Monday, March 24, 2025

ရခိုင်ပြည်နယ်နိုင်ငံရေးဖြစ်စဉ်ထဲက ရခိုင်-မူဆလင်ဆက်ဆံရေး

သံလွင်ခက်
မောင်ချေ
ဩဂုတ်၊ ၂၁၊ ၂၀၂၃။

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ပွိုင့်ကမ်းခြေသို့မူဆလင်များ သွားရောက်လည်ပတ် နေကြပြီဖြစ်သလို ရခိုင်နှင့်မူဆလင်လူငယ်များကြားချစ်ကြည်ရေး ဘောလုံးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများပြန်လည်ပြုလုပ်နေသည်ကိုတွေ့မြင်လာရပြီး ရင်းနှီးချစ်ခင်စွာ အတူစားသောက်နေကြတာတွေလည်းတွေ့မြင် လာရပါသည်။ ရခိုင်ပြည်နယ်တွင် ထိုမြင်ကွင်းမျိုးကွယ်ပျောက်သွားခဲ့သည်ကဆယ်စုနှစ်တစ်ခုကျော်သွားခဲ့ပြီဖြစ် ပြီး ယခုမှ ပြန်လည်မြင်တွေ့ရခြင်းလည်း ဖြစ်သည်။


ပြီးခဲ့သော ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာများအကြားက
လူမျိုးရေး အကြမ်းဖက်မှုများကို မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူနှင့် "မဘသ" ကဲ့သို့သောစစ်တပ်ကကျော ထောက်နောက်ခံပေးထားသည့် အမျိုးသားရေးဝါဒီဆိုသူများက ဦးဆောင်ခဲ့ကြသည်။

အရှင်ဝီရသူသည် မူဆလင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်နှင့် ၁၉၈၂ ခုနှစ်ဥပဒေအရ
နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံထားရသော ရခိုင်ပြည်နယ်ရှိမူဆလင်များအပြင် နိုင်ငံတွင်းရှိလူနည်းစု မူဆလင်များအပေါ် အကြမ်းဖက်မှု များကျူးလွန်နိုင်စေရန်ရည်ရွယ်ပြီး "၉၆၉ လှုပ်ရှားမှု" ကို၂၀၁၂ ခုနှစ်ကစတင် ဦးဆောင်ခဲ့သူလည်းဖြစ်ပေသည်။ နောက်ပိုင်းမှာတော့ "မဘသ" အမည်ဖြင့်ပြောင်းလဲလှုပ်ရှားလာခဲ့ပြီး ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကိုပါလှုံ့ဆော်လာခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုများကို မြန်မာစစ်တပ်က နောက်ကွယ်ကနေတိတ်တဆိတ်ထောက်ခံပေးခဲ့သည်။
အရပ်သား အစိုးရဖြစ်သော NLD အနေဖြင့်လည်း ထိုအရေးအခင်းများနှင့်ပတ်သက်ပြီးမည်သည့် ဩဇာလွှမ်းမိုးမှုမျိုးမှမရှိနိုင်ခဲ့ ပေ။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်းစစ်တပ်၏မူဆလင်များအပေါ် အကြမ်းဖက်မှုကြီး ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားလာခဲ့တော့သည်။ထို့ပြင် ရိုဟင်ဂျာလိုလားသောစစ်သွေးကြွ (ARSA)ကလည်း ရခိုင် ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့များကိုတိုက်ခိုက်လာခဲ့ပြန်လေသည်။

တကယ်တမ်းဆိုရပါမူ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောလူမျိုးရေးအကြမ်းဖက်မှုများမတိုင်ခင်ကဆို လျှင် မူဆလင်များနှင့်ရခိုင်ပြည်သူများအပြင်မြန်မာနိုင်ငံတွင်းရှိ မတူညီသောလူမျိုးစုများနှင့် ဘာသာရေးအသိုင်း အဝိုင်းများအကြားဆက်ဆံရေးအထိုက်အလျောက်အေးချမ်းသာယာရှိခဲ့သည်ကို တွေ့ရပေလိမ့်မည်။

သို့ပေမယ့်လည်း ကောင်းမွန်သင့်မြတ်နေသော အသိုင်းအဝိုင်းနှစ်ခုကို ခေတ်အဆက်ဆက်ကတိုင်း ပြည်အုပ်ချုပ်ခဲ့ ကြသည့် စစ်အာဏာရှင်များက ဖျက်ဆီးပစ်ခဲ့သည့်အတွက်ထိုအသိုင်းအဝိုင်းများကြား မမျှော်လင့်သောပဋိပက္ခ များဖြစ်ပွားလာခဲ့ပြီးအရင်အနေအထားပြန်လည်ရောက်ရှိရန်အတွက် ယခုအချိန်အထိ ခရီးဆက်နေရတုန်းဖြစ် သည် ဟုရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် ကပြောသည်။

"အိမ်ကြက်ချင်းခွပ်နေရင် သူတို့အတွက် အလုပ်ရှုပ်သက်သာတယ်" ဆိုသည့်ပုံစံမျိုးနှင့် စစ်တပ်ကဘာသာမတူ သည့်အသိုင်းအဝိုင်းနှစ်ခုကြား နည်းမျိုးစုံဖြင့်ပြဿနာများဖန်တီးပေးနေသလို
ယခုလိုနည်းဗျူဟာမျိုးသည် ရိုဟင် ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ရန်အတွက်နှစ်ရှည်စီမံထားသည့်အစိတ်အပိုင်းတစ်ခုသာဖြစ်သည် ဟုလည်း ရခိုင်အရေးလေ့လာသူတချို့ကပြောဆိုကြသည်။

" တိုင်းပြည်အုပ်ချုပ်သူတွေက လူမျိူးစုတစ်စုနဲ့တစ်စုကြား ပြန်လည်သင့်မြတ်ရေးကိုအားပေး တာမျိုးမရှိခဲ့တာ ကြောင့် အခုလို အချိန်ပိုကြန့်ကြာနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့အတိုင်း အတာတစ်ခုထိ တိုးတက်လာပြီ" ဟု အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့ Arakan Rohingya Society for Peace & Human Rights (ARSPH) ၏ EC အဖွဲ့ဝင် ဦးမောင်မောင်ထိန်ကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်တွင်မငြိမ် မသက်မှုများ မရှိသလောက်နည်းပါးခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) နှင့်မြန်မာစစ်တပ်အကြား နှစ်လခန့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်တိုင်းပြည်စီးပွားရေးအကျပ်အတည်းနှင့် ပြည်သူများကြုံတွေ့ခဲ့ရပါသည်။ အရင်ကတည်းက ရှိနေခဲ့သောအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း လည်ပတ်ရန်ခက်ခဲလာခဲ့သည်။ တစ်ချိန်တည်းမှာပင်မြန်မာစစ်တပ်၏ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုများကြောင့် ရခိုင်နှင့် မူဆလင်တို့ကြားလူမျိုးရေးပြဿနာ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်လာကြသည်။

သို့ပေမယ့်လည်း ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) အခြေချလာပြီးချိန်ကစ၍ ရက္ခိုင့်တပ်တော်စစ်ဦး စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ရခိုင်ပြည်နယ်တွင်းကအုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် လုပ်ငန်းစဉ်ကဏ္ဍများထဲတွင် ဒေသတွင်း လူမျိုးရေး၊ဘာသာရေးပဋိပက္ခများမဖြစ်ပွားစေရန်နှင့် ယခင်က ရရှိခဲ့ဖူး သော ညီညွတ်ပြေပြစ်သည့်အသိုက်အဝိုင်းတစ်ခုဖြစ်လာစေရန် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်လာနိုင်ခဲ့ သည်။

