Friday, March 21, 2025

ARSA ခေါင်းဆောင် အာတာအူလာနေရာတွင် နောက်တစ်ယောက် အစားထိုးခန့်အပ်သည်ဟု သတင်းထွက်

DMG
21 Mar 2025

ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရ ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ပုံစာ - ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာ ပုံဟောင်း။ ဓာတ်ပုံ - X

ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မော်လာနာဘော်ဟန်းသည် ယခင်က ARSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ် သည်။ အဖွဲ့၏ အဓိကခေါင်းဆောင် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ARSA သည် ခေါင်းဆောင်အသစ် ခန့်ကာ ဒုက္ခသည်စခန်းများအတွင်း ပြည်လည်စုစည်း နိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ARSA အဖွဲ့ဝင်များသည် နောက်ထပ် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် RSO ထံတွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကာစခန်းမှ ထွက်ပြေးမှုများရှိသည်ဟု ဒေလီစတား သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အာတာအူလာ၏ အနီးကပ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ မော်လာနာခါလစ်က မတ်လ ၂၀ ရက်နေ့တွင် အသံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။ ARSA အဖွဲ့ဝင်များအနေဖြင့် ကိုယ့်ရာထူးကိုကိုယ်ဆက်ယူပြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရန် အသံဖိုင်တွင် တိုက်တွန်းပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း (၁၄) မှ လက်ထောက် အထွေထွေစစ်ရေးရေးမှူး မိုမာဟက် ဆီရာ့ဂျ်အာမင်ကမူ မော်လာနာဘော်ဟန်း ယခုလို တာဝန်ယူသည့်သတင်းကို မိမိတို့ မကြားမိသလို မော်လာနာခါလစ် ဘယ်နေရာတွင် ရှိနေသည်ကိုလည်း မိမိတို့ မသိထားကြောင်း ဒေလီစတားသို့ ဖြေကြားသည်။

ARSA ခေါင်းဆောင် အာတာအူလာအပါအဝင် အဖွဲ့ဝင် ၆ ဦး၊ ၎င်းတို့နှင့် ဆက်စပ်နေသူ ၄ ဦး (စုစုပေါင်း ၁၀ ဦး) ကို ဘင်္ဂလားဒေ့ရှ် အထူးမှုခင်းတပ် (RAB) က မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် ၎င်းတို့ကို နာရာယင်ဂါမြို့တွင် ၁၈ ရက်နေ့၌ ရုံးထုတ်ပြီး ချုပ်ရက်ရမန် ၁၀ ရက်ယူခဲ့သည်။

အာတာအူလာသည် ပြီးခဲ့သော လေးလတာအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နာရာယင်ဂါမြို့ရှိ တိုက်ခန်းတစ်ခုတွင် ဇနီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရကြောင်း ဒေလီစတားက ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီးယာနှင့် တက္ကနာဒေသများတွင် လက်ရှိအချိန်၌ ဒုက္ခသည်စခန်း ၃၃ ခုရှိပြီး မွတ်ဆလင်ဒုက္ခသည် ၁၃ သိန်းခန့် နေထိုင်လျက်ရှိသည်။

အကြမ်းဖက် ရာဇဝတ်မှုများဖြင့် ARSA ခေါင်းဆောင် ဖမ်းဆီးခံရသည်ကို မွတ်ဆလင်စခန်းအတွင်းရှိ ဒုက္ခသည်အများအပြားက သတင်းကောင်းအဖြစ် ယူဆနေကြချိန်၌ ARSA အဖွဲ့ဝင်များကလည်း အာတာအူလာကို လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းအဖြစ် ပုံဖော်ကာ ၎င်းလွတ်မြောက်ရေး လှုံ့ဆော်သတင်းဖြန့်မှုများ ရှိနေသည်။

မတ်လ ၁၉ ရက်နေ့က မွတ်ဆလင် ဝတ်ပြုပွဲတစ်ခုအတွင်း ARSA အဖွဲ့ဝင်များသည် အာတာအူလာ လွတ်မြောက်ရေးအတွက် တရားစာရွတ် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒုက္ခသည်စခန်းမှသတင်း ရင်းမြစ်များကို ကိုးကားပြီး ဒေလီစတားက ဖော်ပြထားသည်။

Fortify Rights အဖွဲ့က မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မွတ်ဆလင်ဒုက္ခသည်များအား ပစ်မှတ်ထား သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုများ ကမ်းကုန်အောင် ကျူးလွန်ရက်စက်ခဲ့ကြသည်များကို ARSA အဖွဲ့၏ စစ်ဦးစီးချုပ် အာတာအူလာသည် အမိန့်ပေး ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ဤဖြစ်ရပ်များတွင် တာဝန်ရှိသူ ဖြစ်ရာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် သူ့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးအပ်ပြီး စစ်ရာဇဝတ်မှုများအတွက် စစ်ဆေးသင့်သည်ဟု ရေးသားထားသည်။


ဆက်စပ်ဖတ်ရှုရန်
Link : Here
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */