Myanmar Now
ရောင်နီ
March 19, 2025
ARSA အဖွဲ့ခေါင်းဆောင်အပါအဝင် ၁၀ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ပြီးနောက် ၎င်းတို့ကို စစ်ရာဇဝတ်မှုအတွက်စစ်ဆေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့ က တိုက်တွန်းလိုက် သည်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA နှင့် RSO တို့ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိလာရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights မတ် ၁၈ ရက်နေ့က အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်သည်။
“ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံရခြင်းကနေ လွတ် မြောက်နေတာနဲ့အမျှ ဗြောင်းဆန်နေအောင်ကို အကြီးအကျယ်လိုက်ဖျက်ဆီးနေပါတယ်”ဟု Fortify Rights ၏ဒါရိုက်တာ John Quinley က ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ရဲ့ယာယီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ နိုင်ငံတ ကာ တရားမျှတမှုဆိုင်ရာယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)နှင့် နိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC) တို့ ပါဝင်သော နိုင်ငံတကာတရားမျှတမှုဆိုင်ရာယန္တရားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင်လှုပ်ရှားနေသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို စုံစမ်း စစ်ဆေးပြီး စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန်လည်း Fortify Rights က အကြံပြုထားသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏လက်ချက်ဖြင့် နှစ်ပေါင်းများစွာအကြမ်းဖက်မှုနှင့်သတ်ဖြတ်မှုများကိုခံစားခဲ့ရသည်၊ ထိုအဖွဲ့များသည် ၂၀၂၁ တွင် ၂၂ ယောက်၊၂၀၂၂ တွင် ၄၂ ယောက်၊၂၀၂၃ တွင် အနည်းဆုံး ၉၀ နှင့် ၂၀၂၄ တွင် ၆၅ ယောက်ထက် မနည်း သတ်ဖြတ်ခဲ့သည်ဟု ဆိုထားသည်။
ARSA နှင့်RSO (ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့) တို့သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပူးပေါင်းကာ အာရက္ခတပ်တော်(AA) ကိုလည်း တိုက်ခိုက်နေသည်ဟု Fortify Rights အစီ ရင်ခံစာ တွင် ဖော်ပြထားသည်။
ထိုအဖွဲ့များသည် ရိုဟင်ဂျာဒုက္ခသည်များကိုဖမ်းဆီးကာ မြန်မာနိုင်ငံတွင် စစ်တိုက်ရန်အတွက် အတင်း အကျပ်ခိုင်းစေခဲ့သည်၊ ထိုသို့သော လုပ်ရပ်များသည် စစ်ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်း ဖြစ်ပြီး စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးသင့်သည်ဟု အဆိုပါအစီရင်ခံစာတွင် ရေးထားသည်။
“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်မှုတွေနဲ့သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နဲ့ RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု၊တာဝန်ခံမှုရှိရပါမယ်”ဟု John Quinley က ပြောသည်။
မောင်တော၊ ဘူသီးတောင်မြို့များတွင် လှုပ်ရှားနေသည့် အာရကန်လွတ်မြောက်ရေးအဖွဲ့ (ခေါ် ) ARSA အဖွဲ့၏ခေါင်းဆောင် အာတာဥလာ အဘူအမား ဂျွန်နွန်နီ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ က မတ် ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးမှုတွင် ARSA အဖွဲ့ဝင်တစ်ဦး၏ ဇနီး၊ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး နှင့် ၁၇ နှစ် အရွယ်အမျိုးသမီးငယ် ၁ ဦးတို့ ပါဝင်သလို ဖမ်းဆီးခံရသည့် ARSA အဖွဲ့ဝင်တချို့မှာ ကော့ဘဇားဒုက္ခသည်စခန်းများတွင် နေထိုင်နေသူများဖြစ်ကြသည်။
ARSA ခေါင်းဆောင် အာတာဥလာနှင့် ၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် အကြမ်းဖက်မှုလှုပ်ရှားမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးကိုကိုးကား၍ Dhaka Tribune သတင်းက ဖော်ပြထားသည်။
ခေါင်းဆောင် အတာဥလာမှာ ကော့ဘဇားဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များ ချစ်ခင်လေးစားမှု ကိုခံရသူ မူဟစ်ဘူလာကို သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းခဲ့သူဖြစ်ကြောင်း စွပ်စွဲခံထားရသူဖြစ်သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအရာရှိ ရီဇွမ်ရုရှဒီအား သတ်ဖြတ်မှုအတွက်လည်း သင်္ကာ မကင်း ဖြစ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။
ARSA အဖွဲ့ခေါင်းဆောင်အပါအဝင် အပြစ်ရှိသူမှန်သမျှကို နိုင်ငံတကာ တရားရေးရာမဏ္ဍိုင်များတွင် စုံစမ်းစစ်ဆေးပြီး ပြင်းထန်သည့် အပြစ်ပေးသင့်သည်ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant က Myanmar Now ကို ပြောသည်။
“သူတို့ကို ဆက်လက်ထိန်းသိမ်းထားပြီး ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် နိုင်ငံတကာနဲ့ပူးပေါင်းပြီး သေချာစုံစမ်းစစ်ဆေးသင့်တယ်”ဟု ၎င်းက ဆိုသည်။
ARSA သည် ၂၀၁၆ ၊၂၀၁၇ တို့တွင် မောင်တောဒေသမှာရဲကင်းစခန်းများကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က ပြန်လည်တုန့်ပြန်ရာတွင် ရိုဟင်ဂျာသိန်းနှင့်ချီသည် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားရသည်။
သို့ရာတွင် ၂၀၁၉ ခန့်မှစ၍ စစ်တပ်နှင့် ARSA သည် ပူးပေါင်းပြီး ဟန်ချက်ညီညီ လှုပ်ရှားနေကြောင်း သတင်းများ ပေါ်ထွက်လာကာ၊ ယမန်နှစ်ကစ၍ ARSA နှင့် စစ်တပ်ပူးပေါင်းပြီး AA တပ်ကို တန်ပြန် တိုက်ခိုက်နေသည်။
AA ဘက်ကလည်း ARSA RSO စသည့်ရိုဟင်ဂျာလက်နက်ကိုင်များသည် အရပ်သားများကို တိုက်ခိုက် ခြင်း၊ ၎င်းတို့ကိုတိုက်ခိုက်ခြင်းများရှိသောကြာင့် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။
Link : Here
No comments:
Post a Comment