တဆက်တည်းမှာပင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင်ဒုတိယ လူဦးရေအများဆုံးဖြစ်သော မူဆလင်အသိုင်းအဝိုင်းကို ULA ၏အုပ်ချုပ်ရေးယန္တရားတွင်ပါဝင်ဖို့ ကြေညာလိုက် ခြင်းက ရခိုင်ပြည်နယ်တွင်းရှိ မူဆလင်နှင့်ရခိုင်ဆက်ဆံရေးအပေါ် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်း က မှတ်ချက်ပေးခဲ့လေသည်။

ထို့ပြင် ရက္ခိုင့်တပ်တော် ULA/AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA
ပြောခွင့်ရ ဦးခိုင်သုခ က အာရက္ခနိုင်ငံသားဆိုသည့် တစ်ခုတည်းသောခေါင်းစဉ်အောက်တွင် ရခိုင်နှင့်
မူဆလင်များသည် ညီညီညွတ်ညွတ်ရှိနေဖို့လိုပြီး မိမိတို့အချင်းချင်းကြားတွင် စည်းလုံးညီညွတ်စွာဖြင့်
ပူးပေါင်းဆောင်ရွက်နိုင်မှသာ လျှင် ရခိုင်နှင့် မူဆလင်အသိုင်းအဝန်းကြား လူမှုသဟဇာတများဖြစ်လာပြီးမိမိတို့သွားချင်သည့် အာရက္ခ နိုင်ငံတော် ဆီ ညီညီညွတ်ညွတ်ချီတက်နိုင်မှာဖြစ်သည်ဟုပြောဆိုထားသည်။

ယခုဆိုလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားသည့်မူဆလင်ကျေးရွာများတွင် ကျေး ရွာအုပ်ချုပ်ရေးဆိုင်ရာကိစ္စများကိုလွတ်လပ်စွာစီမံခွင့်များပေးထားသည့်အပြင်ဒေသခံမူဆလင်များသည်လည်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ရဲဌာနများအပါအဝင်အခြားသောကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လာကြသည်။

သို့သော်လည်း တော်လှန်ရေးကာလအတွင်း သိုသိုသိပ်သိပ်ထားရှိရမည့်ကိစ္စဖြစ်၍အုပ်ချုပ်ရေယန္တရားတွင် မူဆလင်ပါဝင်မှုရာခိုင်နှုန်းနှင့် လူဦးရေအတိအကျကိုအသေးစိတ်ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးဟု ULA/ AA ပြောခွင့်ရ ဦးခိုင်သုခ ကဆိုသည်။

ယခုဆိုလျှင် ရခိုင်နှင့်မူဆလင်လူမျိုးများအကြား ပုံမှန်မဟုတ်သောကုန်သွယ်မှုဆိုင်ရာဆက်ဆံရေးများတဖြည်း ဖြည်းပြန်လည်စတင်လာပြီး စစ်တွေမြို့အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏
အုပ်ချုပ်မှုအောက်ရှိ မြို့နယ်အများစုတွင် မွတ်ဆလင်များအနေဖြင့် ယခင်ထက်လွတ်လပ်စွာသွားလာခွင့်များ ပိုပြီးရရှိလာသည်ကို မြင်တွေ့လာရသည်။ ရခိုင်လူမျိုးတို့ကလည်းမူဆလင်များကိုအထွေ ထွေလုပ်သားများအဖြစ် ‌‌ ဈေးဆိုင်ခန်းများ တွင် လခစားအဖြစ်ငှားရမ်းမှုများတိုးမြင့်လာခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဦးဆောင်သော ဘောလုံးအားကစားပွဲများ နှင့် အခြားသောပျော်ပွဲ ရွှင်ပွဲများအပြင် လူထုအကျိုးပြုလုပ်ငန်းများတွင်လည်း အတူယှဥ်တွဲလုပ်ကိုင်လျက်ရှိပြီးဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများ နှင့် အစ္စ လာမ်ဘာသာဝင် မော်လဝီတို့ကိုတန်းတူနေရာပေးပြီးတပြေးညီထိုင်ခွင့်ပေးလာခြင်းများကိုကြည့်လျှင် ရခိုင်-မူဆ လင်နှစ်ဘက်အသိုင်းအဝိုင်းစလုံးကပဋိပက္ခဖြစ်ပွားမည်ကိုမလိုလားဘဲ သဟဇာတဖြစ်ရေးကို ပိုမို ဦးတည်နေကြ သည်ကို မြင်တွေ့ရပါသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် မေလ ၉ ရက်တွင် ၁၀ နှစ်ကြာ စစ်တွေတက္ကသိုလ်တက်ရောက်ခွင့်မရခဲ့သည့်
မူဆလင် ကျောင်းသားများ စစ်တွေတက္ကသိုလ်တွင် စာရင်းများပေးသွင်းခဲ့ကြပြီး ၂၀၁၂ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ် စာရင်းပေးသွင်းမှုလည်းဖြစ်သည်။ သို့သော် စစ်ကောင်စီပညာရေဝန်ကြီးဌာန၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် မူဆလင်ကျောင်းသားအများစုသည်စာမေးပွဲဖြေဆိုသည့်အချိန်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အတွက်စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်ခံကြရသည့်အပြင် မေဂျာခွဲယူမှုအပိုင်း၌လည်းနိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ ဆိုသောအကြောင်းပြချက်ဖြင့် ဥပဒေမေဂျာနှင့်ဘူမိဗေဒဘာသာရပ်တို့ကို စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည် နယ်ပညာရေးဌာနကတက်ရောက်သင်ကြားခွင့်ပိတ်ပင်ထားသည်။ ထို့ပြင် ကျောင်းစာသင်ယူချိန်များတွင်လည်း အချို့သောဆရာ ၊ ဆရာမများ၏ ခွဲခြားဆက်ဆံမှုများ ခံနေရဆဲဟု ရက္ခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၀၃ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)စစ်အစိုးရလက်ထက်ကစပြီး ရခိုင်တွင် မူဆလင်ကျောင်းသားများ ယခုကဲ့သို့ဘာသာရပ်အလိုက်တက္ကသိုလ်တက်ရောက်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းခံခဲ့ရ သည် ဟု စစ်တွေမြို့ဒေသခံမူဆလင်တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင်နေထိုင်ကြသော မူဆလင်ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံကပြဋ္ဌာန်းထားသော
ဥပဒေ များနှင့်ပတ်သက်ပြီး တက္ကသိုလ်များတွင် တက်ရောက်လေ့လာချင်သော်လည်း စစ်ကောင်စီက
ယခုလို ရည်ရွယ် ချက်ရှိရှိပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝန်းများကြား
ဥပဒေကျောင်းသားဖြစ်ခွင့် နှင့် ရှေ့နေဖြစ်ခွင့်များ ဆုံးရှုံးနေရသည်ဟုအဆိုပါကျောင်းသားကပြော သည်။

လက်ရှိအချိန်တွင် ထိုအရာများအပေါ်သည်းခံပြီး ရခိုင်နှင့် မူဆလင်လူမျိုးများအပြင် ရခိုင်ပြည်နယ်တွင်းရှိ မြို၊ ခမီ၊ သက် ၊ ဒိုင်းနက် ၊ မရမာ စသည့်လူမျိုးစုများကြား တစ်ဦးနှင့်တစ်ဦးပိုမိုသဟဇာတဖြစ်လာရန် လက်တွဲကြိုးစားသွား ရမည့်အပြင် စစ်ကောင်စီအပါအဝင် အခြားသူများ၏သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ ရှေ့ဆက်သွားကြရ မည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်က

“ ကျွန်တော်တို့အသိုင်းအဝိုင်းနှစ်ခုက ရန်သူတွေမဟုတ်ကြဘူး။ ကြားက ဗဟိုအစိုးရတည်ပေးလို့
ပြဿနာ ဖြစ်ရ တာမျိုးတွေရှိပေမယ့် ကျွန်တော်တို့က နောက်ဆုံးမှာ ဒီဒေသမှာအတူယှဥ်တွဲနေထိုင် ရမယ်ဆိုတာကို နားလည်ကြ ပါတယ်။ ခက်တာက ဒီဒေသကိုတိုင်းပြည်အုပ်ချုပ်သူတွေက ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ကြားထဲနားလည်မှုတည်ဆောက်ဖို့တောင် တရားဝင်တဲ့ပုံစံမျိုးနဲ့ လုပ်လို့မရဘူး။ အဓိကကတော့တိုင်းပြည်အုပ်ချုပ်သူတွေ၊ စစ်တပ်ဖြစ်ဖြစ် ၊ ပြည်သူကရွေးကောက် တင်မြှောက်ထားတဲ့အစိုးရဖြစ်ဖြစ် ၊ဒီအသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာ တည်မယ်ဆိုတဲ့ ယုတ်ညံ့တဲ့မူဝါဒကို ဖျောက်ပစ်ဖို့လိုပါမယ်။


အဲဒီမူဝါဒကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာ ရတယ်။ တိုင်းပြည်အုပ်ချုပ်သူတွေကမယုတ်မာတော့ဘူးဆိုရင် အတူယှဥ်တွဲနေထိုင်ဖို့ ဘာမှ မခက်ပါဘူး" ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ၂၀၂၂ ခုနှစ်ဩဂုတ် လတွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင်အပစ်အခတ်ရပ်စဲခဲ့ကြသည်။ သို့သော် AA နှင့် ARSA အဖွဲ့တို့သည် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့်ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ဇူလိုင်လ ၁၈ ရက် ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်နံနက်ပိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

ယခုလို တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြန်လည်တည်ငြိမ်စပြုနေသည့် လူမျိုးစုနှစ်စုကြားပြဿနာထပ်မံဖြစ်ပွားလာ နိုင်မည်မဟုတ်ဟု ပြောဆိုမှုများရှိသည်။

" အာဆာဟာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး မူဆလင်တွေကို ကိုယ်စားမပြုဘူး။ မူဆလင်တွေက အာဆာကိုမြန်မာစစ် တပ်ကဖန်တီးထားတဲ့အဖွဲ့လို့ပဲမြင်တယ်” ဟုလည်း အာရကန် ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့ (ARSPH) ၏ EC အဖွဲ့ဝင် ဦးမောင်မောင်ထိန် ကပြောသည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်တွင် ရက္ခိုင့်တပ်တော် AA ၏ ဩဇာအာဏာကြီးမားလာမှုနှင့်ဦးဆောင်လမ်းညွှန်မှုများ ကြောင့် ရခိုင်နှင့်မူဆလင်အသိုင်းအဝိုင်းများကြားယခင်အစိုးရအဆက်ဆက် လက် ထက်ကထက် ပိုမိုသဟဇာတ ဖြစ်လာသည်ကို မြင်တွေ့လာရသည်။

သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် ပြည်တွင်း မငြိမ်မသက်မှုများဖြစ်ပွားနေခြင်း၊နိုင်ငံရေး အခြေအနေများရှုပ်ထွေးနေခြင်းနှင့် စစ်ကောင်စီအပါအဝင် အဖွဲ့အစည်းတစ်ခုခုက
မကောင်းသည့်ရည်ရွယ်ချက် ဖြင့် လူမျိုးရေးဆိုင်ရာပဋိပက္ခများသို့ဦးတည်သွားမည့်နိုင်ငံရေးလှုံ့ဆော်မှုများကို သတိထားစောင့်ကြည့်ကြရန် လည်း ULA ကတိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်များအနေဖြင့် ရခိုင်လူထုစိုးရိမ်ပူပန်စေမည့်အရာများမပြုလုပ်ရန်လိုအပ်သကဲ့သို့ ရခိုင် ပြည်သူများအနေဖြင့်လည်း မူဆလင်များ၏အခွင့်အရေးဆုံးရှုံးနေမှုများအပေါ် စာနာနားလည်ရန်လိုအပ်သည်ဟုရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောဆိုကြပါသည်။

********************************************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1843
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5372
Website -> https://eng.thanlwinkhet.net

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */