေ။ ထို့ကြောင့် ပြည်နယ် အစိုးရအစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်း တည်ဆောက်မည့် အစီအစဉ်များ ဖြစ်မြောက် မလာနိုင်သေးရာ လက်ရှိ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ရေး ခက်ခဲနေဆဲ ဖြစ်သည်။

စစ်ဘေးရှောင် များပြားလာခြင်းမှာ ရွာတွင်းတိုက်ပွဲ ဖြစ်ခြင်း၊ ကျည် ကျရောက်ခြင်းတိ့ုကြောင့် ဖြစ်သကဲ့သို့ အချက်တချက်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်မတော်က တဖက်သတ် ပစ်ခတ်မှု ပြုခြင်းကြောင့်ဟု ဒေသခံ အရပ်သားများက ဆိုသော်လည်း ထိုအချက်ကို တပ်မတော်က ပယ်ချထားသည်။ ထို့အပြင် လက္ကာရွာ၊ ကျောက်တန်း၊ ပေါက်တောပြင် ရွာများတွင် တပ်မတော်စစ်ကြောင်းက ရွာများရှိ ရွာသားအားလုံးအား ဆင့်ခေါ် စုစည်း ပိတ်လှောင်ထားပြီး AA အဖြစ် သံသယရှိသူများအား စစ်ဆေးခြင်း၊ စစ်ဆေးစဉ် ကာလတွင် စစ်ဆေးခံရသူများ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။

သို့ဖြစ်ရာ ဤသတင်း ဖြစ်ပေါ်ပြီးနောက် ရခိုင်ကျေးရွာများသည် အလားတူ ဖြစ်ရပ်မျိုးအား ရှောင်လွှဲနိုင်ရန် တပ်မတော် စစ်ကြောင်းများ ရွာဆီသို့ ဦးတည် ချီတက်လာပါက ရွာလုံးကျွတ် ထွက်ပြေးကြသဖြင့် စစ်ဘေးရှောင် ဦးရေ ပိုမိုများပြား လာခဲ့သည်။ ထိုကဲ့သို့ ဖြစ်စဉ်များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးခံရသဖြင့် စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာနှင့်ချီ၍ နုတ်ထွက် သည်များကို တွေ့ရှိရသည်။

ကျောက်တန်း ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး လူအခွင့်အရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သော ကော်မရှင်၏ အစီရင်ခံစာက ဒေသခံများ၏ စိတ်ကြေနပ်မှု မဖြစ်စေခဲ့ပါ။ ထိုသို့သောအခြေ အနေများကြောင့် ဒေသခံ လူထုအနေဖြင့် တပ်မတော်အား ကြောက်ရွံ့မှုနှင့် မကြေလည်မှု ပိုမိုများစေသည်ကို တွေ့ရသည်။

တဖက်ကလည်း လူအချို့ အသတ်ခံရမှုသည် AA ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိလာသည်။ အပြန်အလှန် စွပ်စွဲပြီး အပြန်အလှန် ငြင်းချက်ထုတ်ကြသည်။ စစ်ပွဲအတွင်း အမှန်တရား ပျောက်ဆုံးနေသည်။

မည်သို့ဆိုစေ စစ်ပွဲအတွင်း အရပ်သားထိခိုက်မှုသည် အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်ခဲစေ သည် ကိုမူ ငြင်းပယ်၍ မရပေ။

မူလက ညမထွက်ရအမိန့် ကြေညာထားသော ဘူးသီးတောင်၊ မောင်တောအပြင် ရခိုင်မြောက်ပိုင်းရှိ နောက်ထပ် ၅ မြို့နယ်အား ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရာ အရပ်သားများ အရေးပေါ် ကျန်းမာရေး ကိစ္စများအတွက် သွားလာရန် အခက်အခဲ ရှိလာသည်သာမက၊ တောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ရန် အခက်အခဲများ ရှိလာသည်ဟု ဆိုကြသည်။ ထို့အပြင် ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ၏ စာရင်းများ အရ စစ်ပွဲကြောင့် စစ်ဘေးရှောင်လာရခြင်း၊ လယ်ကွက်အတွင်း မပေါက်ကွဲသော ဗုံးဆံများ ရှိနေခြင်းကြောင့် ၂၀၁၉ ဇွန်လအထိ ရခိုင်ပြည်နယ် စစ်ဘေးသင့် ၇ မြို့နယ် ကျေးရွာအုပ်စု ၁၀၄ စု၌ စိုက်ပျိုးခြင်း မပြုနိုင်သည့် လယ်ဧကပေါင်း ၉၉၆၀၀ ဧက အထိရှိလာသည်ဟု ဆိုသည်။ အဆိုပါ မစိုက်ပျိုးနိုင်သည့် လယ်ဧကများတွင် ကျောက်တော်မြို့နယ်၌ ၃၈၀၀၀ ဧက၊ မြောက်ဦးမြို့ နယ်၌ ၃၇၀၀၀ ဧက ဖြင့် အများဆုံး ရှိသည်ကိုတွေ့ရသည်။

လတ်တလော အချိန်တွင် ရခိုင်ပြည်နယ် အစိုးရ၊ စိုက်ပျိုးရေး ဌာနကလည်း မစိုက်ပျိုးနိုင်သည့် လယ်ဧက စာရင်းများ ကောက်ယူလျှက် ရှိပြီး မျိုးစပါး ထုတ်ပေးရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း ထိုလယ်ဧကများ စိုက်ပျိုးနိုင်ရန် သေချာမှု မရှိသေးပါ။ အဆိုပါ လယ်ဧက တသိန်းနီးပါး မစိုက်ပျိုးနိုင်ပါက နောက်နှစ်တွင် စစ်ဘေးသင့် ဒေသ၌ ပိုမိုခက်ခဲနိုင်သည်။

ဤတကြိမ် ရခိုင်ပြည်နယ်စစ်ပွဲအတွင်း ထူးခြားချက် တခုမှာ စစ်ဘေးရှောင်များအား ပြည်မမှ သွားရောက် လှူဒါန်း ကူညီသည်ကို မတွေ့ရခြင်းဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စစ်ပွဲများကြောင့် ဖြစ်လာသော စစ်ဘေး ဒုက္ခသည်များအား ပြည်မမှ သွားရောက်ကူညီမှုများ တွေ့ရသော်လည်း ရခိုင် စစ်ဘေးရှောင်များအား ပြည်မမှ သွားရောက်ကူညီမှု မတွေ့ရသည်မှာ ထူးခြားချက်တခု ဖြစ် သည်။ ဤသို့ဖြစ်ရခြင်းမှာ ရခိုင်ပြည်နယ် တိုက်ပွဲများအစပိုင်းက အင်တာနက် လူမှုကွန်ရက်များတွင် ဗမာနှင့်ရခိုင်တို့အကြား လူမျိုးရေး မုန်းတီးမှု သဘောဆောင်သော ရေးသား တိုက်ခိုက်ခဲ့သည့်အချက် ကြောင့်လည်း ပတ်သက်နိုင်သည်။

ထို့အပြင် ပြည်မရှိ လူမှုရေး တက်ကြွလှုပ်ရှားသူများမှာ NLD ကို ထောက်ခံသူများ ဖြစ်သဖြင့် NLD အစိုးရ လက်ထက် လက်နက်ကိုင် ပုန်ကန်မှုတခု ဖြစ်ပေါ်လာခြင်းကို မနှစ်သက်၍ လည်းကောင်း၊ NLD နှင့် ရခိုင်ပါတီ ANP အကြား ဆက်ဆံရေး မကောင်းမွန်ခဲ့၍ လည်းကောင်း အမျိုးမျိုအကြောင်း များ၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခမှတဆင့် ဗမာ-ရခိုင် လူမျိုးရေး မုန်းတီးမှု မဖြစ်စေရန် အမုန်းတရားများ လျှော့ချရန် လို အပ်နေသည်ဟု ဆိုရပါမည်။

လက်ရှိ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ညမထွက်ရ အမိန့် ထုတ်ထားသည် သာမက ၂၀၁၉ ဇွန်လမှစ၍ ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းရှိ ၈ မြို့နယ်အား လုံခြုံ ရေး အကြောင်း ပြချက်နှင့် အင်တာနက် အသုံးပြုခွင့် ပိတ်ပင်လိုက်သည်။ ထိုသို့ ပိတ်ပင်ခြင်းသည် လူ့အခွင့်ရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြကြသည်။ မည်သို့ပင် ဆိုစေကာမူ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခြင်းကြောင့် မူလကပင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည့် ရခိုင်ပြည်နယ် အနေနှင့် အင်တာနက်မှ ပညာဗဟုသုတ ရှာဖွေရန်၊ သတင်း အချက်အလက် ရှာဖွေရန် အခွင့်အလမ်း ဆုံးရှုံး သွားသည့်အပြင် အသေးစား ငွေလွှဲလုပ်ငန်းများအပါ စီးပွားရေး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည် ဖြစ်ရာ စစ်ဘေးသင့် ဒေသအတွက် ရေနစ်သူ ဝါးကူထိုးသကဲ့သို့ ဖြစ်စေခဲ့သည်။ ပြန်လည် စဉ်းစားသုံးသပ်သင့်သည့် အကြောင်းအရာ ဖြစ်ပေသည်။

ထို့အပြင် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းတွင်လည်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား တရုတ်၏ အကူအည်ီဖြင့် ယူနက်စကိုတွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် တင်ပြ တောင်းခံနေဆဲ ကာလ ဖြစ်သည်။ မြောက်ဦးအား စစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရန် လိုလားနေကြသော်လည်း မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးကျည်များ ကျရောက်ခြင်းကို တွေ့မြင်နေရသည်။ သို့ဖြစ်ရာ လူထုသာ စစ်ဘေးသင့်သည်သာ မကဘဲ၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပါ စစ်ဘေးသင့် နေသည်ကို တွေ့မြင်နေရပေသည်။

လက်ရှိ မိုးတွင်းကာလ၌ ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခများ လျှော့မချနိုင်ပါက လာမည့် ဆောင်းတွင်းတွင် စစ်ပွဲအရှိန် ပိုမြင့်လာနိုင်ပြီး စစ်ဘေးဒုက္ခသည် ဦးရေ တသိန်းခန့်အထိ တိုးလာနိုင်သည်ဟု သုံး သပ်ရသည်။ ၂၀၁၁ ခုနှစ်မှ တကျော့ပြန် ပြန်လည်ဖြစ်ပွားသော ကချင်ပြည်နယ် စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တသိန်းကျော် ခန့်သည် ၈ နှစ်ကျော်သည် အထိ အိမ်ပြန်ခွင့် မရနိုင်သေးပေ။ သို့ဖြစ် ရာ ရခိုင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်အရေးမှာလည်း မျှော်တွေးမှန်းဆရန် ခက်ခဲနေဆဲဖြစ်ပြီး ၎င်းတို့၏ ကံကြမ္မာသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ထပ်တူကျနေလိမ့်မည် ဟုသာ ဆိုရပေမည်။


အပိုင်း ၄
  မောင်မောင်စိုး
7 August 2019
  သူ့အတွေး သူ့အမြင်

AA ပြဿနာသည် လက်ရှိအချိန်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ သော့ချက်ပြဿနာ ဖြစ်နေသည် / Simon Roughneen


စစ်ရေးပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး

ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခ တင်းမာစွာ ဖြစ်ပွားနေသော AA တပ်ဖွဲ့သည် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ပါဝင်ခဲ့သည်။ ြငိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်သည့် ၂၀၁၁ နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ဖွဲ့စည်းထားသည့် NCCT (Nation-wide Casefire Coordination Team) တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ထိုစဉ်က တိုင်းရင်းသား လက် နက်ကိုင်များ စုပေါင်းဖွဲ့စည်း ထားသည့် UNFC (UnitedNationalities’Fedral Council) ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီတွင် အဖွဲ့ဝင်အဖြစ် AA က လျှောက်ထားခဲ့သည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်၊ NCA နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အခြေခံ သဘောတူညီများ ရရှိပြီး သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နောက်ဆုံး ညှိနှိုင်းခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် သမ္မတနှင့် တပ်မတော်က AA/TNLA (တအာင်းပလောင်) /MNDAA (ကိုးကန့်) အဖွဲ့ ၃ ဖွဲ့အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လက်မခံခဲ့ပေ။ ထိုအဖွဲ့ ၃ ဖွဲ့နှင့် ရှမ်းမြောက်ရှိ KIA တပ်မဟာ ၄ တို့သည် လက်နက်စွန့်လွှတ်ရမည်ဟု တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် AA နှင့် အဖွဲ့ ၃ ဖွဲ့သည် NCA လက်မှတ် ရေးထိုးရာတွင် ပါဝင်ခွင့်မရသကဲ့သို့ အားလုံးပါဝင်ရေးကို ရပ်ခံထားသည့် KIA နှင့် UNFC ၇ ဖွဲ့လည်း NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

ထိုသို့ NCA လက်မှတ် ထိုးရေးနှင့် ပတ်သက်၍ ငြင်းပယ်ခံရပြီးနောက် AA သည် UNFC တွင် ပါဝင်ခွင့်ရရေး တင်ပြ တောင်းဆိုထားသည်ကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် NLD အစိုးရတက် လာပြီးနောက် AA သည် ၎င်းနှင့်အတူ NCA လက်မှတ်ထိုးခွင့်ပြုရန် ငြင်းပယ်ခြင်း ခံထားရသည့် TNLA/ MNDAA တို့နှင့်အတူ ၂၀၁၆ ခုနှစ် ဇွန်လ၌ မိုင်းလားမြို့တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တပ်မတော် ဘက်က ၎င်း ၃ ဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန် တောင်းဆိုထားရာမှ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အား စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ရန်နှင့် ထိုသို့ ထုတ်ပြန်ပါက ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ခွင့်ပြုမည်ဟု ရပ်ခံခဲ့သည်။

သို့သော် AA အပါအဝင် အဖွဲ့ ၃ ဖွဲ့က လက်နက်ကိုင်နည်းနှင့် မဖြေရှင်းဘဲ နိုင်ငံရေးနှင့် ဆွေးနွေး ဖြေရှင်းမည်ဟူသော ကြေညာချက်ကိုသာ ထုတ်မည်ဟု ရပ်ခံခဲ့သဖြင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။ ထို့အတူ AA လည်း ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း၌ ရှမ်းပြည်မြောက်ပိုင်းတွင် KIA/TNLA/ MNDAA/ AA တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့၏ စစ်ရေးမဟာမိတ်ပြု၍ ဆင်နွှဲသော စစ်ဆင်ရေးတရပ် ပေါ်ပေါက်ခဲ့ရာ AA လည်း ပါဝင် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် ၂၀၁၇ ခုနှစ် နှစ်ဆန်း၌ ပန်ဆန်းတွင် UWSA/NDAA နှင့် SSPP-SSA တို့နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် ၄ ဖွဲ့ ပူးပေါင်း၍ စုစုပေါင်း အဖွဲ့ ၇ ဖွဲ့ ပါဝင်သည့် နိုင်ငံရေးအရ မဟာမိတ်ပြုသည့် FNPCC ခေါ် မြောက်ပိုင်း နိုင်ငံရေးမဟာမိတ် အဖွဲ့တွင် AA ပါဝင်ခဲ့သည်။

အစောပိုင်းကာလက FPNCC သည် NCA လမ်းကြောင်းအတိုင်း မသွားဘဲ သီးခြား လမ်းကြောင်းကို ရွေးချယ် သွားမည်ဟု ဆိုခဲ့သည်။ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုကို တဖွဲ့ချင်း မပြုလုပ်ဘဲ FPNCC မှတဆင့် ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။

FPNCC အား အစိုးရနှင့် တပ်မတော်က အသိအမှတ် မပြုခဲ့ပေ။ သို့သော် ၂၀၁၇ ခုနှစ် နှစ်လည်တွင် ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့အား NRPC (အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) က တဖွဲ့စီ ဖိတ်ကြားသည်ကို FPNCC အဖွဲ့ဝင်များ လက်ခံ တက်ရောက်ခဲ့သည်။

သို့သော် ညီလာခံတွင် AA အပါအဝင် FPNCC အဖွဲ့ဝင်များ ဝင်ရောက်ဆွေးနွေးခြင်း မရှိပေ။ ထို့အပြင် FPNCC အနေနှင့် မဟုတ်ဘဲ၊ AA အပါအဝင် ၃ ဖွဲ့အား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သီးခြား တွေ့ဆုံခဲ့သော်လည်း တပ်မတော်က သီးခြားတွေ့ဆုံခြင်း မရှိခဲ့ပေ။ တရုတ်၏ ညှိ နှိုင်းမှုကြောင့်သာ တပ်မတော် အနေနှင့် လက်ခံရသော် AA အပါအဝင် TNLA/MNDAA တို့အား တပ်မတော်က လိုလားပုံမရဟု ဆိုရမည်။

၂၀၁၈ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တရုတ်၏ ညှိနှိုင်းပေးမှုကြောင့်ပင် FPNCC နှင့်အတူ AA လည်း တက်ရောက်သည်။ ညီလာခံအတွင်း ပါဝင် ဆွေးနွေးခြင်း မရှိသော်လည်း ဒုတိယအကြိမ်နှင့် ကွာခြားသည်မှာ AA အပါအဝင် အဖွဲ့ ၃ ဖွဲ့ကို အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကပါ သီးခြားတွေ့ဆုံခဲ့ သည်။ အခြေအနေသည် ၂၀၁၅ ခုနှစ်နှင့် မတူတော့ဘဲ၊ ပြောင်းလဲမှု ရှိလာပြီး AA အပါအဝင် အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပြန်လည် ဆွေးနွေးမှုများ စတင်ခဲ့သည်။

သို့နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် AA အပါအဝင် အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်အပြန် အ လှန် သဘောတူညီချက်ရပြီး အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ကာ တွေ့ဆုံ ဆွေးနွေးရန်လမ်း စပွင့်ခဲ့သည်။ AA အား NCA လက်မှတ်ရေးထိုးခွင့်ပြုရန် ငြင်းပယ်ခဲ့သည့် ၂၀၁၅ စက်တင်ဘာမှ ၃ နှစ်ကျော်အကြာတွင် ပြန်လည် နားလည်မှုရသည်ဟု ဆိုရမည်။

ပြန်လည်နားလည်မှု တစုံတရာရသည့် အချိန်ကာလအတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့သည်။ သို့ဖြင့် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲများ လျှော့ချနိုင်ခဲ့ သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။ သို့ဖြစ်ရာ တပ်မ တော်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာခြင်းမှာ ရခိုင်ကို အာရုံစိုက်ရန်ဖြစ်သည်ဟု စွပ်စွဲချက်များ ပေါ်ထွက်လာသည်။

အမှန်တကယ် တပ်မတော်က ဤသို့ရည်ရွယ်ရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ လက်တွေ့တွင် ဤသို့ သဘောသက်ရောက် နေသည်ကတော့ အမှန်ပင် ဖြစ်၍နေပါသည်။ သို့သော် တဖက်က ကြည့်လျှင် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ လက်နက်ကိုင် ပုန်ကန်မှု မရှိတော့ဘဲ အဖြူရောင် နယ် မြေအဖြစ် သတ်မှတ်ထားသော ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့ အခြေချလာခြင်းကို တပ် မတော် အနေနှင့် လွယ်လင့်တကူ လက်သင့်ခံရန် မဖြစ်နိုင်ပေ။ ထို့အတူပင် AA နှင့် မည်သည့် သဘောတူညီမှုမှ မရှိဘဲ AA လက်နက်ကိုင် အဖွဲ့ ရခိုင်ပြည်နယ်တွင် အခြေချခြင်းအား တပ်မတော်က လက်သင့်ခံမည် မဟုတ်ပေ။

AA အဖို့ ပြောလျှင်လည်း မည်သို့ပင် တရုတ်နယ်စပ်တွင် ဖွဲ့စည်းခဲ့သည် ဆိုသော်လည်း ရခိုင်သို့ ပြန်လည်အခြေချရန်၊ ခြေကုပ်ယူရန်၊ အခြေခံ စခန်းတခု တည်ဆောက်ရန်မှာ ၎င်းတို့ တလျှောက်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည့် ကိစ္စဖြစ်သည်။ သို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော အမြင် ၂ ခုအကြား ပြင်းထန်သော တိုက်ပွဲများ ရခိုင်စစ်မျက်နှာတွင် ပေါ်ပေါက်လာသည်မှာ ထူးဆန်းအံ့သြဖွယ်တော့ မဟုတ်ပါပေ။

သို့သော် စစ်ပွဲ ဆက်လက် ဖြစ်ပွားနေသော်လည်း နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုကို ပစ်ပယ်ခြင်းမပြုရာ တွေ့ဆုံ ဆွေးနွေးမှုများ ရပ်တန့်သွားခြင်း မရှိပေ။ တဖက်က စစ်ရေးပဋိပက္ခက မြင့်တက်နေသကဲ့သို့ တဖက်တွင် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် လုပ်ကိုင်နေခဲ့သည်။ စစ်တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်း စစ်တိုက်ဟု ဆိုရမည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်ပြည်တွင်း တကြိမ် တွေ့ပြီးနောက် အပစ်အခတ် ရပ်စဲသည့်ကာလ ကုန်လွန်သည့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် မူဆယ်မြို့တွင် AA အပါ မြောက်ပိုင်း စစ်ရေးမဟာမိတ် လေးဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့မှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အဆိုပြုချက်များအား ငြိမ်းချမ်းရေး ကော်မရှင်သို့ ပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်များတွင် အပစ်အခတ် ရပ်စဲရေးကို ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်မံတိုးခဲ့သည်။ AA အပါအဝင် မြောက်ပိုင်းအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့အကြား ထပ်မံတွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းပြည့်သည့် ဇွန် ၃၀ ရက်တွင်မှ မိုင်းလားမြို့တွင် ဖြစ်ပေါ်ခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ထူးထူးခြားခြား မဆွေးနွေးနိုင်ဘဲ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တပ်မတော်ဘက်က အဆိုပြုချက်ကို AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က သီးခြားစီ ပေးအပ်ခဲ့သည်။ ထိုနေ့တွင်ပင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ကချင်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်က အပစ်ရပ် သက်တမ်း ထပ်မံတိုးခဲ့သည်။

လက်ရှိကာလတွင် အပစ်အခတ် ရပ်စဲရေးအတွက် AA ဘက်က အဆိုပြုချက်မှာ တပ်ဖွဲ့များ ရောက်သည့် နေရာတွင် ရပ်တန့်၍ အပစ်အခတ် ရပ်ရေးဖြစ်သည်။ တပ်မတော်ဘက်ကမူ AA အား KIA ဌာနချုပ် လိုင်ဇာ တွင်သာ နေပြီး အပစ်အခတ် ရပ်စဲရေးဖြစ်သည်။ ထပ်မံ၍ နက်နက်ရှိုင်းရှိုင်းညှိနှိုင်းရန် များစွာ လိုအပ် နေသေးသည်ကို တွေ့ရသည်။

ချုပ်၍ဆိုရလျှင် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကတည်းက ပါဝင်ခဲ့သော AA သည် ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ် ထိုးရေးတွင် ပါဝင်ရန် အစိုးရနှင့် တပ်မတော်၏ ငြင်းပယ်မှု ခံခဲ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စပြီးနောက်မှ ပေါ်သည့်အဖွဲ့များ ဖြစ်၍ အကြောင်းပြခြင်း ခံရသော်လည်း AA ၏ အရွယ်အစား သေးငယ်၍ အလေးထားလောက်သည့် အနေအထား မဟုတ်၍လည်း ဖြစ်နိုင်သည်။

၂၀၁၈ ခုနှစ်အကုန် ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် AA အား အသိအမှတ်ပြု ဆွေးနွေးလာချိန်တွင် AA ၏ အရွယ်အစားသည် ကြီးမားလာချေပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ လိုင်ဇာတွင် အင်အားစုဖွဲ့သည့် ကာလ မဟုတ်တော့ပေ။ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်း ၈ မြို့နယ်တွင် အင်အား ကောင်းကောင်းနှင့် လှုပ်ရှားနိုင်သော အခြေအနေတွင် ရှိနေပြီး တပ်မတော်မှ တိုင်းစစ်ဌာနချုပ် တပ်များအပြင် တပ်မအချို့သုံး၍ တိုက်ခိုက် နေရသည့်အခြေသို့ ဆိုက်ရောက်နေပေပြီ။
 
ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့မှာလည်း အဖြူရောင်နယ်မြေမှသည် ညမထွက်ရ အမိန့်ထုတ်ထားသည့်၊ အင်တာနက် အသုံးပြုမှု ဖြတ်တောက် ခံထားရသော အညိုရောင်နယ်မြေ (ဝါ) အမဲရောင် နယ်မြေ ဖြစ်နေပေပြီ။

လက်ရှိကာလ၌ ကချင်နှင့် ရှမ်းပြည်နယ်တွင် အပစ်ရပ်ထားပြီး ရခိုင်တွင် ဖိ၍ စစ်ဆင်ရေးများ လုပ်နေသည့် အခြေအနေအား အခြားတိုင်းရင်းသား များကလည်း စောင့်ကြည့်နေသည်။ ရခိုင်ပြီးလျှင် မိမိတို့အလှည့် ရောက်လာနိုင်သည်ဟူ၍ တွေးကာ ပြင်နေကြသည်။ ထို့အပြင် မြောက်ပိုင်း စစ်ရေးမဟာမိတ် လေးဖွဲ့နှင့် အပစ်ရပ် လက်မှတ်ထိုးရေးတွင် ရခိုင်စစ်ရေးပဋိပက္ခသည် ကွင်းဆက် ပြဿနာဖြစ် လာ၍ နေသည်။ ဤသို့သော အခြေအနေတွင် ပြည်တွင်းပြည်ပ အခြေအနေများအား တွက်ဆ၍ ရခိုင်ပြဿနာအား ပျော့ပြောင်းစွာ၊ အမြော်အမြင်ရှိစွာ ကိုင်တွယ်ရန် လိုအပ်နေပေသည်။

တဖက်တွင် အင်အားထောင်ချီ၍ ရခိုင်သို့ ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များအား လိုင်ဇာတွင်သာ နေရန်ဆိုသည်မှာ လက်တွေ့မကျပေ။ တဖက်ကလည်း ဘူးသီ်းတောင်၊ မောင်တောဒေသအား အန္တရာယ်ကင်းဇုန်အဖြစ် ထိန်းချုပ်ရယူရန် နိုင်ငံရပ်ခြားမှ ကြိုးပမ်းနေသည့် ကာလတွင် ရခိုင်တွင် ရောက်ရှိနေသော AA တပ်ဖွဲ့အား သဘောထားကြီးစွာ လိုက်လျောမှု ပြုကာ အသိမှတ်ပြု၍ နိုင်ငံရပ်ခြား အန္တရာယ်ကို ကာကွယ်သင့်ပေသည်။ အစိုးရ၊ တပ်မတော်သည် ARSA နှင့် မစေ့စပ် မဆွေးနွေး နိုင်သော်လည်း AA နှင့် စေ့စပ်ဆွေးနွေး၍ ရသည့် အခြေအနေကို ဆုပ်ကိုင်ရန် လိုအပ်ပါသည်။

၂၀၀၁ ဝန်းကျင် ထိုင်းနယ်စပ် ပြဿနာပေါ်စဉ်က UWSA နှင့် NDAA (မိုင်းလား) တပ်ဖွဲ့များသည် တပ်မတော်နှင့်အတူ ပြည်ပရန်ကို ရင်ဆိုင်ခဲ့သည်သာ ဖြစ်သည်။

ထို့အပြင် AA ပြဿနာသည် လက်ရှိအချိန်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ သော့ချက်ပြဿနာ ဖြစ်နေပေရာ AA နှင့်သာ အပစ်ရပ်နိုင်ပါက မြောက်ပိုင်း လေးဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပိုမိုလွယ်ကူ သွားပေလိမ့်မည်။ ထို့အပြင် မြန်မာပြည် အနောက်ဖက် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ ပေါ်လာခြင်းသည် ပြည် ပမှ စွက်ဖက်မှု အသစ်များ ဝင်ရောက်လာနိုင်သည့် အခင်းအကျင်းဖြစ်ရာ လျင်မြန်စွာ ဖြေရှင်းရန် လိုအပ်၍ နေပေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရခဲ့သော ANP ပါတီနှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစားရန် လိုသည်။ ၂၀၁၉ ခုနှစ် မေလ ၃၀/၃၁ များတွင် ANP ပါတီသည် ညီလာခံတရပ် ပြုလုပ်ပြီး ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးတို့ ခေါင်းဆောင်သည့် ပါတီ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို တင်မြှောက်ခဲ့သည်။ ထိုအပြင် အဖွဲ့ဝင် ၉ ဦးပါ မူဝါဒရေးရာ ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော် ရခိုင်လူထုအများစုကို ကိုယ်စားပြု နိုင်သည့် ANP သည် လုပ်ပိုင်ခွင့်မရှိ ဖြစ်နေသည်။ ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပ က္ခများကြောင့် ဒေသခံပြည်သူများ၏ ထိခိုက်နစ်နာချက်များ အစီရင်ခံစာ အမှတ် ၁ ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ANP သည် ရခိုင်လူထု အများစုကို ကိုယ်စားပြုနိုင်သော်လည်း လုပ်ပိုင်ခွင့် မရှိဘဲ ၎င်း၏အမြင်များကို တင်ပြနိုင်ခြင်းသာ ရှိသည်။ ဤအခြေအနေသည် ရခိုင်လူထုအနေဖြင့် အမျိုးသားရေး လက္ခဏာအရ ANP ကို အားပေး ထောက်ခံသော်လည်း လက်တွေ့ ဥပဒေအတွင်းတွင် ဘာမှလုပ်မရ ဟူသော အမြင်ဖြစ်စေပြီး AA ၏ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုကသာ ၎င်းတို့အား တစုံတရာ ပေးစေနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။

သို့ဖြစ်ရာ NLD အစိုးရနှင့် အာဏာရ NLD ပါတီ အနေနှင့် ရခိုင်လူထု အများစုအား ကိုယ်စားပြု နိုင်ခဲ့သည့် ANP ပါတီအား မျက်နှာမူရန် လိုနေသည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီပြဿနာ၊ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခကြောင့် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရာတွင် ANP ပါတီနှင့် လက်တွဲဖြေရှင်းရန် လိုအပ်နေသည်။ ချုပ်၍ ဆိုရလျှင် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးဘောင်ချဲ့ရန် လိုနေသည်။ နိုင်ငံရေး ဘောင်ကျယ်လာမှ စစ်ဘောင်ကို လျှော့ချနိုင်ပေလိမ့်မည်။

ရခိုင်လူ့အဖွဲ့အစည်း အတွင်းတွင် ရခိုင်နှင့်မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့် မွတ်စလင် အသိုင်းအဝိုင်း နှစ်ခုသာရှိသည်။ ၂၀၁၇ သြဂုတ်လတွင် မွတ်စလင် အသိုင်းအဝိုင်းနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ ယခုလည်း ရခိုင်နှင့် မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့်ပါ ပဋိပက္ခ ဖြစ်ပွားပါက ရခိုင်လူ့အဖွဲ့အစည်း ပြဿ နာကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။ ရခိုင်လူ့အဖွဲ့အစည်း ပဋိပက္ခအား ဖြေရှင်းရန် အမြော်အမြင်ရှိမှု၊ သဘောထားကြီးမှု၊ လိုက်လျောမှုနှင့် ပျော့ပြောင်းမှုတို့ လိုအပ်ပေလိမ့်မည်။

ဤတွင် ပြီး၏။ 

(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။ ဆောင်းပါးပါ အာဘော်မှာ စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။)

ဆက်စပ်ဖတ်ရှုရန်

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */